ပုသိမ်မြို့ ဟာ ဧရာဝတီတိုင်း ဒေသကြီးရဲ့ မြို့တော် ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ အနောက်ဘက် ၁၁၈ မိုင်ခန့် အကွာမှာ တည်ရှိကြောင်း သိရပါတယ်။
ပုသိမ်မြို့ဟာ ရှေးမြို့ဟောင်းကြီး တမြို့လည်း ဖြစ်ခဲ့ပါတယ်။
ငဝန်မြစ် (ခေါ်) ပုသိမ်မြစ် ကမ်းပေါ်မှာ တည်ထားတဲ့ မြို့ဖြစ်ပြီး ပင်လယ်ဝကနေ ၇၅ မိုင်ခန့် ကွာဝေးပေမယ့် ပင်လယ်ကူး သင်္ဘောကြီးတွေ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ကုန်းတွင်းအကျဆုံး ပင်လယ် ဆိပ်ကမ်းမြို့ကြီး ဖြစ်ပါတယ်။ အလွန်ရှေးကျတဲ့ သင်္ဘောဆိပ် မြို့ကြီးလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် စာရင်းအရ ပုသိမ်မြို့မှာ လူဦးရေ ၁၇၂၉၂၃ ဦး နေထိုင်ပြီး ပုသိမ်မြို့နယ် အတွင်း ဆိုရင်တော့ ၂၈၇ ၀၇၁ ဦး နေထိုင်ကြောင်း သိရပါတယ်။
၁၉၅၃ ခုနှစ် သန်းခေါင်စာရင်း အရ ဆိုရင်တော့ လူဦးရေ ၇၇၉၀၅ ဦး ရှိခဲ့ကြောင်းလည်း သိရပါတယ်။
ပုသိမ် မြို့ဟာ ၁၂ စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး မြို့ကို ပုသိမ်မြစ် အရှေ့ဘက်ကမ်း နဲ့ အနောက်ဘက်ကမ်း နှစ်ခုလုံးပေါ်မှာ တည်ရှိစေပါတယ်။
မြစ် အရှေ့ဘက်ကမ်းမှာ အစိုးရ ရုံးကြီးများ နဲ့ ဈေးကြီးများ ရှိပါတယ်။
ပုသိမ်မြို့ဟာ အမည်များစွာလည်း ရှိခဲ့ပါတယ်။
မွန်လူမျိုး တို့ရဲ့ မဂဒူး မင်းဆက် ဘုရင်မကြီး ရှင်စောပု နောက် နန်းတက်တဲ့ ဟံသာဝတီ မွန်နိုင်ငံဘုရင် ဓမ္မစေတီ မင်းကြီး သာသနာ သက္ကရာဇ် ၂၀၂၃၊ ကောဇာ သက္ကရာဇ် ၈၄၀၊ ခရစ် သက္ကရာဇ် (အေဒီ) ၁၄၇၉ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ ကလျာဏီ ကျောက်စာ အရ ပုသိမ် ကို “ကုသိမရဋ္ဌ” လို့ ခေါ်တွင်ခဲ့ကြောင်း သိရပါတယ်။
“ကုသိမရဋ္ဌ” ကို မွန်လို အတိုချုပ် “ကုသိမ်” လို့ ခေါ်ကြရာကနေ ကာလရွေ့လျားရာမှ ပုသိမ် ဆိုပြီး ပြောင်းလဲ လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်ကို ခေါ်တွင်ခဲ့တဲ့ တခြား အမည်တွေလည်း ရှိပါသေးတယ်။
အတိသဉ္ဇာနဂရ၊ ကုသိမ၊ ကုသိမ်၊ ကော့သမိန်၊ ကော့စမင် (ကုသိန) ပသိမြို့၊ ဒုံးပသီ၊ ဝေပသီ (ဗမာ-ကရင်)၊ ဝိန့်ပသိန် (မွန်-ကရင်)၊ နဂရဝေပုလ္လ၊ ပုသိန်၊ ပုသိမ် တို့ ဖြစ်ကြောင်း သိရပါတယ်။
အတိသဉ္ဇာနဂရ ဆိုတဲ့ အမည်မှာ ရှေးအကျဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
သာသနာနှစ် ၂၁၈-ခု သီရိဓမ္မာသောကမင်း လက်ထက်ခန့်ကပင် ခေါ်ဝေါ်တဲ့ အမည် ဖြစ်ကြောင်း၊ အဓိပ္ပာယ်မှာ ရှေးလွန်လေပြီးသော အခါက ဘုရားအလောင်း သူတော်ကောင်းတို့ မွေ့လျော်ဖူးတယ် ဆိုတဲ့ အဓိပ္ပယ် ဖြစ်ကြောင်း သိရပါတယ်။
နောက်အမည် တခုဖြစ်တဲ့ ကုသိမ သို့မဟုတ် ကုသိမ် ဆိုတာကတော့ ကလျာဏီ ကျောက်စာမှာ ကုသိမ မဏ္ဍလဟု ပါရှိကြောင်း၊ ခရစ်နှစ် ၁၅၈၆-ခုနှစ်မှာ ပုသိမ် ကို ရောက်ရှိခဲ့တဲ့ နိုင်ငံခြားသား တဦးဖြစ်တဲ့ ရပ်(ဖ်) ဖိုက်(ချ်) ရဲ့ မှတ်တမ်းမှာ ပုသိမ်ကို ကော့စမင်း (Cosmin) လို့ ခေါ်တွင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
မွန် အခေါ်အရတော့ ကော့သမှိန် ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ (ကော့=ကျွန်း+သမှိန်=မင်းသား) မင်းသားကျွန်း ဖြစ်ပါတယ်။

ကုသုမ ဆိုတဲ့ အမည်ကိုတော့ ဟံသာဝတီ ဓမ္မစေတီမင်း လက်ထက်အထိ ခေါ်တွင်နေဟန်ရှိပြီး အဲဒီမင်းရဲ့ ကလျာဏီ ကျောက်စာမှာ ကုသိမ ဆိုတာကို အထင်အရှား ခေါ်ဝေါ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် ကောင်းမှုတော် ကျောက်စာ၊ ဘုံစံတုလွတ်ကျောင်း ကျောက်စာ တို့မှာလည်း ကုသိမ် ဆိုပြီး ရေးသား ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ကို ပသီမြို့၊ ဒုံပသီ၊ ဝေပသီ လို့လည်း ခေါ်ဆိုကြသေးရာ –
မြန်မာနှစ် ၅၈၃-ခုနှစ်မှာ နန်းတက်တဲ့ ပသီမင်းက အစွဲပြုကာ ဍိင်ပဆီ(ပသီ) မြို့လို့ ခေါ်တွင်ခြင်း ဖြစ်ကြောင်း ယူဆသူများလည်း ရှိပါတယ်။
ဆရာကြီး ဦးဖိုးကျားရဲ့ ပုသိမ်ရာဇဝင် မှာလည်း အခုခေတ်အထိ ဗမာ-ကရင်တွေက ဝေပသီ၊ မွန်-ကရင်များက ဝိန့်ပသိန် လို့ ခေါ်ဆိုနေဆဲပင် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဥမ္မာဒန္တီ လက်ထက်မှာ ပုသိမ်ကို နဂရဝေပုလ္လ လို့ ခေါ်တွင်စေကြောင်းလည်း သိရပါတယ်။ အဓိပ္ပာယ်မှာ နဂရ = မြို့ + ဝေပုလ္လ = စည်ပင် ပြန့်ပြောခြင်း လို့ ဆိုပါတယ်။
အသောကမင်း လက်ထက် သာသနာ သက္ကရာဇ် ၂၁၈ ခုနှစ်ဝန်းကျင်မှာ အတိသဉ္စာနဂရ လို့ ခေါ်တွင်ခဲ့သေးကြောင်း သိရပါတယ်။
ပုဂံခေတ် မင်းယဉ်နရသိင်္ခ လက်ထက်မှာ ရန်ဖက်ဖြစ်တဲ့ အိန္ဒိယမှ ပဋိက္ခရား မင်း နဲ့ စစ်ဖြစ်ရာ အဲဒီမင်းရဲ့ စစ်ဦးကျတဲ့ ကုသိမရဋ္ဌ ဒေသကို ခံတပ်မြို့ တည်စေပြီး ဗေဒင်ကျမ်းများအရ အမည်ပြောင်း စေတယ်လို့ ဆိုပါတယ်။
ကုသမ ဟာ ကုသိမ် ဖြစ်ပါက လောကဓာတ် အရ ‘က’ နှင့် ‘သ’ တို့ ရန်ဂြိုဟ်ကျ လို့ မိတ်ဖက်ဖြစ်တဲ့ ‘ပ’ နဲ့ ‘သ’ ကို ပြောင်းကာ ပုသိမ် လို့ အမည် ခေါ်စေကြောင်း သိရပါတယ်။
ပုသိမ် ကို မြို့ပြအဖြစ် ပြန်လည် တည်ထောင်သူမှာ ဟံသာဝတီ ပြည်ကို တည်ထောင်သူ ဝိမလမင်း ရဲ့ သားတော် ၆ ပါး ဖြစ်ပြီး ကောဇာ သက္ကရာဇ် (မြန်မာ သက္ကရာဇ်) ၅၃၆ ခုနှစ်မှာ စတင် နန်းစံတယ် လို့လည်း ဆိုပါတယ်။
ပုဂံဘုရင် မင်းယဉ်နရ သိင်္ခ ကနေ ဘုရင်ခံအဖြစ် အုပ်ချုပ်စေသူမှာ ညီနောင် ၆ ဦးအနက် အကြီးဆုံး ဖြစ်တဲ့ ဝါသုဒတ္တ ဖြစ်ကြောင်း သိရပါတယ်။
အဲဒီနောက် ပသီမင်းတွေ ဝင်ရောက်လာကာ စိုးစံလို့ ပသီမြို့ လို့ ခေါ်တွင်ပြန်ပြီး တဖန် ပသီမင်းတို့ကို ဂုဏ္ဏာသာရ နဲ့ ဂုဏ္ဏာသာရီ အမည်ရှိ မွန်ညီနောင်က လုပ်ကြံပြီး ဆက်လက် အုပ်ချုပ်ကြတယ်လို့ ဆိုပါတယ်။
အစောဆုံး ခိုင်မာတဲ့ သမိုင်း အထောက်အထားမှာ ခရစ်နှစ် ၁၅၈၆-၁၅၈၈ အတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အင်္ဂလိပ် လူမျိုး ခရီးသွား Ralph Fitch ရဲ့ မှတ်တမ်း ဖြစ်ပြီး သူက Cosmin မြို့လို့ မှတ်သားခဲ့ကြောင်း သိရပါတယ်။
ပုသိမ် ဝေါဟာရ အစမှာ အာရပ်၊ အိန္ဒိယ ကုန်သည်တွေက အစပြုခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။
အာရပ် (ပါရှန်း) ကုန်သည်များ များပြားရာ မြို့ဖြစ်လို့ မြန်မာဘာသာ နဲ့ “ပသိ” (မြန်မာပြည်ရောက် ပသီကုလား လူမျိုး တို့ မြို့) လို့ ခေါ်တွင်ရာမှ ကာလကြာတဲ့ အခါ ပုသိမ် ဆိုပြီး ဖြစ်လာခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

ဗြိတိသျှ ဘာသာဗေဒ ပညာရှင် ပါမောက္ခ Harry Leonard Shorto က ၁၉၆၂ ခုနှစ်မှာ ရေးသားတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်ထုတ် သုတေသန စာတမ်းအရ ပုသိမ် ဝေါဟာရမှာ မွန် ဝေါဟာရ “ဖာသီ” က ဆင်းသက်လာခြင်း ဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ဟာ သမိုင်းကြောင်း အရ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ ပိုင်နက်ဖြစ်ခဲ့ပြီး စတင် တည်ထောင်ခဲ့တဲ့ ခုနှစ် နဲ့ ပတ်သက်လို့တော့ သမိုင်း အထောက်အထား မတွေ့ရကြောင်းလည်း သိရပါတယ်။
မဇ္ဈိမဒေသ နဲ့ သီဟိုဠ်ကျွန်း တို့ ကူးသန်း ရောင်းဝယ်ရာမှာ ကြားခံမြို့တမြို့လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အင်းဝမှာ မင်းကြီး စွာစော်ကဲ၊ ဟံသာဝတီ ပဲခူးမှာ ရာဇာဓိရာဇ် တို့ စိုးစံတဲ့ ခေတ်ကစပြီး အလောင်းဘုရား လက်ထက် တိုင်အောင် နှစ်ပေါင်း ရာပေါင်းများစွာ ပုသိမ်နယ် တဝိုက်ဟာ မွန် နဲ့ မြန်မာတို့ အားပြိုင်ကြရာ ဒေသလည်း ဖြစ်ခဲ့ ပါတယ်။
ဗြိတိသျှတို့ဟာ အိန္ဒိယမှာ ခြေကုပ်ရပြီးနောက် မြန်မာနိုင်ငံမှာလည်း ခြေကုပ်ရဖို့ ကြိုးစားကြရာ ခရစ်နှစ် ၁၆၈၇ မှာ ဟိုင်းကြီးကျွန်းမှာ အခြေခံစခန်း ပြုပြီးနောက် ပုသိမ်မြို့မှာလည်း အရှေ့အိန္ဒိယ ကုမ္ပဏီ ဌာနခွဲ တခု ဖွင့်ကြောင်း သိရပါတယ်။
ပုသိမ်သို့ အင်္ဂလိပ်တွေ ပထမဆုံး ရောက်ရှိချိန်မှာ အလောင်းမင်းတရား လက်ထက် ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်-မြန်မာ စစ်ပွဲမှာ မြန်မာတို့ကို ကူညီခဲ့လို့ ပုသိမ်မြို့ပေါ်မှာ မြေကွက် တကွက် ရရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ မွန်သူပုန်တွေကိုလည်း ကူညီတယ်လို့ ဆိုကာ အခွင့်အရေးတွေ ပြန်လည် ရုပ်သိမ်းတာမျိုးလည်း ရှိခဲ့ကြောင်း သိရပါတယ်။
အင်္ဂလိပ်-မြန်မာ ပထမ စစ်မှာ အင်္ဂလိပ်တို့ ပုသိမ်မြို့ကို သိမ်းပိုက်ထားခဲ့ပြီး ၁၈၂၆ ခုနှစ်မှာ ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့ကြောင်း၊ အဲဒီ နောက် ရန္တပို စာချုပ်အရ မြန်မာ တို့ကို ပြန်လည်ပေးအပ်ခဲ့ကာ၊ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးမှာတော့ ဗြိတိသျှ အင်ပါယာ လက်အောက်ကို သွတ်သွင်းခဲ့ကြောင်းလည်း သိရပါတယ်။
ပုသိမ်မြို့ကိုလည်း အင်္ဂလိပ် လေသံနဲ့ Bassein လို့ ခေါ်တွင်စေတယ်လို့ ဆိုပါတယ်။
အခု အချိန်မှာတော့ ပုသိမ်ဟာ အောက်မြန်မာပြည် အတွက် အရေးပါတဲ့ ကုန်သွယ်ဆိပ်ကမ်းမြို့ ဖြစ်လာခဲ့ပါတယ်။
ပုသိမ်မြို့ဟာ မွန်တို့ ပိုင်နက် ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိ မွန်လူမျိုး အနည်းငယ်သာ နေထိုင်ကြပြီး ဗမာလူမျိုးက အများစုဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်လူမျိုး နဲ့ ကရင်လူမျိုး အများအပြားလည်း နေထိုင်ကြတဲ့ အပြင် အိန္ဒိယ၊ တရုတ် အနွယ်များ လူနည်းစု အဖြစ်နေထိုင် ကြပါသေးတယ်။
ပုသိမ်မြို့ လူဦးရေ အများစုမှာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပြီး ကရင်လူမျိုး ကက်သလစ် နဲ့ နှစ်ခြင်း ခရစ်ယာန် အများအပြား ရှိကြောင်း၊ ဟိန္ဒူ နဲ့ မွတ်စလင် လည်း အနည်းငယ်စီ ရှိကြကြောင်း သိရပါတယ်။
ပုသိမ်မြို့ရှိ ထင်ရှားတဲ့ ရပ်ကွက်များမှာ အသည်ကြီး၊ တလိုင်းချောင်း၊ ယိုးဒယားကုန်း၊ မရမ်းချိုကုန်း၊ အတီးစု စတာတွေ တို့ ဖြစ်ပြီး မြို့ရဲ့ လမ်းမကြီးများဟာ မြစ်ကမ်းနား နဲ့ ယှဉ်ပြိုင်လျက် ရှိပါတယ်။

ကုန်သွယ် စီးပွား လုပ်ငန်းများ အနေနဲ့ ဧရာဝတီတိုင်း ဒေသကြီးဟာ မြန်မာနိုင်ငံရဲ့ စပါးကျီကြီး ဖြစ်တဲ့ အလျောက် ပုသိမ်မြို့ဟာ ဆန်စပါး ကြိတ်ခွဲ၊ တင်ပို့ရာ ဗဟိုချက်မ ဖြစ်ပါတယ်။
ဒါကြောင့် ဆန်စက် နဲ့ ဆန်သိုလှောင်ရာ ဂိုထောင်များ ပေါများလှပြီး ကြိတ်ခွဲပြီး ဆန်များကို ရေကြောင်း၊ ကုန်းကြောင်း တို့နဲ့ ရန်ကုန်မြို့ နဲ့ အခြားမြန်မာပြည် အနှံ့အပြားကို တင်ပို့ပါတယ်။
ပုသိမ်ဆိပ်ကမ်းဟာ ဧရာဝတီတိုင်း အတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူ တင်ပို့ရာမှာ အရေးပါတဲ့ ဆိပ်ကမ်းလည်း ဖြစ်ပါတယ်။
အစိုးရပိုင် မှန်စက်ရုံ ရှိရာမြို့ဖြစ်ပြီး ပြည်တွင်းသုံး မှန် နဲ့ ဖန်ထည် အမျိုးမျိုးကိုပါ ထုတ်လုပ် ဖြန့်ဖြူးပါတယ်။
အသေးစား လုပ်ငန်းများ အနေနဲ့ ပုသိမ်ထီး လုပ်ငန်းများ၊ ငါးပိငါးခြောက် ငံပြာရည် လုပ်ငန်းများ အပြင် နာမည်ကျော် ပုသိမ်ဟာလဝါမုန့် လုပ်ငန်းများ ဖွံ့ဖြိုးပါတယ်။
ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍမှာတော့ မြစ်၊ ချောင်း၊ အင်းအိုင် ပေါများရာ မြစ်ဝကျွန်းပေါ် ဒေသဖြစ်ခြင်းကြောင့် ရေကြောင်း ခရီးမှာ များစွာ အရေးပါလှပါတယ်။
လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်ခုအတွင်း လမ်း၊ တံတား တချို့ ဖောက်လုပ် ပြီးစီးခဲ့ခြင်းကြောင့် လမ်းပန်း ဆက်သွယ်ရေး နဲ့ ခရီးသွား လုပ်ငန်းများ အနည်းငယ် ဦးမော့လာခဲ့ကြောင်း သိရပါတယ်။
အခုအချိန်မှာတော့ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း မြောက်မြားစွာ ပေါ်ထွက်လာပြီး ခရီးသွားလာချိန်မှာ ၄ နာရီခန့်သာ ကြာမြင့်တယ်လို့ ဆိုပါတယ်။
လေကြောင်းခရီး အတွက်လည်း ပုသိမ် လေဆိပ် ရှိပြီး ရန်ကုန်-ပုသိမ်-သံတွဲ ခရီးစဉ်များ ပြေးဆွဲပေးကြောင်း သိရပါတယ်။
မြို့တွင်း ခရီးသွားလာဖို့ အတွက်လည်း ယာဉ်လိုင်း တချို့ရှိပြီး စင်းလုံးငှားများပါ ရှိကြောင်း၊ ၂၀၁၈ မှာ အိုးဝေ တက္ကဆီ Taxi ခေါ် သုံးဘီး ဆိုင်ကယ်များ တွင်ကျယ်လာခဲ့ကြောင်းလည်း သိရပါတယ်။
ကျန်းမာရေး အတွက် ခုတင် ၁၀၀၀ ဆံ့ အဆင့်မြင့် ပြည်သူ့ဆေးရုံ အသစ်ကြီးမှာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်၂၆ မြို့လုံးကို တာဝန်ယူ ကုသပေးလျက်ရှိကာ အခြားပုဂ္ဂလိက ဆေးရုံ များစွာ ရှိပြီး ပုသိမ် မြို့ထဲမှာ အားကစား ကွင်းလည်း ရှိပါတယ်။
ပညာရေး ကဏ္ဍမှာလည်း ပုသိမ် တက္ကသိုလ်၊ ပုသိမ် ပညာရေး ကောလိပ်၊ နည်းပညာ တက္ကသိုလ် (ပုသိမ်)၊ ကွန်ပျူတာ တက္ကသိုလ် (ပုသိမ်)၊ သူနာပြု သင်တန်း ကျောင်း (ပုသိမ်)၊ အားကစား နဲ့ ကာယပညာ သိပ္ပံ (ပုသိမ်) တို့ ရှိပါတယ်။
စိတ်ဝင်စားဖွယ်ရာ နေရာများ အနေနဲ့ ကတော့ ရွှေမုဋ္ဌောဘုရား၊ လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီ၊ ကန်သာယာ ပန်းဥယျာဉ်၊ ရွှေမြင်တင် စေတီတော် (ပုသိမ်မြို့)၊ မော်တင်စွန်းဘုရား နဲ့ ကမ်းခြေ၊ ချောင်းသာ ကမ်းခြေ၊ ငွေဆောင် ကမ်းခြေ နဲ့ ပုသိမ် ယဉ်ကျေးမှုပြတိုက် တို့ ရှိပါတယ်။ ။
ကိုးကား –
၁။ မြန်မာ့ စွယ်စုံကျမ်း အတွဲ – ၆၊ ၁၉၆၂ ခုနှစ်၊ ပထမ အကြိမ်၊ စာပေဗိမာန်။
၂။ Wikipedia














