စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးလိုသူများကို မတွေ့သည့်အခါ မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးမှုများ ရှိနေပြီး အာဏာသိမ်းမှု ၇ လကျော် ကာလအတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်း ထား ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၈ ရက်နေ့အထိ ဓားစာခံအဖြစ် ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၄၀ ဦးမှာ ပြန် လည် လွတ်မြောက်လာပြီ ဖြစ်သော်လည်း ၁၃၇ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရမှုတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၅ ဦး ပါဝင်ပြီး ၉ ဦး ပြန်လည် လွတ်မြောက်လာကာ ၆ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ်ကြောင်း AAPP ၏ အချက်အလက်များက ဖော်ပြထားသည်။
လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းထွဋ်၏ ဇနီးနှင့် ၂ နှစ်အရွယ် သားငယ် ကို စက်တင်ဘာ ၅ ရက်နေ့က လမ်းပေါ်၌ပင် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ထို့နောက် စက်တင်ဘာ ၆ ရက်တွင် ကိုကျော်မင်းထွဋ်အပြင် ၎င်း၏ ညီနှင့် ဦးလေးဖြစ်သူကိုပါ စစ်ကောင်စီက ဖမ်းဆီး ခဲ့ကြောင်း ကိုကျော်မင်းထွဋ် မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “၂ နှစ် ကလေးလေးလည်း အခုချိန်အထိ မလွတ်သေးဘူး။ ဘယ်မှာ ဖမ်းထားတာလဲ ဆိုတာလည်း မသိရသေးဘူး။ သူတို့က ရှောင်နေရင် ရရဲ့သားနဲ့ မရှောင်လိုက်တော့ဘဲနဲ့ ကလေးနဲ့ အမျိုးသမီးကို ဓားစားခံ ဖြစ်သွားတာကိုသိလို့ အဖမ်းခံ လိုက်ရတဲ့သဘော ဖြစ်သွားတာပေါ့” ဟု ဆိုသည်။
ထို့အတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသည့် ဦးရွှေဝင်းကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် ၎င်း၏ သား ၃ ဦး ဖြစ်သော အသက် ၁၇ နှစ်၊ ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ် များကို စစ်ကောင်စီက ဩဂုတ် ၃၀ ရက်တွင် ဖမ်းဆီးခဲ့သည်။
သြဂုတ် ၃၁ ရက်နေ့တွင် အသက် ၁၃ နှစ်အရွယ် သားတဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်ကလေး ၂ ဦးကို အင်္ဂပူ ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။
ထိုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များကို ဓားစားခံ အနေဖြင့် ဖမ်းဆီးနေမှုများသည် စစ်ကောင်စီက ကလေး သူငယ် အခွင့်အရေးကို ချိုးဖောက်နေသည်သာမက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုလည်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက သုံး သပ်ပြောဆိုသည်။
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ တဦးက “စစ်ကောင်စီက ကလေး အခွင့်အရေးတွေကိုလည်း အလေး အနက်ထားတာ မတွေ့ရပါဘူး။ ဖမ်းဆီးတဲ့ အချိန်ကနေ စပြီးတော့ ချိုးဖောက်နေတာ လုပ်ငန်းစဉ်တခုလုံးမှာ အဆုံးထိပဲ ကျနော် မြင်တာတော့။ တွေ့ရှိချက်အရ ပြောတာပါ။ အသုံးချဖို့၊ ဓားစားခံလုပ်ဖို့၊ ကလေးတွေကို ထပ်မလုပ်ရဲအောင် ပညာပေးဖို့ ဒါမျိုးတွေပဲ တွေ့တယ်” ဟု ပြောဆိုသည်။
ထို့ပြင် ဆန္ဒထုတ်ဖော်နေစဉ် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရသည့် ညီညီအောင်ထက်နိုင်၏ မိခင် ဖြစ်သူ ဒေါ်ဝင်းမာကိုလည်း စစ်ကောင်စီက စက်တင်ဘာ ၁ ရက်နေ့တွင် နေအိမ်၌ ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်။
သေဆုံးသူ ညီညီအောင်ထက်နိုင်၏ အမြွှာအစ်ကိုဖြစ်သူ ကိုကိုအောင်ထက်နိုင်ကို ဖမ်းဆီးရမိခြင်း မရှိသည့်အတွက် မိခင် ဖြစ်သူ ဒေါ်ဝင်းမာကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ကလေးသူငယ်များ အပါအဝင် သေဆုံးသူ ၁၀၅၈ ဦးအထိ ရှိလာပြီး ဖမ်းဆီးချုပ်နှောင် ခံထားရသူ စုစုပေါင်း ၆၃၄၃ ဦး ရှိကာ ဖမ်းဝရမ်း ထုတ်ခံရ၍ တိမ်းရှောင်နေသူ ၁၉၈၄ ဦး ရှိပြီ ဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
You may also like these stories:
အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော
အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်