၂၀၁၈ – ၁၉ မှစ၍ ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလတွင် စတင်မည့် စနစ် ပြောင်းခဲ့ပြီး ယင်းကာလအတွက် ရသုံး ခန့်မှန်း ငွေစာရင်းကို ပြည်ထောင်စု လွှတ်တော်က စက်တင်ဘာ ၁၃ ရက်တွင် အတည်ပြုခဲ့ကာ ယခုနှစ်အတွက် ကျပ်ငွေ ၂၄.၇၂ ထရီလျံကို ခွင့်ပြုပေးခဲ့သည်။ မူလတောင်းခံငွေ ကျပ် ၂၄.၉၅၄ ထရီလျံထက်လျော့နည်းပြီး စိစစ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
စိစစ်လျော့ချှ မှုထဲတွင် ဆောက်လုပ်ရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် စိုက်ပျိုးမွေးမြူရေး ကဏ္ဍဆိုင်ရာ အသုံးစရိတ်များ အများအပြားပါဝင်သည်။ ဘတ်ဂျက်များကို မည်သည့် အခြေခံပေါ်တွင် ဖြတ်တောက်ခဲ့သည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းထံ ဧရာဝတီ သတင်းထောက် မငြိမ်းငြိမ်းက ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေက အစိုးရရဲ့ ဦးစားပေးလုပ်ငန်းတွေလို့ ဆိုပေမယ့် ဒီနှစ် အသုံးစရိတ်အတွက် လျှော့ပြီးခွင့်ပြုထားတာ တွေ့ရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဘတ်ဂျက်တွေကို ဖြတ်တောက်တာက ဘယ်အပိုင်းတွေကို ဖြတ်တာလဲ။
ဖြေ။ ။ အဓိက ကျနော်တို့ ဖြတ်လိုက်တာက Capital expenditure (ငွေလုံးငွေရင်း အသုံးစရိတ်) တွေပါ။ Current expenditure (သာမန် အသုံးစရိတ်) ကို မဖြတ်သလောက်ပါပဲ။ ကျန်းမာရေးမှာ ထူးထူးခြားခြား သာမန်အသုံးစရိတ်ကနေ တွေ့လိုက်တာက ကျပ်သန်း ၇ ထောင် ဖြစ်သွားတယ်။ ကျန်းမာရေးတို့ ပညာရေးတို့မှာ အလှူရှင်များတယ်။ ဘယ်လိုဖြစ်လဲလို့ ကျနော်တို့ ခေါ်မေးလိုက်တဲ့အခါ သူတို့ကိုယ်တိုင်က မှန်ပါတယ်၊ မူလတုန်းက ထည့်ထားတယ်၊ ပြန်ပြီးစိစစ်တဲ့အခါမှာ ဌာန ကိုယ်တိုင်ကိုက ဒါက လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ မရနိုင်တဲ့အတွက် သူတို့ဟာ သူတို့ ပြန်ဖျက်သွားတာပါ။ မရနိုင်တဲ့ လုပ်ငန်းပေါ့နော်။ ကျနော်တို့ကလည်း ချေးငွေပဲ ဖြစ်ဖြစ်၊ ဂရန့် အကူအညီပဲ ဖြစ်ဖြစ် ရနိုင်တဲ့ ပိုက်ဆံကိုပဲ လျာထားပါလို့ ပြောတာပါ။
တချို့ ကိစ္စရပ်တွေမှာ အဆောက်အဦ ဆောက်လုပ်ဖို့ဆို Over estimate ဖြစ်တယ်။ လုပ်ငန်း မဖြစ်ဘူး။ အနီးစပ်ဆုံး Estimate ကို ပေးတဲ့အတွက် ကျနော်တို့ ဖြတ်လိုက်ရတာ ရှိတယ်။ အလားတူပဲ ကျန်းမာရေးမှာလည်း အခုဆိုရင် ကျန်းမာရေး အဆောက်အဦတွေ ဆောက်ခွင့်ရှိတယ်။ ဒါပေမယ့် မြေမရသေးဘဲနဲ့ တောင်းလာတဲ့ ဟာတွေ ရှိတယ်။ မြေမရှိသေးဘူး၊ တောင်းလာတယ်။ မြေနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ အချက်အလက်တွေ ကျနော်တို့ကို မပြနိုင်ဘူး။ တချို့ကျတော့ တောင်းတော့ တောင်းလာတယ်။ ဖွဲ့စည်းပုံ မရှိသေးဘူး။ ဖွဲ့စည်းပုံ တင်ထားတယ်၊ မကျသေးဘူး။ ဖွဲ့စည်းပုံကျမှ ပေးပါမယ်။ အဲဒီလို သတ်မှတ်တဲ့ မူလေးတွေ ရှိတယ်။ ဒီမူနဲ့ မညီလို့သာလျှင် ဖြတ်တာပါ။ ပညာရေးနဲ့ ကျန်းမာရေးဆိုရင် နိုင်ငံတော်ကလည်း ဦးစားပေးနေတယ်။ ကျနော်တို့ရဲ့ ဦးစားပေးအဆင့်မှာ ပါနေတယ်။ ဒါကြောင့် မဖြတ်သလောက်ပါပဲ။
မေး။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနကိုလည်း အတော်များများ ဖြတ်တယ်။ ဒီနှစ်မှာလည်း ရေကြီးလို့ စိုက်ပျိုးခင်းတွေ၊ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးရတာရှိတော့ အဲဒီအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလား။
ဖြေ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနမှာ အဓိက ဖြတ်တာက ဆည်မြောင်းဘက်ကို မဟုတ်ဘူး။ မှတ်မိ သလောက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ADB loan နဲ့ ရေပေးရေး တင်လာတယ်။ ဒါပေမယ့် အဲဒီ ပရောဂျက်က ဒီနှစ်ထဲမှာ မပြီးနိုင်တဲ့ Portion (အပိုင်း) တွေကို ဖြတ်လိုက်တယ်။ အဲဒါပါ။ ပြည်ထောင်စုလွှတ်တော်က ဘတ်ဂျက် ဖြတ်တယ်ဆိုတာ ဖြတ်ပီး မရတော့တာ မဟုတ်ဘူး။ ဥပမာ ချေးငွေတခုကို ဒီနှစ်မလုပ်နိုင်လို့ မလုပ်လည်း လုပ်နိုင်တဲ့နှစ်မှာ ပြန်ရှိမှာပဲ။
ADB က ဥပမာ အမေရိကန်ဒေါ်လာ သန်း ၁ ရာချေးရင် ဒီသန်း ၁ ရာဖိုး လုပ်သွားမှာပဲ။ သို့သော် ဒီနှစ်မှာတော့ သန်း ၅၀ ဖိုး လုပ်မယ်လို့ ရည်မှန်းထားပေမယ့် ပြန်စိစစ်တဲ့အခါ သန်း ၄၀ ဖိုးပဲ လုပ်နိုင်ရင် ဒါဆို ၁၀ သန်းဖြတ်၊ နောက်နှစ်ကျရင် ပြန်ဆက် သုံးမှာပဲ။ စုစုပေါင်း အသုံးစရိတ် ကတော့ သန်း ၁ ရာပဲ၊ အချိန်ကတော့ ရွေ့သွားတာပေါ့။ ကျနော်တို့ အဓိက ထားတာက ဘတ်ဂျက်ကို Surrender (ပြန်အပ်) လုပ်ရတဲ့ကိစ္စတွေ အတတ်နိုင်ဆုံး နည်းအောင် ဒီနှစ်မှာ ရမယ့်ချေးငွေ တကယ် သုံးနိုင်မယ့် ငွေကိုပဲ တောင်းပါဆိုပြီး ကန့်သတ်ချက်တွေ ရှိတယ်။ အဲဒါကြောင့် ဖြတ်လိုက်ရတာတွေ ရှိပါတယ်။
မေး။ ။ ကာကွယ်ရေးဘတ်ဂျက်မှာ ၁.၇ ဘီလျံ ဖြတ်တာကျတော့ရော ချေးငွေထဲကလား။ ဘယ်ထဲကလဲ။
ဖြေ။ ။ ကာကွယ်ရေး ဘတ်ဂျက်မှာ ချေးငွေ ယူထားတာ မရှိပါဘူး။ ကျနော်တို့ လက်ထက်မှာလည်း မရှိဘူး။ ကာကွယ်ရေးမှာ အပိုင်း ၂ ပိုင်းရှိပါတယ်။ ကာကွယ်ရေး အသုံးစရိတ် ရှိသလို၊ MEC လို့ခေါ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဆိုတာလည်း တခုရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ထုတ်ကုန်လုပ်ငန်းတွေ ရှိတယ်။ အဲဒီအပိုင်းကို ကျနော်တို့ စိစစ်မှုလုပ်ခဲ့တာပါ။ ဒါကို သက်ဆိုင်ရာ အေဂျင်စီနဲ့ ညှိနှိုင်းပြီး ဒီနှစ်မှာ တကယ်လက်တွေ့မှာ လုပ်နိုင်တာ မရှိရင် ဒါကို ဖြတ်ထားလိုက်၊ လုပ်နိုင်တဲ့နှစ်မှာ ကျနော်တို့ ပြန်ပေးမယ်။ အဲဒီပုံစံပါပဲ။
ကျနော်တို့ ပြည်ထောင်စု လွှတ်တော်က များသောအားဖြင့် စိစစ်တဲ့ အဓိက စိစစ်ချက်က သာမန်ထက် ထူးကဲနေတဲ့ ခန့်မှန်း (Estimate cost) တွေ ပုံမှန်ထက် ပိုကုန်တဲ့၊ တန်ဖိုးနဲ့မမျှတာတွေကို ဖြတ်တာရှိတယ်။
တောင်းလာပေမယ့် ဒီနှစ်ထဲမှာ အကြောင်းကြောင်းကြောင့် အကောင်အထည် မဖော်နိုင်တဲ့ လုပ်ငန်းတွေ ဖြစ်နေတယ်။ အသုံးစရိတ် တခုသည် Reasonable ဖြစ်တယ်ဆို ကျနော်တို့ပေးတယ်။ Estimate က ရှိသင့်ရှိထိုက် တာထက် မြင့်နေရင် ဖြတ်တာလည်း ရှိတယ်။ ၁ ရာတန် လုပ်ငန်းကို ၁၂၀ တောင်းရင် နှစ်ဆယ်ကို ဖြတ်တယ်။ ဒါမျိုး ဖြတ်တာလည်း ရှိတယ်။ လုပ်ငန်းကို ခွင့်ပြုလိုက်တယ်။ အသုံးစရိတ် လျော့ချလိုက်တယ်။
မေး။ ။ ကာကွယ်ရေး အသုံးစရိတ်မှာ စစ်ဆင်ရေး အသုံးစရိတ်နဲ့ တခြားစရိတ်တွေကိုတော့ တိုက်ရိုက် ဖြတ်တောက်တာ မရှိဘူးပေါ့နော်။
ဖြေ။ ။ များသောအားဖြင့် ကျနော်တို့က ကာကွယ်ရေးနဲ့ ပတ်သက်လို့ ကာကွယ်ရေးကတော့ ဒါ နိုင်ငံတိုင်းမှာ ဦးစားပေးလို့ မပြောပေမယ့် ဦးစားပေး အဆင့်မှာ ထားရတဲ့ ကိစ္စတွေ ရှိပါတယ်။ အဓိကက ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ Main task နဲ့ ဆိုင်တဲ့ အသုံးစရိတ်တွေ မဖြစ်ဖို့ များပါတယ်။
မေး။ ။ ဒါပေမယ့် မြန်မာပြည်မှာက ပြည်တွင်းစစ်ဖြစ်နေတော့ ကာကွယ်ရေး ဘတ်ဂျက်အပေါ် ဘယ်လို စိစစ်လဲဆိုတဲ့ စိတ်ဝင်စားမှုတွေ ရှိတယ်။
ဖြေ။ ။ ပြည်တွင်းစစ် မဟုတ်ပါဘူးခင်ဗျ။ ကျနော်တို့က ပြည်တွင်းစစ်လို့တော့ မသုံးဘူးခင်ဗျ။ ကျနော်တို့မှာ အယူအဆ မတူတာ၊ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ သံသယတွေအပေါ် အခြေခံပြီး ဖြစ်ကြတာ။ ဒါတွေက ခေတ်အဆက်ဆက် ဖြစ်လာတာ။ ကျနော်တို့ လက်ထက်ကျမှ ဖြစ်လာတာ မဟုတ်ဘူး။ ကျနော့် အမြင်ကတော့ ပြည်တွင်းစစ်လို့ မသုံးပါဘူး။ သဘောထားကွဲလွဲမှု ရှိတယ်။ အမြဲတမ်းကြီးလည်း တဖက်နဲ့ တဖက် ဆီးရီးယားမှာလို ယီမင်လို ဖြစ်နေတာမဟုတ်ဘူး။ အခုဆိုရင်လည်း သာမန် ထိတွေ့မှု အနည်းအကျဉ်း ရှိတယ်။ အပြတ်အသတ် ချေမှုန်းတယ်ဆိုတာ မရှိပါဘူး။ အားလုံးက တိုင်းရင်းသားတွေပဲ။ ကျနော်တို့ နိုင်ငံမှာ ဖြစ်နေတာသည် မှန်ပါတယ်။ နှစ်ပေါင်းများစွာ ရှိလာတဲ့ မယုံကြည်မှုတွေ။ တယောက်နဲ့ တယောက် အခြေခံ သဘောထားကွဲလွဲမှု ဖြစ်လာတယ်။ ကိုယ့်ရဲ့ လုံခြုံရေးအတွက်ဆိုပြီး Precaution (ကြိုတင်ပြင်ဆင်မှု) တွေ ယူလာတဲ့အတွက် ဒီလိုတွေ ဖြစ်လာတာပါ။
မေး။ ။ ဟုတ်ကဲ့ပါ။ မြန်မာပြည်မှာက တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတော့ လွှတ်တော်ကနေ ကာကွယ်ရေးအသုံးစရိတ်ကို ဘယ်လို ခွင့်ပြုလဲဆိုတာ ရှင်းပြပါ။
ဖြေ။ ။ ကျနော်တို့က ကာကွယ်ရေး ဘတ်ဂျက်ကို ဖြည့်ဆည်းပေးတာက ကျနော်တို့မှာ ရှိနေတဲ့ တိုင်းရင်းသားတွေ အတွင်းရေးကိစ္စ တခုတည်းကို တွေးလို့မရပါဘူး။ တကယ့်တကယ် ပြောမယ်ဟေ့ဆို အရှေ့တောင် အာရှ နိုင်ငံတွေ အားလုံးထဲမှာ စစ်သည်အင်အားအရ ကျနော်တို့က သူမသာ ကိုယ်မသာ ရှိကောင်းရှိပေမယ့်လည်း စစ်လက်နက် ပစ္စည်းအရ အခုခေတ်က စစ်လက်နက် ပစ္စည်းအင်အား ခေတ်မီမှုလည်း ရှိနေတယ်။ ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ နိုင်ငံတွေက ကျနော်တို့ထက် ပိုမို သာလွန်တဲ့ လက်နက်အင်အား အများကြီးရှိတယ်။
ကျနော်တို့က ကာကွယ်ရေးက ဖြည့်တယ်ဆိုတာက ကျနော့်အမြင် ပြောရရင် (ဘယ်သူကမှ အတိအကျ ဝန်မခံပေမယ့်) နိုင်ငံတိုင်းဟာ ကာကွယ်ရေးသည် ဦးစားပေးအဆင့်ထဲမှာ ပါပါတယ်၊ ဦးစားပေးလို့သာ မပြောပေမယ့်။
နောက်တခုက ဒီကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ အသုံးစရိတ်တွေ ကျနော်တို့ ခွင့်ပြုပေးနေခြင်းသည်လည်း ကျနော်တို့က ဖြစ်နေတဲ့ တိုင်းရင်းသားအတွင်းထဲမှာ ရှိနေတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှု ဆိုတာထက် ဒါ မပါဘူးလို့တော့ ပြောလို့မရဘူး။ ဖြစ်လာလည်း ခွဲခြား သုံးလို့တော့ မရဘူး။ တခါတခါတော့ နိုင်ငံအတွက် နိုင်ငံရဲ့အင်အား အတွက် ရှိသင့်ရှိထိုက်တဲ့ အတိုင်းအတာ တရပ် ထိန်းသိမ်းနိုင်ဖို့အတွက် ခွင့်ပြုပေးရတာတွေလည်း ရှိပါတယ်။
ကျနော့်အမြင်အရ ပြောမယ်ဆို ဒါက ပိုများပါတယ်။ ဒေသတွင်းမှာ အင်အားချိန်ခွင်လျှာ ဆိုတာ အမြဲညှိနေကြရတာပါ။ ကာကွယ်ရေးအတွက် ပေးတာနဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပဋိပက္ခတွေထက် ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့၊ လေးနက်တဲ့ အကြောင်းအရာတွေ ပိုရှိပါတယ်။ တပ်မတော်က နိုင်ငံရဲ့ ရှိသင့်တဲ့ အင်အားတရပ်ပါ။ အတိုင်းအတာ တခုထိ ရှိအောင် ထိန်းသိမ်းရမယ့် အပိုင်းတွေလည်း ရှိပါတယ်။ ကာကွယ်ရေးဘတ်ဂျက် တိုင်းသည် ပိုမို ကြီးမား ကျယ်ပြန့်တဲ့ ရည်မှန်းချက်တွေနဲ့ ဆောင်ရွက်နေခြင်း ဖြစ်တယ်။
မေး။ ။ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ နိုင်ငံခြားရေးဌာန အသုံးစရိတ်တွေကိုလည်း အတော်များများ ဖြတ်ထားတာ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ နိုင်ငံခြားရေးကို အဓိက ဖြတ်ရတာက ကုန်ကျစရိတ်တွေ များနေတယ်။ ဥပမာ (နိုင်ငံခြားမှာ သံရုံးမြေနေရာအတွက်) မြေငှားနေရတယ်။ အဆောက်အဦတွေ ငှားနေရတယ်။ နှစ်စဉ် ကုန်ကျနေရတယ်။ နိုင်ငံခြားရေးဘက်ကလည်း ကိုယ်ပိုင်မြေ ရရှိရေး ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီနှစ် ဖြတ်လိုက်တာကတော့ ဘတ်ဂျက်ထဲ ထည့်ထားပေမယ့် မြေရရှိရေး ဆောင်ရွက် ချက်က ဒီနှစ်ထဲ မရနိုင်လို့ ဖြတ်လိုက်ရတာ တခုရှိပါတယ်။
ကျန်တာတွေကလည်း ခုနက ပြောသလို အသုံးစရိတ် Over estimate (ပိုမိုတွက်ချက်ထားတာ) မျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါမျိုးတွေ ကျနော်တို့ စိစစ်ပါတယ်။ နယ်စပ်ရေးရာ ကလည်း ဒီလိုပါပဲ။ နယ်စပ်ရေးရာကတော့ လုပ်ငန်းဆိုတာထက် Over estimate တွေ ဖြစ်လာတာ။ ပြည်ထဲရေးလည်း ဒီလိုပါပဲ။
ကျနော်တို့ နိုင်ငံရဲ့ ဘတ်ဂျက် အကောင်အထည်ဖော်မှုကို ကြည့်မယ်ဆိုရင် နှစ်စဉ် ငွေ ၁ ရာမှာ ၁၀-၁၅ ရာခိုင်နှုန်းက မသုံးနိုင်ဘဲ ပြန်အပ်တယ်။ ခုနက ပြောသလို Loan တွေနဲ့ ပတ်သက်တယ်။ ချေးငွေတွေက သူ့ရဲ့ Disbursement plan ဆွဲထားတယ်။ သူ့ရဲ့ ဂိုက်လိုင်းအတိုင်း လုပ်ရတယ်။ ADB ဆို ADB guideline, World Bank ဆိုလည်း သူ့ဂိုက်လိုင်းအတိုင်း လုပ်ရတဲ့အခါ ကျနော်တို့ ဘက်က မဖြည့်ဆည်းပေးနိုင်တဲ့ ကိစ္စတွေ ရှိတယ်။ EIA/ SIA ကိစ္စ မျိုုးတွေဆို ပြည်သူ နားလည်အောင် ပိုပြီး အချိန်ယူရတဲ့ ကိစ္စတွေရှိတယ်။ အဲဒါမျိုးကျတော့ သတ်မှတ်တဲ့ ဂိုက်လိုင်းအတိုင်း မလုပ်နိုင်ရင် နောက်ဆုတ်ရတာ ရှိတယ်။
မေး။ ။ ဒီနှစ်ဘတ်ဂျက်မှာ သေချာကို စိစစ်တွက်ချက် ပြင်ဆင်ထားတယ်ဆိုတော့ ပြန်အပ်ငွေတွေ လျော့ကျသွားနိုင်မယ် မျှော်လင့်ထားလား။
ဖြေ။ ။ ဒါပေါ့။ ကျနော်တို့ လက်ထက်မှာတင် မဟုတ်ဘူး၊ အရင်အစိုးရ လက်ထက်မှာလည်း ဒီဟာကိုပဲ ကျနော်တို့ ကြိုးပမ်းခဲ့ တာပါပဲ။ ပြီးခဲ့တဲ့ နှစ်အထိက ၁၀-၁၅ ရာနှုန်းလောက်က ပြန်ပြီးတော့ Surrender (ပြန်အပ်တာတွေ) လုပ်နေရတုန်းပါပဲ။ ကျနော်တို့ အဓိက တွန်းတာလည်း ဒါပါပဲ။ ဘတ်ဂျက်ကာလ ပြောင်းတယ်ဆိုတာလည်း ဒါပါပဲ။ အရင်ဘတ်ဂျက်ကာလအစ ဧပြီဆိုတာနဲ့ ရုံးပိတ်ရက် အရှည်ကြီး ဖြစ်သွားရော။ မေလရောက်တာနဲ့ မိုးကစပြီ။ အခုလို နိုင်ငံအနေနဲ့ Infrastructure တည်ဆောက်ရတဲ့ ကာလမှာ စကတည်းက မိုးစိုတာနဲ့ ဘာမှလုပ်လို့မရ။ မိုးကိုစောင့်ရတယ်။ အဲဒါကြောင့် အောက်တိုဘာလကို ပြန်စတယ်။ အောက်တိုဘာမှာ ဘတ်ဂျတ်စတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
လွတ်လပ်ရေးရပီးကာစ ကာလကနေ ၁၉၇၄ အထိ အောက်တိုဘာကနေ စက်တင်ဘာ ဘတ်ဂျက်ကာလကို သုံးခဲ့တယ်။ အဲဒါက ပွင့်လင်းရာသီ ဖြစ်တယ်။ ကျနော်တို့ နယ်မြေ ရာသီဥတုနဲ့ဆို လုပ်ငန်းတွေကို ဘတ်ဂျက်စတာနဲ့ အရှိန်အဟုန်နဲ့ လုပ်သွား နိုင်တယ်။ ရာသီဥတုကို စောင့်စရာ မလိုဘူး။ အဲဒါကြောင့်မို့ ၄-၅-၆ လ လောက် လုပ်ပြီး မေလလောက် မိုးရွာတော့ လက်စ သတ်တဲ့အချိန်လောက် ဖြစ်ကောင်း ဖြစ်သွားပြီ။ အဆောက်အဦဆိုရင် အထဲက အချောကိုင်တဲ့လုပ်ငန်းတွေ လုပ်လို့ရပြီပေါ့။ ကျနော်တို့ ဘတ်ဂျက် နှစ်ပြောင်းတာလည်း အဲဒါကို ရည်ရွယ်တာပါပဲ။
တကယ်လက်တွေ့ ကျနော်တို့ ရည်ရွယ်တဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ဆိုတာ ဌာနတိုင်း ဌာနတိုင်းက အားစိုက်ပြီးလုပ်မှ အကောင်အထည် ပေါ်မှာပါ။ ကျနော်တို့က ဘယ်လောက်ပဲမျှော်မှန်း မျှော်မှန်း လက်တွေ့ အကောင်အထည်ဖော်ရတဲ့ ဌာနတွေက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်မှန်းတယ်။ ဘတ်ဂျက်ကိုလည်း ဖြစ်နိုင်မယ်ဆိုရင် အနည်းဆုံး ၉၅ ရာနှုန်း အထိ တကယ့်ကို ထိထိရောက်ရောက် သုံးစွဲနိုင်မယ့် အဆင့်မျိုး၊ ကွာခြားချက်ကိုလည်း ၅ ရာနှုန်းလောက်ပဲ ရှိစေ ချင်တာပါ။ ဒါပေမယ့် တကယ်လက်တွေ့ မရသေးပါဘူး ခင်ဗျာ။