စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားသော နာမည်ကြီး အနုပညာရှင် အချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့်အတူ ပြန်လွှတ်ပေးခဲ့သော်လည်း သရုပ်ဆောင် ရဲတိုက်နှင့် အဆိုတော် ပိုပို အပါအဝင် အခြားသော အနုပညာရှင်များ လွတ်မြောက်ခြင်း မရှိသေးပေ။
သရုပ်ဆောင် ရဲတိုက်အား ပြီးခဲ့သည့် မတ် ၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ ၂ ဦး ပျက်ကွက်သောကြောင့် ၎င်း၏ စစ်ဆေးရန် ကျန်ရှိနေသည့် မူးယစ်စေတတ်သော ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆ (ဂ) ကို မစစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
သို့သော် အဆိုပါ ရုံးချိန်းတွင် ရဲတိုက်က ၎င်းအနေဖြင့် လွတ်ငြိမ်းခွင့်တွင် ပါဝင်ချင်သောဖြင့် အမှုကို မြန်မြန် စစ်ဆေးပေးစေလိုကြောင်း တရားသူကြီးထံ တိုက်ရိုက် တောင်းဆိုခဲ့သည်ဟု ၎င်း၏ရှေ့နေထံမှ သိရသည်။
တရားလွှတ်တော် ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “သူ (ရဲတိုက်) က မတ် ၂ ရက်ကို မျှော်လင့်တာတော့ မဟုတ်ဘူး။ သင်္ကြန်မတိုင်ခင်မှာ လွတ်ငြိမ်းခွင့် လာနိုင်တဲ့အတွက် သူ့အနေနဲ့ ပြစ်ဒဏ်ကျပြီးသားဖြစ်ရင် လွတ်ငြိမ်းခွင့်ထဲမှာ ပါနိုင်တယ်ပေါ့။ ဒါကြောင့် ဒီအမှုကို မြန်မြန်လေး စစ်ဆေးပေးဖို့ သူကိုယ်တိုင် တရားသူကြီးကို တင်ပြပါတယ်။ တရားသူကြီးကလည်း ဒါကို မြန်မြန် စစ်ဆေးပေးမယ်လို့လည်း ပြောပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့်အပတ် ရုံးချိန်းတွင် ရဲတိုက်၏ ၁၆ (ဂ) အမှုအတွက် တရားလိုပြသက်သေ ၂ ဦးနှင့် အမှုစစ် ဒုရဲအုပ်ကို စစ်ဆေးရန် ရှိသော်လည်း အမှုစစ် ဒုရဲအုပ်သည် ဘုရင့်နောင်နယ်မြေရဲစခန်းမှ နေပြည်တော်သို့ အပြီးပြောင်းရွှေ့သွားသည့်အတွက် ရုံးချိန်းမလာနိုင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အတူ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုရမည့် တပ်ကြပ်ကြီးတဦးကလည်း နေပြည်တော်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေရသည့်အတွက် နောက်တပတ် ရုံးချိန်းသို့ ထပ်မံ ချိန်းဆိုခဲ့ရကြောင်း သိရသည်။
ရဲတိုက်၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ရှေ့နေ ဦးခင်မောင်မြင့်က “ရုံးထွက်တဲ့နေ့တိုင်း ရဲတိုက်နဲ့ တွေ့ပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။ ထောင်တွင်း ဆေးရုံမှာ တင်ထားတာကလည်း ဦးနှောက်ကျုံ့ပြီး ရုတ်တရက် နှလုံးခုန်ရပ်ပြီး ၂ နာရီလောက် သတိလစ် မေ့မြောသွားတဲ့အတွက် နောက်တကြိမ်များ ထပ်ဖြစ်ခဲ့ရင် ချက်ချင်း ဆေးကုသမှု ခံယူနိုင်ဖို့ ထားရှိတာ ဖြစ်ပါတယ်။ ကြီးကြီးမားမား ရောဂါဝေဒနာ တစုံတရာရှိလို့ ထားတာမဟုတ်ပါဘူး” ဟု ဆိုသည်။
ရဲတိုက်၏ မိသားစုဝင်များက အခြားအနုပညာရှင်များနည်းတူ ရဲတိုက်ကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်သည့် ဆန္ဒ ရှိကြောင်း ဧရာဝတီကို ပြောသည်။
ရဲတိုက်သည် ပုဒ်မ ၅၀၅-က အမှု လွတ်ငြိမ်းခွင့်တွင် မပါဝင်သေးသလို၊ လက်ရှိ ၁၆ (ဂ) အမှုကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ၎င်းအား ၂၀၂၁ ဧပြီ ၃ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ရဲတိုက်၏ ရင်းနှီးသူ မိတ်ဆွေတဦးက ရဲတိုက်၏ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ ကောင်းနေသော်လည်း စိတ်ပိုင်းဆိုင်ရာအရ စိတ်ဓာတ်ကျသွားမည်ကို စိုးရိမ်မိကြောင်း ဧရာဝတီကို ပြောသည်။
ရဲတိုက်၏ မိတ်ဆွေက “လောလောဆယ်တော့ ကျန်းမာရေးအခြေအနေ ကောင်းတယ်။ ဒါပေမယ့် သူက နဂိုကတည်းက စိတ်ကျရောဂါ အခံရှိတယ်။ ဒီလိုမျိုး အနုပညာရှင်တွေကို လွှတ်လိုက်တဲ့အခါမှာ သူ့အနေနဲ့က Depression ဝင်သွားမှာ စိုးရိမ်တယ်။ ပြီးခဲ့တဲ့ အခေါက်တုန်းက အင်းစိန်ထောင်ထဲမှာ မူးလဲသွားတယ်။ ပြီးတော့ CT Scan ရိုက်ကြည့်တော့ ဦးနှောက်ကျုံ့တယ်ဆိုတာ တွေ့တယ်။ အဲဒီတော့ စိတ်ပူမိတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်၍ “သူ့ကို အမြန်ဆုံး လွတ်စေချင်တယ်။ အခြားလူတွေလိုပဲ လွတ်လွတ်လပ်လပ် နေစေချင်တယ်” ဟု ဆိုသည်။
ရဲတိုက်နည်းတူ မလွတ်မြောက်သေးသည့် အင်းစိန်ထောင်တွင်းရှိ အဆိုတော် ပိုပိုမှာ ကျန်းမာရေး ကောင်းမွန်သည်ဟု သိရပြီး မိသားစုဝင်များနှင့် ရင်းနှီးသည့် မိတ်ဆွေများက ပိုပိုအား အမြန်ဆုံး လွတ်မြောက်စေချင်သည်ဟု ပြောဆိုသည်။
“ပိုပိုက အထဲမှာတော့ နေကောင်း ကျန်းမာတယ်။ သူအမြန်ဆုံး အိမ်ပြန်ချင်နေပြီ။ ပရိသတ်တွေကိုလည်း သူလွမ်းတယ်။ သူ့အိမ်ကိုလည်း သူလွမ်းတယ်။ အမြန် (အိမ်) ပြန်ချင်နေတယ်” ဟု ပိုပို၏ မိသားစုဝင် တဦးက ဧရာဝတီကို ပြောသည်။
၎င်းက ဆက်၍ “ခံစားရတာပေါ့။ ညီမတို့က အနီးကပ်နေခဲ့သူဆိုတော့ ပိုဆိုးတာပေါ့။ သူက အရမ်းအားငယ်တတ်တဲ့သူ ဆိုတော့ တခုခုဆို ငိုနေမှာပဲလို့ စိုးရိမ်မိတယ်။ အမြန်တော့ လွတ်စေချင်မိတယ်” ဟု ပြောသည်။
အဆိုတော် ပိုပိုအား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သည် ဟုဆိုကာ စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလဆန်းပိုင်းတွင် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်တွင် ဧပြီ ၁၅ ရက်၌ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေ ရသော ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ မောင်သာချိုနှင့် ဦးထင်လင်းဦး စသူတို့လည်း ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပေ။