စစ်ကောင်စီအုပ်ချုပ်ရေးအောက်တွင် နေထိုင်ရပြီးနောက် မြန်မာပြည်သူများ စိတ်ချမ်းသာစေမည့် သတင်းကောင်းများ၊ အထူးသဖြင့် ရာဇဝတ် စစ်ကောင်စီသည် ထိခိုက်လွယ်နိုင်ကြောင်း ဖော်ပြသည့် မည်သည့်ဖြစ်ပေါ်တိုးတက်မှုကိုမဆို တောင့်တကြသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် သတင်းကောင်းတခုကို ကြားလိုက်ကြရသည်။
အတိုက်အခံအင်အားစုများက မြို့တော်ဒမတ်စကတ်ကို သိမ်းပိုက်ပြီး သမ္မတ ဘာရှား အယ်လ် အာဆတ် ရုရှားသို့ ထွက်ပြေးရကာ ၎င်း၏ ဆယ်စုနှစ်များစွာကြာသည့် အုပ်ချုပ်ရေးကို အဆုံးသတ်စေသည့် ဆီးရီးယားသူပုန်များ၏ အံ့သြဖွယ်ရာ အောင်ပွဲသတင်းသည် တနေကုန် ပြောမဆုံးသည့်သတင်း ဖြစ်သည်။ ဒမတ်စကတ်လမ်းများတွင် ဆီးရီးယားနိုင်ငံသားများ ၎င်းတို့လွတ်မြောက်မှုအတွက် အောင်ပွဲခံသည့်သတင်းများ၊ ရုပ်ပုံများကို မြန်မာပြည်သူများက အားကျပြီး လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေကြသည်။
ထိုသတင်းသည် အမှန်တကယ်ဖြစ်ပြီး မြန်မာမှ အတိုက်အခံအင်အားစုများနှင့် အရပ်သားများကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုလုပ်ရန် အမိန့်ပေးသည့် ဗိုလ်ချုပ်များ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်သည့် သတင်းတု သတင်းမှား မဟုတ်ပေ။
ထိုသတင်းသည် အမှန်တကယ်ဖြစ်ပြီး မြန်မာမှ အတိုက်အခံအင်အားစုများနှင့် အရပ်သားများကို နေ့စဉ် လေကြောင်းတိုက်ခိုက်မှုလုပ်ရန် အမိန့်ပေးသည့် ဗိုလ်ချုပ်များ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်သည့် သတင်းတု သတင်းမှား မဟုတ်ပေ။
မြန်မာတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်နိုင်ပါသလား။ ယခုအခါ မိမိတို့သည် လူမှုကွန်ရက်တွင် ဆွေးနွေးမှု မုန်တိုင်းထန်နေသည်ကို တွေ့မြင်နေရသည်။ အာဆတ်အုပ်စု ကျဆုံးမှုအကြောင်း မဆုံးနိုင်သည့် ထင်မြင်ချက်များ၊ ဝေဖန်ပြောကြားမှုများနှင့် မြန်မာတွင် ထိုသို့ဖြစ်နိုင်၊ မဖြစ်နိုင် ဆွေးနွေးကြသည်။
ယခုအချိန်တွင် ထိုအချက်မှာ အလှမ်းဝေးနေသေးသော်လည်း မြန်မာမှတော်လှန်ရေးကို အမာခံထောက်ခံသူ အများအပြားက အလားတူရလဒ်ကို မျှော်လင့်ကြသည်။ ဧရာဝတီသတင်းဌာနသည်ပင် စစ်ကောင်စီကို လှောင်ပြောင်သည့် ကာတွန်းတခု ဖော်ပြခဲ့သည် (ထည့်သွင်းထားသည့် ကာတွန်းကိုကြည့်ပါ)။ သို့သော် အာဏာလက်လွှတ်ရမည်ကို ကြောက်လန့်မှုသည် နေပြည်တော်တွင် နက်ရှိုင်းစွာ ရှိနေသည်။
ဆီးရီးယား၏ အနာဂတ်သည် မရေရာပေ။ ပိုမိုများပြားသော ဖရိုဖရဲဖြစ်မှုများ သို့မဟုတ် စစ်ပွဲသစ်တခုပင် မကြာမီ ဖြစ်နိုင်သည်။ သို့သော် မြန်မာမှပြည်သူများသည် ဒမတ်စကတ်မှ လူသတ်အစိုးရ ပြုတ်ကျသည့်သတင်းကို စိတ်အားထက်သန်စွာ မျှဝေကြသည်။
အာဆတ် ကျဆုံးမှု သို့မဟုတ် သူ ရုရှားသို့ ထွက်ပြေးသည့် မည်သည့်သတင်းကိုမှ စစ်ကောင်စီထိန်းချုပ် မီဒီယာက ဖော်ပြခြင်းမရှိသည်ကို နားလည်နိုင်သည်။ ရုရှားသည် အာဆတ်အစိုးရ၏ မိတ်ဆွေဖြစ်ပြီး မြန်မာစစ်ကောင်စီ၏ ခိုင်မာသောမဟာမိတ် ဖြစ်သည်။
ရုတ်တရက် ပြိုလဲခြင်းသည် အာဏာရှင်အစိုးရတိုင်းအတွက် အိပ်မက်ဆိုးဖြစ်သော်လည်း မည်သည့်နေရာတွင်မဆို ဖြစ်နိုင်ပြီး မြန်မာနိုင်ငံသည်လည်း ခြွင်းချက်မဟုတ်ပေ။ မြန်မာပြည်သူများနှင့် အတိုက်အခံအင်အားစုများသည် ဆီးရီးယားပြည်သူများ ပျော်ရွှင်သည်ကို စောင့်ကြည့်ရန် စိတ်အားထက်သန်ကြပြီး စစ်ကောင်စီသည် နယ်မြေများကို အလျင်အမြန် ဆုံးရှုံးနေသောကြောင့် နေပြည်တော်မှ မင်းအောင်လှိုင်စစ်ကောင်စီ အလားတူကံကြမ္မာ ရင်ဆိုင်ရမည့်ရက်ကို အိပ်မက်မက်ကြနိုင်သည်။
အာဆတ်ကဲ့သို့ပင် မင်းအောင်လှိုင်သည် လွန်ခဲ့သော လေးနှစ်အတွင်း ကိုယ့်နိုင်ငံသားများကို သူကိုယ်တိုင် ရာဇဝတ်မှုများ ကျူးလွန်ပြီး ပြည်သူများက ထိုရက်စက်ကြမ်းကြုတ်မှုများအား အလွယ်တကူ မေ့လိမ့်မည် မဟုတ်ပေ။
အာဆတ်ကဲ့သို့ပင် မင်းအောင်လှိုင်သည် လွန်ခဲ့သော လေးနှစ်အတွင်း ကိုယ့်နိုင်ငံသားများကို သူကိုယ်တိုင် ရာဇဝတ်မှုများ ကျူးလွန်ပြီး ပြည်သူများက ထိုရက်စက်ကြမ်းကြုတ်မှုများအား အလွယ်တကူ မေ့လိမ့်မည် မဟုတ်ပေ။
အာဆတ် ဂုဏ်သိက္ခာ ကျဆင်းနေစဉ် မြန်မာပြည်သူများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ သေနင်္ဂဗျူဟာကျသည့် မြို့များအား တိုင်းရင်းသားအတိုက်အခံ အင်အားစုများက နောက်ထပ် သိမ်းပိုက်သည့် သတင်းများကို ကြိုဆိုကြသည်။

ရခိုင်ပြည်နယ်မှ မောင်တောကို အာရက္ခတပ်တော် (AA) လက်သို့ ဆုံးရှုံးရာတွင် အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်တပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖမ်းဆီးခံရသည်။ ယခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သည် AA ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် အခြားအောင်ပွဲများအပြင် ပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်အကြား သေနင်္ဂဗျူဟာကျသည့်လွင်ပြင်မှ နောက်ဆုံး စစ်ကောင်စီစခန်းကို သိမ်းပိုက်လိုက်သည်။
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် တရုတ်၏ ဖိအားကို အာခံပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ဗန်းမော်နှင့် မံစီမြို့နယ်များမှ စစ်ကောင်စီစခန်းများကို ဆက်လက် တိုက်ခိုက်နေသည်။
သို့သော် အခြားအာဏာရှင်များကဲ့သို့ပင် မင်းအောင်လှိုင်သည် စိတ်ကူးယဉ် အိပ်မက်ကမ္ဘာတွင် နေထိုင်သည်။ သူ၏တပ်များသည် တဖွဲ့နှင့်တဖွဲ့ အပြိုင်အဆိုင် လက်နက်ချနေပြီး တနိုင်ငံလုံးမှ သူထိန်းချုပ်သော နယ်မြေများ ဆုံးရှုံးနေသည့်တိုင် “ရွှေမြန်မာနိုင်ငံ” သည် “တည်ငြိမ်” ၍ “ငြိမ်းချမ်း” နေသည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း လွန်ခဲ့သောအပတ် အမျိုးသားအားကစားပွဲတော် မိန့်ခွန်းအရ သိရသည်။ (ထိုပွဲတော်တွင် လုံခြုံရေး အကြီးအကျယ်ချထားသည်မှာ ဘာကြောင့်ဖြစ်ကြောင်း ရှင်းမပြသည်ကို စာဖတ်သူ သိထားရန် လိုသည်။)
လက်တွေ့တွင် ၂၀၂၁ ခုနှစ်၌ သူ၏ အုပ်ချုပ်ရေး စတင်ပြီးနောက် မြန်မာနိုင်ငံ အစိတ်အပိုင်းအများစုသည် ပြာပုံဖြစ်နေပြီး နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုသည် ထုံးစံဖြစ်လာသည်။ သူ၏ စစ်တပ်သည် တော်လှန်ရေးအင်အားစုများ၏ မကြုံဖူးသည့် ဖိအားကို ရင်ဆိုင်နေရပြီး ပြိုလဲမည့် အမှန်တကယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည်။ သို့သော် မင်းအောင်လှိုင်သည် တရုတ်နှင့် ရုရှားကဲ့သို့ အဓိက ပြည်ပ မဟာမိတ်များ အကူအညီဖြင့် နိုင်ငံကို ပုံမှန်အခြေအနေ ပြန်လည် ထိန်းသိမ်းနိုင်မည်ဟု ယူဆနေပုံရသည်။
သို့သော် ဆီးရီးယားသူပုန်များ ဒမတ်စကတ်သို့ ဦးတည်လာပြီး အာဆတ်နှင့် မိသားစု အသက်ဘေးလွတ်ရန် ထွက်ပြေးချိန်တွင် အာဆတ်၏ မဟာမိတ်များဖြစ်သည့် အီရန်နှင့် ရုရှားထံမှ မည်သည့်အကူအညီမှ ရောက်မလာသည်ကို မင်းအောင်လှိုင် ကောင်းကောင်း သိမည် ဖြစ်သည်။
ယနေ့ တနိုင်ငံလုံးတွင် တော်လှန်ရေးအောင်ပွဲများ ပေါ်ပေါက်လာသောအခါ မြန်မာစစ်အာဏာရှင်သည် အာဆတ်ကဲ့သို့ အလားတူ ကံကြမ္မာကို ရင်ဆိုင်ရမည်မဟုတ်ဟု မည်သူမှ အာမ မခံနိုင်ပေ။
ထိုအခြေအနေသည် သူ အကြောက်ဆုံး အခြေအနေ ဖြစ်သည်။ ယနေ့ တနိုင်ငံလုံးတွင် တော်လှန်ရေးအောင်ပွဲများ ပေါ်ပေါက်လာသောအခါ မြန်မာစစ်အာဏာရှင်သည် အာဆတ်ကဲ့သို့ အလားတူ ကံကြမ္မာကို ရင်ဆိုင်ရမည်မဟုတ်ဟု မည်သူမှ အာမ မခံနိုင်ပေ။
ယနေ့ မိမိတို့ သေချာပေါက် ပြောနိုင်သည်မှာ အာဆတ်အစိုးရ ကျဆုံးခြင်းသည် ကီလိုမီတာ ၆,၀၀၀ ကျော်ဝေးသော မြန်မာမှ ပြည်သူများ ဝမ်းမြောက်စရာဖြစ်ပြီး နေပြည်တော်မှ စစ်ကောင်စီခေါင်းဆောင်ကို တုန်လှုပ်စေသည်ဆိုသည့် အချက်ဖြစ်သည်။
မြန်မာပြည်သူများအတွက် ထိုကိစ္စသည် မည်မျှအင်အားတောင့်တင်းသည်ဖြစ်စေ အာဏာရှင်အားလုံး နောက်ဆုံးတွင် ကျဆုံးသည်ဆိုသည့် သမိုင်းသင်ခန်းစာကို စိတ်ချမ်းသာစရာ သတိပေးခြင်းဖြစ်သည်။ မြန်မာပြည်သူများသည် နိုင်ငံတွင် ဖိနှိပ်သော စစ်အုပ်စုများ ပေါ်ပေါက်လာခြင်း၊ ကျဆုံးခြင်းကို တွေ့မြင်ခဲ့ရသည်။ မြန်မာပြည်သူများသည် ဒုက္ခများကို ခံစားရပြီး နောက်ဆုံးတွင် ထိုဒုက္ခများကို ကျော်လွှားနိုင်ကြသည်။
မင်းအောင်လှိုင် အာဏာချုပ်ကိုင်ထားပြီး သူ့ကို ဆန့်ကျင်သည့်အင်အားစုက မတွန့်မဆုတ် ဆန့်ကျင်နေခြင်းနှင့်အတူ လက်ရှိအချိန်တွင် မြန်မာပြည်သူများသည် ၎င်းတို့ မှတ်ကျောက်တင်ထားသော ခံနိုင်စွမ်းရည်ဖြင့် နောက်ထပ် ကမောက်ကမ ကာလကို ကျော်ဖြတ်နေရသည်။
အချိန်ကျရောက်လာသောအခါ မြန်မာပြည်သူများသည် နောက်တကြိမ်အုံကြွမှုကို ကြိုဆိုကြမည်ဖြစ်သည်။ ထိုကိစ္စသည် မင်းအောင်လှိုင် ကြောက်လန့်ရမည့်ကိစ္စဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ From Damascus to Naypyitaw: Lessons in Resistance and Hope ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ရုရှား-အီရန်-အာဆတ် မဟာမိတ် ဆီးရီးယားမှာ ပြိုကွဲ
ဆီးရီးယား သူပုန်ခေါင်းဆောင် ဂိုလာနီ ဘယ်သူလဲ
ဒမတ်စကတ်ကျဆုံးပြီးနောက် ဆီးရီးယားခေါင်းဆောင် ရုရှားသို့ ထွက်ပြေး
စစ်ရှုံးချိန် ပွဲတက်မပျက်တဲ့ စစ်ခေါင်းဆောင် ဝေဖန်ခံနေရ (ရုပ်/သံ)
ICC မင်းအောင်လှိုင်နဲ့ ပြည်တော်ပြန်မယ့် NUG (ရုပ်/သံ)














