On This Day

နယ်ချဲ့ဗြိတိသျှတို့ ဂဠုန်တပ်သားများအပေါ် ရက်စက်ခဲ့စဉ်က

ဆရာစံ ဦးဆောင်၍ လယ်သမား သူပုန်ထစဉ်က နယ်ချဲ့တို့ စစ်ဗာရီတပ်များဖြင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့ရာ သူပုန်များ နှင့် အားပေးသူများ ကြောက်လန့်စေရန် သူပုန် ခေါင်း ၁၆လုံးကို ဖြတ်၍ ပြည်မြို့တွင် ပြသခဲ့ခြင်း အပေါ် သူရိယ သတင်း စာက အင်္ဂလိပ်တို့ ရက်စက်ပုံဟု ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ရာ ယနေ့ဆိုလျှင် ၈၈နှစ် ပြည့်ပြီဖြစ် သည်။

၁၉၃၀ ခုနှစ် စပါးဈေး ကျဆင်းကာ အခွန်အတုတ် ကြီးမြင့်မှုအတွက် ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမား သူပုန်ထ မှု သာယာဝတီခရိုင် အလံတောင်ကို အခြေပြုကာ ပေါ်ထွက်ခဲ့ရာ နယ်ချဲ့ ဗြိတိသျှတို့သည် စစ်ဗာရီတပ်များဖြင့် ရက်ရက် စက်စက် နှိမ်နင်းခဲ့သည်။

ပုန်ကန်မှု သတင်းကို သူရိယအပြင် ရန်ကုန်တိုင်းမ်၊ ရိုက်တာ စသည့် ဌာနများလည်း သွားရောက် သတင်းယူခဲ့ရာ ရဲမင်း ကြီး  ကာနယ် စီဒီ အီး ဝဲဘုန်းလ်က သတင်းထုတ်ပေးသည်။

သူပုန်များက တပွဲထိုး ကွမ်းမန်း၊ ဆေးမန်း များ၏ အစွမ်း ဖြင့် တဟုန်ထိုးတက်လာရာ သေနတ်ထိမှန်ခြင်း မရှိကြောင်း၊ စစ်ပုလိပ် တပ်ခွဲ တခွဲလုံးနီးပါး ပြုတ်၍ လက်နက်များပင် မယူနိုင်ဘဲ ထွက်ပြေးခဲ့ရခြင်းများလည်း ရှိရာ သူရိယတွင် အကျယ်တဝင့် ဖော်ပြခဲ့သည်။

ထို့အတွက် သူရိယ သတင်းစာအပေါ် အင်္ဂလိပ် အစိုးရက အာမခံငွေ တသောင်း တင်ရန် တောင်းဆိုသည်။

တချိန်တည်း မှာပင် ပြည်ခရိုင် ရာဇဝတ်ဝန် အင်္ဂလိပ် ကပြား ဇေးဘီးယားက  တောင်သူလယ်သမား ၁၆ဦး၏ အလောင်း များ မှ ခေါင်းများကို ဖြတ်၍ သူ့ရုံးရှေ့ စားပွဲတွင် တင်ကာ အများမြင်အောင် ပြသခဲ့ရာ၊ ထိုပုံကို သူရိယသတင်းစာက အင်္ဂလိပ်တို့ ရက်စက်ပုံဟု ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြန်သည်။

ထိုပုံကို ပြည်မြို့မှ အိန္ဒိယလူမျိုး အပျော်တမ်းဓာတ်ပုံဆရာတဦးက ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဆိုကြသော်လည်း သတင်းစာဆရာ ဦးပုလေးက ဇေဘီးယားထံ ခွင့်တောင်း၍ သူရိယတိုက် ဓာတ်ပုံဆရာ ဦးကံကြီးကို ရိုက်ခိုင်းသည်ဟုလည်း သိရသည်။

ထိုဓာတ်ပုံသတင်းကြောင့် မြန်မာပြည် ဘုရင်ခံအထိ ဂယက်ရိုက်ခဲ့ပြီး၊ ယင်းကိစ္စမျိုး နောက်ထပ်မဖြစ်ရန် သက်ဆိုင်ရာသို့ အမိန်ထုတ် တားမြစ်ခဲ့ရသည်။

ဆရာစံ ဦးဆောင်သည့် ဂဠုန် တပ်သားများ၏ တောင်သူလယ်သမား အရေးတော်ပုံကြီးမှာ ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ခဲ့ပြီး တပြည်လုံးသို့ ပျံ့နှံကာ ၃နှစ်ခန့် ကြာမြင့်ခဲ့သည်။

မြန်မာပြည်ရှိ စစ်တပ်နှင့် မလုံလောက်၍ အိန္ဒိယမှ စစ်ဗာရီ တပ်မကြီး ၂တပ်ကို ခေါ်၍ နှိမ်နင်းခဲ့ရပြီး၊ တော်လှန်ရေး သမားပေါင်း ၃၀၀၀ ခန့် သေပျောက် ဒဏ်ရာရရှိကာ အဖမ်းခံရသူ ၈၃၀၀ အဖမ်းခံရပြီး၊ အပြစ်ပေးခံရသူ ၃၅၀ ကျော်ရှိသည်။

အပြစ်ပေးခံရသူထဲတွင် သေဒဏ်ကြိုးမိန့် ၇၈ ဦးပါပြီး တစ်ကျွန်းပို့ခံရသူ ၂၇၀ ဦးရှိခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဆရာစံကိုယ်တိုင်လည်း ၁၉၃၁ ခုနှစ်တွင်  သာယာဝတီထောင်… ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည်။

You may also like these stories:

ငရဲခွေးကြီး လွတ်နေပြီ၊ ဗော်လ်တဲယား နှင့် သတင်းစာဆရာ ကိုအောင်ဆန်း

ဆရာယုဒသန်ကွယ်လွန်ခြင်း ၁၆၉ နှစ်ပြည့်

နိုင်ငံကျော် စာရေးဆရာကြီး ရွှေဥဒေါင်းအကြောင်း

Loading