"နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး"

နန်းလွင်
၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဦးဆက်အောင် / Reuters
Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် အထွေထွေးရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ စတင်ဖွဲ့စည်းပြီး ကတည်းက အစိုးရသစ်ဟာ China International Trust and Investment Corporation (CITIC) တို့နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြန်လည် အကောင်အထည်ဖော်နေခဲ့ပါတယ်။ ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်မီမှာ ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ (CITIC) က ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်းဖြစ်ပြီး မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်း၊ ပြည်ပ လေ့လာသူတွေကို ဒီစီမံကိန်းကြောင့် မြန်မာပြည် အကြွေးနွံနစ်မှာကို စိုးရိမ်နေခဲ့ကြပါတယ်။

အခုလက်ရှိ အခြေအနေမှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုဝန်ကြီး ဦးဆက်အောင်ဟာ ကျောက်ဖြူ SEZ ရဲ့ စီမံကိန်းကော်မတီဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူမှာ ဖြစ်ပါတယ်။ ဝန်ကြီးဦးဆက်အောင်ဟာ သီလဝါ SEZ ရဲ့ စီမံကိန်းကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်ပြီး အဲဒီစီမံကိန်းမှာ အတွေ့အကြုံများစွာ ရှိထားသူဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ဖြူ SEZ အတွက် CITIC နဲ့ ညှိနှိုင်းဆွေးနွေးမှု ရလဒ်တွေနဲ့ လက်ရှိအစိုးရရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု အခြေအနေတွေအပေါ် ဘယ်လို ခြုံငုံသုံးသပ်မိသလဲ ဆိုတာ ဒုဝန်ကြီး ဦးဆက်အောင်ကို ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ ဝန်ကြီးက သီလဝါ အထူးစီးပွားရေးစက်မှုဇုန်ရဲ့ Management ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်။ အခုဆိုရင် ကျောက်ဖြူကိုပါ တာဝန်ယူဖို့ ဖြစ်လာပြီ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ပတ်သတ်ပြီး အကြွေး နွံနစ်နေမှာကို စိုးရိမ်ကြတဲ့ သူတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော့်အနေနဲ့ အရင်က ASEAN အတွင်းက နိုင်ငံအချို့မှာ SEZ Policy Master Plan တွေကို ရေးဆွဲခဲ့ဖူးပါတယ်။ SEZ Demand နဲ့ ပတ်သက်တဲ့ Survey တွေကိုလည်း နိုင်ငံ (၇) နိုင်ငံမှာ ဆောင်ရွက်ခဲ့ဖူးပါတယ်။ အဲဒီအတွေ့အကြုံတွေနဲ့ သီလဝါ SEZ မှာတော့ အောင်မြင်မှု အဆင့်တခုရောက်အောင် ကြိုးစားနိုင်ခဲ့ပါတယ်။ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဆက်ပြီးတော့လည်း ကြိုးစားနေရဦးမှာပါ။

ကျောက်ဖြူ SEZ နဲ့ ပတ်သက်လို့ အရင်ကတော့ တဖက်နဲ့တစ်ဖက် ညှိနှိုင်းခဲ့ကြရာမှာ အကြောင်းအမျိုးမျိုးကြောင့် ညှိနှိုင်းမှုတွေ ခက်ခဲကြန့်ကြာခဲ့တဲ့ သဘောရှိပါတယ်။ ကျနော့်အနေနဲ့ ကျောက်ဖြူ SEZ ကိုတာဝန်ယူတဲ့အချိန်က စပြီးတော့ ညှိနှိုင်းမှုတွေကို အစကနေ စလုပ်ခဲ့ပါတယ်။ စပြီး ညှိနှိုင်းတဲ့ အချိန်ကတည်းက အဓိက Principles (၅) ခုပေါ် အခြေခံပြီး ညှိကြမယ်ဆိုတဲ့ သဘောတူညီမှု ယူပြီးမှ ညှိခဲ့တာပါ။ အဲဒါကတော့ (၁) ညှိနှိုင်းတဲ့အခါမှာ အတတ်နိုင်ဆုံး Flexible ဖြစ်ဖို့နဲ့ ညှိနှိုင်းတဲ့အချက်တွေက ဘယ်အစိုးရ အပေါ်မှာမှ (အထူးသဖြင့် မြန်မာအစိုးရအပေါ်) ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့၊ (၂) ညှိနှိုင်းတဲ့အချက်တွေအားလုံး နိုင်ငံတကာ စံနှုန်းတွေပေါ်မှာ အခြေခံဖို့၊ (၃) အရင်ညှိနှိုင်းမှုတွေကို ပြောင်းလဲသင့်ရင် ရဲရဲပြောင်းလဲဖို့၊ (၄) တင်ဒါခေါ်စဉ်တုန်းက အဆိုပြု တောင်းခံလွှာ (Request for Proposal) မှာ ပါရှိတဲ့အချက်တွေကို တတ်နိုင်သလောက် မသွေဖယ်ဖို့နဲ့ (၅) မြန်မာနိုင်ငံရဲ့ ဥပဒေများအတိုင်း ဖြစ်စေဖို့ ဆိုတဲ့ Principles တွေကို လိုက်နာပြီး ညှိနှိုင်းပါမယ်လို့ သဘောတူညီမှု ရယူပြီးမှ ညှိနှိုင်းခဲ့ပါတယ်။

အခုအထိ ညှိနှိုင်း သဘောတူထားပြီး အချက်တွေအရ နိုင်ငံတော်အစိုးရအနေနဲ့ အကြွေးနွံနစ်စရာ လုံးဝမရှိပါဘူး။ စီမံကိန်းကိုလည်း လိုအပ်သလောက် အရွယ်အစားနဲ့ပဲ စတင်မှာပါ။ ကျနော်တို့ သဘောတူ ထားချက်အရ စီမံကိန်းဟာ Supply-based ဆိုတာထက် Demand-based အဖြစ် အကောင်ထည်ဖော်မယ်။ ဒါ့အပြင် စီမံကိန်းကိုလည်း တိုးချဲ့ချင်သလို တိုးချဲ့လို့ မရဘဲ၊ လုံလောက်တဲ့ Demand ရှိမှ တိုးချဲ့ရမှာ ဖြစ်ပြီး စီမံကိန်းက ရတဲ့ဝင်ငွေဟာ Total Operation Cost ကို ကာမိမှ တိုးချဲ့ခွင့်ပြုဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် နောက်ဆုံးညှိနှိုင်း သဘောတူပြီးသား အချက်တွေအရ ပြည်သူအများ စိုးရိမ်သလို မလိုအပ်ဘဲ စီမံကိန်း အကြီးကြီးဆောက်ပြီး အကြွေးနွံနစ်စရာ မရှိပါဘူး။

မေး။ ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ စိုးရိမ်စိတ်ကြီးပြီး ဝေဖန်ခံနေရတဲ့ ကျောက်ဖြူစီးပွားရေး စက်မှုဇုန် စီမံကိန်းရဲ့ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုက်ရတဲ့ ဝန်ကြီးအနေနဲ့ စိုးရိမ်မှုရှိသလား။ ဘယ်လောက် တာဝန်ကြီးပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ စိုးရိမ်မှုလည်း ရှိပါတယ်၊ တာဝန်လည်း ကြီးပါတယ်။ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို နမူနာယူပြီး နိုင်ငံတကာ ထုံးစံနဲ့အညီဖြစ်အောင် သတိကြီးကြီးနဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ လက်ရှိညှိနှိုင်းမှုအရ နိုင်ငံတော်အစိုးရအပေါ်မှာ ဝန်ထုပ်ဝန်ပိုး လုံးဝမဖြစ်အောင် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။

မေး။ ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးဖြစ်တဲ့ ကဏ္ဍ အကြောင်းအရာတွေကို ပြောပြ ပေးပါဦး။

ဖြေ။ ။ အဓိက ဆွေးနွေး ညှိနှိုင်းသဘောတူညီချက် ၃ ချက် ရှိပါတယ်။ အဓိက ဆွေးနွေးညှိနှိုင်း သဘောတူညီမှု ရပြီးတဲ့ အချက်တွေကတော့ (၁) စီမံကိန်းကို လိုအပ်သလောက် အရွယ်အစားနဲ့ပဲ စဖို့ သဘောတူပြီးတဲ့အတွက် အရင်က ပုံစံမျိုး ဒေါ်လာ ၉ ဘီလီယံ၊ ၁၀ ဘီလီယံလောက်ရှိတဲ့ စီမံကိန်းအကြီးစားကြီး မဟုတ်တော့ဘဲ၊ Phase 1 အနေနဲ့ စီမံကိန်းအသေးစား၊ ဒါမှမဟုတ် အလတ်စားနဲ့ စမှာပါ။ (၂) Phase 1 ကနေ Phase 2, 3 တိုးချဲ့တဲ့အခါမှာလည်း Phase 1 ရဲ့ Operating Capacity ရဲ့ ဘယ်လောက် ရာခိုင်နှုန်း ပြည့်မှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ်၊ Phase 1 Operation က ရတဲ့ ဝင်ငွေက Total Operating Cost ကို ကာမိမှ Phase 2 ကို တိုးချဲ့ခွင့်ပေးမယ် စတဲ့ သတ်မှတ်ချက်တွေကို သဘောတူထားပါတယ်။ (၃) စီမံကိန်းချေးငွေဟာလည်း ပုဂ္ဂလိက ချေးငွေသာဖြစ်ဖို့၊ နိုင်ငံတော်အနေနဲ့ လုံးဝမချေးဖို့နဲ့ ချေးငွေအာမခံကိုလည်း နိုင်ငံတော်က လုံး၀ ပေးစရာမလိုဖို့ သဘောတူ ထားပါတယ်။

မေး။ ။ ကျောက်ဖြူစီမံကိန်း အပြီးသတ် သဘောတူညီချက် ဘယ်အချိန်လောက်မှာ တရားဝင် ကြေညာနိုင် မယ်လို့ မျှော်မှန်းထားပါသလဲ။

ဖြေ။ ။ ညှိနှိုင်းမှုတွေကို Formal Meetings တွေရော၊ Informal Meetings တွေမှာပါ လုပ်ခဲ့ပါတယ်။ ညှိနှိုင်းမှုတွေမှာ သဘောတူတဲ့ အချက်အားလုံးကို Framework Agreement မှာ ထည့်ရေးပြီးဖြစ်ပါတယ်။ အဲဒီ Framework Agreement လက်မှတ် ရေးထိုးပြီးတာနဲ့ အတည်ဖြစ်သွားပါမယ်။ အဲဒါကြောင့် အဲဒီကိစ္စကို သဘောတူပြီးသွားပါပြီ။ Framework Agreement လက်မှတ် ထိုးပြီးတာနဲ့ အတည်ဖြစ်ပါမယ်။ အဲဒီအချိန်ရောက်ရင်တော့ တရားဝင် ကြေညာနိုင်မှာပါ။

မေး။ ။ မြန်မာဘက်က တောင်းဆိုနေတာ ၃၀ ရာခိုင်နှုန်းလို့ ပြောဆိုကြတယ်။ အဲဒီအပေါ်မှာ တရုတ်ဘက်က ဘယ်လို သဘောထားရှိပါသလဲ။ ဝေစု ၃၀ ရာခိုင်နှုန်းကို မြန်မာဘက်ကို ပေးမယ်လို့ ဆုံးဖြတ်ပြီးပြီလား။ ဒါမှမဟုတ် ဒီထက်လျော့တဲ့ ကိန်းဂဏန်း တခုလား။

ဖြေ။ ။ စီမံကိန်းတင်ဒါခေါ်တုန်းက တင်ဒါအောင်တဲ့ကုမ္ပဏီက စီမံကိန်းရှယ်ယာ ၈၅ ရာခိုင်နှုန်းရမယ်ဆိုပြီး စခေါ်ခဲ့တာပါ။ အဲဒါဆိုရင် မြန်မာဘက်က ၁၅ ရာခိုင်နှုန်းပဲ ရမှာပါ။ ဒါပေမဲ့ အခုတော့ မြန်မာဘက်ကို ၃၀ ရာခိုင်နှုန်းပေးဖို့ တရုတ်ဘက်က သဘောတူညီမှု ရထားပြီးဖြစ်ပါတယ်။

မေး။ ။ ကျောက်ဖြူစီမံကိန်းနဲ့ မပတ်သက်ဘဲ ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးအနေနဲ့ မေးချင်ပါတယ်။ တိုင်းပြည်မှာ စီးပွားရေးက ကျဆင်းနေတယ်၊ နှေးကွေးနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အသံတွေကြားနေရတယ်။ တဖက်မှာလည်း ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တွေရဲ့ ညွှန်းကိန်းတွေမှာ မြန်မာက တိုးတက်နေတယ်။ ကျမတို့ နားမလည်နိုင်တာက တဖက်မှာလည်း ကိန်းဂဏန်းတွေက တိုးတတ်နေရဲ့သားနဲ့ စီးပွားရေးလုပ်ငန်းတွေက ဘာကြောင့် နှေးကွေးနေတာလဲ။

ဖြေ။ ။ နိုင်ငံတဝှမ်းလုံးရဲ့ မက်ခရိုစီးပွားရေးအခြေအနေနဲ့ လုပ်ငန်းရှင်တဦးချင်းစီရဲ့ စီးပွားရေးလုပ်ငန်းအခြေအနေ တူချင်မှ တူနိုင်မှာပါ။ Economics situation ကို မြန်မာလို စီးပွားရေးအခြေအနေလို့ခေါ်ပြီး Business situation ကို မြန်မာလို စီပွားရေးလုပ်ငန်း အခြေအနေလို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ အဓိပ္ပာယ်ဆင်နေပေမယ့် Economics aspect နဲ့ Business aspect ဟာ အများကြီး ကွာနိုင်ပါတယ်။ ဥပမာ – စီးပွားရေးလုပ်ငန်းတွေ တအားကောင်းလာပြီး စီးပွားရေး တိုးတက်မှုတွေ အရမ်းမြန်ဆန်လာတဲ့ အခါ Economic Overheating ဖြစ်လာပြီး စီးပွားရေးတည်ငြိမ်မှု ထိပါးလာတတ်ပါတယ်။ အဲဒီအချိန်မှာဆို စီးပွားရေး လုပ်ငန်းအခြေအနေ ကောင်းပေမဲ့ မက်ခရိုစီးပွားရေးအခြေအနေ ယိမ်းယိုင်လာပါလိမ့်မယ်။ အဲဒါကြောင့် တချို့အချက်တွေက Business aspect က ကြည့်ရင်မှန်နိုင်ပေမဲ့ Economic aspect က ကြည့်ရင် မမှန်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။

မေး။ ။ မြန်မာစီးပွားရေး တိုးတက်ဖို့ အစိုးရအနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ လုပ်နေလဲ။

ဖြေ။ ။ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာစေဖို့ ယုံကြည်မှု (Business Confidence) က အရေးကြီးပါတယ်။ ယုံကြည်မှုတွေ တိုးလာအောင် တိကျပြီး ခန့်မှန်းရလွယ်တဲ့ မူဝါဒတွေလိုပါတယ်။ အဓိက ကတော့ နိုင်ငံတော်က ဘာလုပ်မှာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာကို ပွင့်လင်းမြင်သာရှိစေဖို့ လိုအပ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ လုပ်ငန်းစဉ် (Action Plan) ပေါင်း ၂၅၀ လောက်ပါတဲ့ ဌာနအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်မယ့် ဗျူဟာတွေပါတဲ့ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု စီမံချက်ကို အမြန်ဆုံး ထုတ်ပြန်ဖို့ ရှိပါတယ်။ နိုင်ငံတော်ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ၊ နိုင်ငံတကာ ချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပူးပေါင်းအကောင်အထည်ဖော်မယ့် PPP စီမံကိန်းတွေ စတဲ့ နိုင်ငံတော်က အကောင်အထည် ဖော်မယ့် စီမံကိန်းတွေကို ဖော်ထုတ်ပြီး ပွင့်လင်းမြင်သာအောင် လုပ်သင့်ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့လည်း Project Bank လို့ခေါ်တဲ့ Project Information Bank တခု ထူထောင်ပြီး ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။

တချိန်တည်းမှာပဲ စီးပွာရေးလုပ်ငန်းတွေ အခက်အခဲဖြစ်စေမယ့် ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲပြီး SOP လို့ ခေါ်တဲ့ Standard Operating Procedures တွေကို ပြင်ဆင်နေပါတယ်။ ရေတိုဖြေရှင်းတဲ့ နည်းထက် အနာဂတ် တလျှောက်လုံး ပိုမို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲဖို့ကို ပိုအလေးထားရမှာပါ။

မေး။ ။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ One Belt One Road Initiative ရဲ့ မဟာဗျူဟာကျတဲ့ နေရာမှာရှိနေတယ်။ Myanmar- China Economic Corridor MOU ကိုလည်း ဒီနှစ်မကုန်ခင် နှစ်နိုင်ငံ လတ်မှတ်ထိုးမယ်လို့ သိထားတယ်။
တရုတ်နိုင်ငံလို အင်အားကြီးနိုင်ငံရဲ့ စီမံကိန်းတွေ၊ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းတွေဝင်လာတဲ့ အခါမှာ စီးပွားရေးက သေးငယ်တဲ့ ဘဏ္ဍာရေးအရ အင်အားမရှိတဲ့ ပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို မဟာဗျုဟာတွေ ချမှတ်သင့်ပါသလဲ။

ဖြေ။ ။ One Belt One Road Initiative ဟာ အသုံးချတတ်ရင် အလွန်ကောင်းပြီး နိုင်ငံတော်ရဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အသုံးမချတတ်ရင်သာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်မှာပါ။ အဓိက ကတော့ ကိုယ့်နိုင်ငံအတွက် အမှန်တကယ် လိုအပ်တဲ့ စီမံကိန်းတွေကို အမှန်တကယ်လိုအပ်တဲ့ အရွယ်အစားနဲ့ Cost Efficient ဖြစ်အောင် အကောင်အထည် ဖော်နိုင်ရင် Win-Win Situation ကို ရရှိမှာပါ။ အဲဒီ One Belt One Road Initiative ကို အသုံးချတတ်ရင် (Win-Win Situation ဖြစ်အောင်လုပ်နိုင်ရင်) မေးခွန်းထဲမှာပါသလို စီးပွားရေးက သေးငယ်ပြီး ဘဏ္ဍာရေးအရ အင်အားမရှိတဲ့ ကျနော်တို့ နိုင်ငံမျိုးအတွက် အကျိုးရှိနိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံက လိုအပ်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေကိုလည်း တခြား ဖွံ့ဖြိုးမှု မိတ်ဖက်တွေဖြစ်တဲ့ အာရှဖွံ့ဖြိုးမှုဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတည်ဆောက်နေပါတယ်။

(အင်္ဂလိပ်ဘာသာဖြင့် New, Improved Deal on China-Backed Kyaukphyu SEZ Due Soon: Deputy Minister  တွင် ဖတ်ပါ)

Did you find apk for android? You can find new Free Android Games and apps.
Loading