စစ်တပ်က တိုင်းပြည်အာဏာ အဓမ္မသိမ်းယူလိုက်တဲ့ အချိန် တတိုင်းပြည်လုံး အာဏာရှင်စနစ်ရဲ့ ဘေးဒုက္ခဆိုးကျိုးတွေကို ကြုံတွေ့ ခံစားနေကြရသလို သတင်းမီဒီယာသမားတွေလည်း ရင်ဆိုင်ခံစားနေကြရပါတယ်။
အာဏာစသိမ်းချိန်ကတည်းက စစ်တပ်က လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေကို စီးနင်းတာ၊ သတင်းထောက်တွေကို လိုက်လံဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ မတရားပုဒ်မတွေတပ်ပြီး ထောင်သွင်း အကျဉ်းချတာတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိချိန်ထိလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။
လွတ်လပ်တဲ့ သတင်းမီဒီယာတိုက်တွေနဲ့ သတင်းထောက်တွေဟာ အာဏာရှင် စက်ကွင်းကလွတ်မြောက်အောင်ကြိုးစားပြီး အခက်အခဲ အကြပ်အတည်းတွေကြားကနေ သတင်းတွေကို ဖော်ထုတ်တင်ပြနေကြပါတယ်။
ဒီအထဲမှာမှ အသက်အန္တရာယ်၊ လုံခြုံရေးနဲ့ မိသားစု ရပ်တည်ရေး အခက်အခဲတွေကြားမှာ ကလောင်တံကို ကိုင်ဆွဲပြီး သတင်းလုပ်ငန်းကို ဆက်လုပ်နေကြတဲ့ အမျိုးသမီး သတင်းထောက်တွေရဲ့ ဘဝဟာလည်း ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။
မအေးမိစံကတော့ သတင်းထောက်သက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီး ရုပ်သံသတင်းထောက်တဦးပါ။ ကလေး ၂ ယောက်ရဲ့ မိခင်လည်းဖြစ်ပြီး မိသားစုဘဝ လုံခြုံရေး၊ ကလေးတွေရဲ့ အနာဂတ်နဲ့ ရပ်တည်ရေး အကြပ်အတည်းတွေကြားမှာ ကလောင်တံ ကိုင်ဆွဲပြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့ အသံ (DVB) ရုပ်သံသတင်းထောက်ဖြစ်တဲ့ မအေးမိစံကို အာဏာသိမ်းပြီးတဲ့နောက် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဧရာဝတီက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
မေး ။ ။ အာဏာသိမ်းလိုက်ပြီလို့ သိတဲ့ အချိန်မှာ စိတ်ထဲ ဘယ်လို ဖြစ်သွားလဲ။
ဖြေ ။ ။ စပြီးတော့သိလိုက်တဲ့ အချိန်မှာ ဟာကနဲပဲပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ကျမရှေ့ပိုင်းမှာက အာဏာသိမ်းမယ်လို့ သဲ့သဲ့ သဲ့သဲ့ ကြားတော့ ဆိုရှယ်မီဒီယာပေါ်မှာ အကုန်လုံးက သိမ်းချင်ရင် အမှိုက်လာသိမ်းတို့ ဘာတို့ ဆိုတော့ သိမ်းမယ်လို့ မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေအနေက သူတို့ ၂၀၀၈ ခြေဥလည်း ဆွဲပြီးသွားပြီ အခြေအနေကလည်း ငြိမ်နေပြီ သူတို့ ဒီအတိုင်းပဲ ဆက်ပြီးသွားလို့ရှိရင် သူတို့ အတွက် အဲလောက် မိုက်လုံးကြီးမယ်လို့ မထင်ထားဘူး။ မထင်ထားတဲ့ အချိန်မှာ သိမ်းလိုက်တော့ ကျမတို့လည်း ရုတ်တရက် အရမ်းကို အံ့အားသင့်ပြီးတော့ ကိုယ့်ရင်ဘတ်ထဲက အထဲက ကလီစာတွေ ဆွဲထုတ်လိုက်သလိုပဲ ဟာပြီးတော့ အဲတာဆို ဘာဆက်ဖြစ်မှာလဲပေါ့ ကျမတို့က စစ်အာဏာရှင်အောက်မှာ ကြီးရတဲ့ အခါကြတော့ ဒီရဲ့ ဒုက္ခ သုက္ခဆိုးမွေကို သိတဲ့ အခါကြတော့ ငါတို့တော့ သွားပြီပေါ့။ အဲဒါဆို ဘာဆက်ဖြစ်တော့မှာလဲဆိုပြီး အနာဂတ်ကိုလည်း မတွေးရဲဘူး။ ဒါပေမယ့် ကျမတို့က သတင်းထောက်ဆိုတော့ ကိုယ့်ကင်မရာကို ကိုင်ပြီးတော့ပဲ ဒီသတင်းမီဒီယာနဲ့ပဲ ငါဘာဆက်လုပ်ရမလဲပေါ့။ အဲဒီ အခြေအနေတခုကို စောင့်ပြီးတော့ပဲ စလှုပ်ရှားရတဲ့ အခြေအနေမှာ ကျမ မြေပြင်ကို ထွက်ပြီး ရိုက်ကူးရေးလုပ်တာပေါ့။
မေး ။ ။ အာဏာသိမ်းမှု ဂယက်ကြောင့် ဘယ်လောက်ထိ အခက်အခဲဖြစ်ခဲ့လဲ။
ဖြေ ။ ။ ကျမအနေနဲ့ကတော့ အများပြည်သူလိုပဲ အိုးပျက် အိမ်ပျက် တိုင်းပြည်ပါ စွန့်ခွာရတဲ့ အနေအထား သူတို့က အာဏာသိမ်းပြီး ဆိုကတည်းက သတင်းမီဒီယာ အကြီးတွေဖြစ်တဲ့ DVB တို့ Myanmar Now တို့ကို အာဏာမသိမ်းခင်ကတည်းက အငြိုးနဲ့ ရိုက်မယ်၊ နှက်မယ်လို့ အသံလွှင့်ထားတော့ အာဏာသိမ်းတော့ ကျမတို့ အတွက်က အန္တရာယ်က အကြီးကြီး ဖြစ်သွားပြီဆိုတော့ အဲဒီအခါမှာ ကျမတို့က ဒစ်ဂျစ်တယ်လွှင့်နေတဲ့ အခြေအနေကနေ သူတို့က ပလပ်ဆွဲဖြုတ်ပြီးတော့မှ ဒီမီဒီယာတွေကို ဖျက်သိမ်းတယ်ဆိုပြီးပြောတော့ ကျမတို့က အလိုလိုနေရင်းနဲ့ တရားမဝင်ဖြစ်သွားတယ်။ ဆိုတော့ ကျမတို့က အလိုလိုနေရင်းနဲ့ အပြစ်သားလို့ဖြစ်သွားတယ်။ ကျမတို့က သတင်းထောက်ဆိုတော့ သတင်းမရိုက်လို့လည်း မရဘူး။ ဒါသမိုင်း အချိုးအကွေ့ကြီးဆိုတော့ ကျမတို့က ရှောင်ဖယ်လို့ မရဘူး လုပ်ရမှာပဲ။ ကျမတို့ အသက်အန္တရယ်လည်း စိုးရိမ်ရတယ်။ အသက်အန္တရယ်ထက် စိုးရိမ်ရတာက ဘယ်ဟာမှ မကြီးတော့ဘူး။ ကျန်တဲ့ ဘဝတွေက အခက်အခဲပေါ့။ အခုဆိုလို့ရှိရင် ပြန်လို့ရမယ်ဆိုရင်တော့ ကျမတို့က ပြန်စရာ အိမ်လည်း မရှိတော့ဘူး။ အခြေအနေက အကုန်လုံး ပျက်သွားပြီ။
ကျမတို့က ဒီသတင်းထောက်လုပ်ခဲ့တာလည်း ဟိုးအရင်ကတည်းက ဦးသန်းရွှေလက်ထက် ယူဂျီဘဝနဲ့ စပြီးတော့ လုပ်ခဲ့တာဆိုတော့ အဲ့အခြေအနေကတည်းက ဘဝက မငြိမ်ဘူးပေါ့နော်။ အစအစအစကနေ ပြန်စနေရတာပေါ့။ အဲအချိန်တုန်းက တိုးတိုးတိတ်တိတ်လေး လုပ်ခဲ့ရတယ်။ ပြီးတော့ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်မယ်၊ ပြည်သူ့အစိုးရတက်မယ်ဆိုတဲ့ အခြေအနေမှာ သတင်းမီဒီယာတွေ ပြည်တွင်းထဲကို ပြန်စိုက်တော့ အဲဒီမှာ ဘဝ အသစ်က ပြန်စရတယ်။ ပြီးတော့ အခု တခါအာဏာထပ်သိမ်းပြီးတော့ ဘဝက အသစ်ကနေပြန်စရမယ်ဆိုတော့ ကျမတို့ အသက်အရွယ် ကျလာတယ်။ အဲဒီကြားထဲမှာ အသစ်က အသစ်ကဆိုတော့လေ လူက အနာဂတ်ကိုတောင် မမှန်းနိုင်တော့ဘူး။ ဆိုတော့ အခက်အခဲကတော့ ကြုံတယ်။ ကြုံတယ်ဆိုတာ ကျမတို့က တရားမဝင်သတင်းထောက် ဖြစ်သွားတဲ့ အခါကြတော့ မြေပြင်ကို ဆင်းရိုက်ရတဲ့ အခါကြရင် ကိုယ့်ကို ရိုက်နေရင်းမှာ သူတို့က ဝင်ပူးပြီးတော့ ဓားနဲ့ ထိုးသွားမလား။ ဝင်ပြီးခေါင်းကို ရိုက်သွားမလား။ ကျမတို့က Press ဦးထုပ်တွေ ဆောင်းထားရင်လည်း သူတို့က ပစ်မှတ်ထားပြီးတော့ လိုက်ဖမ်းတာ၊ ပစ်တာဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျမတို့ အတွက်က အန္တရာယ်က အကြီးကြီးပဲ။
ပြီးတော့မှတခါ ကျမတို့ရိုက်လိုက်တဲ့ မလေးက ပြန်လာတဲ့ အလုပ်သမားတွေသွားခေါ်တဲ့ဟာကို ကျမတို့ရိုက်ကူးရေးလုပ်လိုက်တော့ သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ အဲတာကို ကျမတို့ခေါင်းဆောင်ကို ၅၀၅ ထုတ်ပြီးတော့မှ ဝရမ်းထုတ်လိုက်တဲ့အခါကြတော့ ကျမတို့ နေလို့မရတော့ဘူး။ ကျမတို့ ထွက်ပြေးရတယ်။ ရှောင်တိမ်းရတာပေါ့။ အဲဒီမှာ ဖြတ်သန်းမှုကတော့ ဟိုးအရင် ဖြတ်သန်းရတာထက်ကို ၁၀ နှစ်လောက် အနှစ် ၂၀ လောက် ဖြတ်သန်းမှု အကြီးကြီးလိုခံစားရတယ်။ ဒါအာဏာသိမ်းပြီး ၂ နှစ် ၃ နှစ် အတွင်းမှာပေါ့နော်။
မေး ။ ။ အမျိုးသမီး သတင်းထောက်တွေက ပိုပြီးခက်ခဲမယ်ထင်ပါတယ်။
ဖြေ ။ ။ ဟုတ်တယ်။ သတင်းထောက်ချင်းတူတာတောင်မှ အမျိုးသားနဲ့ အမျိုးသမီးမတူဘူးလို့ကျမကပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ကိုယ်ကိုယ်တိုင်ဖြတ်သန်းရတာကိုး။ ကျမမှာ သမီးလေးတွေရှိတယ်။ သမီးလေးတွေ ကလည်း ကျမတို့က ဘဝကိုထူထောင်ရတာက ပုံစံတကျ မထူထောင်ရတဲ့ အခါကြတော့ ကလေးရတာ နောက်ကျတယ်။ နောက်ကျတော့ ကလေးတွေက လူမမယ်ကလေးတွေပဲရှိသေးတယ်ဆိုတော့ အာဏာသိမ်းပြီးတော့ ကျမတို့က တရားဝင် သတင်းထောက် မဟုတ်တဲ့ အခါကြတော့ မနက်ပိုင်း ရိုက်ကူးရေးထွက်လို့ရှိရင် ညပိုင်းကြတော့ ရှောင်အိပ်ရတယ်။ မိသားစုက အဲဒီကတည်းက ဖရိုဖရဲ ဖြစ်နေပြီ။ ပြိုကွဲနေပြီ။ နောက်တခါ ကျမတို့ကို ဝရမ်းထုတ်လိုက်တဲ့ အခါကြတော့ တောထဲမှာ ရှောင်လိုက်ရတယ်။ လွတ်မြောက်နယ်မြေ တောထဲမှာလည်း ၂ လသွားနေရတော့ ကလေးတွေကို အမေတွေ အဖေတွေရွာတွေမှာ လိုက်ပြီးတော့ ထားခဲ့ရတယ်။ ကစဉ့်ကလျားအကုန်ဖြစ်ကုန်တာပေါ့။ အဲဒီစိတ်နဲ့တောထဲမှာ နေတော့လည်း ကျမအဆင်မပြေဘူး။
နောက်ပြီးတော့ တောထဲမှာလည်း နေရာထိုင်ခင်း အသစ်နဲ့ လုပ်ငန်းကိုင်ငန်း အရ သတင်းမီဒီယာ တင်ဆက်ရတာကိုက အဆင်ပြေတဲ့ လုပ်ငန်းခွင်သာယာနေတဲ့ အဆင့်မဟုတ်တဲ့ အခါကြတော့ အဲဒီစိတ်က တမျိုး အာဏာသိမ်းလို့ မြေပြင်မှာ စစ်တပ်က ပြည်သူတွေကို သတ်ဟယ်၊ ဖြတ်ဟယ်နဲ့ လုပ်နေတဲ့ အပေါ် စိတ်ကတမျိုး နောက် ကိုယ့်မိသားစု ဖရို၊ ဖရဲ လူမမယ်သမီးလေးတွေထားခဲ့ရတဲ့ စိတ်ကတခုဆိုတော့ ပြောမယ်ဆိုရင် အဲဒီကာလက ငရဲဘဲ ကျမတောထဲမှာ ငိုရတယ်။ ညဘက် အိပ်မပျော်ဘူး။ ဒီလိုကာလတွေ ပြန်တွေးလို့ရှိရင် ဒီဟာတွေက အသစ်ဖြစ်လို့ အခုပြောရင် အခုငိုချင်တယ်။ ဒါပေမယ့်လဲ ကျမတို့ မငြီးရဲဘူး ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က သတင်းမီဒီယာတွေ သတင်းလိုက်ရတဲ့ အထိအတွေ့ကြတော့ ကျမတို့ထက် ဆိုးတဲ့ ဘဝတွေ ဖဲ့ရတဲ့ ဘဝတွေ၊ ပေးဆပ်ရတဲ့ ဘဝတွေ ကိုယ်ကိုယ်တိုင် ကြားနေ၊ မြင်နေရတဲ့ အခါကြတော့ ကျမတို့ဟာ ဘာမှ မဟုတ်တော့ဘူးဆိုတော့ ကျမတို့က မငြင်းရဲဘူး။ ကျမတို့မှာလည်း ကျမတို့ ဒုက္ခနဲ့ ကျမတို့ စိတ်ဒဏ်ရာနဲ့ပဲ။
မေး ။ ။ အဲဒီလို ဒုက္ခတွေ ကြုံတဲ့ အခါမှာ ဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့လဲ။
ဖြေ ။ ။ သတင်းထောက်တယောက်က သတင်းတွေ၊ ကာရိုက်တာတွေလိုက်တော့ အဆင်ပြေနေတဲ့လူတွေကိုလိုက်ရင် ဘာမှ မဖြစ်ဘူးလေ။ ထူးခြားဖြစ်စဉ်တွေ သူတို့ရဲ့ ဘဝတွေ ဆုံးရှုံးခံရတာတွေ၊ ပျက်ဆီးဆုံးရှုံးမှုတွေကို ကျမတို့ကပြောရတဲ့ အခါကြတော့ သာယာတဲ့ သတင်းတွေ မဟုတ်ဘူးလေ။ ဆိုးရွားတဲ့ အခြေအနေတွေကိုပဲ ကြုံရတော့၊ သူတို့ အဲလိုမျိုး ဖြစ်နေတဲ့ အခါကြတော့ ကျမတို့က မငြီးဝံ့ မငြီးရဲဘူးလေ။ သူတို့တောင် ဖြတ်ကျော်နေသေးတာ၊ ငါတို့ ဒီထက်သန်မာရမယ်ဆိုတဲ့ စိတ်နဲ့ စိတ်ကို တင်ပြီးတော့မှလုပ်တာ။ ဒါပေမယ့်လည်း စိတ်က တင်တာတင်တာပဲလေ အပြင်မှာ အခြေအနေက အဆင်မပြေတဲ့ အခါကြတော့ ကျတာပဲ။ တင်လိုက်ကျလိုက်ပဲ။
ကျမတို့က မြေပြင်မှာ သတင်းလိုက်ရတဲ့အခါကြတော့ သွေးထွက်သံယိုတွေ၊ အကွဲအပြဲတွေ၊ အဆုံးအရှုံးတွေ အဲဒါတွေကို ကိုယ်တိုင် လုပ်ရတဲ့ အခါကြတော့ ရုပ်သံတည်းဖြတ်ဖို့ ထိုင်လို့ရှိရင် ဒါကို ဒါကို အဖန်ဖန် အခါခါ ထည့်ပြီးတော့ သူပြောချင်တဲ့ဟာကို ရုပ်လုံးပေါ်အောင် တည်းဖြတ်ရတဲ့ အခါကြတော့ အဲဒါ အဖန်ဖန်အခါခါဆိုတော့ ကိုယ့်ရင်ဘတ်ကို ထိလာတယ်။ နောက်ရိုက်ကူးရေးလုပ်နေရင်းနဲ့ သူငိုရင် ကျမငိုတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ရင်ဘတ်နဲ့ အလုပ်လုပ်ကြတဲ့သူတွေ ဆိုတော့ ကျမတို့ ပြည်သူတွေ ခံစားနေရတဲ့ဟာဆိုတော့ နှလုံးသားနဲ့ အလုပ်လုပ်ရတဲ့ အခါကြတော့ ဒါတွေက ကျမတို့ကို တိုက်ရိုက်ထိတာပဲ။ ဒါကြောင့်မို့လည်း ဒီကြားထဲမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးတာတွေ လက်ချာတွေ သွားပြီးတော့ လုပ်ရတယ်။ မလုပ်ရင် မရတော့လို့ မလုပ်ရင် ကျမသေသွားမှာစိုးလို့ အဲလို အခြေအနေထိကို ဖြတ်ကျော်ရတာတွေ ရှိတယ်။
ဒါပေမယ့်လည်း တိုင်းပြည် အခြေအနေက လဲကျလို့ မရဘူး။ ကျမလဲကျရင် ကျမနေရာမှာ ဘယ်သူလုပ်မလဲ။ ကျမလဲကျရင် ကျမနေရာမှာ တခြားလူက လာကူရမယ်။ ကူတဲ့ အတွက် သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာဆိုတော့ နောက်ပြီးတော့ ကျမတို့က သတင်းထောက်ဖြစ်တဲ့ အတွက်ကို ဒီအချိန်မှာ ကလောင်တံ ဆွဲပြီးတိုက်ပွဲဝင်ရမှာဖြစ်တဲ့ အတွက် လဲကျသွားလို့ မဖြစ်ဘူး။ အဲတော့လဲကျလိုက် ပြန်ထလိုက်၊ ပြန်ထူလိုက် ကိုယ့်ဟာကိုပဲ အမျိုးမျိုး စိတ်ကိုလှည့်ပြီးထားနေရတယ်။
မေး ။ ။ ဒီလောက် အန္တရာယ်တွေ၊ ဒုက္ခသောကတွေ များနေတဲ့ကြားထဲမှာ ဘာဖြစ်လို့ သတင်းထောက်အလုပ်ကို ဆက်လုပ်နေတာလဲ။
ဖြေ ။ ။ သတင်းထောက်ဆိုတာမျိုးက တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍမျိုးမှာရှိတယ်။ ဒီလိုတိုင်းပြည် အချိုးအကွေ့ အကြီးကြီးဖြစ်သွားတဲ့ အချိန်မှာ လဲကျနေလို့ မဖြစ်ဘူး။ ကျမတို့က ဆက်လုပ်ရမှာပဲ။ ၂ ခုရှိတာပေါ့ တခုက သတင်းတိုက်တွေက ပုံမှန်ရပ်တည်ရေးအတွက်လစာ ရနေတော့ ရပ်တည်ရေးအတွက်က တခု၊ နောက်တခုက သတင်းထောက် စပြီးလုပ်တယ်ဆိုကတည်းက ကျမတို့နိုင်ငံမှာ သတင်းထောက် မျိုးဆက်က ပြတ်တောက်ခဲ့တာလေ။ ပရော်ဖက်ရှင်နယ်အတွက် အစကတည်းကသွားခဲ့တာမဟုတ်ဘူး။ ဒီလို ငါတို့တိုင်းပြည်မှာ တကယ့် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ် တကယ့်အမှန်တရားတွေပျောက်ဆုံးနေတယ်။ ဒါကို တင်ဆက်ချင်လို့ သတင်းထောက်အဖြစ် ဝင်လုပ်လာတာ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ကျမတို့ ရှောင်လွှဲလို့မရဘူး။ ကျန်တာ ရပ်တည်ရေးက တပိုင်း နောက် ဒီဘက်မှာ ကလောင်တံကိုဆွဲပြီးတော့ တိုက်ပွဲဝင်ရမှာ ၈၈ အရေးအခင်းနဲ့ ဒီဘက်အရေးအခင်းယှဉ်လို့ရှိရင် ဒီဘက် အရေး အခင်းက ဘာဖြစ်လို့ အားသာလဲဆိုလို့ရှိရင် သတင်းမီဒီယာတွေရှိလို့ အားသာတာ။ သတင်းမီဒီယာတွေက အသံကျယ်ကျယ် ထုတ်နိုင်ပြီးတော့ မြေပြင်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကို ဖော်ပြနိုင်လို့မလို့ ဒီအခင်းအကျင်းက ဆက်ပြီး အားကောင်းပြီးသွားနိုင်နေတာ။ ကျမ အနှစ်နှစ် အလလ မွေးမြူလာခဲ့တဲ့ စိတ်ဓာတ်က ဒီအချိန်ကြမှ ရပ်လိုက်လို့ မရဘူး။ ရပ်လိုက်ရင် ကျမရှုံးမှာပဲ။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကလောင်တံဆွဲပြီးတော့ ဒီလို သမိုင်းအချိုးအကွေ့မှာ လုပ်ရမှာပဲ။
မေး ။ ။ သတင်းထောက် တယောက်အနေနဲ့ အနာဂတ်မှာ ဘာတွေမျှော်လင့်ထားလဲ။
ဖြေ ။ ။ အာဏာသိမ်းလိုက်တော့ နောက်ပြန် ပြန်ဆုတ်သွားတယ်။ ဒီသတင်းလွတ်လပ်ခွင့်ဆိုတာ ဟိုးအခြေအနေအစကလို ပြန်ဖြစ်ပြီး ဟိုးအရင်အခြေအနေထက်တောင် ဆိုးတယ်လို့ ပြောရမယ်ဆိုတော့ အနာဂတ်ကို သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဘာတောင်းချင်လဲဆိုရင် လောလောဆယ် တော်လှန်ရေးပြီးအောင်ပဲစဉ်းစားရမယ်။ တော်လှန်ရေးပြီးသွားရင် တချို့ဟာတွေ ဖြေရှင်းလို့ရပြီလို့ပြောလို့ရတယ်ပေါ့နော်။ အခုအနေအထားကတော့ အနာဂတ် ဆိုတာထက်ကို တနေ့ချင်းစီ ဖြတ်သန်းနေတယ်။ တော်လှန်ရေးမပြီးဘဲနဲ့ အနာဂတ်ကို မျှော်လင့်ရင် ကျမဆီမှာ အနာဂတ် မရှိဘူး။ အကုန်လုံးက အာဏာသိမ်းလိုက်တဲ့ အတွက် အနာဂတ်က ပျောက်သွားတာပဲ။ တနေ့ချင်းစီ ဖြတ်သန်းမှပဲ ဖြတ်သန်းလို့ရတဲ့ အနေအထားပေါ့နော် အနာဂတ်ကို ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး။