အစိုးရက အမျိုးသားရေး သတင်းစာများကို သပိတ်မှောက်ခြင်း
၁၉၂၇ ခုနှစ်က ဖြစ်သည်။
အထက်ပါ ခေါင်းစဉ်မှာ ၁၉၂၇ ခုနှစ် မေလ ၁၂ ရက်ထုတ် သူရိယ သတင်းစာ ခေါင်းကြီးပိုင်းမှ ခေါင်းစဉ် ဖြစ်လေသည်။
အဖြစ်အပျက်မှာ ဗြိတိသျှ နယ်ချဲ့ အစိုးရက အမျိုးသား သတင်းစာများ အပေါ် ဖိနှိပ် တိုက်ခိုက်သည့် အရေးအခင်း တရပ် ဖြစ်သည်။
ထိုအခါက မြန်မာအမျိုးသား သတင်းစာ အများစုက ဗြိတိသျှ အစိုးရ၏ ဒိုင်အာခီ အုပ်ချုပ်ရေး စနစ်ကို အပြင်းအထန် တိုက်ခိုက်နေချိန် ဖြစ်သည်။
အမျိုးသား သတင်းစာ အများစု ပြည်သူ့ဘက်က ရှိလေသည်။
ကြော်ငြာမှာ သတင်းစာများ အတွက် အသက် သွေးကြော တခု ဖြစ်သည်။ ဤ “အကြော” ကို သိသော ဗြိတိသျှ အစိုးရက အမျိုးသား သတင်းစာများကို ကြော်ငြာ မပေးဘဲ “သတ်ရန်” ကြံသည်။
ထိုသို့ ဗြိတိသျှ အစိုးရက လုပ်ကြံပုံကို သူရိယ သတင်းစာက ဖွင့်ချသည်။
သူရိယ၏ ရေးသားချက် အရ ၁၉၂၇ ခု မေလ ၇ ရက်တွင် အစိုးရက ကြော်ငြာ ပေးမည့် သတင်းစာများ စာရင်းကို ထုတ်ပြန် ကြေညာလေသည်။
ထိုပြန်တမ်းတွင် အစိုးရက ကြော်ငြာ ပေးမည့် သတင်းစာပေါင်း ၃၄ စောင် ရှိသည်။
ထိုအနက် ၁၄ စောင်မှာ အင်္ဂလိပ် ဘာသာဖြင့် လည်းကောင်း၊ ၁၃ စောင်မှာ မြန်မာ ဘာသာဖြင့် လည်းကောင်း၊ ၅ စောင်မှာ အိန္ဒိယ တိုင်းရင်းသား ဘာသာဖြင့် လည်းကောင်း၊ ၁ စောင်မှာ အင်္ဂလိပ်-ကရင် နှစ်ဘာသာဖြင့် လည်းကောင်း၊ ၁ စောင်မှာ တရုတ် ဘာသာဖြင့် လည်းကောင်း ထုတ်ဝေကြသည်။
ထိုအထဲတွင် မြန်မာ ဘာသာဖြင့် ထုတ်ဝေသော သတင်းစာ ၁၄ စောင် အနက် ၃ စောင်မှာ မြန်မာ အမျိုးသားပိုင် မဟုတ်၊ ၁၁ စောင်သာလျှင် မြန်မာ အမျိုးသားပိုင် ဖြစ်သည်။
အားလုံး ခြုံ၍ ကြည့်လျှင် မြန်မာ အမျိုးသားပိုင် ၁၁ စောင်သာ ပါသည်။ ကျန် ၂၃ စောင်မှာ နိုင်ငံခြားသားပိုင် သတင်းစာများ ဖြစ်သည်။
အစိုးရက ကြော်ငြာ မပေးဘဲ သပိတ်မှောက် ခံရသော သတင်းစာများမှာ နေ့စဉ် သတင်းစာများ ဖြစ်သော သူရိယ၊ မြန်မာ့ အလင်း၊ ဗန္ဓုလ၊ ရွှေပြည်၊ ရက်ခြား သတင်းစာများ ဖြစ်သော သူရိယ (ရက်ခြား)၊ အောင်မြန်မာ၊ မောရဝတီ၊ နယူးဘားမား၊ ရန်ကုန်မေ၊ ရက်သတ္တ တပတ်လျှင် တကြိမ် ထုတ်ဝေဖြစ်သော ဗန္ဓုလ၊ ဒီးဒုတ်၊ မြန်မာ့ယုဝ၊ ကုန်သည် အသင်း လစဉ်ထုတ် မဂ္ဂဇင်း ဖြစ်သော သူရိယ၊ ဒဂုန်၊ လန်ဒန်အတ်၊ ဗြိတိသျှဘားမား၊ ရွှေဟင်္သာ၊ ငွေစန္ဒာ၊ ကဝိမျက်မှန်၊ ရွှေလိပ်ပြာ၊ အံဖွယ်၊ သာသနာရေး ဆိုင်ရာ သတင်းစာ၊ လယ်တီ တရား သတင်းစာ၊ သာသနာမဏ္ဍိုင် ဗုဒ္ဓဘာသာ တရား သတင်းစာ၊ ဓမ္မစကြာ စသည်တို့ ဖြစ်လေသည်။
အစိုးရက ကြော်ငြာ ပေးမည့် သတင်းစာများ အနက် သဟာယ၊ အင်ဒီပင်းဒင့်၊ ရခိုင်ဝံသာနု နှင့် တိုင်းချစ် သတင်းစာ တို့မှာ တိုင်းပြည်ဘက်ကနေ၍ ယခုထက် ပိုမို ရေးသားလျှင် အစိုးရစာရင်းမှာ နုတ်ပယ်ခြင်း ခံရမည်ကို စိုးရိမ်ဖွယ် ရှိကြောင်း နှင့် သူရိယ သတင်းစာက ရေးသားလေသည်။
ထို့ပြင် ဤကိစ္စနှင့် ပတ်သက်၍ သူရိယက ဗြိတိသျှ အစိုးရ လုပ်ပုံကို ဝေဖန်တိုက်ခိုက်ရာ၌ ဤအရေးကိစ္စတွင် အစိုးရတို့ စိတ်သဘောထားကို စဉ်းစားရန် လိုပေသည်။
လူအများ ဖတ်၍ တိုင်းပြည်ဘက်က နေ၍ ရေးသားသော သတင်းစာကို ကြော်ငြာ မပေး၊ ဗဟု၊ ဂွ၊ အလိုတော်ရိ နိုင်ငံခြားသားပိုင် သတင်းစာများကို ကြော်ငြာ ပေး၍ ကျန်သတင်းစာများကို သပိတ်မှောက်သည်မှာ များစွာပင် တဖက်စီးနင်း ပြုလုပ်ကြောင်း ထင်ရှားပေကြောင်း အစိုးရက ကြော်ငြာ ပေးခြင်းမှာ တိုင်းသူပြည်သား လူအများ သိရှိစေရန် ဖြစ်၍ လူအများ မဖတ်သော သတင်းစာ၊ အလိုတော်ရိ သတင်းစာ တို့ကိုသာ ကြော်ငြာ ပေးခြင်းသည် အမှန်အကန် လုပ်လိုသော စေတနာ မရှိဟု ထင်ရန် အကြောင်း ရှိပေသည်။
ကြော်ငြာ ပေးခြင်းအားဖြင့် အစိုးရတို့ကို ထောက်ပံ့နေသော သတင်းစာများမှာ စောင်ရေ တိုးတက် ပိုမို ရောင်းချရမည်ဟု အထင် ရှိခဲ့လျှင်လည်း မှားယွင်းသော အထင်ပင် ဖြစ်ပေသည် ဟူ၍ ရေးလေသည်။
တဖန် သူရိယက ဆက်၍ သူရိယ သတင်းစာတိုက် အတွက် ရေးသားရမည် ဆိုလျှင် အစိုးရ ကြော်ငြာနှုန်းမှာ သူရိယ သတင်းစာ ရိုးရိုး ကြော်ငြာနှုန်းထက် အလွန်ပင် နည်းပါးသဖြင့် အစိုးရ ကြော်ငြာ မရရှိသည့် အတွက် သူရိယ တိုက်မှာ မနစ်နာ အကျိုးမယုတ်ပေ။
အခြား အစိုးရ သပိတ်မှောက် ခံရသော သတင်းစာတို့မှာလည်း ထိုနည်းအတူပင် ဖြစ်လိမ့်မည်။
သို့ရာတွင် အစိုးရ ပြုမူပုံမှာ ကလေးကလား ဖြစ်နေရုံမျှ မက မိမိတို့ အခွင့်အရေးကို အလွဲသုံးရာသို့ ရောက်ရှိနေကြောင်း၊ တနည်းအားဖြင့်လည်း အစိုးရကို ထောက်ပံ့သည့် သတင်းစာကို ချီးမြှင့်မည်၊ မထောက်ခံသည့် သတင်းစာကို သပိတ် မှောက်မည်ဟု ပြုလုပ်နေခြင်းမှာ တိုင်းပြည်ကို စော်ကားရာ ရောက်ရှိနေကြောင်း၊ အကြောင်း သိသာရန် ရေးသား ဖော်ပြလိုက်ပေကြောင်း ဟူ၍ ခေါင်းကြီးပိုင်းကနေ၍ ရေးသားလေသည်။
အစိုးရ၏ သပိတ်မှောက် ခံရသော သတင်းစာ တစောင် ဖြစ်သည့် “ရန်ကုန်မေ” သတင်းစာကလည်း ဤကိစ္စနှင့် ပတ်သက်၍ အတော်ကြီး မကျေမနပ် ဖြစ်လေသည်။
ရန်ကုန်မေ သတင်းစာ အယ်ဒီတာ နှင့် တိုက်ရှင် အက်စ်စီ ဘတ်တာ ချားဂျီးက မေလ ၁၁ ရက်တွင် အစိုးရထံ စာရေးသည်။
၎င်းက မိမိမှာ သတင်းစာတိုက် ပိုင်ရှင် ဖြစ်သော်လည်း အစိုးရ ကြော်ငြာ နှုန်းထားနှင့် စည်းကမ်းချက်များကို ဘာမျှ မသိရ။ သို့ပါလျက် ရန်ကုန်မေ သတင်းစာကို စာရင်းထဲ မထည့်ဘဲ ချန်လှပ်ထားသည်။
တိုင်းရေး ပြည်ရေးတွင် ကျွန်ုပ်တို့နှင့် သဘောထားခြင်း တူသော အခြား သတင်းစာ အချို့ကိုလည်း အစိုးရ ကြော်ငြာပေးသော စာရင်းတွင် မထည့်ဘဲ ချန်ထားသည်ဟု သိရသည်။
ထိုသတင်းစာများမှာ သူရိယ၊ နယူးဘားမား၊ ရွှေပြည်၊ ဗန္ဓုလ၊ မြန်မာ့အလင်း၊ အောင်မြန်မာ နှင့် မြန်မာ့ယုဝတို့ ဖြစ်သည်။
ထိုသတင်းစာများသည် ဒိုင်အာခီ စနစ်ကို မပြတ် အတိုက်အခံ ရေးသားနေကြပြီး ဗြိတိသျှ အစိုးရ အုပ်ချုပ်ပုံနှင့် ၎င်း အစိုးရ၏ နည်းပရိယာယ်များကို အတိအလင်း အပြစ်တင် ရေးသားနေကြသော နာမည်ကျော် သတင်းစာများ ဖြစ်သည်။
ထိုသတင်းစာများကို အစိုးရ ကြော်ငြာ ထည့်သော စာရင်းမှ ချန်လှပ်ထားသဖြင့် အစိုးရကို အတိုက်အခံ ရေးသားသော သတင်းစာများတွင် အစိုးရ ကြော်ငြာ မထည့်ဟု မဆိုသော်လည်း ဆိုရာ ရောက်နေပြီ။
အစိုးရက တိုင်းရေး ပြည်ရေး နိုင်ငံရေးအရ ကလဲ့စား ချေသော အနေနှင့် အဆိုပါ သတင်းစာများကို သိတ်မှောက် ထားသည်ဟု သံသယ ရှိနေရာတွင် အစိုးရ ကြော်ငြာ ထည့်သော သတင်းစာ စာရင်းမှ ချန်လှပ်ထားပြန်လေရာ ပို၍ ပို၍ သံသယ ဖြစ်စရာ ရှိနေပေသည်။
လူကြိုက်များ၍ တိုင်းရေး ပြည်ရေးတွင် အရေးကြီးပြီး စောင်ရေ များစွာ ထုတ်ဝေရသော သတင်းစာကိုမှ အစိုးရ ကြော်ငြာ ထည့်မည် ဆိုရလျှင်လည်း ရန်ကုန်မေ သတင်းစာကို ချန်လှပ်ရန် မသင့်ပေ။
ယခုစာကို ရေးရခြင်းမှာ အစိုးရ ကြော်ငြာများ အတွက် အခနှုန်း နှင့် စည်းကမ်း သတ်မှတ်ချက်များကို ချိန်ဆ ကြည့်ရှုရန် မိမိတို့ အခွင့်အရေး မရသည့် အကြောင်း သိရှိစေရန် နှင့် ရန်ကုန်မေကို အစိုးရ ကြော်ငြာ ထည့်သော သတင်းစာ စာရင်းတွင် အဘယ်ကြောင့် မထည့်သည့် အကြောင်းကို သိရှိနိုင်ရန် ရေးသားရခြင်း ဖြစ်သည်။
ယခု ရေးသား မေးမြန်းသော စာကို အစိုးရ ကြော်ငြာ ရဖို့ တောင်းပန်စာ ဖြစ်သည်ဟု အထင်မမှားရန် အထူး တောင်းပန် ပါသည် ဟူ၍ ရေးလေသည်။
ရန်ကုန်မေ သတင်းစာ တိုက်ရှင်နှင့် အယ်ဒီတာ၏ စာကို အစိုးရ တရားရေး ဌာန အတွင်းဝန် အိပ်ချ် အယ်လ်နီ ကောက “ရန်ကုန်မေ သတင်းစာကို အစိုးရ ကြော်ငြာပေးမည့် သတင်းစာ စာရင်းမှ နုတ်ပယ်ထားသည်။ အစိုးရ ကြော်ငြာ ထည့်သွင်းခြင်းနှင့် ပတ်သက်၍ မည်သို့မျှ အကျိုးအကြောင်း ဖော်ပြ ပြောဆိုခြင်း မပြုလိုကြောင်း” နှင့် ပြန်ကြားလေသည်။
ဤသည်မှာ ဗြိတိသျှ ကိုလိုနီခေတ်က နယ်ချဲ့ အစိုးရက အမျိုးသား သတင်းစာများ အပေါ် ယဉ်ယဉ်ကလေးနှင့် ဖိနှိပ် တိုက်ခိုက်ခြင်း တနည်း ဆိုသော် “သတ်” ခြင်း ဖြစ်လေသည်။
သူရိယ သတင်းစာက ထိုကိစ္စနှင့် ပတ်သက်၍ ခေါင်းကြီး ရေးပြီး ပြန်လည် တိုက်ခိုက်ရာ၌ မြန်မာ ခေါင်းစဉ် အပေါ်က အင်္ဂလိပ် ဘာသာဖြင့်လည်း ဤသို့ ခေါင်းစဉ် တပ်ခဲ့သေးသည်။
“Government boycott of nationalist news papers”
*****
(သတင်းစာဆရာကြီး မောင်သစ်လွင် (လူထု) ရေးသားခဲ့သည့် ဤဆောင်းပါးကို နေရီရီ စာအုပ်တိုက်က ၂၀၁၅ ခုနှစ် ဇွန်လတွင် ထုတ်ဝေသော “တိုက်ပွဲဝင် သတင်းစာများ” ပထမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၀ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)