၂၁ ရာစု ခေတ်သစ် ပိုးလမ်းမ (သို့မဟုတ်)ခါးပတ် တကွင်း လမ်းတစင်း စီမံကိန်း (One Belt One Road – OBOR) ကို စတင်ရန် တရုတ် အစိုးရဘက်က စိုင်းပြင်းနေပြီ ဖြစ်ပါတယ်။
ဒီစီမံကိန်းက မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ တရုတ် နိုင်ငံ အတွက် မဟာ စီမံကိန်းကြီး တခုဆိုလည်း မမှားပါဘူး။ အင်အားကြီး တရုတ်ရဲ့ မဟာစီမံကိန်းဟာ မြန်မာ တံခါးဝကို လာခေါက်နေပြီ ဖြစ်သလို နိုင်ငံသား အကျိုးစီးပွား အတွက် အစိုးရက သေချာ ကိုင်တွယ် ဖန်တီးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒါတင်မက အတိတ် ကာလမှာ တရုတ်နိုင်ငံက မြန်မာ အတွင်း လာရောက် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း အများစုနှင့် ပတ် သက်၍ ဒေသခံ အများစု အတွက် ခါးသီးတဲ့ အတွေ့အကြုံများ ခံစားခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့် OBOR စီမံကိန်း ဟာ မြန်မာနိုင်ငံ အတွက် ကြွေးမြီ ထောင်ချောက် မဖြစ်ရန်နဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိမယ့် စီမံကိန်းတခု အဖြစ် သမိုင်းတွင်ရန် လိုအပ်တယ်လို့ သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ပညာရှင်တွေက ထောက်ပြ ပြောဆိုကြ ပါတယ်။
မြန်မာ နိုင်ငံဟာ တရုတ်ရဲ့ အိမ်နီးနားချင်း နိုင်ငံတခု ဖြစ်သလို OBOR အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ အတွက် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရရဲ့ဆောင်ရွက်ချက်တွေ အကြောင်း သိရှိနိုင်ဖို့ “တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် ပူးတွဲ ကော်မတီ – ဒေသ အဆင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်း အဖွဲ့ဝင် တဦး ဖြစ်တဲ့ မန္တလေးတိုင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက သီးသန့် တွေ့ဆုံ မေးမြန်းထားပါ တယ်။
မေး။ ။ တရုတ်ရဲ့ မဟာစီမံကိန်း ဖြစ်တဲ့ OBOR နဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက လက်ရှိ ဘာတွေ လုပ်ဆောင်နေ သလဲ ဆိုတာ အရင်ဆုံး သိပါရစေ။
ဖြေ။ ။ ရပ်ဝန်း တခု လမ်းကြောင်း တသွယ် ဆိုတဲ့ OBOR စီမံကိန်းမှာ မြန်မာနိုင်ငံ အနေနဲ့ မြန်မာ-တရုတ် စီးပွားရေး စြင်္ကန် ဆိုတာ ရှိတယ်။ အဲဒီနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက စီးပွားရေး စြင်္ကန် အဓိက ကော်မတီ အပြင် အဲဒီအောက် မှာ ပူးတွဲ ကော်မတီ ဆိုပြီး ထပ်ဖွဲ့စည်း ထားတယ်။
အဲဒီကော်မတီမှာ ပြည်ထောင်စု အဆင့် အကြီးအကဲတွေ ပါသလို စီးပွားရေး စြင်္ကန် လမ်းကြောင်း ဖြတ်သွားမယ့် တိုင်းနဲ့ ပြည်နယ် ၅ ခုက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးတွေလည်း ပါတယ်။ အဲဒီ တိုင်းပြည်နယ် ၅ ခုက ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ရခိုင်၊ ဧရာဝတီ တို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လထဲမှာပဲ ပူးတွဲကော်မတီမှာ ပါဝင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနက တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်နဲ့ ဖောက်လုပ်မဲ့ ကား၊ ရထားလမ်းတွေနဲ့ ပတ်သက်ပြီး တိုင်း၊ ပြည်နယ် ၅ ခုက ဝန်ကြီးတွေကို ခေါ်ပြီး ချပြ ဆွေးနွေးတယ်။
အဲဒီ အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြခဲ့တာကတော့ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံဘက်က မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်ချင်တဲ့ လုပ်ငန်းတွေနဲ့ မြန်မာဘက်ကလည်း တရုတ်နိုင်ငံက ဆွေးနွေး ချပြတဲ့ အပေါ်မှာ လတ်တလော လိုအပ်မယ် ထင်တဲ့ လုပ်ငန်းတွေကို နှစ်ဖက် ညှိကြတယ်။
အဲဒီမှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံဘက်က စီမံကိန်း လုပ်ငန်းပေါင်း ၄၀ ကျော်လောက် လုပ်ဖို့ တင်ပြ ဆွေးနွေး တယ်။ အဲဒီလိုပဲ တို့ဘက်က ၃၀ ကျော်လောက် လုပ်ချင်တယ်။ ဒါပေမယ့် နှစ်ဖက် တူရာ ပေါင်းလိုက်တဲ့ အခါ စီမံကိန်း လုပ်ငန်းကြီး ၉ ခုလောက် လုပ်နိုင်စရာ ရှိတယ်။ ဒါ ပြည်ထောင်စု ဝန်ကြီးက ပြန်ပြောပြတာ။
အဲဒီလုပ်ငန်း ၉ ခုထဲက တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်မှာ အဓိကကျတဲ့၊ အရေးပါတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သွားမယ့် မူဆယ်-မန္တလေး ရထားလမ်း၊ ကားလမ်း စီမံကိန်း လုပ်ငန်းပေါ့။ ဒါ မန္တလေးတိုင်း အတွက် အရေးပါ တယ်။
မူဆယ်-မန္တလေး ရထားလမ်း၊ ကားလမ်းက MOU (နားလည်မှု စာချွန်လွှာ) လည်း ထိုးပြီးသား ဖြစ်တယ်။ တကယ် လည်း ၂၀၂၀ မတိုင်ခင်မှာ ဖြစ်နိုင်ခြေ ရှိမရှိလေ့လာ ဆန်းစစ်မှု (Feasibility Study) လုပ်ကိုင်ပြီးရင် အကောင် အထည် ဖော်နိုင်စရာ ရှိတယ်။ ကျန်တာတွေကတော့ စီမံကိန်း လုပ်ငန်းတွေ အလိုက် နှစ်နိုင်ငံ အသေးစိတ် ပြန်ညှိ နှိုင်းပြီး MOU ထိုးသွားပြီး အနှေးနဲ့ အမြန် အကောင်အထည် ဖော်သွားဖို့ ရှိတယ်။
မေး။ ။ သဘောတူညီချက် ရထားတဲ့ စီမံကိန်း လုပ်ငန်း ၉ ခုက ဘာတွေပါလဲ။ ဘယ်ကဏ္ဍတွေ ပါလဲရှင်။
ဖြေ။ ။ အဲဒါတွေက Higher Policy ဖြစ်တဲ့ အတွက် အသေးစိတ်တော့ ဘာတွေ သဘောတူ ထားတယ် ဆိုတာ မပြော လိုက်ဘူး။ အခြေခံ အဆောက်အအုံနဲ့ ပတ်သက်တာတွေ ဖြစ်ဖို့များမှာပါ။ ဒါပေမယ့် ကျနော့် အမြင်မှာ နိုင်ငံတော်က ကြွေးမြီ ကိစ္စတွေမှာ နောင်လာနောင်သားတွေ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး ဆိုတာ တွေ့ရတယ်။
နောက်ပြီး ထောက်ပံ့ကြေးတို့၊ အတိုးနှုန်းတို့နဲ့ ပေးတာက အကျိုးတူ ဆိုပေမယ့် ပေးတဲ့သူက တို့ထက်သာတဲ့ အကျိုး ရလို့ လုပ်တာလေ။ အဲဒီအတွက် စဉ်းစဉ်းစားစားနဲ့ ချင့်ချိန်ပြီး နိုင်ငံတော် အကြီးအကဲတွေက အသင့်တော်ဆုံး၊ အကောင်းဆုံး ဖြစ်မယ့်ဟာကို ရွေးချယ်လိုက်တဲ့ လုပ်ငန်း ၉ ခုလို့ မြင်ပါတယ်။
နောင်လာနောင်သားတွေ အတွက် ဝန်ထုပ်ဝန်ပိုး ကင်းတဲ့၊ ကိုယ့်နိုင်ငံ အတွက် အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံး ဖြစ် မယ့် လုပ်ငန်း ၉ ခုကို ရွေးချယ်ထားတာ ဖြစ်တယ်။ ဘယ်ကဏ္ဍတွေလဲ ဆိုတာကတော့ တို့ဆီမှာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ဖို့က ပညာရေး၊ ကျန်းမာရေး ကတော့ အဓိကပေါ့။ နောက်ပြီး ပို့ဆောင် ဆက်သွယ်ရေး၊ နည်းပညာပိုင်း ဆိုင်ရာ တွေ အဲဒါမျိုးတွေက တို့နိုင်ငံ အတွက်က အရေးကြီးတာ။
အရင်းအနှီး ဆိုတာကတော့ သယံဇာတတွေ ဒီလောက် ပေါနေတဲ့ ကာလပတ်လုံး ထိန်းထိန်း သိမ်းသိမ်း ခွင့်ပြုပေး မယ်။ တဖက်လူကလည်း နှစ်ဖက် အကျိုးမျှတအောင် လုပ်မယ် ဆိုရင် ရင်းနှီးမြှပ်နှံမှုက သိပ်မလာစရာ မရှိပါဘူး။ ဖြစ် လာမှာပါ။ ကျနော်တို့ဘက်က အလောတကြီး အိတ်သွန်ဖာမှောက် သွားမလုပ်မိ လိုက်ဖို့ လိုတယ်။ ဒါကြောင့် နှစ်နိုင်ငံ သဘောတူထားတဲ့ စီမံကိန်း လုပ်ငန်း ၉ ခု ကို အသေးစိတ် သူ့လုပ်ငန်း အပိုင်း အလိုက် ပြန်ညှိနှိုင်း၊ MOU ထိုးပြီးမှ ဦးစားပေး အဆင့် အလိုက် ဆောင်ရွက်သွားမှာလို့ သိရတယ်။
မေး။ ။ ဒါကတော့ အန်ကယ် တဦးတည်း သဘောထား အမြင်ပေါ့နော်။ အဲဒီလိုပဲ ပြည်ထောင်စု အဆင့် ကရော ဒီအခွင့်အလမ်း အပေါ်မှာ လက်လွှတ်လိုက်ရမှာ စိုးလို့ အလောတကြီး လုပ်လိုတဲ့ ဆန္ဒမျိုး ရှိပါသလား။
ဖြေ။ ။ အဲဒါမျိုး မရှိဘူး။ ပူးတွဲလုပ်ငန်း ကော်မတီမှာ ပါတဲ့ ပြည်နယ်၊ တိုင်း ၅ ခုက ပုဂ္ဂိုလ်တွေနဲ့ တွေ့တုန်းက ပြည် ထောင်စု ဝန်ကြီးက သူကိုယ်တိုင်ရော၊ နိုင်ငံတော်ဘက်က သောကကိုပါ ပြောပြလိုက်တယ်။ အတိတ်မှာ အရင်ဖြစ်ခဲ့ တဲ့ သာဓကတွေ ကြည့်ရင် အတိုးမဲ့တို့၊ ဆိုင်းငံ့ကာလ အကြာကြီး ပေးထားပြီး အတိုး နည်းနည်းလေး ဆိုတာနဲ့ လုပ်ခဲ့ တဲ့ လုပ်ငန်းတွေက နိုင်ငံအတွက် အကျိုးမရှိတာတွေ ရှိခဲ့တယ်။ ဒါဆို နောင်မှာ သမိုင်းမှာ တရားခံ ဖြစ်သွားနိုင်တယ်။
တိုင်းပြည် ကောင်းဖို့ လုပ်တာ ဖြစ်ပေမယ့် အလောတကြီး ဆုံးဖြတ်လိုက်ပြီး သဘောတူ ပေးခဲ့တဲ့ တခုက နောင်မှာ တို့ အတွက် အန္တရာယ်ဖြစ်လာရင် သမိုင်း တရားခံ ဖြစ်သွားမယ်။ အဲဒါမျိုးက အစ နိုင်ငံတော် အကြီးအကဲတွေ စဉ်းစားပုံ ရပါတယ်။
ဒါကြောင့် သူတို့(တရုတ်)ဘက်က ဖြစ်ချင်တဲ့ အဆိုပြုလာတဲ့ လုပ်ငန်း ၄၀ ကျော်လောက်မှာ နှစ်ဘက် သဘောတူတာ ၉ ခုလောက်ပဲ ဖြစ်လာတယ် ဆိုတာဟာ အလောတကြီးနဲ့ ကျနော်တို့ တာဝန် ယူတဲ့အချိန်မှာ နာမည် ကောင်းရဖို့ပဲ လုပ်တာ မဟုတ်ဘူး။ အဲဒါကတော့ သေချာတယ်။ တိုင်းပြည် အကျိုးစီးပွား အတွက် ရွေးချယ်ထားတာ ဖြစ်ပါတယ်။
မေး။ ။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အနေနဲ့ မြန်မာ အစိုးရကို အဓိက ဘယ်နေရာ ဇောင်းပေး အဆိုပြုတာ မျိုး ရှိပါသလဲ။
ဖြေ။ ။ အဓိကကတော့ သူတို့ဘက်က ကုန်းတွင်းပိတ် ပြည်နယ်ကြီးတွေရဲ့ ပင်လယ် ထွက်ပေါက် ရချင်တယ်။ ပြီးတော့ အဲဒီပြည်နယ်ကြီးတွေက ထွက်တဲ့ ပစ္စည်းတွေကို ဒီကတဆင့် ကုန်သွယ်ချင်တယ်။ နိုင်ငံတကာက သူတို့ဝယ်တဲ့ စွမ်း အင်တွေ ဒီလမ်းကြောင်းကပဲ ပြည်မကြီးထဲ သယ်မယ်။ ပြီးတော့ ကျောက်ဖြူရေနက် ဆိပ်ကမ်းပေါ့။ နိုင်ငံရေး အရ ကြည့်မယ် ဆိုရင် အိန္ဒိယ သမုဒ္ဒရာကို သူအခြေခံ နိုင်ဖို့ပေါ့။
မေး။ ။ OBOR စီမံကိန်းက မြန်မာနိုင်ငံ အတွက် ဘယ်လို ကဏ္ဍတွေမှာ အကျိုးရှိမယ်လို့ မျှော်လင့် တွက်ဆထား ပါ သလဲ။
ဖြေ။ ။ အဓိကကတော့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တိုးတက်လာမယ်။ ပြီးတော့ ကုန်သွယ်ရေး ကဏ္ဍ၊ လယ်ယာ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးကို အခြေခံတဲ့ တန်ဖိုးမြှင့် ထုတ်ကုန် ကဏ္ဍတွေတို့၊ သားငါးကဏ္ဍ တို့မှာ အကျိုးရှိလာမယ်။ အဲဒီ အပေါ်မှာ မူတည်ပြီး ကိုယ့်နိုင်ငံက ဈေးကွက် အခြေအနေ အလိုက် လုပ်တတ် ကိုင်တတ်ရင် ပိုအကျိုး များမှာပါ။
မေး။ ။ ဒီစီမံကိန်းကြီးကနေ မြန်မာနိုင်ငံသားတွေ အကျိုးရှိအောင် ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်သလဲ။ အစိုးရနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ ပြင်ဆင်ရမယ့် အချက်တွေကို သီးခြား ခွဲထုတ် ပြောပေးပါ။
ဖြေ။ ။ ပြည်တွင်း လုပ်ငန်းရှင်တွေ ပြင်ထားရမှာကတော့ ကိုယ့်တာ ကိုယ်လုံအောင် လုပ်ဖို့ လိုအပ်တယ်။ အဲဒီ အတွက် ပြင်ဆင်မှုတွေ လိုတယ်။ ဥပမာ စက်မှု ကဏ္ဍကိုပဲ ကြည့်ပါ။ စက်မှုလုပ်ငန်း အများစုက စုဖွဲ့မှု အားနည်းတယ်။ နည်းပညာ အရ တီထွင်နိုင်တဲ့ သူက ပိုက်ဆံ မရှိဘူး။ နည်းပညာကို ဖော်ထုတ်ပေးမဲ့ လုပ်ငန်းရှင် မရှိဘူး။
ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်ကျ သူဘာသူ သီးခြား ရပ်တည်ကြတယ်။ ပိုက်ဆံ တကယ်ရှိတဲ့သူက ငါ့မိသားစု တသက်လုံး စားမကုန်ဘူး ဆိုရင် ဒီထုတ်ကုန်ကိုပဲ တသက်လုံး မှေးထုတ်နေတယ်။ ပြည်တွင်း ရောင်းပြီးရင် ပြည်ပ ပို့နိုင်အောင် ပြင်ရမယ်။
သူများ နိုင်ငံမှာကျ ရှုံးရင် ရှုံးပလေစေ။ ဒီရာသီ အတွက် အရင်းရရင် ပြီးရော ဆိုပြီး နောက်ရာသီ အတွက် ပြန်အား ထုတ်ကြတယ်။ ပြီးတော့ စုဖွဲ့ပြီး လုပ်တဲ့လုပ်ငန်း တွေမှာ တကယ် ရှိရမယ့် အသင်းဖွဲ့ စည်းမျဉ်း၊ ဖွဲ့စည်းပုံနဲ့ ကျကျနန လုပ်တာမျိုး မရှိဘူး။ ခင်တဲ့သူ အချင်းချင်း စုလုပ်ကြတယ်။ ရန်ဖြစ်တော့ ကွဲရော။ ဘာဖြစ်ရင် ဘာလုပ်မယ် ဆိုတာမျိုး စည်းကမ်း သတ်မှတ်ချက်၊ ဖွဲ့စည်းပုံနဲ့ လုပ်တာ ရှားတယ်။ ဒါတွေကို မသိတာတော့ မဟုတ်ဘူး။
ဒါပေမယ့် ဒီလူတွေက ကိုယ့်အချင်းချင်းကို မယုံဘူး ဖြစ်နေတယ်။ သူများကို တိုက်မယ် ခိုက်မယ် ဆိုရင် ကိုယ်ကိုယ် တိုင်က ကိုယ်ခံ အားကောင်းဖို့ လိုတယ်လေ။ ပြီးတော့ ဈေးကွက် သုတေသန အားကောင်းဖို့ လိုတယ်။ ပြီးတော့ မီဒီယာနဲ့ ချိတ်ဆက်နိုင်မှု အားနည်းတယ်။ အဲဒီအတွက် ပြင်ဆင်ဖို့ လိုအပ်တယ်။
အစိုးရအနေနဲ့ ကတော့ အသိပညာပေးတဲ့ အပိုင်းကို အဓိက လုပ်နေတယ်။ အခု စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ တွေ၊ Seminar တွေ ဒီအစိုးရ လက်ထက်မှာ အများကြီး လုပ်လာတယ်။ အစိုးရကတော့ ပြည်သူ တဦးချင်းကို ကကြီး၊ ခကွေး သင်သလိုတော့ လိုက်မသင်ပေးနိုင်ဘူးပေါ့။ ပြီးတော့ ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ၊ လုပ်ထုံး လုပ် နည်းတွေကို သေချာ အခြေခိုင်အောင် လုပ်ထားတယ်။
မေး။ ။ OBOR စီမံကိန်းရဲ့ နောက်ဆက်တွဲ ဖြစ်လာနိုင်မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဘဝ လေ့လာ ဆန်းစစ်ချက် (EIA၊ SIA) ထိခိုက်မှု တွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဘာတွေ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပူးတွဲလုပ်ငန်း ကော်မတီမှာ ပါတဲ့ တိုင်းနဲ့ ပြည်နယ် ၅ ခုရဲ့ သဘောထားက အတူတူ ပဲ။ ပြီးတော့ အခု စီမံကိန်း လုပ်မယ့် ပင်မ နိုင်ငံကြီးသည် အဲဒီ အပိုင်းမှာ အားနည်းတယ်။ လူမှုရေး ကိစ္စက အစပေါ့။ ဒါကြောင့် EIA, SIA နဲ့ ပတ်သက်တာကို ကျနော်တို့ သေချာ စေ့စေ့စပ်စပ် လုပ်မယ်။ လူမှုရေး တာဝန်သိမှု (CSR ) လုပ်ငန်းတွေမှာရော သေချာ စောင့်ကြည့်မယ်။
နောက်တခုက စောစောကပြောတဲ့ အတိုင်ပင်ခံနဲ့ ပြည်ထောင်စုဝန်ကြီးတို့ ကိုယ်တိုင် လက်မှတ် ထိုးထားတဲ့ MOU စာချုပ်မှာလည်း မြေယာ အသုံးပြုမှု၊ ဒေသ ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ကိစ္စက ပါတာမို့ တိုင်းနဲ့ ပြည်နယ်တွေ စိုးရိမ်သလို သိပ်တော့ ဖြစ်နိုင်ဖို့ မရှိပါဘူး။
ဒါကြောင့် ရထားလမ်း စီမံကိန်းကို မူဆယ်ကနေ ကျောက်ဖြူ အထိ မသွားသေးဘဲ မန္တလေးမှာပဲ ပထမ အဆင့် အနေ နဲ့ ရပ်ထားတာ။ ပြီးတော့ တနိုင်ငံလုံးကို လွှမ်းခြုံမဲ့ ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ ဥပဒေကလည်း နောက်နှစ်မှာ ပြဋ္ဌာန်းနိုင်မယ်။ အခု မူကြမ်း အဆင့်နဲ့ ပြည်ထောင်စု အဆင့်ကို တင်နေပြီ။
မေး။ ။ ဒီစီမံကိန်းနဲ့ ပတ်သတ်ပြီး မြန်မာ အစိုးရရဲ့ သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းတယ်လို့ ဝေဖန်ကြတဲ့ အပေါ် ဘာများ တုံ့ပြန်ချင်ပါသလဲ။
ဖြေ။ ။ မြန်မာ စကားပုံ ရှိတယ်လေ။ မပြီးခင် ဗမာ မမြင်စေနဲ့ ဆိုတာ။ ကိုယ့်လူမျိုး ကိုယ် အထင်သေးလို့ မဟုတ်ဘူး။ တချို့ကိစ္စတွေက နိုင်ငံတကာ ရေးရာ ကိစ္စတွေပါတော့ သိပ်ပြောလို့ မကောင်းဘူး။ သိတိုင်းလည်း ပြောလို့ မကောင်းဘူး။ ကမ္ဘာမှာ စီးပွားရေး အရ ဒုတိယ အင်အားကြီးတဲ့ အိမ်နီးနားချင်း နိုင်ငံနဲ့ပဲ ပူးတွဲ လုပ်နေရတယ်။
အဲဒီတော့ သူနဲ့ ပလဲနံသင့်လေ ဟိုဘက်ကလူက ပိုထောင်းလေပဲ။ ဒါကြောင့် ခိုင်မာတယ် ထင်တိုင်းလည်း ဖွင့်ချလို့ မရဘူး။ အကုန်လျှောက် ဖျက်နေရင် ဘယ်လို လုပ်မလဲ။ ပြီးတော့ အခု မေးသလို ကိုယ့်ဆီက ပိုက်ဆံ ရှိတဲ့ သူဌေးတွေ ဒီစီမံကိန်းက ဘာတွေ လုပ်မယ် ဆိုတာ သိသွားလို့ ဒါကို ကာကွယ်ရမယ်။
တို့အရင် လုပ်ထားရမယ် ဆိုတာမျိုးက ရှားတယ်။ တရုတ်လာရင် တို့အတွက် ဘာမှ မကျန်ဘူး ဆိုတာမျိုးလုပ်မှာ။ သူ့အတွေးမျိုးကို ပါးစပ်ထဲ မြိုချလိုက်ရင် မဆိုးဘူး။ ဖွင့်လိုက် ဖွတဲ့ဘက် ရောက်သွားရင် ပြဿနာ တက်မယ်လေ။ အစိုးရက ပြောချင်တာပေါ့။ အဲဒီလို အကြောင်းကြောင်းတွေ ရှိနေလို့ပါ။
မေး။ ။ OBOR စီမံကိန်း အပေါ် မြန်မာ အစိုးရက အကိုင်အတွယ် မတတ်ခဲ့ရင် နိုင်ငံအတွက် ကြွေးမြီ ထောင်ချောက် ဖြစ်သွားနိုင်တယ် ဆိုပြီး ပညာရှင်တွေက ထောက်ပြချက်တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဒီစီမံကိန်းရဲ့ အခန်းကဏ္ဍ တခု ဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် ပူးတွဲ ကော်မတီဝင် တဦးအနေနဲ့ ဘယ်လို သတင်းစကားများ ပါးချင် ပါသလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် ၇၀ လောက် အတွင်းမှာ နိုင်ငံတကာက ပေးသမျှ အကူအညီတွေက အတိုးနှုန်း သက်သာတာ ရှိတယ်။ ထောက်ပံ့တာတွေ ရှိတယ်။ ဆိုင်းငံ့ ကာလ အကြာကြီး ထားပေးတာ ရှိတယ်။ ဒါပေမယ့် လုပ်ငန်း အကောင်အထည် ဖော်တဲ့ အခါ တို့အတွက် ပြန်ပြီး အကျိုး ရှိမလာဘူး။ အကျိုးမရှိလာခြင်းက နေရာ ထိုင် ခင်း ရွေးချယ်တာ မှားကောင်း မှားနိုင်ခဲ့မယ်။
ခေတ်ကာလ အရ တို့ဆီမှာ လာလုပ်ပေးသွားတဲ့ လုပ်ငန်းတွေက လုပ် ငန်း လည်ပတ်ချိန်မှာ ထွက်လာမယ့် ကုန်ချောရဲ့ ဈေးကွက် ပျောက်နေတာလဲ ဖြစ်နိုင်တယ်။
အဲဒီလို အခြေအနေတွေကြောင့် သက်တောင့်သက်သာ အတိုးနှုန်းနဲ့ ပေးခဲ့တဲ့ လုပ်ငန်း၊ အထောက်အပံ့တွေက ထိ ရောက်တဲ့ အကျိုးမရှိခဲ့ဘူး။ အများစုက အဲဒီလို ဖြစ်ခဲ့တယ်။ နောက်ဆုံး အတိုးနှုန်း သက်သာသည့် တိုင်အောင် နိုင်ငံ တော်မှာ အကြွေးတင် ကျန်ခဲ့တာမျိုး ဖြစ်နေတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ကာလတွေကို ပြန်သုံးသပ် ကြည့်တာပေါ့။
ကျနော့် တယောက်တည်း အမြင်နဲ့ ပြောရရင် လုပ်ငန်း တခုကို အကောင်အထည် ဖော်ပြီးရင် ဒီလုပ်ငန်းကို အရှုံးခံ ငုတ်တုတ် ထိုင်ပြီး ကြည့်မလား။ ဒါမှမဟုတ် ကိုယ့်ဆီမှာ ရှိတဲ့ ကုန်ကြမ်းတွေနဲ့ အရှုံးကို ကာမိအောင် ဘယ်လို တီထွင် ကြံဆမလဲ ဆိုတာမျိုးပေါ့။ အဲဒါမျိုး အားနည်းခဲ့တဲ့ အတွက်လို့ တယောက်တည်း ပုဂ္ဂိုလ်ရေး အမြင်အရ တွက်ဆမိ တယ်။ အဲဒါကြောင့် ဟိုးအရင် နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ဟာတွေက မကောင်းဘူးလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အံဝင် ခွင်ကျ နည်းခဲ့တယ်။
အခု လက်ရှိ ဒီဘက် အစိုးရကာလမှာ အများကြီး ချင့်ချိန်ပြီး ပြည်ထောင်စုက လုပ်နေပါတယ်။ အကူအညီ ပေးတိုင်း လည်း လက်မခံဘူး။ အတိုးနှုန်း သက်သာတိုင်းလည်း ချေးငှားပြီး မလုပ်ဘူး။ လာပြီး ထောက်ပံ့ ကူညီတဲ့ လုပ်ငန်းက ရေရှည်မှာ အကျိုးရှိနိုင်မလား ဆိုတာကို နိုင်ငံတော်က သေချာ ချင့်ချိန်ပြီးမှ ရွေးချယ်နေပါတယ်။
အခု တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်ကနေ လာမယ့် စီမံကိန်းတွေက နိုင်ငံရဲ့ စီးပွားရေး မူဝါဒနဲ့ ကိုက်ညီလား။ မြန်မာ့ စီးပွားရေး လမ်းညွှန် မြေပုံ (Myanmar Sustainable Development Plan- MSDP) နဲ့ ညီလား။ အဲဒါတွေနဲ့ မညီတဲ့ ဟာကို မရွေးမိအောင် နိုင်ငံတော်က ဂရုစိုက်ပြီး ရွေးချယ်နေတယ်။
ဒါပေမယ့် အတိုင်ပင်ခံနဲ့ ပြည်ထောင်စု ဝန်ကြီးတို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံကို သွားဆွေးနွေးပြီး MOU ထိုးခဲ့တဲ့စာ။ အဲဒီစာကို မြန်မာပြည် ပြန်ယူလာပြီး အချောသတ် ထားတာကို လေ့လာကြည့်တော့ စီးပွားရေး စြင်္ကန် တလျောက်မှာ သူတို့ကို ပေးလိုက်ရမယ့် မြေယာ အသုံးချခွင့်၊ အဲဒီ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒေသခံ ပြည်သူတွေ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်း ကအစ သူတို့ကို ထိခိုက်လာမယ့် ကိစ္စတွေကို MOU မှာကိုက ပြည့်ပြည့်ဝဝ အကာအကွယ် ရအောင် ဆောင်ရွက်ထားတယ် ဆိုတာကို တွေ့ရတယ်။
MOU မှာကို နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အခုခေတ် စကားအရ ဆိုရင် Win-Win Policy ဖြစ်အောင် လုပ်ထားတာကို တွေ့ရတယ်။ ဒါကြောင့်မို့ ပူးတွဲ ကော်မတီ အကြို ညှိနှိုင်း အစည်းအဝေးမှာတော့ သဘောမတူစရာ မရှိပါဘူး ဆိုပြီး မန္တလေးတိုင်း အနေနဲ့ သဘောထား တင်ပြခဲ့တာ ဖြစ်တယ်။
မေး။ ။ OBOR စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာများ ပြောပြချင်ပါသေးသလဲ။
ဖြေ။ ။ ဘယ်နိုင်ငံက ဘာစီမံကိန်းပဲ လာလုပ်လုပ် ပြည်သူတွေ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ ခုနက မေးသလို အစိုးရက ဘာလုပ်နေလဲ၊ ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုတာက ကျနော်တို့ နိုင်ငံက နိုင်ငံငယ် လေးလေ။ အဲဒီတော့ နိုင်ငံ့ လုံခြုံရေး ရှုထောင့်က ကြည့်ရတာမျိုးတွေ ရှိတယ်။
ဒါကြောင့် နေရာတကာ ပွင့်လင်းလို့ မရဘူး။ မပွင့်လင်းရဘူး ဆိုလို့ လုံးဝ သတင်း အချက်အလက် အမှောင်ချထားတာ မျိုး မဟုတ်ပါဘူး။ အချိန်နဲ့ အခါနဲ့တော့ ပြောရမှာပေါ့။ ဒါပေမယ့် အကုန်လျှောက်ပြီး ပွင့်လင်း လွန်းအားကြီးရင် အခုလို ဖိအားတွေ အများကြီး ခံနေရချိန်မှာ ကိုယ့်အန္တရာယ် ကိုယ် ဖိတ်ခေါ်သလို ဖြစ်သွားမယ်။