ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုခဲ့သည့်အပေါ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က နယ်သာလန်နိုင်ငံ The Hague တွင် ပြုလုပ်သည့် ကြားနာစစ်ဆေးမှုတွင် မြန်မာန်ိုင်ငံ ကိုယ်စားပြုအဖြစ် NUG ကို ICJ က အသိအမှတ်မပြုဘဲ စစ်ကောင်စီမှ စေလွှတ်သော ကိုယ်စားလှယ်အဖွဲ့ကိုသာ အသိအမှတ်ပြုခဲ့သည်။
အဆိုပါကြားနာပွဲကို စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင်တက်ရောက်ခဲ့သည်။
ယင်းကိစ္စ နောက်ဆက်တွဲ ဧရာဝတီက Legal Aid Network တည်ထောင်သူ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ ဦးအောင်ထူးကို ဆက်သွယ်မေးမြန်းထားသမျှ ဖော်ပြပေးလိုက်ပါသည်။
မေး။ ။ အခု မြန်မာရော၊ ဂမ်ဘီယာပါ ICJ မှာ အပြန်အလှန်လျှောက်လဲချက်က ပြီးသွားပြီဆိုတော့ အမှုသွား အမှုလာအားလုံးကို ခြုံပြီးတော့ ဘယ်လိုသုံးသပ်မိလဲ။ အခုစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က အရင်ဒေါ်အောင်ဆန်းစုကြည်အစိုးရထက် ပိုဆိုးတဲ့ ဒါမှမဟုတ် ပိုကောင်းတဲ့ ခုခံကာကွယ်မှုလို့ ပြောနိုင်မလား။
ဖြေ။ ။ စစ်ကောင်စီဘက်က ရှေ့နေများဘက်က အချက် ၄ ချက်ကို တင်သွင်းသွားတယ်။ ပထမအချက်က ဂမ်ဘီယာဟာ တရားစွဲခွင့်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂမ်ဘီယာဟာ OIC ရဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ အဲဒါကို ဂမ်ဘီယာဘက်က ကောင်းမွန်စွာ ချေပနိုင်တယ်လို့ ယူဆတယ်။ ဆိုလိုချင်တာက ဂမ်ဘီယာကိုယ်တိုင်က OIC ကို တင်ပြခဲ့တာ။ OIC ကို လှုံ့ဆော်တယ်။ OIC ကို စည်းရုံးတယ်။ OIC က ဂမ်ဘီယာကို ပြန်ပြီးတော့ ကော်မတီရဲ့ Chairman အဖြစ်နဲ့ တာဝန် ပေးလိုက်တယ်။ ဂမ်ဘီယာက သူ့ဖာသာလွတ်လပ်စွာ ဆုံးဖြတ်တယ်။ အဲဒါကြောင့် ပထမ တချက်ဖြစ်တဲ့ စစ်ကောင်စီဘက်က ထွက်ဆိုချက်က သဘာဝမကျဘူး။
စစ်ကောင်စီဘက်က ရှေ့နေတွေက အချက်အလက်အသစ်ကို မတင်နိုင်ဘူး။ အရင်အချက်အလက် ဟောင်းတွေပဲ များတယ်။ ဒါကြောင့် ဂမ်ဘီယာဘက်က ပြန်လည်ထောက်ပြချေပချက်တွေက ဥပဒေကြောင်းအရ ပိုပြီးတော့ သဘာဝကျတယ်လို့ ယူဆတယ်။
နောက် ဒုတိယအချက်က Interest ပေါ့။ Individual interest လား Common interest လား။ ဆိုလိုချင်တာက ဂမ်ဘီယာဟာ Individual interest နဲ့ သွားရမယ်။ တနိုင်ငံချင်း အကျိုးစီးပွား၊ သူ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သွားရမယ်။ ဂမ်ဘီယာက ရှင်းပြတယ်။ Genocide Convention ဟာ အဓိကအားဖြင့် Common interest ပဲလေ။ အားလုံးရဲ့ အကျိုးစီးပွားဖြစ်တယ်။ အဲဒီတော့ ကျနော်တို့သိသလောက် ခုံရုံးက ဆုံးဖြတ်ထားပြီးပြီ။
ဘယ်တာဝန်လဲဆိုတာကို ဆုံးဖြတ်ထားပြီးပြီ။ ဆိုလိုချင်တာက အင်မတန်ကြီးမားပြင်းထန်တဲ့ ပြစ်မှုကြီးတွေ ဖြစ်တဲ့အခါမှာ နိုင်ငံတွေမှာ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ ဒါ ဒုတိယအချက်ဖြစ်တယ်။ ဂမ်ဘီယာက အဲဒီနေရာမှာ စိတ်ဝင်စားမှုနဲ့ အကျိုးစီးပွားရှိတယ်။
တတိယ အချက်က ဘာလဲဆိုတော့ စစ်ကောင်စီရှေ့နေဘက်က ထောက်ပြတာ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အစည်းအဝေးက Article 8 အရ မြန်မာက အဓိပ္ပာယ်ဖွင့်ဆိုခွင့်ရှိတယ်။ နားလည်ကျင့်သုံးခွင့်ရှိတယ်။ ဆိုလိုချင်တာက မြန်မာဘက်က Genocide Convention Article 8 ကို ချန်လှပ်ထားတာဟာ ICJ က တရားစွဲတာကို မလိုချင်လို့ ဖြစ်တယ်။ သို့သော် အဲဒါကို ဂမ်ဘီယာဘက်က ချေပတာ သဘာဝကျတယ်လို့ ကျနော်ထင်တယ်။
ဘာ့ကြောင့်လဲ။ Genocide Convention က Article 9 ကို စစ်ကောင်စီဘက်က ချန်လှပ်ထားတာ မရှိဘူး။ နောက်ဆုံးအချက်ကတော့ ဂမ်ဘီယာနဲ့မြန်မာကြားထဲမှာ အငြင်းပွားမှုမရှိဘူး။ ဂမ်ဘီယာဘက်က တချက်ခြင်း ထောက်ပြတယ်။ အငြင်းပွားခွင့်ရှိတယ်၊ ဘယ်ကနေရှိတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေမှု Mission ဖြစ်တဲ့ UN Defense team မှာ Report စတင်ကတည်းက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဂမ်ဘီယာဘက်က ဒါကိုထောက်ပြကန့်ကွက်ခဲ့တာဖြစ်တယ်။ ငြင်းဆိုခဲ့တာဖြစ်တယ်။ ဒါကြောင့် အငြင်းပွားမှုရှိတယ်။
ခြုံပြောလိုက်ရင် စစ်ကောင်စီဘက်က ရှေ့နေတွေက အချက်အလက်အသစ်ကို မတင်နိုင်ဘူး။ အရင်အချက်အလက် ဟောင်းတွေပဲ များတယ်။ ဒါကြောင့် ဂမ်ဘီယာဘက်က ပြန်လည်ထောက်ပြချေပချက်တွေက ဥပဒေကြောင်းအရ ပိုပြီးတော့ သဘာဝကျတယ်လို့ ယူဆတယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာတော့ မသိဘူး။ ကျနော့်စိတ်အထင်ကတော့ Jurisdiction လို့ခေါ်တဲ့ တရားရုံးမှာ စီရင်ပိုင်ခွင့် ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ စီရင်ပိုင်ခွင့်ရှိတယ်လို့ပဲ ဆက်လက်ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ အမှုကို ဆက်လက်ကြားနာတဲ့အခါ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ICJ ကပဲ ဆက်သွယ်ပြီးတော့ နောက်ဆုံးတရားရုံးမှာ ဆက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ အသိအမှတ်ပြုခဲ့တာပေါ့။ ဒီကိစ္စကိုလည်း တော်တော်များများက ဝိုင်းပြီးတော့ ဝေဖန်ကြတာကို တွေ့တဲ့အခါမှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ICJ လို အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ အသိအမှတ်ပြုတာက စစ်ကောင်စီ အမြတ်ထွက်တယ်လို့ ပြောလို့ ရနိုင်မလား။
ဖြေ။ ။ စစ်ကောင်စီဘက်ကလည်း အဲဒီလိုတွက်နိုင်ပါတယ်။ NUG ရဲ့ နိုင်ငံတကာလှုပ်ရှားမှုအပေါ်မှာ နိုင်ငံရေးအရ သက်ရောက်သွားမှာ စိုးရိမ်ရပါတယ်။ ဆိုလိုချင်တာက NUG က ICJ ကို အပြိုင်တင်သွင်းချက်ကို လက်မခံလိုက်တာက NUG ဘက်က စိုးရိမ်တာတပိုင်းပေါ့။ ကျနော် ထင်တာကတော့ ICJ ဘက်မှာလည်း ဥပဒေပိုင်းအရ ပြဿနာများစွာ ရှိပါတယ်။
ဒီလိုပါ။ ပထမတချက်က ဘာလဲဆိုတော့ ICJ က ICC လို မဟုတ်ဘူး။ International Court of Justice လို့ခေါ်တယ်။ ကမ္ဘာ့ တရားရုံးလို့လည်းခေါ်ကြတယ်။ သူက ကုလသမဂ္ဂရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်။ အဲဒီတော့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေ စံထားချက်တွေ လုပ်ငန်းစဉ်တွေ ဆက်စပ်နေဖို့ လိုတယ်။
အဲဒီ ဆက်စပ်နေရင်းကနေပြီးတော့မှ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် ထိုင်ခုံမှာ ဆက်ရှိထားတဲ့ကိစ္စကို ICJ က ကြည့်ဖို့လိုတယ်။ NUG က ထောက်ပြတာ မှန်တယ်လို့မြင်တယ်။ ဒါက ICJ မှာ တာဝန်ရှိတယ်။ ဒါက ICJ မှာ တာဝန်ရှိတဲ့ ပထမအချက်။
ဒုတိယအချက်က ဘာလဲဆိုရင် နိုင်ငံတကာက လက်ခံထားတဲ့ နိုင်ငံတကာဥပဒေရှိတယ်။ Article 141 မှာ ဘာပြောထားလဲဆိုရင် အများပြည်သူရှေ့မှာ မျှတတဲ့ ကြားနာစေခြင်း ဖြစ်ရမယ်။ ICJ က ကျိန်းသေသိတယ်။ အဲဒါ ဘာလဲဆိုတော့၊ နောက်ဆုံး တရားခွင်မှာ လာရောက်ထုချေခဲ့တာက မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့တာ။ အခုတခါ စစ်ကောင်စီအာဏာသိမ်းတာ သူတို့သိတယ်။ စစ်ကောင်စီဘက်က ကိုယ်စားလှယ်လာတာလည်း သူတို့သိတယ်။ ဒီကြားထဲမှာ လုပ်ငန်းစဉ်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်မခံဘဲနဲ့ NUG ကလည်း အပြိုင်တင်သွင်းထားရဲ့သားနဲ့ ဘာမှ စစ်ဆေးကြားနာမှုမရှိဘဲနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကျတော့မှ၊ ကြားနာပွဲကျမှ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ကဲ … မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ ပြောပါဆိုပြီး တင်လိုက်တာမျိုးဟာ နိုင်ငံတကာဥပဒေရဲ့ စံထားချက်ဖြစ်တဲ့ Fair in public hearing နဲ့ ဆန့်ကျင်တယ်လို့မြင်တယ်။
ICJ ရဲ့ တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် ၃၁ ဆိုတာရှိတယ်။ အပိုဒ် ၃၁ မှာ လုပ်ထုံးလုပ်နည်းနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိလာခဲ့သည်ရှိသော် တရားရုံး ဥက္ကဋ္ဌကနေ ဘက် ၂ ဘက်ကိုခေါ်ပြီးတော့ မေးမြန်းလို့ ရတယ်။ အဲဒီလုပ်ထုံးလုပ်နည်းကို ဥက္ကဋ္ဌက မသုံးဘူး။ သူ့ဖာသာ ဆုံးဖြတ်ပြီးတော့ပဲ လုပ်သွားလိုက်တာ။
ဗိုလ်ကြီးအုန်းကျော်မြင့်တို့ အမှုကိုစစ်တဲ့အခါမှာ ဦးကိုယုက ဗိုလ်ကြီးအုန်းကျော်မြင့်ဘက်က လိုက်တယ်။ တရက်ကျတော့ တရားရုံးက ဘာလုပ်လဲဆိုတော့ ရုံးခေါ်သက်သေကို ခေါ်လိုက်တယ်။ ရုံးက ခေါ်ခွင့်ရှိတယ်။ ဒါပေမယ့် တရားခံဘက်ကို အသိမပေးဘူး။ သက်သေရုံးရှေ့ရောက်လာတယ်။ ဦးကိုယုက ချက်ချင်းကန့်ကွက်တယ်။ တရားရုံးခင်ဗျာ၊ ဒီသက်သေက ကျနော်တို့မသိဘဲ ဘာလို့ခေါ်လိုက်တာလဲ။ ဒါဟာ ပြည်တွင်းတရားရုံး သေးသေးလေးနော်။ တရားရုံးက ခေါ်ခွင့်ရှိတယ်နော်။
ခေါ်တဲ့လုပ်ငန်းစဉ်က ရှင်းရှင်းလင်းလင်း မရှိဘူး။ လူထုရှေ့မှာမဖြစ်ဘူး။ ကနေ့ ICJ က အဲဒါကို ကျူးလွန်လိုက်တယ်။ နောက်တချက်က ခက်တာကလည်းပဲ၊ တဖက် အမှုသည်ဖြစ်တဲ့ ဂမ်ဘီယာကလည်း ဒီကိစ္စကို မထောက်ပြဘူး။ ဂမ်ဘီယာကလည်း အလွယ်တကူ လက်ခံလိုက်တယ်။ ဘာ့ကြောင့်လက်ခံလိုက်တာလဲ စဉ်းစားစရာ ဖြစ်တယ်။
သို့သော် ခေါ်တဲ့လုပ်ငန်းစဉ်က ရှင်းရှင်းလင်းလင်း မရှိဘူး။ လူထုရှေ့မှာမဖြစ်ဘူး။ ကနေ့ ICJ က အဲဒါကို ကျူးလွန်လိုက်တယ်။ နောက်တချက်က ခက်တာကလည်းပဲ၊ တဖက် အမှုသည်ဖြစ်တဲ့ ဂမ်ဘီယာကလည်း ဒီကိစ္စကို မထောက်ပြဘူး။ ဂမ်ဘီယာကလည်း အလွယ်တကူ လက်ခံလိုက်တယ်။ ဘာ့ကြောင့်လက်ခံလိုက်တာလဲ စဉ်းစားစရာ ဖြစ်တယ်။ ဂမ်ဘီယာဘက်က အာဏာသိမ်းတာလည်း သိတယ်။ အမှုသည် ပြောင်းသွားတာလည်း သိတယ်။ မကန့်ကွက်ဘူး။ ရိုသေစွာနဲ့တောင် လျှောက်ထားချက်မတင်ဘူး။
ဘာကြောင့်လဲဆိုတော့ NUG အပေါ်မှာ သံသယ ရှိလာတယ်။ NUG ဘက်က ကိုယ်စားပြုမှုတော့ တောင်းတယ်။ ကောင်းတယ်၊ သိပ်ကောင်းပါတယ်။ ဒါပေမယ့် စီရင်ပိုင်ခွင့်ကို လက်ခံရမယ်ဆိုတာကို ဘာကြောင့် လက်ခံရမယ်ဆိုတာကို NUG ဘက်က တင်တာ မတွေ့ရဘူး။ နောက်တခုက ပိုဆိုးတာ Manage of the case လို့ခေါ်တာပေါ့။ တကယ်လို့ ဂမ်ဘီယာတင်တဲ့အတိုင်း အမှုက ဆက်သွားမယ်၊ စီရင်ပိုင်ခွင့်ရှိတယ်လို့ လက်ခံလိုက်ရင် အမှုက ဆက်စစ်တော့မယ်ဆိုရင် အမှုရဲ့ အနှစ်သာရကို NUG ဘက်ကပြောတာကို ဂမ်ဘီယာကများ သံသယရှိလို့လားပေါ့။ အဲဒီလို အခြေအနေမျိုး ကျနော်တို့တွေ့ပါတယ်။
မေး။ ။ ရိုးရိုးသာမန်ပြည်သူတွေ အတွက်ကတော့ တရားရုံးမှာ ရင်ဆိုင်နေရတာက စစ်ကောင်စီ ကိုယ်စားလှယ်လို့ပဲ ပြောရမှာပေါ့။ သူတို့အနေနဲ့က တရားရင်ဆိုင်နေရတယ်ပဲ မြင်တဲ့အခါကျတော့ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်မှုတွေကရော ဒီအမှုအပေါ်မှာ ဘယ်လောက်ထိ လွှမ်းမိုးမှုရှိမလဲ။
ဖြေ။ ။ တကယ်တမ်းအားဖြင့်တော့ တရားရုံးတို့ရဲ့သဘာဝက တရားမျှတမှုကို ရှာဖွေရတာပါ။ တရားမျှတမှုကို ရှာဖွေရတဲ့အခါမှာ သက်သေခံဥပဒေအရ အမှုမဖြစ်ခင်၊ အမှုဖြစ်နေဆဲ၊ အမှုဖြစ်ပြီးတာနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေအပေါ်မှာ စဉ်းစားသင့်တယ်။ သို့သော်လည်းပဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ICJ တရားရုံးကြီးကနေ လုံးဝ ထည့်သွင်းစဉ်းစားပေးဖို့ မရှိဘူး။ ဒါ လုံးဝ စိတ်မကောင်းစရာ။ သက်သေက ဘာတွေ့ရလဲ၊ လုံးဝ ထည့်သွင်း မစဉ်းစားတဲ့အပြင်၊ တရားရုံးတို့ရဲ့ သဘောသဘာဝအရ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့အညီ မသွားဘဲနဲ့ စစ်ကောင်စီကို အလွယ်တကူ လက်ခံလိုက်တဲ့ ကိစ္စဟာ တရားရုံးပေါ်မှာ နောက်ပိုင်းဖြစ်ရပ်တွေက မလွှမ်းမိုးဘူးဆိုတာ အတိအကျပြလိုက်တာပဲ။
မေး။ ။ ဆိုတော့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒီအမှုက ဘယ်လောက်အထိ တရားမျှတမှု ယူဆောင်လာနိုင်မလဲ။ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ။
ဖြေ။ ။ ကျနော်တို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ လူထုအားလုံးနဲ့ဆိုင်မယ်လို့ ယူဆပါတယ်။ ပထမအချက်က ဘာလဲဆိုတော့ တနိုင်ငံလုံး စဉ်းစားချက်နဲ့ ရပ်တည်ချက် ပြောင်းဖို့လိုပါတယ်။
ဘက် ၂ ဘက်ရှိတယ်။ ပထမဘက်က ဘာလဲဆိုတော့ နိုင်ငံရဲ့ အကျိုးစီးပွားအခြေခံမူနဲ့ ရပ်တည်ဖို့က ဘက်တဘက်ဖြစ်တယ်။ နောက်ဘက်တဘက်က လူသားစိတ်ဓာတ်အခြေခံတဲ့ တရားမျှတမှုက တဖက်ဖြစ်တယ်။ ကျနော်တို့ပြန်ကြည့်လိုက်တဲ့အခါကျတော့ စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံဆိုတဲ့ ဘက်က စဉ်းစားခဲ့ကြတာ များတယ်။ ဒါ နိုင်ငံအကျိုးပဲ၊ နိုင်ငံကို ခုခံတာဖြစ်တယ်။ မြန်မာနိုင်ငံဘက်က နိုင်ရမယ်၊ ဂမ်ဘီယာရှုံးရမယ်။ တကယ်တော့ အဲဒီတုန်းက ရပ်တည်ချက်က ကျနော့်အမြင် ပွင့်ပွင့်လင်းလင်းပြောရရင် မှန်ခဲ့တာ မဟုတ်ပါဘူး။
ကနေ့မှာ အဲဒီရပ်တည်ချက်ကို ပြန်စဉ်းစားဖို့ လိုမယ်။ ရိုဟင်ဂျာ လူထုတွေအပေါ်မှာ လူသားစိတ်ဓာတ်အခြေခံတဲ့ တရားမျှတမှုဘက်ကို ပြောင်းလဲရပ်တည်ဖို့ လိုပါတယ်။
ဒီလို ပြောင်းလဲရပ်တည်မယ်ဆိုရင်တော့ဖြင့် ရိုဟင်ဂျာလူထုအတွက် တရားမျှတမှု ရှာဖွေရေး မျှော်လင့်ချက်က လက်တွေ့အများကြီး နီးစပ်လာနိုင်ပါတယ်။
မေး။ ။ အခုလိုမျိုး အပြည်ပြည်ဆိုင်ရာ တရားဥပဒေခုံရုံးတွေရဲ့ အဆီအငေါ်မတည့်မှုတွေ၊ နောက်ပြီးတော့ အချိန်ကြန့်ကြာမှုတွေ၊ ငြင်းဆိုမှုတွေကို ကြည့်လိုက်ရင် ပြည်တွင်းဖိနှိပ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ယန္တရားတွေက တရားမျှတမှု သယ်ဆောင်ယူလာမယ်ဆိုတဲ့ အချက်က မျှော်လင့်ချက် အမှားတခုလို့ ဆိုနိုင်မလား။
ဖြေ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါ။ ကျနော်က တခွန်းတည်းနဲ့ ပြောမယ်ဆိုရင်တော့ ဒါဟာ မျှော်လင့်ချက်အမှား မဟုတ်ပါဘူး။ ဘယ်လိုမှ မျှော်လင့်ချက်အမှား မဟုတ်နိုင်ပါဘူး။ ဘာနဲ့ဆိုင်လဲဆိုရင် နိုင်ငံတကာ တရားစီရင်ရေး ယန္တရားတွေကို ဘယ်လိုချဉ်းကပ်မလဲ။ အဲဒါနဲ့ အဓိကဆိုင်ပါတယ်။ ဒီဘက်ကနေ အခြေခံက အဓိက စဉ်းစားဖို့လိုပါတယ်။
ကျနော်တို့ပြန်ကြည့်တဲ့ အခါကျတော့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် ပြီးတဲ့ကာလကတော့ ထားပါတော့၊ သိပ်ကြာသွားပြီ။ ၈ လေးလုံး ပြီးတဲ့ အချိန်ကနေ စပြီးတော့မှ ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကြိုးစားရမယ့် အစား အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှုထောင့်ကနေ ချဉ်းကပ်ခဲ့ကြတာ။ ဘယ်တုန်းကမှ နိုင်ငံရေး ခေါင်းဆောင်ကြီးများအနေနဲ့ စစ်ကောင်စီကို အရေးယူဖို့အတွက် မကြိုးစားခဲ့ကြဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို အပြစ်မပေးနိုင်ဘူး။
ပြစ်မှုကြီးတွေ ကျူးလွန်ထားတဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေကို အရေးယူဖို့ ကြိုးစားရမယ့် အစား အမျိုးသား ပြန်လည်သင့်မြတ်ရေး ရှုထောင့်ကနေ ချဉ်းကပ်ခဲ့ကြတာ။ ဘယ်တုန်းကမှ နိုင်ငံရေး ခေါင်းဆောင်ကြီးများအနေနဲ့ စစ်ကောင်စီကို အရေးယူဖို့အတွက် မကြိုးစားခဲ့ကြဘူး။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို အပြစ်မပေးနိုင်ဘူး။
အမျိုးသား ပြန်လည်သင့်မြတ်ရေး သွားတဲ့အခါမှာ ပြစ်မှုကြီးတွေ ကျူးလွန်ခဲ့တဲ့သူတွေကို အပြစ်မပေးနိုင်ဘူး ထားဦးတော့၊ တခုတော့ လုပ်ရမယ်။ အဲဒါ ဘာလဲဆိုတော့ နောင်အလားတူ ပြစ်မှုတွေ မကျူးလွန်အောင် တိုင်းပြည်အဆောက်အအုံတွေ ဖြစ်တဲ့ တရားစီရင်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းတွေကို ပြောင်းလဲပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ရမယ်။ ဆိုလိုတာက တပ်မတော်လား၊ ထောက်လှမ်းရေးလား၊ လုံထိန်းအဖွဲ့တွေလား၊ ရဲတပ်ဖွဲ့လား။ Institutional reform ပေါ့။ အဲဒါတွေ လုပ်နိုင်ခဲ့ရမှာ ဖြစ်တယ်၊ မလုပ်နိုင်ခဲ့ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်မှာ မလုပ်နိုင်ခဲ့ဘူး။
ဒုတိယအချက်အနေနဲ့ ပြစ်မှုကြီးတွေ ကျူးလွန်ခံခဲ့ရတဲ့သူတွေအတွက်ရော၊ ဘဝနစ်နာခဲ့မှုတွေကို ဘာမှ ကုစားမပေးနိုင်ခဲ့ဘူး။ အဲဒီတော့ ဘာဖြစ်သွားလဲဆိုတော့ စစ်ခေါင်းဆောင်တွေ အဆက်ဆက်က နိုင်ငံတော်အဆင့် ပြစ်မှုကြီးတွေ ကျူးလွန်ပြီးတော့ လွတ်ကင်းခွင့်ရနေတယ်ဆိုပြီး ပိုရဲတင်းလာကြတယ်၊ ပိုကျူးလွန်လာကြတယ်။
ဆိုလိုချင်တာက လွတ်ကင်းခွင့် ရတဲ့ အခြေအနေကို ထိထိရောက်ရောက် အရေးမယူလာခဲ့ကြတာ၊ မကြိုးစားခဲ့ကြဘဲနဲ့ တနည်းတဖုံ ပံ့ပိုးပေးခဲ့ကြတာ ဖြစ်တယ်။ ဖုံးကာပေးကြလို့ဖြစ်တယ်။ အဲဒီတော့ တပ်မတော်စစ်ခေါင်းဆောင်တွေက လက်ရဲဇက်ရဲ ဆက်လုပ်ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ နောက်ဆုံးက ရိုဟင်ဂျာလူထု ၇ သိန်းကျော်၊ တသန်းလောက်ဖြစ်ချင်ဖြစ်သွားမယ်၊ အဲဒီလောက်အထိအောင် ကျူးလွန်တာကိုတောင်မှ တပ်မတော်ကို ဆက်ပြီး ကာကွယ်ပေးခဲ့ကြတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင်အထိ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေကို မြန်မာနိုင်ငံအနေနဲ့၊ ပါတီကြီးများအနေနဲ့၊ ခေါင်းဆောင်ကြီးများအနေနဲ့ အားကိုးခဲ့ကြတာ၊ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ မရှိပါဘူး။
တွင်းတူးနေအောင်မိုက်တယ်လို့ ပြောရမှာပေါ့။ တွင်းတူးနေအောင်မိုက်တဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ခေါင်းဆောင်တစုဟာ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းပြောင်းလဲစေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာစေတနာတွေနဲ့ မတန်ဘူးလို့ပြောရမယ်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းလဲစေချင်တယ်၊ စစ်ခေါင်းဆောင်တွေကို လမ်းဖွင့်ပေးခဲ့တယ်၊ အကာအကွယ်ပေးခဲ့တယ်။ ဒီနိုင်ငံတော် ရာဇဝတ်ကောင်တွေက ကျေးဇူးမသိတတ်ဘူး။ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းပြောင်းသွားတာ မလိုချင်ဘူး။ အာဏာဆက်ကိုင်ထားဖို့ပဲ အဓိကပဲဖြစ်တယ်။ ခွေးတောင်မှ အစာကျွေးတဲ့လက်ကို မကိုက်ဘူး။ အခု ကိုက်ရုံတင်မကဘူး၊ လူကို အန္တရာယ်ပြုတယ်၊ တနိုင်ငံလုံးကိုပါ အန္တရာယ်ပြုနေပြီ။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြောင်းလဲစေချင်တယ်၊ စစ်ခေါင်းဆောင်တွေကို လမ်းဖွင့်ပေးခဲ့တယ်၊ အကာအကွယ်ပေးခဲ့တယ်။ ဒီနိုင်ငံတော် ရာဇဝတ်ကောင်တွေက ကျေးဇူးမသိတတ်ဘူး။ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းပြောင်းသွားတာ မလိုချင်ဘူး။ အာဏာဆက်ကိုင်ထားဖို့ပဲ အဓိကပဲဖြစ်တယ်။ ခွေးတောင်မှ အစာကျွေးတဲ့လက်ကို မကိုက်ဘူး။
ကြည့်ပါ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပြည်လုံးမှာ ဖြစ်နေတဲ့အခြေအနေတွေကို ပြန်ကြည့်ပါ။ အခုလည်းပဲ မြန်မာနိုင်ငံထဲမှာ အဓိကကျတဲ့ နိုင်ငံရေးအင်အားစုကြီးတွေက နိုင်ငံတကာ တရားစီရင်ရေး ယန္တရားကို တကယ်တမ်း အားကိုးမလား၊ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မလား။
ပြီးခဲ့တဲ့ရက်ပိုင်း ICJ ကြားနာပွဲမှာ စစ်ကောင်စီရှေ့နေတွေ ထောက်ပြသွားတဲ့၊ ဂမ်ဘီယာဟာ UNFFM အစီရင်ခံစာတခုကိုတည်းပဲ အားကိုးလွန်းနေတယ်၊ ဂမ်ဘီယာကိုယ်တိုင်က UNFFM အစီရင်ခံစာထဲမှာ ပါတဲ့ အချက်တွေ ဘယ်လောက်မှန်လဲဆိုတာကို လေ့လာစစ်ဆေးခဲ့ခြင်း မရှိဘူးတဲ့။ ထောက်ပြသွားတယ်။ ဒါ စိုးရိမ်စရာရှိတယ်။ တကယ်တမ်းကျတော့ UNFFM ရဲ့ အစီရင်ခံစာက အမှုရဲ့ အခြေခံကို တည်ဆောက်နိုင်လောက်အောင် အကြောင်း အထောက်အထား ရှိနေပါပြီ။ လိုအပ်ချက်တွေ ထပ်တင်နေသေးတယ်။ ဒီမှုခင်းမျိုးက သိပ်ကြောက်စရာကောင်းတယ်။ Genocidal Intent မရှိဘူးဆိုရင် အမှုက ပိတ်သွားနိုင်တယ်၊ အမှုရဲ့ အနှစ်သာရကို စစ်တဲ့အချိန်မှာ။
ဒါကြောင့် အခုက ပြောင်းပြန်စဉ်းစားရတော့မယ်။ မြန်မာနိုင်ငံဘက်က နိုင်တယ်ဆိုပြီးတော့ စစ်ကောင်စီ နိုင်သွားရင် အရူးလက်ထဲ လူသတ်လက်နက် သွားထည့်သလို ဖြစ်မယ်။ ဝရဇိန်လက်နက် သွားထည့်သလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ လိုအပ်ချက်တွေကို ထပ်ဖြည့်ပြီးတော့ ဂမ်ဘီယာဘက်က အမှုနိုင်အောင်ပံ့ပိုးသွားဖို့ပဲ လိုတယ်။ ဘယ်သူပံ့ပိုးပေးမလဲ။
တရားရုံးဘက်က ချပေးတဲ့ ကြားကာလဆိုင်ရာ ဆောင်ရွက်ချက်အမိန့်တွေကို စစ်ကောင်စီက ဘယ်တော့မှ လိုက်နာမှမဟုတ်ဘူး။ ဒါသိပ်ရှင်းတဲ့ အချက်ပဲ။ အဲဒီတော့ အပြိုင်တင်နေတဲ့ NUG ဘက်က လိုက်နာပြဖို့ပဲ။ ဘယ်လို လိုက်နာမလဲ။ ဖက်ဒရယ်အဆင့်မှာ NUG အစိုးရရှိတယ်။ ရခိုင်ပြည်နယ်မှာ ULA/AA ရှိတယ်။ ULA/AA က ဖွဲ့စည်းပေးထားတဲ့ အစိုးရရှိတယ်၊ အုပ်ချုပ်ရေး ယန္တရားရှိတယ်၊ သိပ်ကောင်းတာပဲ။ အဲဒီတော့ ဖက်ဒရယ်အဆင့် NUG အစိုးရနဲ့ ပြည်နယ်အဆင့် ULA/AA အစိုးရတို့ ပေါင်းပြီးတော့ လိုက်နာဆောင်ရွက်ပြလိုက်မယ်ဆိုရင် အမှန်တရား ပေါ်လာပြီးတော့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားအတွက်လည်း ကောင်းတယ်၊ ရိုဟင်ဂျာတွေ အတွက်လည်း ကောင်းတယ်။ တိုင်းပြည်အတွက်လည်း ကောင်းတယ်လို့ မြင်ပါတယ်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်
OIC က ကြိုးကိုင်နေ၍ အမှုကို လက်မခံသင့်ဟု ICJ တွင် စစ်ကောင်စီကိုယ်စားလှယ်ပြော
မြန်မာ ကန့်ကွက်ချက် လက်မခံရန် ICJ တွင် ဂမ်ဘီယာလျှောက်ထား
ICJ တွင် စစ်ကောင်စီကို ခုခံခွင့်ပေးခြင်းက အစဉ်အလာဆိုးကို ဖြစ်စေနိုင်
ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှုအတွက် ဘာသာရေးဆရာကို ဖမ်း