ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီး ၂ ဦးတို့သည် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အတိုင်ပင်ခံ Mr. Derek Chollet တို့နှင့် အွန်လိုင်းမှ တဆင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
စစ်ကောင်စီဘက်ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ပြစ်တင်စွပ်စွဲပြီး ၎င်းအား လွှဲ ပြောင်းပေးရန် တောင်းဆိုနေသလို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာအတွက် ၎င်းတို့ ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်မှူးကြီး အောင်သူရိန်အား အစားထိုးရန် ကြိုးပမ်းနေသည်။
ကုလ အထွေထွေ ညီလာခံတွင် နိုင်ငံကိုယ်စားပြု၍ မိန့်ခွန်း မပြောရခြင်း အကြောင်းအပါအဝင် အမေရိကန်နိုင်ငံခြား ရေးဌာန အကြံပေးနှင့် မည်သည့် ကိစ္စများဆွေးနွေးခဲ့သည်တို့ကို ပိုမို သိရှိနိုင်ရန် ဧရာဝတီသတင်းဌာနက သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရတယ်။ အဓိက ဘယ်အကြောင်းအရာတွေကို ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါသလဲ။
ဖြေ။ ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ နယူးယောက်အချိန် မနက်ပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အတိုင်ပင်ခံနဲ့ တွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ Hybrid သဘောမျိုး ကျနော်တို့ ဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကျနော် နဲ့က တိုက်ရိုက် တွေ့ဆုံ (In person) ဝန်ကြီး ဒေါ်ဇင်မာအောင်ရယ်၊ ဝန်ကြီး ဦးအောင်မျိုးမင်းရယ်။ လူ့အခွင့်အရေး ဝန် ကြီးဌာန အကြံပေး ဦးအောင်ဇော်မိုးရယ်။ သူတို့ကတော့ Virtual နဲ့ တွေ့ဖြစ်ပါတယ်။
တွေ့တာနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း Spoke person (ပြောခွင့်ရ ပုဂ္ဂိုလ်) ပြောထားတာလည်း ရှိပါတယ်။ NUG အနေနဲ့လည်း ထုတ်ပြန်ထားတာလေးတွေ ရှိပါတယ်။ အဓိက ဆွေးနွေးတာက ဒီ ဘက်ကဆိုရင်တော့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာ အပါအဝင် မြေပြင်အခြေအနေ ရှင်းလင်း ပြောကြားတာတွေ ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ကိုဗစ်ကာကွယ်ရေးနဲ့ ကိုဗစ် Vaccine (ကာကွယ်ဆေး) ရရှိရေး အတွက်လည်း ဆွေးနွေးမှု ရှိတယ်။ အမေရိကန်နိုင်ငံအနေနဲ့လည်း ကိုဗစ်ဆေး ပေးဖို့ ညှိနေတာတွေ ရှိတယ်ဆိုတော့ အဲဒါတွေလည်း ဆွေးနွေး ဖြစ်ပါတယ်။ နောက်ပြီးတော့ အထူးသဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး ကိစ္စတွေမှာ အမေရိကန်နိုင်ငံ တတ်နိုင်တဲ့ဘက်က အကူအညီပေးနေတဲ့ ကိစ္စတွေလည်း ပြောဖြစ်ပါတယ်။
မေး ။ ။ စစ်ကောင်စီက တိုင်းရင်းသားဒေသတွေနဲ့ ပြည်မမှာ ကျူးလွန်နေတဲ့ ဘာသာရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်လို့ တရားစွဲဆို အရေးယူနိုင်ရေးအတွက် အမေရိကန် အစိုးရနဲ့ ဆွေးနွေးတာမျိုး၊ သူတို့ဘက်က မှတ်ချက် တစုံတရာ ပြောကြားတာမျိုး ရှိလား။
ဖြေ ။ ။ အခု တွေ့ဆုံမှုကတော့ ယေဘုယျအနေနဲ့ပဲ ခေါင်းစဉ်တွေ ပြောသွားတာ ရှိတယ်။ အသေးစိတ် ပြောတာတော့ မရှိ ဘူးပေါ့။ ကျနော်တို့တွေ ဒီမိုကရေစီ ဖော်ဆောင်တဲ့ ကိစ္စတွေမှာ ကူညီပံ့ပိုးတဲ့ဟာတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မဖြစ်ဖို့အတွက် တားဆီးနိုင်ဖို့အတွက် ကူညီပေးနိုင်မယ့်ဟာတွေ ယေဘုယျ ပုံစံဆွေးနွေးတာဖြစ်တဲ့အတွက် ကြောင့် အသေးစိတ် ဆွေးနွေးခဲ့တာတော့ မရှိပါဘူး။
မေး ။ ။ အမေရိကန် အောက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ဥပဒေမူကြမ်း ရေးဆွဲနေ တယ်လို့ သိရပါတယ်။ အဲဒီ ဥပဒေမူကြမ်း ပြီးသွားရင်ရော စောစောကပြောခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ် သက်လို့ တစုံတရာ တိုးတက်လာတာမျိုး၊ သူတို့ဘက်က အရေးယူ ဆောင်ရွက်တာမျိုးတွေ ရှိလာနိုင်လား။
ဖြေ ။ ။ ကျနော်မြင်တာတော့ ဘာပြောပြော ဒီလိုနိုင်ငံတွေမှာကတော့ အုပ်ချုပ်ရေး (Executive) နဲ့ ဥပဒေ ပြုရေး (Legislative) ကတော့ အပြန်အလှန် ထိန်းကျောင်းတယ်။ အပြန်အလှန် ပံ့ပိုးပေးနေတဲ့အတွက်ကြောင့် Legislative ဘက်က ဥပဒေတခု ထွက်လာရင် Executive ဘက်ကတော့ အဲဒီ ဥပဒေအပေါ် မူတည်ပြီး အကောင်အထည်ဖော်တာတွေ ရှိပါ တယ်။ အခု အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ကြည့်လိုက်တယ်ဆိုရင်လည်း အစိုးရကလည်း ဒီမိုကရက်တွေ ဖြစ်တယ်။ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်ရော နေရာ အများစုရတာက ဒီမိုကရက်တွေ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ ပိုပြီးတော့ ဒီ Legislative အပိုင်းက တခုခု ဆုံးဖြတ်လိုက်တာကို ဒီဘက်က Executive ပိုင်းက ဆက် အကောင် အထည်ဖော်သွားမယ့်ဟာတော့ ဘာပဲပြောပြော ဟန်ချက်ညီမှု ရှိလိမ့်မယ်လို့ မြင်ပါတယ်။
ဒါကြောင့်မို့ ဒီဘက်က ဥပဒေတွေ ထွက်တယ်။ သမ္မတ အော်ဒါတွေ ထွက်တယ်။ Executive အော်ဒါတွေ ထွက်တယ်ဆို ရင် ဘာပဲပြောပြော စစ်ကောင်စီဘက်ကို အတိုင်းအတာ တခုအထိ ဖိအားပေးရာ ရောက်မယ်။ အမေရိကန်လိုနိုင်ငံမျိုးက ဒီလိုမျိုး အက်ရှင်ယူမယ်ဆိုရင် အခြား UK တို့လို ၊ EU (ဥရောပသမဂ္ဂ) တို့လိုကလည်း အက်ရှင်ယူတာတွေ ရှိလာဖို့က လည်း များတယ်ပေါ့။ ဒါတွေ ရှိလာခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အတား အဆီး ဖြစ်စေမယ်။ သူတို့တွေရဲ့ Behavior (အပြုအမူ) ကို ပြောင်းလဲလာစေမယ်လို့ မြင်ပါတယ်။ ဒီလိုမျိုး လုပ်နိုင်မယ်ဆို ရင် ကျနော်တို့ ပြည်သူတွေအတွက် ကောင်းသော အကျိုးရှိစေမယ်လို့ ယုံကြည်တယ်။ ကောင်းသောခြေလှမ်း တရပ် ဖြစ် လာမယ်လို့တော့ ယုံကြည်ပါတယ် ခင်ဗျ။
မေး ။ ။ အမေရိကန် အစိုးရက NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုလိုက်ပြီလို့ ပြောလို့ရလား။
ဖြေ ။ ။ ဘာပဲပြောပြော ဒီလိုမျိုး ထိတွေ့မှုတွေ သူတို့ လုပ်တယ်။ ဒါကို တရားဝင် လက်ခံတယ်ဆိုတာ တရားဝင် ကြေညာ ခြင်းတော့ မတွေ့ရသေးဘူး။ ဒါပေမယ့် သူတို့ လုပ်ဆောင်မှုတွေ ရှိတယ်ဆိုရင်တော့ NUG နဲ့ တရားဝင် ထိတွေ့နေတယ်။ NUG နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေတယ်ဆိုတဲ့ အခါကျတော့ ဘာပဲပြောပြော NUG ကို အသိအမှတ်ပြုတဲ့ ဥစ္စာ ကတော့ တနည်းတဖုံနဲ့ ပြနေတယ်လို့ ကျနော်တို့ မလွဲမသွေ ပြောလို့ ရပါတယ်။ ဒါကြောင့်မို့ အခု တွေ့ဆုံမှုကို ကြည့် မယ်ဆိုရင်လည်း US နဲ့ NUG တို့ Bilateral (နှစ်ဖက်) တွေ့ဆုံတယ်ဆိုတာဖြစ်တဲ့အတွက် တယောက်နဲ့တယောက် အသိ အမှတ်ပြု၊ တယောက်နဲ့တယောက် ဆွေးနွေးပြောဆိုမှုတွေ လုပ်တယ်ဆိုတာတော့ အရမ်းပေါ်လွင်ပါတယ်။ ဒါကြောင့် မို့ တဖက်က ပြန်ကြည့်ရင် တနည်းတဖုံနဲ့ NUG ကို အသိအမှတ်ပြုတာ ပြနေတယ်။ သူတို့ သတင်းထုတ်ပြန်တဲ့ အထဲမှာ လည်း NUG ကို ထောက်ခံတယ်ဆိုတာ စကားလုံး ဖော်ပြထားတာဖြစ်လို့ ဒီရဲ့စကားကို ကျနော်တို့အနေနဲ့ ထပ်ရှင်းပြစရာ မလိုတဲ့ အနေအထားလို့ မြင်နိုင်ပါတယ်။
မေး ။ ။ သံအမတ်ကြီးကို ကုလသမဂ္ဂမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ တရုတ်၊ ရုရှား၊ အာဆီယံတို့က သဘောတူ ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေက အခုလို သဘောတူ ပေးခဲ့တာ လို့ ထင်ပါသလဲ။
ဖြေ ။ ။ အဲဒါက Foreign Policy မဂ္ဂဇင်းမှာလည်း အဲဒီလို ဖော်ပြထားတာ တွေ့ပါတယ်။ ကျနော် နားလည်နေတဲ့ ဥစ္စာက လည်း အဲဒီလိုပဲ။ ခုနက မေးတဲ့ ဘာကြောင့်လဲဆိုတဲ့ဟာကတော့ ကျနော့်အနေနဲ့ အတိုင်းအတာ တခုအထိ ပြောဖို့ခက်ပါ တယ်။ ဒီဘက်မှာတော့ သိတဲ့အတိုင်းပဲ နိုင်ငံအများက အခုထိကို ဒီမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အကုန်လုံးလို့ ပြော လို့ရတယ်။ စစ်ကောင်စီကို လုံးဝ အသိအမှတ် မပြုသေးဘူးပေါ့။ ဒါကြောင့် ဒီဘက် မျက်နှာစာမှာလည်း သူတို့ စပြောက တည်းက ကျနော့် အနေအထား ဖေဖော်ဝါရီလ၂၆ ရက် မိန့်ခွန်း ပြောတယ်။ ၂၇ ရက်မှာ သူတို့ စစ်ကောင်စီအနေနဲ့ ကျနော့် ကို Dismissed လုပ်တယ် ပြောသော်ငြားလည်း ဒီဘက် မျက်နှာစာမှာတော့ UN အပါအဝင် UN အဖွဲ့ဝင် နိုင်ငံတွေက ကျနော့်ကို မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အနေနဲ့ ဆက်လက် လက်ခံထားတယ်ဆိုတာ အခု ထိရှိနေတုန်းပဲ။
ဒါကြောင့်မို့လို့ ဒီဘက်မှာ သွားနေတဲ့ လမ်းကြောင်းကတော့ Continuity (ဆက်လက်ရှိနေခြင်း) လို့လည်း ပြောလို့ရတယ်။ အခုလို ၇၅ ကြိမ်ကနေ ၇၆ ကြိမ်တက်လာတဲ့ အချိန်မှာ ဒီမှာရှိတဲ့ အများစုနိုင်ငံတွေကတော့ Continuity ကို ဆက်သွား မယ်ဆိုတဲ့ဟာကို အားလုံးက ခံယူထားတဲ့ အတွက်ကြောင့် အခုလို ကိစ္စတခုကို UN ဆိုတာကလည်း Inter Governmental Organization (အစိုးရများ အဖွဲ့အစည်း) ဖြစ်တဲ့အတွက်ကြောင့် တနိုင်ငံနဲ့တနိုင်ငံ ဆွေးနွေး လုပ်ဆောင် ကြတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒါကလည်း အားလုံး သဘောတူတဲ့ ရလဒ် တခုအနေနဲ့ ထွက်လာတဲ့ ဥစ္စာပေါ့။ အထူး သဖြင့် ဒီဘက်မှာ အခြေခံအားဖြင့် Credential ကော်မတီ (ကိုယ်စားလှယ် စိစစ်လက်ခံရေး ကော်မတီ) ရှိတယ်။
Credential ကော်မတီရဲ့ လုပ်ရပ်ကလည်း အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သွေးခွဲမှု ပုံစံမျိုး မဖြစ်ဖို့အတွက် အမြဲတမ်း ဂရုစိုက် တယ်ပေါ့။ စည်းလုံးညီညွတ်မှုကိုပဲ ပြတဲ့အတွက် တတ်နိုင်သမျှ Credential ကော်မတီက Recommend လုပ်တဲ့ဟာက အားလုံးကို လက်ခံနိုင်တဲ့ ပုံစံမျိုးသွားတာ ရှိတယ်။ အခုဒီလိုမျိုးမှာလည်း Credential ကော်မတီအနေနဲ့ Formal (တရား ဝင်) တွေ့တာတော့ မရှိသေးဘူး။ Informal (အလွတ်သဘော) ပိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံ အချို့ကြားထဲမှာ တွေ့ဆုံမှုတွေ ရှိတယ်ဆိုတာတော့ အကြမ်းဖျင်း နားလည်ထားတာပေါ့။ ဒါကြောင့်မို့ ဒီဘက်မှာ အများလက်ခံနိုင်တဲ့ တခု ရွေးတဲ့အတွက် ကြောင့် ဥပမာ – ကျနော်တို့ မြန်မာကိစ္စဆိုရင် အာဆီယံနိုင်ငံတွေ ရှိတယ်။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေ ရှိတယ်။ ဒီဘက်မှာ EU တို့ အမေရိကန်တို့ ၊ UK တို့အစရှိတဲ့ နိုင်ငံတွေ ရှိတယ်။
ဒီလိုမျိုးနိုင်ငံတွေကြားထဲမှာလည်း အားလုံး ညိနှိုင်းရရှိတဲ့ အဖြေတခု ထွက်လာတဲ့အတွက်ကြောင့် အခြားနိုင်ငံတွေက လက်ခံတယ်ပေါ့။ ဒါကတော့ ကျနော်သုံးသပ်တဲ့ ဥစ္စာပါ။ ဒီလိုမျိုး ညီညွတ်တဲ့ စည်းလုံးမှုကိုလည်း ပြမယ်။ အများ လက်ခံ နိုင်တဲ့ အဖြေတခု ထွက်တဲ့အတွက်ကြောင့် လက်ခံတယ်ဆိုတဲ့ ပုံစံမျိုး ကျနော် သုံးသပ်ပါတယ်။ ဒီမှာတော့ Continuity ဆိုတဲ့ ဥစ္စာကိုတော့ ကနဦးကတည်းက အဲဒီလမ်းကြောင်းအတိုင်း ဆွေးနွေးပြောဆိုနေတာတွေ ရှိတဲ့အတွက်ကြောင့် နိုင်ငံတွေကြားမှာ Consensus (သဘောတူညီမှု) သဘောမျိုးလေး ရတာတော့ရှိပါတယ်။ ဒါကြောင့် Credential ကော်မတီအနေနဲ့ နိုဝင်ဘာမှာ တရားဝင် တွေ့ဆုံပြီးတော့ တင်လာတဲ့ အထောက်အထားတွေကို Review လုပ်ဖို့ရှိမယ်။ ပြီးရင် သူတို့အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးကို သူတို့ အစီရင်ခံစာ လုပ်ဖို့ရှိပါမယ်။
မေး ။ ။ သံအမတ်ကြီးကို ဆက်ထားပေမယ့် နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောခွင့်မပေးဘူးလို့လည်း ကြားပါတယ်။ မိန့်ခွန်း ပြောခွင့်မရရင် အခြေအနေက ဘာဖြစ်လာနိုင်ပါသလဲ။
ဖြေ ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံက ကျနော်တို့ စဖွင့်ပွဲလုပ်တာက စက်တင်ဘာ ၁၄ ရက်ပေါ့။ ယေဘုယျ အားဖြင့် အထွေထွေ ညီလာခံ စဖွင့်တဲ့နေ့က စက်ဘာလရဲ့ ဒုတိယ အင်္ဂါနေ့မှာပါ။ အထွေထွေညီလာခံကို စဖွင့်တဲ ဥစ္စာရှိပါတယ်။ ပြီးရင်နောက်တပတ် တတိယအင်္ဂါနေ့မှာ ကုလသမဂ္ဂရဲ့ General Debate ပေါ့။ အဲဒီကနေ ၇ ရက် တပတ်အတွင်း က High Level Week လို့ခေါ်တယ်။ စက်တင်ဘာ ၂၁ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိပေါ့။ High Level Week မှာ ဘာတွေလုပ်သလဲဆိုရင် General Debate (အထွေထွေ စကား စစ်ထိုးခြင်း) လုပ်တယ်။ နိုင်ငံတွေရဲ့ မူဝါဒ မိန့်ခွန်း ပြောကြားမှုတွေ လုပ်တယ်။ အဲဒီလိုပဲ တချို့ High Level Meeting တွေ လုပ်တာရှိတယ်။
ဒီအစည်းအဝေး ကာလ ဥပမာ – General Debate မှာဆိုရင် ကနဦးပိုင်းတော့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ မိန့်ခွန်း ပြောမယ် ဆိုပြီး လုပ်ထားတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ခုနကပြောသလို ရှေ့ရေးကို စဉ်းစားခဲ့တာရှိတယ်။ General Assembly (အထွေထွေ ညီလာခံ) က ဒီတပတ်ပဲ မဟုတ်ဘူးပေါ့။ အခု စက်တင်ဘာ ၁၄ ရက်က စလိုက်တဲ့ ဥစ္စာက ၂၀၂၂ စက်တင်ဘာအထိသွားမှာ အဲဒီကာလတွေမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မျက်နှာစုံညီအစည်းအဝေးတွေ လည်း တနှစ်ပတ်လုံး ရှိနေမယ်။ စက်တင်ဘာလကုန်ကနေ ဒီဇင်ဘာလကုန်အထိ ပင်မကော်မတီ ၆ ခုရှိတယ်။ အဲဒီ ပင်မ ကော်မတီ အစည်းအဝေးတွေလည်း တပြိုင်နက်တည်း ပြုလုပ်သွားဖို့ ရှိတယ်။
အဲဒီ မျက်နှာစုံညီ အစည်းအဝေးရော အဲဒီပင်မကော်မတီရဲ့ အစည်းအဝေးမှာလည်း ဘာပဲပြောပြော ကျနော်တို့ ကိုယ်စား လှယ် အဖွဲ့အနေနဲ့ စကားပြောနိုင်မယ်။ စကားပြောခွင့်ရမယ်။ အဲဒီလိုမျိုး ထည့်သွင်းစဉ်းစားပြီးတော့ ဒါကတော့ အဲဒီလိုမျိုး သဘောတူညီမှု တခုဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုမျိုးတွေ ထည့်သွင်း စဉ်းစားပြီးတော့ ရေရှည်အတွက် ကိုယ့်နိုင်ငံ အတွက်ရော ကိုယ့်ပြည်သူတွေအတွက်ရော အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်တဲ့အတွက်ကြောင့် ဒီဥစ္စာတွေကို အတိုင်း အတာတခုအထိ အကြမ်းဖျင်း နားလည်မှု ယူခဲ့တယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်မြင်တာတော့ ဒီတပတ်ထဲအတွက် မဟုတ်ဘဲနဲ့ ရေရှည်အတွက် ထည့်သွင်းစဉ်းစားပြီးတော့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေအတွက် ပြည်သူ့အသံ ပြည်သူ့ဆန္ဒတွေကို ဒီပလက်ဖောင်းကနေ ဆက်ပြောလို့ ရဖို့အတွက်ကို ဆက်ပြီး ရှိလာမယ်လို့တော့ ပြောလို ပါတယ်ဗျ။
မေး ။ ။ ဆိုလိုချင်တာက တနင်္လာနေ့ အစည်းအဝေးတွေမှာ မိန့်ခွန်း မပြောရပေမယ့် နောက်လာမယ့် အပတ်အစည်းဝေး တွေမှာ သံအမတ်ကြီး ပြောခွင့်ရမယ်ဆိုတဲ့ သဘောပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။ ပင်မကော်မတီဆိုလည်း သိတဲ့အတိုင်းပဲ ၆ ခုမှာ ငြိမ်းချမ်းရေးနဲ့ လက်နက်ဖျက်သိမ်းရေး ရှိတယ်။ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရှိတယ်။ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ရှိတယ်။ နိုင်ငံရေးနဲ့ Decolonization (ကိုလိုနီ ပြုမှု ချုပ်ငြိမ်းရေး) ဆက်ရှင်ရှိတယ်။ နောက်ပြီးတော့ ဘတ်ဂျက်ရှိတယ်။ နောက်ပြီးတော့ ဥပဒေပိုင်းဆိုင်ရာရှိတယ်။ ဘာပဲ ဖြစ်ဖြစ် ခေါင်းစဉ်တွေကိုယ်၌ ကိုယ်က ပြောလို့ရတဲ့ နေရာတွေအများကြီး။ ဘာပဲပြောပြော ကိုယ့်နိုင်ငံနဲ့ အပ်စပ်တဲ့ အခြေ အနေတွေ အများကြီး ပြောလို့ရတဲ့ အခွင့်အလမ်း (Opportunity) တွေရှိတဲ့အတွက် အဲဒီကနေတဆင့် ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒတွေကို အပြည့်အဝ ပြောနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ သံအမတ်ကြီးကို နောက်နှစ် ၇၆ ကြိမ်ကနေ ၇၇ ကြိမ်အထိကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်နေရာမှာ ဆက်ထားဖို့က ဒီဇင်ဘာလကျမှ ဆုံးဖြတ်မယ်လို့သိရတယ်။ တကယ်လို့ သံအမတ်ကြီးကိုလည်း အသိအမှတ်မပြုဘူး။ စစ်ကောင်စီကိုလည်း အသိအမှတ်မပြုဘူး ရွှေ့ပြောင်းလိုက်တယ်။ နောက်နှစ် စက်တင်ဘာကို ရွှေ့ပြောင်းလိုက်တယ်ဆိုရင် ဘာတွေဆက်ဖြစ် နိုင်လဲ။
ဖြေ ။ ။ ကျနော်တို့ နားလည်ထားတာကတော့ နိုဝင်ဘာမှာလည်း ကျနော်တို့ အစည်းအဝေး လုပ်မယ်။ အဲဒီ Credential ကော်မတီ အစည်းအဝေးမှာလည်း ဒီလိုမျိုး Continuity ဆိုတဲ့ စကားလုံးကို နားလည်ထားတာ ဖြစ်တဲ့အတွက် ၇၆ ကြိမ် မြောက် အထွေထွေ ညီလာခံမှာ ဒီတိုင်းပဲ ဆက်သွားနေဦးမယ်လို့ ကျနော် နားလည်ထားတယ်ဗျ။ ဒါကြောင့် ဆုံးဖြတ်တဲ့ ဟာမှာ ဘယ်လိုဖြစ်လာမလဲတော့ ၁၀၀ ရာခိုင်နှုန်း မပြောနိုင်ဘူး။ ဒါပေမယ့် အခုလက်ရှိမှာ နားလည်ထားတာတော့ ဒီ အတိုင်းပဲ ဆက်သွားနေမယ်ဆိုတာကို နားလည်ထားတဲ့အတွက် ၇၆ ကြိမ်မြောက်ကတော့ ၇၅ ကြိမ်မှာလုပ်ခဲ့တဲ့အတိုင်း တနှစ်ပတ်လုံး ဆက်လုပ်သွားမယ့် အခွင့်အရေးတွေ ရှိတယ်လို့ ပြောလိုပါတယ်။
မေး ။ ။ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပေါ့။ ခရစ္စတင်းဘာဂနာ နေရာမှာ အရင်တုန်းက စစ် ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာရော ဆက်ဆံရေး ကောင်းမွန်ခဲ့တယ်ဆိုတဲ့ စင်္ကာပူ နိုင်ငံသူ မစ္စနိုလန်ဟေးဇာကို ခန့််အပ်ဖို့ သတင်းတွေ ထွက်လာတယ်ပေါ့။ တကယ်လို့ သူသာ အထူးကိုယ်စားလှယ် ဖြစ် လာရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ ကြိုပြီးပြောဖို့တော့ ခက်ပါတယ်။ တဖက်ကလည်း မြန်မာနိုင်ငံဒေသတွင်းက လူဖြစ်တယ်။ အမျိုးသမီးလည်း ဖြစ် တယ်။ မြန်မာနိုင်ငံအကြောင်းကို အတိုင်းအတာတခုအထိ နားလည်တယ်။ နိုင်ငံတကာ မျက်နှာစာမှာလည်း လေးစားရတဲ့ လူပုဂ္ဂိုလ်တယောက်ဖြစ်တဲ့အတွက် မျှတပြီး အဘက်ဘက်ကနေ ကြည့်ပေးနိုင်မယ်။ ခုနကပြောတဲ့ ပြည်သူတွေရဲ့ အသံကို ကောင်းစွာ နားထောင်နိုင်မယ်။ ပြည်သူတွေရဲ့ ဆန္ဒကို ကောင်းစွာသိရှိနိုင်တဲ့ လူတယောက်ဖြစ်နိုင်မယ်လို့တော့ မျှော်လင့် ပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပေါ့။ အနာဂတ်ကို ကြိုပြောရတာက ခက်လည်းခက်ပါတယ်။
သူ့အနေနဲ့လည်း ဘယ်လို ကိုင်တွယ်မယ်။ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ပြောကြားခြင်း မရှိတဲ့အတွက် ကြိုတင်မှန်းဆရ တာ ခက်ပါတယ်။ သူပြောတာတွေ ရှိပြီးတော့မှ အဲဒီအပေါ်မှာ ပြောရင်တော့ ပိုကောင်းမှာပါ။ တခုပဲ အရေးကြီးတဲ့အချက် က ဘယ်သူပဲ ဖြစ်လာဖြစ်လာ ပြည်သူတွေနဲ့ ထိတွေ့ဖို့ သက်ဆိုင်ရာ All relevant stakeholders (သက်ဆိုင်ရာ ပါဝင်ပတ် သက်သူအားလုံး) နဲ့ ထိတွေ့ဖို့ ပြည်သူ့အသံကို ဂရုတစိုက်နားထောင်ဖို့ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဖို့ဆိုတာက မဖြစ်မနေလုပ်ဖို့ လိုတယ်လို့ ယုံကြည်တယ်။ လက်ရှိ ခရစ္စတင်းအနေနဲ့လည်း ပြည်သူတွေရဲ့ အသံနားထောင်ပြီး အတတ် နိုင်ဆုံး သူ လုပ်သော်လည်း စစ်ကောင်စီအနေနဲ့ အဘက်ဘက်က ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် သူလုပ်လို့ မရတာတွေ အများကြီး ဖြစ်ခဲ့တယ်ပေါ့။ ဒါကြောင့် သူဆောင်ရွက်ခဲ့တာတွေအတွက် သူ့ကို ကျေးဇူးတင်ကြောင်းလည်း ပြောချင်ပါ တယ်။
မေး ။ ။ NUG ခုခံစစ် ကြေညာလိုက်တာနဲ့ ပတ်သက်လို့ UK အစိုးရက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လက်ခံပေမယ့် ဒီလိုမျိုး အကြမ်းဖက်မှုမျိုးကို ဖြစ်လာမယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်တယ်ဆိုတာမျိုးလည်း တွေ့တော့ အဲဒီလို စိုးရိမ်ချက်နဲ့ ပတ်သက်ပြီး ဆရာတို့နဲ့ ဆွေးနွေးတာတွေများ ရှိလား။
ဖြေ ။ ။ ကျနော်နဲ့တော့ ဒါမျိုး တိုက်ရိုက် ဆွေးနွေးတာမျိုးတော့ မရှိပါဘူး။ စိုးရိမ်တယ်ဆိုတာကတော့ သူတို့ နိုင်ငံတွေ အနေနဲ့ ထုတ်ဖော်ပြောကြားတာတွေရှိပါတယ်။ ဒါလည်း ကျနော်တို့ နားလည်ပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း ပြည်သူတွေကို ထိခိုက်မယ့် ဥစ္စာမှန်သမျှကို စိုးရိမ်ကြတာပေါ့။ NUG အနေနဲ့လည်း အမြဲတမ်း ပြောတာတွေရှိတယ်။ ပြည်သူတွေ အနေနဲ့လည်း ပြည်သူသာအဓိကပေါ့။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်တာက အဓိကလို့ အမြဲတမ်းပြောနေတဲ့ အတွက်ကြောင့် ထိခိုက်ဖို့ ဖြစ်ပေါ်လာတာတွေကိုတော့ အမြဲတမ်း သတိပြု အလေးထားပြီးတော့ ဆောင်ရွက်တယ်ဆိုတာကတော့ ကျနော်တို့ မပြောလည်းဘဲ ပြည်သူအနေနဲ့ ကောင်းကောင်းသိတယ်ဆိုတဲ့ အနေအထား ရှိပါတယ်။
ကျနော့်ဆီတော့ ဘယ်သူမှ မပြောတယ်ဆိုသော်လည်းပဲ အခုဖြစ်နေတဲ့ အနေအထားကို ကျနော်ကြည့်ရရင် အခုဆိုရင် ဖေဖော်ဝါရီလ ၁ ရက်ကနေ စပြီးတော့ အထူးသဖြင့် အစောပိုင်းကာလတွေမှာ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်သော်လည်းပဲ ဘာမှမပါတဲ့ အပြစ်မဲ့တဲ့သူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းခဲ့တာတွေ ရှိတယ်။ ခေါင်းကို စနိုက်ပါနဲ့ ပစ်တယ်ဆိုတာမျိုး ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်အောင် လုပ်တာတွေက ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျယ်ကျယ်လောင်လောင်ပဲ။ ကျနော် ကိုယ်တိုင်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်း ကူညီပေးဖို့ ပါဝင်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးဖို့ တောက်လျှောက် တောင်းဆိုလာခဲ့တာပေါ့။
ဒါပေမယ့်လည်း ကြားနေတဲ့အတိုင်းပဲ ထုတ်ပြန်ချက်တွေ ထုတ်တယ်။ တချို့နိုင်ငံတွေဆိုလည်း သူတို့ရဲ့ ဆန်ရှင်တွေ ချမှတ်တယ်ပေါ့။ ဒါတွေအတွက်လည်း ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း မြေပြင်မှာ ရင်ဆိုင် နေရတဲ့ အကြမ်းဖက်မှုတွေ လူမဆန်တဲ့ နှိပ်ကွပ်မှုတွေကို ကျနော်တို့ ပြည်သူတွေရင်ဆိုင်လာတဲ့ ဥစ္စာမှာ ရက်သတ္တပတ် ပေါင်း၊ လပေါင်းများစွာ ကြာလာပြီ။ ကျနော်တို့အနေနဲ့ ထိခိုက်မှုများစွာ ရှိခဲ့တယ်။ အဲဒီလိုမျိုး ထိခိုက်တာက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တာ မဟုတ်ပေမယ့် အများစုက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တယ်ပေါ့။
နောက်ပြီး အားလုံးသိတဲ့အတိုင်းပဲ ကလေး ၅ ယောက် သူတို့နေတဲ့ အခန်းထဲကို စစ်တပ်က စီးနင်းဝင်ရောက်လို့ ခုန်ချ တယ်ဆိုတာက တော်ရုံလူ မလုပ်နိုင်တဲ့အရာပေါ့။ ဒါက ရှင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီအောက်မှာ မနေဘူး။ သေတာကမှ ကောင်းတယ်ဆိုတဲ့ ပုံစံမျိုး ဒီလူတွေရဲ့ စိတ်ထဲမှာ ဖြစ်သွားတယ်။ ပြည်တွင်းမှာ ပြည်သူတွေရဲ့ ဆန္ဒက အရမ်းကို အရှိန်မြှင့်မြှင့်လာတဲ့ အနေအထားမှာ ရှိတယ်။ အာလုံးက မတိုက်သေး ဘူးလားဆိုတာတွေလည်း ပြောတာ ရှိတယ်။ ဆန္ဒတွေလည်း အရမ်း ပြင်းပြနေတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ ဆန္ဒကိုလည်း နားထောင်နေရတာဖြစ်တဲ့ အတွက် People Defensive Revolution (ပြည်သူ့ ခုခံတော်လှန်ရေး) လို့ ကျနော်တို့ ပြောတယ်ပေါ့။
အဲဒီလို ပြောတဲ့နေရာမှာ ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ကြတယ်ဆိုတဲ့ဟာက အရမ်းပေါ်လွင်နေတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ကိုယ့်ရဲ့လုံခြုံရေး ထိခိုက်မှု မရှိအောင် တတ်နိုင်သမျှ ပြန်ပြီး တွန်းလှန်ဖို့လို့ ကျနော် နားလည်တယ်။ ပြန်ကြည့် လိုက်ရင် Acting President (ယာယီသမ္မတ) က မိန့်ခွန်းပြောပြီး နောက်တရက်မှာပဲ သတင်းထုတ်ပြန်တယ်။ ဒါက အခြေ အနေတွေ ဘယ်လိုဖြစ်သလဲ၊ ဘာကြောင့်ဖြစ်သလဲဆိုတာ ရှင်းပြတဲ့ သတင်း ထုတ်ပြန်ချက်ဖြစ်ပါတယ်။ ကျနော် အမြဲတမ်း ပြောတာရှိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့က ကျနော်တို့ အခုဖြစ်ပျက်နေတဲ့ ဥစ္စာအပေါ်ကို နားလည်လိမ့် မယ်လို့ မြင်ပါတယ်။ လက်နက်ရှိတဲ့ သူနဲ့ လက်နက်မရှိတဲ့သူ ထိတွေ့မှု ဖြစ်ရင် လက်နက် မရှိတဲ့သူက ပိုပြီးတော့ ထိခိုက်မှု ဖြစ်တယ် ဆိုတာကို ပိုပြီးတော့ နားလည်တယ်။ မခံမရပ်နိုင်တဲ့ အဆုံးကျတော့ ရင်ဆိုင်ရတဲ့ အနေအထား ရှိတယ်။
ကျနော်တို့ကတော့ အခု တွေ့ကြုံဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အမြန်ဆုံး ပြီးစေချင်တယ်။ ဒါကြောင့် အမြန်ဆုံး ပြီးစေဖို့ဆိုရင် ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ အင်အားကို စုစည်းပြီးတော့ စည်းလုံးညီညွတ်မှု ဒီထက်ရှိအောင်လုပ်ပြီး တတ်နိုင်သမျှ အရွေ့ မြန်မြန်ရွေ့အောင် လုပ်ရမယ်ထင်တယ်။ တချိန်တည်းမှာပဲ အရွေ့ကို မြန်စေဖို့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုလည်း လိုအပ်တယ်။ နိုင်ငံတကာအနေနဲ့ တတ်နိုင်သမျှ ပြည်သူတွေဘက်က ပံ့ပိုးပေးပါလို့ မေတ္တာရပ်ခံ တိုက်တွန်းနေပါတယ်။
ဒီလိုမျိုး ပြည်တွင်းအား ပြည်ပအားနဲ့အတူ ရွေ့တယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေကို မတရား ညှဉ်းပန်းနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး ချုပ်ငြိမ်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
You may also like these stories:
မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့
မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို