တရုတ်ကြား၀င်မှုဖြင့် ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် စစ်ကော်မရှင်နှင့် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)တို့ ဩဂုတ် ၂၆ ရက်၌ တွေ့ဆုံဆွေးနွေးပွဲ စတင်နေချိန် ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။
ကျောက်မဲမြို့ ပြန်သိမ်းနိုင်ရေး စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်များသည် မြို့နှင့် ၁၅ မိုင်ကျော်အကွာရှိ နောင်ပိန် တိုက်နယ်အား ယနေ့ ထိန်းချုပ်လိုက်ပြီး နောင်ပိန်မှကျောက်မဲသို့ ပြည်ထောင်စုလမ်းမတလျောက် ဆက်လက်ထိုးစစ်ဆင် နေကာ TNLA ဘက်မှ အပြင်းအထန်ခုခံနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ဧရာ၀တီကို ပြောသည်။
၎င်းက “ဆွေးနွေးပွဲအတွင်းမှာလည်း စစ်တပ်က ထိုးစစ်မလျှော့ဘူး။ ပိုတောင်ပြင်းထန်နေတယ်။ စစ်တပ်က တော်တော် သေတယ်။ အခုက နောင်ပိန်လမ်းခွဲကနေ ပြည်ထောင်စုလမ်းမဘက်ထိုးဖို့ ကြိုးစားနေတာ၊ မရတော့ လမ်းအရှေ့ဘက် တောလမ်းနဲ့ ထိုးနေတယ်။ ရှေ့မဆက်နိုင်ဘဲ တိုက်ပွဲက တော်တော်ကြမ်းနေတယ်“ ဟု ဆိုသည်။
ယနေ့ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားရာသို့ ဂျက်ဖိုက်တာ Y-12 ထောက်ပို့ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ကူပေးနေရာ TNLA မှ ခံစစ်နှင့် ထိုးစစ်တွဲပြီး တိုက်ခိုက်နေကြောင်း ၎င်းက ပြောသည်။
စစ်ကော်မရှင် ထိန်းချုပ်လိုက်နိုင်သော နောင်ပိန်တိုက်နယ်သည် တောင်တန်းထူထပ်ပြီး TNLA ၏ ကျောက်မဲမြို့ ခုခံစစ် အတွက် စစ်ရေးအရ အရေးပါကာ နောင်ပိန်-ကျောက်မဲတလျောက် မြေပြန့်လွင်ပြင်ဖြစ်သော်လည်း ပင်တိန်၊ စခန်းသာ စသည့် ကျေးရွာ ၆ ခုထက်မနည်း ကျန်ရှိနေသေးကြောင်း သိရသည်။
ကျောက်မဲထိုးစစ် အရှိန်မြင့်နေသော်လည်း ကမ္ဘာကျော် ဂုတ်ထိပ်တံတားနှင့် အဖိုးတန်ရတနာများထွက်ရှိရာ မိုးကုတ် ထိုးစစ်အား စစ်တပ်ဘက်မှ ရပ်တန့်ထားကာ မိုးကုတ်နှင့် မိုင် ၅၀ အကွာရှိ ရတနာသိင်္ဂီကျေးရွာထိ စစ်ကြောင်းများ ရောက်ရှိနေပြီ ဖြစ်သည်။

စစ်ရေးဖြင့် အပြင်းအထန် ခုခံနေသည့် TNLA သည် တဖက်တွင် တရုတ်ဖိအားဖြင့် ကူမင်းဆွေးနွေးပွဲမှတဆင့် ကျောက်မဲနှင့် သီပေါမြို့ ပေါ် ရပ်ကွက်များအား စစ်ကော်မရှင်ထံ လွှဲပြောင်းပြီး ယာယီအပစ်ရပ်နိုင်သည်ဆိုသောသတင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း ဧရာ၀တီအနေဖြင့် အတည်မပြုနိုင်သေးပေ။
TNLA အနေဖြင့် ယခုအကြိမ်ဆွေးနွေးပွဲမှတဆင့် ယာယီအပစ်ရပ်သဘောတူညီမှုရယူခဲ့လျှင် ဘဏ္ဍာရေးအတွက် အရေးပါ သည့် မိုးကုတ်မြို့နှင့် အခြားသိမ်းပိုက်ထားသော မြို့နယ်များတွင် စစ်ရေးဖိအားနှင့် လေကြောင်းအန္တရာယ် လျော့နည်းသွား မည်ဖြစ်ပြီး တစုံတရာသဘောတူညီချက်မရရှိခဲ့လျှင်မူ စစ်ကော်မရှင်၏ မြို့သိမ်းထိုးစစ်အား ဆက်လက်ခုခံရဖွယ်ရှိနေ ကြောင်း ရှမ်းမြောက် စစ်ရေးအကဲခတ်တဦးက ဧရာ၀တီကို ပြောသည်။
ယခု ကူမင်းဆွေးနွေးပွဲကာလအတွင်း TNLA ထိန်းချုပ်ရာ မြို့နယ်များရှိ စာသင်ကျောင်းများအား လေကြောင်းရန်ကြောင့် ယာယီပိတ်သိမ်းထားရန် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများက စာထုတ်သတိပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈၊ ၂၉ ရက်ကလည်း တရုတ်ကြား၀င်မှုဖြင့် စစ်ကော်မရှင်နှင့် TNLA တို့ ကူမင်းတွင် တွေ့ဆုံဆွေးနွေးရာ သိမ်းပိုက်ထားသောမြို့နယ်များ လွှဲပြောင်းရေး သဘောတူညီမှု မရခဲ့သဖြင့် TNLA ထိန်းချုပ်ရာ မြို့နယ်များကို စစ်တပ်၏ မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ကြုံနေရသည်။
TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ပူးတွဲဖော်ဆောင်ခဲ့သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည်လည်း တရုတ်ဖိအားနှင့် တွေ့ဆုံဆွေးနွေးမှုမှတဆင့် စစ်ကော်မရှင်ထံ လားရှိုးမြို့အား လွှဲပြောင်းပေးခဲ့ရကာ ယခုအခါ သိန္နီမြို့ကိုပါ ထပ်မံတောင်းဆိုနေပြန်သည်။
You may also like these stories:
ဗုံးကြဲနေသော်လည်း မူလရပ်တည်ချက်အတိုင်းရှိမည်ဟု TNLA ပြော
TNLA သိမ်းထားသည့် မိုးကုတ်နှင့် ကျန်မြို့များ ပြန်ရရေး ဗုံးကြဲဖိအားပေး
တရုတ်ကြားဝင်စေ့စပ်မှု ခရီးရောက်ဟု TNLA ပြော













