မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီး လူ ၃ သန်းအတွက် အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က တနင်္လာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။
ထိုအကျပ်အတည်းသည် ဆက်လက်ဖြစ်ပွားနေသော ကိုဗစ်နိုင်တင်းနှင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးသည့်နောက်ပိုင်းဖြစ်ရပ်များကြောင့် ပိုမိုဆိုးရွားသွားသည်။ လူသားချင်းစာနာမှု အကူအညီ လိုအပ်သောသူ ၃ သန်းအနက် ၂ သန်းကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စပြီး မှတ်သားထားကြောင်း OCHA ကဖေါ်ပြသည်။
ထိခိုက် အလွယ်ဆုံးသူများသည် မြို့ပြနှင့် ကျေးလက်တပိုင်းမြို့ပြတပိုင်းဒေသများတွင် နေထိုင်သူများဖြစ်ပြီး အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးတွင်နေထိုင်သူများ၊ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အနောက်ပိုင်းမှ ပဋိပက္ခဒေသများမှ ပြည်သူများဖြစ်ကြောင်း OCHA ကပြောသည်။
လူပေါင်း ၂၂၀၀၀၀ ကျော်မှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနှင့် လုံခြုံမှု လုံးဝကင်းမဲ့သွားသောကြောင့် ပြည်တွင်းနေရပ်စွန့်ခွာနေရသူများ ဖြစ်သွားကြသည်။ ထိခိုက်မှု အခံစားရဆုံး ဒေသများတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေးတိုင်း အတွင်းရှိ ဒေသများဖြစ်သည်။
အချို့မိသားစုများသည် မူရင်းဒေသသို့ပြန်လည် ရောက်ရှိကြသော်လည်း အများစုသည် အိမ်နှင့် ဝေးကွာလွန်းသော တောတောင်များ၌ မရေရာသော အခြေအနေများတွင် အမိုးအကာနှင့် အစားအစာ အပါအဝင် အခြေခံ ဝန်ဆောင်မှုများမရှိဘဲ နေထိုင်နေကြဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အခြေအနေသည် ဆက်လက်တည်ငြိမ်နေသော်လည်း အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်သည်။ အစားအစာ မလုံလောက်မှု ဆက်လက် စိုးရိမ်ပူပန်စရာဖြစ်နေပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာစခန်းများတွင် အစားမစာ မလုံလောက်သည့် သတင်းများ ဆက်လက်ထွက်ပေါ်နေသည်ဟု OCHA ပြောသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါသည်လည်း ဆက်လက်ပြီး အပြင်းအထန် ပူပန်စရာကောင်းနေသည်။ သောကြာနေ့အထိ ကူးစက်မှု ၄၅၅၀၀၀ ကျော်ရှိပြီး သေဆုံးမှု ၁၇၀၀၀ ရှိသည်။ နိုင်ငံတွင်း စစ်ဆေးနိုင်သည့် စွမ်းရည်မရှိသောကြောင့် အမှန်တကယ် ကူးစက်မှု၊ သေဆုံးမှုသည် ထိုထက်များစွာ ပိုမိုမြင့်မားနိုင်သည်။
ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်သူများသည် ဆက်လက်ဖြစ်ပွားနေသော နေရပ် စွန့်ခွာမှုများ၊ ကြီးထွားလာနေသည့် ရိက္ခာမလုံလောက်မှုနှင့် ကိုဗစ်နိုင်တင်း၏ ရိုက်ခတ်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် လုပ်ဆောင်နေသည်။ သို့သော် ဆက်လက်ဖြစ်ပေါ်နေသည့် မလုံခြုံမှု၊ ဗျူရိုကရေစီ အတားအဆီးများ၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပြတ်တောက်ခြင်းနှင့် ငွေသားပြတ်လပ်ခြင်းတို့ကြောင့် လိုအပ်နေသူများနှင့် ထိတွေ့ဆက်ဆံရာတွင် စိန်ခေါ်မှုများ အဓိကစိန်ခေါ်မှု ဆက်ဖြစ်နေသည်ဟု ဆက်လက်ဖေါ်ပြသည်။
ထိုစိန်ခေါ်မှုများရှိသော်လည်း လူသားချင်းစာနာမှု တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်နေသည်။ မေလမှ စတင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရန်ကုန်မြို့စွန်ဒေသများတွင် အကြီးစားမြို့ပြရိက္ခာဝေငှမှုအတွင်း ထိခိုက်လွယ်သူပေါင်း ၈၀၀၀၀၀ ကျော်ကို အထောက်အပံ့ပေးခဲ့သည်ဟု OCHA ကဆိုသည်။
အမေရိကန်ဒေါ်လာ ၂၇၆.၅ သန်း လိုအပ်သည့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ လူစားချင်းစာနာမှု တုံ့ပြန်မှုစီမံချက်၏ ၄၇ ရာခိုင်နှုန်းအတွက် ငွေကြေးထည့်ဝင်မှု ရရှိပြီးကြောင်းလည်း ဆိုသည်။
ကိုးကား။ ။ Xinhua
You may also like these stories :
မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို
စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သရုပ်ခွဲလေ့လာခြင်း