တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုက ရှိနေဆဲဖြစ် သလို ရောဂါကို ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများကိုလည်း နိုင်ငံအသီးသီးက ရှာဖွေနေကြဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း COVID-19 ရောဂါ ကူးစက်ခံထားရသူ မေလ ၁ ရက်နေ့ မနက်ပိုင်းမှာ ၁၅၁ ဦးအထိရှိပြီဖြစ်ပြီး ၂၀ ကျော်ပြန်လည်ကောင်းမွန်လာပြီဖြစ်ကာ ၆ ဦးကတော့ သေဆုံးခဲ့ပါတယ်။
ဒီအခြေအနေပေါ်မှာ အစိုးရဘက်က COVID-19 ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေး အသွားအလာ ကန့်သတ်မှုများ၊ ကာကွယ်ရေး ပစ္စည်းများ တိုးမြင့်ထောက်ပံ့ခြင်း၊ အမျိုးသားအဆင့် ပရဟိတအသင်းအဖွဲ့ တည်ထောင်ခြင်းတို့အပြင် သွေးရည်ကြည်အစားထိုးကုသခြင်း နည်းလမ်းများကိုလည်း အသုံးပြုရန် ဆောင်ရွက်လျှက်ရှိနေပါတယ်။
ဒီလို အစိုးရဘက်က ဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီး တိုးတက်မှုများ၊ ဖြစ်နိုင်ခြေများအပေါ် ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ Marie Stopes International အဖွဲ့မှ မြန်မာပြည်ဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်နဲ့ ဧရာဝတီ အကြီးတန်း သတင်းထောက် ထွန်းထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားမှုအခြေအနေကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ ။ ။ လက်ရှိဖြစ်ပွားနှုန်းကတော့ ငြိမ်နေတယ်၊ ပြီးခဲ့တဲ့ရက်တုန်းကဆိုရင် ဘဲဥ မကွဲတဲ့ရက်တွေတောင် ရှိခဲ့တယ်၊ လူတွေလည်း တော်တော်လေး ဝမ်းသာကြတယ်၊ ပေါ့တဲ့သူတွေ ပေါ့သွားမှာတောင် စိုးရိမ်တယ်။ ဒါက ဘာကိုပြသလဲဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အုပ်စု ၃ စုလောက် ပြန့်တာ ရှိခဲ့တယ်၊ အဲ့ဒီကနေ အထိအခိုက်များတဲ့ စာရင်းတွေ တက်လာတာရှိခဲ့တယ်။ အဲ့ဒီကနေတဆင့် ဆက်စပ်ပြီး ထပ်ပြန့်မလား စိုးရိမ်ခဲ့ကြပေမယ့် အဲ့ဒီအုပ်စုတွေကို ကောင်းကောင်းထိန်းလိုက်နိုင်တဲ့ သဘောလည်းရှိတယ်။ ဒါမှမဟုတ်လဲ လွတ်နေတာကို မမြင်သေးတာလဲ ဖြစ်နိုင်တယ်၊ ဒီအုပ်စုကြီး ၃ ခုမှာတော့ ထပ်ပြီး ကြီးကြီးမားမားဖြစ်လာတာ မတွေ့ရဘူး။
စိုးရိမ်းစရာကောင်းတာက ပြည်ပမှာ အလုပ်လုပ်နေတဲ့ ကျနော်တို့ရဲ့ နိုင်ငံသားတွေ သောင်းဂဏန်းနဲ့ချီး ပြန်ဝင် လာကြတော့မယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကို သေသေချာချာလေးနဲ့ နေကောင်းရဲ့လား၊ ဘေးအန္တရာယ်ကင်းရဲ့ စိစစ်ပြီး ခွဲထားဖို့တော့ လိုပါတယ်။
မေး ။ ။ လက်ရှိဖြစ်ပွားနှုန်း၊ ပြန်ကောင်းတဲ့နှုန်းနဲ့ သေဆုံးတဲ့နှုန်းကို ချင့်ချိန်ကြည့်ရင် အကောင်းဘက်မှာ ရှိနေတယ်ထင်သလား။
ဖြေ ။ ။ သေဆုံးမှုနှုန်းကတော့ လိုက်စစ်တဲ့အထဲမှာ တွေ့တဲ့ရာခိုင်နှုန်း တခုတော့ရှိတာပေါ့၊ အဲ့ဒါကလည်း မ များ လှပါဘူး။ ဘာလို့မများလဲဆိုတော့ သူက ထိစပ်မှုရှိသူတွေ အများကြီးကို လိုက်စစ်လိုက်တော့ ပိုင်းခြေများ သွားရင် ပိုင်းဝေက နည်းတာပေါ့၊ တချို့နိုင်ငံတွေမှာဆို နေ့စဉ်သောင်းနဲ့ ချီပြီးစစ်နေတော့ ပိုတောင်မှ တွေ့တဲ့နှုန်း က ပိုနည်းသွားမှာပေါ့။ ဒီနှုန်းက သိပ်စကားပြောလို့မရဘူး။ ဘာကအဓိကကျလည်းဆိုတော့ ပိုးရှိသူ (Positive) တွေ့တာ ဘယ်လောက်ရှိပြီလဲဆိုတာ၊ တကယ်ဖြစ်လာပြီဆိုရင် သေဆုံးတဲ့နှုန်းကို လိုက်ကြည့်ကြတာက များတယ်။ ဖြစ်နှုန်းများနေရင် သေဆုံးနှုန်းက ဆက်များနေမှာပဲ။
ဒီရောဂါနဲ့ ဆက်စပ်မှုရှိတဲ့အထဲက ကွယ်လွန်တာ ၆ ဦးရှိပြီပေါ့၊ ကြည့်လိုက်တော့ အများစုက နဂိုရောဂါအခံ ရှိ ထားတဲ့သူတွေပေါ့၊ တဖက်က ပြောမယ်ဆိုရင် သူတို့ဟာ ကိုဗစ် ဖြစ်စေတဲ့ ပိုးဝင်လာလို့ ချောက်နှုတ်ခမ်းကနေ တွန်းချခံလိုက်ရတယ်လို့ ပြောလို့ရပါတယ်။ အကောင်းထဲကနေ ဖြစ်သွားတဲ့သူအရေအတွက်က နည်းပါတယ်။ အခြေအနေက သိပ်မဆိုးဘူးပေါ့ဗျာ။ ဒီအတိုင်းလေး ဆက်ထိန်းထားနိုင်မယ်ရင် ကူးစက်နှုန်း၊ ပြန့်ပွားမှုနှုန်းကို ရော အသက်အန္တရာယ်နဲ့ ပတ်သက်တဲ့ကိစ္စကိုရော တော်တော်လေးမဆိုးဘူး။ ဒီအတိုင်းလေး ဆက်ဖြစ်သွားရင် အဆင်ပြေမှာပါ။
တော်တော်များများ ကူးစက်ခဲ့တဲ့ အုပ်စုနဲ့ အနီးတဝိုက် ကူးခဲ့တဲ့ အုပ်စုတွေရှိတယ်၊ အဲ့ဒီမှာရှိတဲ့ ဆက်စပ်တဲ့သူ တွေကို လိုက်ပြီးစစ်ထားတဲ့ သူတွေမှာလဲ သိပ်မတွေ့ဘူး။ ပြန့်ပွားမှုအားဖြင့် ထိန်းချုပ်နိုင်တယ်။ စာရင်းထဲမှာ တော့ ခရီးသွား ရာဇဝင်မရှိ၊ ထိတွေမှုလည်းမရှိတဲ့သူတွေ ပါပါနေတာတွေ့ရတယ်၊ အဲ့ဒါကိုကြည့်ပြီး အားလုံးက လန့်နေကြတာပေါ့။ ကျနော် အဲ့ဒီလူတွေထဲက တယောက်ကို သေသေချာချာ မေးကြည့်ဖူးပါတယ်။ အမှန်ကတော့ သူက ထိစပ်မှု တဆင့်ရှိခဲ့ပြီးသားပါ။ ကြားဆက်ပြတ်ပြီး မပေါ်လိုက်တာပေါ့၊
များသောအားဖြင့် လူတွေအများဆုံး သိထားတဲ့ ကွန်ရက်ကနေတဆင့် ကူးတာများနေပါတယ်။ ဒါတွေကို ရှာဖွေဖော်ထုတ်ပြီး ကန့်သတ်ထိန်းသိမ်း ထားလိုက်ရင် တော်တော်လေး ထိန်းနိုင်မယ့်အနေအထား ရှိမှာပါ။ စစ်နိုင်တဲ့ အရေအတွက် ကလည်း ပိုတိုးလာတယ်၊ ဒီအထဲကမှာ သိပ်မတွေ့ဘူးဆိုတော့ သိပ်အကျယ်ကြီး မအော်ရဲသေးသော်လည်း ကောင်းတဲ့လက္ခဏာပေါ့။
မေး ။ ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကုသမှုနဲ့ ကာကွယ်ထိန်းချုပ်ရေး အပိုင်းကိုရော ဘယ်လိုသုံးသပ်မိပါ သလဲ။
ဖြေ ။ ။ ကုသမှုအပိုင်းမှာ ကံကောင်းတာက အရမ်းဆိုးဆိုးဝါးဝါး အထူးသဖြင့် အသက်ရှုစက် တပ်ရမယ့် အဆင့် ရောက်တဲ့သူတွေ အများကြီးမရှိသေးဘူး၊ အရမ်းကံကောင်းပါတယ်။ စက်တင်ရတဲ့ အဆင့် ရောက်ပြီဆိုရင် ဘယ်လောက်ပဲ ပြည့်စုံမှုရှိရှိ တော်တော်လေး ကိုယ့်ဘက် သိပ်မပါသလိုဖြစ်တာပေါ့။ သို့သော် ကျန်တဲ့သူတွေက ထိန်းပြီးကုလို့ရတဲ့ အဆင့်မှာရှိတဲ့ လူနာတွေ၊ ကူးစက်ခံရသူတွေကို ပြုစုစောင့်ရှောက် ပေးနေတာကတော့ ပြောရ မယ်ဆိုရင် သူ့ရဲ့ ကိုယ်ခံစွမ်းအားနဲ့ ပြန်ကောင်းလာတာလဲ ပါတယ်။ ဘေးက ရသလောက် ပံ့ပိုးပေးတာလဲ ပါတယ်။ ဒါတွေကတော့ နိုင်နိုင်နင်းနင်း လုပ်နိုင်နေတဲ့ အနေအထားမှာ ရှိတယ်လို့မြင်ပါတယ်။ တကယ်လို့များ အရေအတွက်အားဖြင့် အရမ်းများလာတယ်ဆိုရင် ကျနော်တို့ဘက်က ကိုင်တွယ်ဖို့ တော်တော်လေးအခက်တွေ့ မှာကတော့ စိုးရိမ်ဖို့ကောင်းပါတယ်။
ကာကွယ်ရေးပိုင်းမှာတော့ ရောဂါကာကွယ်နိုင်တဲ့ ဗျူဟာတွေရှိတယ်ပေါ့၊ ပိုးတွေ့ပြီဆိုရင် ဘယ်သူတွေ ဆက်စပ်မှု ရှိသလဲ၊ လိုက်စစ်မယ်၊ ထိန်းထားမယ်၊ စောင့်ကြည့်မယ်ပေါ့၊ ဒါတွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးရင် သေသေချာချာ အသွားအလာ ကန့်သတ်ထားနိုင်မယ်ဆိုရင် ရောဂါတခုကို အရမ်းကြီး ပြန့်မသွားအောင် ထိန်းသိမ်း ထားနိုင်တဲ့ နည်းလမ်းအားဖြင့် လုပ်နိုင်တာတွေ့ရတယ်။ တနိုင်ငံလုံးမှာ လုပ်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေ တော့ရှိမှာပဲ။ လူတွေကို ဆက်စပ်မှု ရှာဖွေဖော်ထုတ်ပြီး Quarantine ထဲ ထည့်ထားရတာ တော်တော်တော့ ခက်ပါတယ်။ လိုအပ်ချက်တွေ၊ ခံစားချက်တွေ အများကြီးရှိမှာပဲ။ လိုအပ်ချက် ဖြည့်ဆည်းရတာနဲ့တင် လူအင်အားတွေ အများကြီးသုံးရတယ်။ PPE ဝတ်စုံလိုအပ်ချက်တွေ၊ ထောက်ပံ့ပို့ဆောင်ရေး အားနည်းချက်တွေ အများကြီးရှိပါ တယ်။
နောက်စိုးရိမ်တာတချက်က Quarantine လို့ သီးသန့်နေရာလေးမှာမှ ရောဂါကူးစက်မှာကို ကြောက်ရပါတယ်။ နဂို ပိုးမရှိတဲ့သူကို သံသယရှိလို့ ခေါ်စစ်ထားလိုက်တာမှ အဲ့ဒီနေရာရဲ့ အားနည်းချက်ကြောင့် ဖြစ်သွားမှာ စိုးရိမ် ကြတယ်။ ဒါကြောင့် ထောက်ပံ့ပိုးဆောင်ရေး အားနည်းချက်တွေကို ဖြည့်ဆည်းပေးရမယ်။ များသောအားဖြင့် အန္တရာယ်တော့ ကင်းမှာပါ၊ အကြမ်းဖျင်းပြောရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အရင်းအမြစ် ဒီလောက် ဒီလောက်ပဲ ရှိပါတယ်ဆိုတဲ့ နေရာမျိုးမှာ လုပ်ထားတာတွေကတော့ လက်ခံနိုင်တဲ့ အနေအထားမှာရှိပါတယ်။
မေး ။ ။ ကျန်းမာရေးဝန်ကြီးဌာနကနေ သွေးရည်ကြည် အစားထိုးသွင်းပြီး ကုသတဲ့နည်းကို လုပ်သင့်မသင့် အဖွဲ့ဖွဲ့ပြီး လုပ်နေတယ်လို့ သိရတယ်၊ ဒီအပေါ်မှာ ဒေါက်တာရဲ့ သဘောထားက ဘယ်လိုရှိမလဲ။
ဖြေ ။ ။ ဒီနည်းက တိုက်ရိုက်ဘာသာပြန်ရရင် နလန်ထ သွေးရည်ကြည်ပေါ့။ ကူးစက်ရောဂါတွေမှာ ဖြစ်ခဲ့ဖူးပြီး သားလူက ပြန်ပြီးတော့ ကောင်းလာတယ်ဆိုရင် (ပိုးသတ်ဆေးပေးလိုက်လို့ ပြန်ကောင်းတာမျိုး မဟုတ်ဘူး) သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ခိုက်တဲ့ ပဋိပစ္စည်းထွက်ထားနိုင်တယ်လို့ ယူဆလို့ရတယ်။ သေသေချာချာ သိပြီဆိုရင်တော့ ထွက်တဲ့ ပမာဏကို ဘယ်လောက်များများထွက်ထားသလဲ တိုင်းတာရမယ်။ ထွက်ထားတယ်ဆို ရင် အဲ့ဒီလူရဲ့ သွေရည်ကြည်နဲ့ ပြန်ပေးပြီး ကုတာက သမိုင်းကြောင်းလဲရှိတယ်။
လွန်ခဲ့တဲ့ နှစ်တရာလောက်ထဲက တုပ်ကွေး၊ ဝက်သက်၊ ခွေးရူးပြန်စတဲ့ ရောဂါတွေမှာ စမ်းခဲ့ပြီးသား။ အာဖရိကမှာ ကောင်းကောင်း ဒုက္ခပေးခဲ့တဲ့ အီဘိုလာ ရောဂါမှာတောင် စမ်းသပ်သုံးခဲ့တာတွေရှိတယ်။ အခုလဲ ဒါကိုသုံးရင် ဖြစ် နိုင်မလား စဉ်းစားကြတာပေါ့၊ လောလောဆယ် သူ့ကိုထိန်းနိုင်တဲ့ ဆေးရယ်လို့မှ မရှိသေးတာကိုး။ ကျနော်တို့ မြန် မာနိုင်ငံအနေနဲ့လည်း မကျန်ခဲ့ရလေအောင် စပြီးစဉ်းစားနေတယ်လို့ သိထားပါတယ်။
ဒါကို သုတေသနပုံစံမျိုးပဲ စမ်းသပ်သုံးရတာဖြစ်တဲ့အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ ခိုင်မာမှုရှိရဲ့လား၊ ကိုက်ညီရဲ့လား ဆိုတာကို စီမံဆုံးဖြတ်ပေးတဲ့အဖွဲ့တွေက ဝိုင်းဆုံးဖြတ်ပြီးမှ လုပ်လို့ရတာပါ။ နောက်ပြီး လှူတဲ့သူကလည်း လှူရမယ်၊ လက်ခံတဲ့သူကလဲ သဘောတူရမယ်။ ဒီလိုအချက်တွေ အများကြီးကျော်လွန်စဉ်းစားပြီးမှ လုပ်လို့ရမှာပါ။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ နေထိုင်စားသောက်မှု အနေအထားနဲ့ ရောဂါပိုးရဲ့ မျိုးဗီဇ ပြောင်းနိုင်တာမျိုး ရှိလား။ ရောဂါပိုးနဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်သုံးသပ်မိပါသလဲ။
ဖြေ ။ ။ သူက မျိုးရိုးဗီဇ ပြောင်းတတ်တဲ့မျိုးရိုး၊ ဒါပေမယ့် ကောင်းသောပြောင်းခြင်းလား၊ ဆိုးသော ပြောင်းခြင်းလား မှန်းရခက်တယ်။ အဲ့ဒါကို သွားအားကိုးနေလို့မရဘူး။ မြန်မာနိုင်ငံရဲ့ နေထိုင် စားသောက်ပုံနဲ့ ဘာဆိုင်လဲဆိုတော့ အရမ်းကြီး လက်ဆွဲနှုတ်ဆက်တာ၊ နှုတ်ဆက်ရင် နမ်းတာတို့ မရှိဘူးလို့ ပြောပေမယ့် ဒီပိုးကူးစက်မှုက အတော်လေးကြောက်ဖို့ ကောင်းတယ်။ ပိုးက ဒါတွေအဓိက ကူးတာမဟုတ်ဘဲနဲ့ ချောင်းဆိုးတာ၊ နှာချေတာ၊ စကားပြောတာ၊ သီချင်းဆိုတာတွေကနေ အမှုန်အမွှားကနေကူးတာ။ ကြည့်လိုက်ရင် နေကောင်းတဲ့ သူတယောက်ပုံပေမယ့် သူ့ဆီကနေလဲ ကူးနိုင်တယ်ဆိုတာက အတော်ဆိုးပါတယ်။ နေထိုင်စားသောက်ပုံနဲ့ အများ ကြီးတော့ သိပ်မဆိုင်ပါဘူး။
မေး ။ ။ ကျန်းမာရေးဝန်ကြီးဌာနကနေ မေလလယ်အထိ ယခုလိုပဲ ထိန်ချုပ်သွားနိုင်ရင် ပိုးကူးစက်မှုက အများကြီး မဖြစ်နိုင်ဘူးလို့ ယူဆထားတယ်၊ ဒေါက်တာရော ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ ဖြစ်နိုင်ပါတယ်၊ အခုကို ကျနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ရဲ့ ပြန်လည်ဝင်ရောက်လာမယ့် ထိုင်းနိုင်ငံက သူတွေ၊ လေယာဉ်တွေနဲ့ သွားခေါ်မယ့်သူတွေထဲက ပါလာနိုင်သေးတာလဲ ရှိနေသေးတယ်။ ဒါပေမယ့် မတော်တဆ ပါလာခဲ့သည်ရှိသော် သေသေချာချာလေး အရေအတွက်မများအောင် ကန့်သတ်ထားနိုင်မယ်၊ ထပ်ပြီးကူးစပ်မှု မရှိအောင် စောစောစီးစီး လုပ်စရာရှိတာတွေ လုပ်နိုင်မယ်ဆိုရင် ထိန်းနိုင်ဖို့တော့ရှိပါတယ်။
တခုရှိတာက ကိုယ့်ကိစ္စချည်းပဲ ကြည့်လို့တော့မရဘူး။ တခြားနိုင်ငံတွေရော ဘာဖြစ်နေသလဲ၊ ပြီးခဲ့ရက်ပိုင်းကစ ပြီး နိုင်ငံတကာမှာ Lockdown ပိတ်ထားတဲ့နေရာတွေ ပြန်ဖွင့်ဖို့ကို လုပ်နေတာတွေရှိပါတယ်။ သူတို့တွေ ဘာဖြစ် မလဲကို ကြည့်ရမယ်။ ပြန်ဖွင့်လိုက်လို့များ မပြောကောင်း၊ မဆိုကောင်း ပြန့်ပွားမှုရှိလာခဲ့မယ်ဆိုရင် ကိုင်ရတွယ်ရ ခက်တာတွေဖြစ်လာမှာပေါ့။ ဘာတွေဆက်ဖြစ်ကြမလဲ ကျနော်တို့က စောင့်ကြည့်ရမှာပါ။
မေး ။ ။ ဒုတိယအသုတ်အနေနဲ့ ပြန်လာမယ့်သူတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုက ရှိနေတော့ ဘယ်လိုကြိုတင် ပြင် ဆင်မှုတွေ ဆောင်ရွက်သင့်လဲ အကြံပြုချင်တာများရှိပါသလား။
ဖြေ ။ ။ အခုလောလောဆယ် အချိန်နဲ့ပတ်သက်ပြီးပြောရင် နွေအကုန် မိုးဘက်ကို အဝင်ဖြစ်လာမှာဆိုတော့ မိုးဦးကျတော့ မဟုတ်သေးဘူး။ မိုးကျပြီဆို တုပ်ကွေးကလည်း ဖြစ်ကြတာရှိတော့ တုပ်ကွေးနဲ့ ဒါနဲ့ရောသွားပြီး ပို ဆိုးလာမလား ဆိုတာတော့ ပြောလို့မရဘူး။ ဒုက္ခပေးမှာက တုပ်ကွေးနဲ့သူနဲ့က ရောဂါလက္ခဏာဆင်နေတယ်။ နှစ်တိုင်း တုပ်ကွေးဖြစ်ရင် နီးစပ်ရာဆေးခန်းမှာ ပြလို့ရနေပေမယ့် အခုတုပ်ကွေး လက္ခဏာပြရင်တောင် ပြရမယ့်သူ ကလဲကြောက် စစ်ရမယ့်သူကလဲ မသေမချာနဲ့ တော်တော်လေး ဒုက္ခများနိုင်မယ့် ဟာလေးတော့ရှိတယ်။
နောက်တခုက ပြန်လာကြမယ့် သူတွေထဲမှာ ပါလာနိုင်သေးတဲ့အတွက် စစ်ဆေးတာ ပိုပြီးများများလုပ်နိုင်လေ ပိုပြီး တွေ့ရလေ ဖြစ်လာနိုငတာပေါ့၊ အရေးကြီးတာက ပါလာခဲ့ရင်တောင် အမြန်ဆုံးသိရှိအောင် ဖော်ထုတ်နိုင်ပြီးတော့ ထိစပ်မှုရှိသူတွေကိုလည်း လိုက်ရှာပြီးတော့ စစ်ဆေးတာ၊ သတ်မှတ်ကာလတခုကို ကန့်သတ်တဲ့နေရာတွေမှာ ထားပြီးတော့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ပေးနိုင်မယ်ဆိုရင် ကြောက်စရာမလိုပါဘူး။ တခေါက်ကျနော်တို့ဆီကို ဝင်ခဲ့ပြီးသားရှိပါတယ်။ ဒီအတွေ့အကြုံတွေ ရှိပြီးသားပါ။ ပြီးခဲ့တဲ့ အခေါက်က အခုလောက်တောင် ပြင်ဆင်ဖို့ အခွင့်မသာလိုက်ဘူး။
မေး ။ ။ နောက်တခုကတော့ ပိုးတွေ့တဲ့လူနာနဲ့ သူနဲ့ပတ်သက်တဲ့ မိသားစုတွေ၊ ပြုစုပေးရတဲ့ ဆရာဝန်၊ သူနာပြုတွေကို ခွဲခြားဆက်ဆံတာ၊ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်တင်ပြီး ပြောနေကြတာတွေက လုပ်သင့်မသင့်နဲ့ ဒီလိုလုပ်ရပ်တွေကြောင့် ကာယကံရှင်တွေကို ဘယ်လိုထိခိုက်မှုတွေရှိနိုင်မလဲ။
ဖြေ ။ ။ ဒီဟာက ရောဂါကို ကြောက်တာအပြင် ကိုယ့်ကို ကျန်တဲ့သူတွေက ဘယ်လိုသဘောထားမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကပါနေတာ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က HIV ရောဂါ မြန်မာနိုင်ငံကို ရောက်ကာစက ဒီရောဂါကို ရွံ မုန်းတာ ပါလားပြီးတော့ တဖက်သားကို ဒုက္ခပေး၊ နှိမ်ချရာ ရောက်တဲ့အဆင့်တွေ ဖြစ်လာတာပေါ့။ အခုလည်း ပိုးတွေ့သူကို ရွံကြောက်လာပြီးတော့ အုံနဲ့ကျင်းနဲ့ ဓာတ်ပုံတွေရိုက်၊ နောက်ကြောင်းတွေ ရှာဖွေပြီး ဖေ့ဘုတ်မှာတင်၊ မ ကောင်းနိုင်ဘူးလို့ထင်တဲ့ အကြောင်းတွေကို ဆွဲတင်ပြီးတော့ မုန်းရာ မုန်းကြောင်းပြောကြ။ တခါတလေ ကိုယ့် ဟာကို နေမကောင်းလို့ အိမ်မှာနေနေတဲ့ သူတွေကိုတောင် ကြိတ်ကုပါတယ်ဆိုတာက ရှိသေးတယ်။ အခုထိတော့ ရှိနေသေးတယ်။
နောက်ပိုင်းကြတော့ ကုသမှုပေးနေတဲ့သူတွေပါ ပါလာတယ်၊ အစပိုင်းမှာ သူနာပြုတွေ၊ ဆရာမတွေကို သူတို့ တည်းခိုတဲ့ အဆောင်တွေက လက်မခံတာ။ ဆက်မငှားနိုင်တော့ဘူးဆိုတဲ့ တော်တော်လေး ဆိုးတဲ့ ကိစ္စလေးတွေ ရှိလာတယ်။ ဒါက နိုင်ငံတကာမှာလည်းရှိတယ်။ ဒါက အကြောက်တရားနဲ့ ဒေါသပေါင်းပြီး လုပ်မိလုပ်ရာ လုပ်ကြ တဲ့အခါမှာ တယောက်နဲ့တယောက် ဒုက္ခပေးမိပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့။
ကမ္ဘာနဲ့အဝန်း သင်ခန်းစာ ရထားတာရှိတယ်။ ရောဂါနဲ့ လူ့အခွင့်အရေး ဘာဆိုင်လဲဆိုတာပေါ့။ လူ့အခွင့်အရေးကို မကာကွယ် မစောင့်ရှောက်နိုင်ယုံ မကပဲ ချိုးဖောက်မိတယ်ဆိုရင် ကူးစက်ရောဂါတွေ ပျံ့နှံ့မှုက ပိုဆိုးပါတယ်။ ဒီလို ချိုးဖောက်မှုကြောင့် ရှောင်ကြ ပုန်းကြမယ်ဆိုရင် ကူးစက်မှုတွေက ပိုပိုဆိုးသွားမှာပါ။ ပိုးရှိသူနဲ့ ထိစပ်မှုရှိသူတွေ ကို ဖော်ထုတ်ပြီး စစ်ဆေးပေးတယ်၊ ကုသစောင့်ရှောက်မှု ပေးတယ်။ ဒါတွေလုပ်တဲ့အခါမှာ လူ့အခွင့်အရေးကို မချိုးဖောက်မိဖို့ လိုတယ်။ ကိုယ်လဲ အချိန်မရွေး ဖြစ်သွားနိုင်တယ်၊ ကိုယ့်မိသားစုလဲ အချိန်မရွေးဖြစ်သွားနိုင်တယ် ဆိုတဲ့ စိတ်လေးထားပြီး တဖက်လူရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်း ပေးနိုင်ရင်တောင်မှ အရေးမကြီးဘူး။ ဒုက္ခ ထပ်မပေးမိဖို့နဲ့ တဖက်သားရဲ့ အခွင့်အရေးကို မချိုးဖောက်မိဖို့ အရေးကြီးပါတယ်။