တပ်ပေါင်းစုသဘောထား
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ အထိ NLD ၏ ရပ်တည်လုပ်ဆောင်ချက်တွင် မိမိပါတီနှင့် လူထုထောက်ခံမှုကိုသာ အလေးထားခဲ့သည်။ မဟာမိတ် တပ်ပေါင်းစုများနှင့် ပတ်သက်၍ အလေးမထားခဲ့ဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးပါတီ တရပ်အနေနှင့် မိမိပါတီအင်အား လူထုအင်အားကို အလေးထားရမည် ဖြစ်သော်လည်း ကျန်သော ဒီမိုကရက်တစ် အင်အားစုများကို မဟာမိတ်ဖွဲ့၍ အင်အား ပိုမိုတောင့်တင်းစေရန် ဆောင်ရွက်ရန် လိုအပ်သည်။
ထို့ပြင် တိုင်းရင်းသား ပြည်နယ်များ၌ အမျိုးသားတန်းတူရေး ရှေ့တန်းရောက်နေပြီး နှစ်ကာလ ရှည်ကြာ လက်နက်ကိုင်ပဋိပက္ခ အဆင့်ထိ ဖြစ်ပွားနေသော တိုင်းပြည်တခုတွင် တိုင်းရင်းသားများနှင့် မဟာမိတ်ဖွဲ့ရေး တပ်ပေါင်းစုဖွဲ့ရေးသည် မဖြစ်မနေ ထည့်သွင်း စဉ်းစားရန် လိုအပ်ပေမည်။
သို့သော် NLD ပါတီသည် တပ်ပေါင်းစု အားထက် မိမိပါတီအင်အားနှင့် လူထုထောက်ခံမှုကိုသာ အလေးထားခဲ့သည် ကို တွေ့ရသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ခံအမတ်များကို ကိုယ်စားပြုသည့် CRPP ခေါ် လွှတ်တော်ကိုယ်စားပြု ကော်မတီ တခုသာ တိုင်းရင်းသားပါတီများနှင့် လက်တွဲ လုပ်ခဲ့သော်လည်း ရေရှည်နိုင်ငံရေး မဟာမိတ်အဖြစ် တပ်ပေါင်းစု တရပ်တည်ဆောက် လုပ်ကိုင်ခြင်း မရှိပေ။
ထို့ကြောင့် ပြည်နယ်များတွင် ယှဉ်ပြိုင်ရာတွင် NLD အားသာသော နေရာများတွင် ပြဿနာ မရှိသော်လည်း ရှမ်းပြည်နယ် ကဲ့သို့ တိုင်းရင်းသားပါတီများ အားကောင်းသလို ကြံ့ခိုင်ရေးပါတီကလည်း ပြည်သူစစ်များမှ တဆင့် စည်းရုံးသိမ်းသွင်းနိုင်သည့် ရှမ်းပြည်နယ်တွင် တပ်ပေါင်းစု ပေါ်လစီကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။ အကယ်၍သာ NLD အနေနှင့် SNLDနှင့် ပူးပေါင်းပြီး နှစ်ပါတီ အမတ်နေရာခွဲဝေကာ နှစ်ပါတီထောက်ခံမဲများကို စုစည်း ယှဉ်ပြို င်ပါက ရှမ်းပြည်နယ်တွင် ကြံ့ခိုင်ရေးပါတီ အသာ မရနိုင်ပေ။ အမတ်နေရာများကို NLD နှင့် SNLD ခွဲဝေရယူနိုင်သည်။ သို့သော် ထိုသို့ မဟာမိတ်ဖွဲ့မှု မရှိသည့် အတွက် မဲကွဲပြီး ကြံ့ခိုင်ရေးပါတီက အမတ်နေရာ အများစု ဖြစ်သွားခဲ့ပေသည်။
ထို့ပြင် ဒေသအလိုက် အားကောင်းသော တိုင်းရင်းသားပါတီများ ဖြစ်သည့် TNP တအာန်းအမျိုးသားပါတီ၊ PNO ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်၊ ANP ရခိုင်အမျိုးသားပါတီတို့ သြဇာရှိသော ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရန် မလွယ်ကူပေ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်စည်းရုံးရေး ဆင်းခဲ့သော ဆီဆိုင်၊ ဟိုပုန်းစသည့် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် PNO ကသာ အပြည့်အဝ အနိုင်ရခဲ့သည်။ ထိုအတူ TNP ကလည်း တအန်းကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင်မက နမ့်ခမ်း ကွတ်ခိုင်မြို့နယ်များတွင်ပါ အနိုင်ရခဲ့သည်။
အလားတူပင် NLD အနေနှင့် ရခိုင်ပြည်နယ်တောင် ပိုင်းတွင်သာ အင်အားကောင်းပြီး ANP ပါတီက ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လွှမ်းမိုးထားနိုင်သည်ကို ရွေးကောက်ပွဲရလဒ် မထွက်မီကပင် တွက်ချက်ထားနိုင်ပေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးစဉ်များတွင်လည်း ပါဝင်ခဲ့ခြင်း မရှိပေ။
ထိုသို့သော ဒေသအလိုက် သြဇာရှိသော အင်အားရှိသော နိုင်ငံရေး ပါတီများအား မဟာမိတ်ဖွဲ့ထားရန် တဆင့်တက် တပ်ပေါင်းစု ဖွဲ့ထားရန်မှာ ရေရှည်နိုင်ငံရေး ရည်မှန်းချက်အတွက် လိုအပ်မည် ယူဆရသည်။ သို့သော် NLD အနေနှင့် တပ်ပေါင်းစု ပေါ်လစီကို အလေးထားခြင်း မရှိပေ။ NLD အနေနှင့် သူ၏ ဗဟိုဦးစီးစနစ်ကို နာခံ၍ လုပ်ဆောင်မည့် သူမ၏ ပါတီဝင်များနှင့် သူမအား အကြွင်းမဲ့ ထောက်ခံသော လူထုအားကို ပို၍ နှစ်သက်လိုလားပုံရသည်၊ ပို၍ အားထားပုံ ရသည် ဟု ဆိုရမည်။
ထို့ကြောင့်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံမှစ၍ NLD နှင့် အတူ လက်တွဲခဲ့သည့်ပြင် အနီးခေတ်ကာလ ၂၀၁၃/၂၀၁၄ ခုနှစ်များက တပြည်လုံး အနှံ့အပြား ပြုလုပ်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အခြေခံဥပဒေ ပြင်ဆင်ရေး
လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လက်တွဲခဲ့သည့် ၈၈ ငြိမ်း/ပွင့် အင်အားစုများကို တပ်ပေါင်းစု အဖြစ် ရေရှည် လက်တွဲခေါ်ယူရမည့် ဒီမိုကရက်တစ် အင်အားစုများ အဖြစ် သဘောထားပြီး NLD က တင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွင် ထည့်သွင်းခဲ့ခြင်း မရှိပေ။
ဤသို့ ထည့်သွင်းခဲ့ခြင်း မရှိသည်မှာ ပါတီဗဟိုဦးစီးစနစ်ကို တသွေမတိမ်း နာခံမည့် ပါတီဝင်များကိုသာ အလေးထား အားပြုမည့် NLD ပါတီ၏ ပေါ်လစီကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် လက်ရှိမြန်မာပြည် နိုင်ငံရေး အခြေအနေအောက်တွင် မတူကွဲပြားသော နိုင်ငံရေး အင်အားစုများ မတူကွဲပြားသော တိုင်းရင်းသား အင်အားစုများ တည်ရှိနေပေရာ ထိုအင်အားစုများအား စုစည်း ခေါင်းဆောင်နိုင်ရန် အင်အား တည်ဆောက်နိုင်ရန် ခိုင်မာသည့် တပ်ပေါင်းစု ပေါ်လစီတရပ်၊ မဟာမိတ်ဖွဲ့မှု တရပ် လိုအပ်သည် မလိုအပ်ကို လက်တွေ့တည်ရှိနေသော အခြေအနေများကို မှန်မှန်ကန်ကန် မျက်မှောက်ပြု၍ သုံးသပ်ကြရန် လိုအပ်ပါသည်။
အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားပါတီများ
ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ ကြွေးကြော်သံမှာ အမျိုးသားရင်ကြားစေ့ရေး ဖြစ်သည်။ အားလုံး မျှော်လင့်လက်ခံ ကြသည့် အချက်ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေး ကြွေးကြော်သံ အောက်တွင် ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုစာ ပို့ခဲ့ပြီး ထို ၃ ဦး အပြင် နအဖ ခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံပြီး အာဏာလွှဲပြောင်းရေးကို ချောမောစွာပြု လုပ်နိုင်ခဲ့သည်။ အများက ကြိုဆိုလက်ခံခဲ့ကြပါသည်။
သို့သော် ထိုသို့ တပ်မတော် လက်ရှိခေါင်းဆောင်များနှင့်ရော ခေါင်းဆောင်ဟောင်းများနှင့်ပါ ရင်ကြားစေ့နိုင်ရန် ကြိုးပမ်းသည့် တချိန်တည်းတွင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးလိမ့် မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိုသို့ ဖြစ်မလာခဲ့သည်မှာ အံ့သြစရာ ဖြစ်ခဲ့သည်။ အထူးသဖြင့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ်အများစုရရှိ ထားသော ANP နှင့် လည်းကောင်း၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ဒုတိယ အမတ်အများစု ရရှိထားသော SNLD နှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများတွင် အပြည့်အဝအနိုင်ရပြီး လွှတ်တော်တွင်း၌ သင့်တင့်သော အမတ်အရေအတွက် ရရှိသည့် TNP / PNO ပါတီတို့နှင့် လည်းကောင်း မည်သည့် တွေ့ဆုံညှိနှိုင်းမှုမှ မရှိခဲ့သည်မှာ အံ့အားသင့်ဖွယ်ဖြစ်ပေသည်။
တချိန်တည်းတွင် ထိုသို့သော တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသော်လည်း တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်တချို့အား လွှတ်တော်နှင့် အစိုးရအဖွဲ့တွင် တိုက်ရိုက် တာဝန်ပေးအပ်ခဲ့ရာ တိုင်းရင်းသား ပါတီတို့ မကြေလည်မှု ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဤနေရာတွင် အပြန်အလှန် စဉ်းစားကြည့်ရန် လိုအပ်သည်မှာ NLD ပါတီဝင်တယောက်အား NLD ပါတီ၏ တာဝန်ပေးချက် မရှိဘဲ ဤသို့ ပြုမူဆောင်ရွက်ပါက ပါတီတရပ် အနေနှင့် လက်ခံနိုင်ဖွယ် ရှိ/မရှိဆိုသည့် အချက်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနှင့်ပတ် သက်ပြီး ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ် လွှတ်တော်က ရွေးချယ်ဖွဲ့စည်းခွင့် မရှိချေ ။ ၂၀၁၁-၂၀၁၅ လွှတ်တော်သက်တမ်း အတွင်း အဆိုပါ အခြေခံဥပဒေ ပြဋ္ဌာန်းချက်အား ပြင်ဆင်ပြီး ပြည်နယ်လွှတ်တော်မှ ပြည်နယ်အစိုးရအား ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အဆိုပြု ခဲ့ကြသေးသော်လည်း မဲခွဲဆုံး ဖြတ်ရာတွင် အရေးနိမ့်ခဲ့သည်။ ထိုအခါက ပြည်နယ်လွှတ်တော်မှ ပြည်နယ် အစိုးရ ဖွဲ့စည်းရေး အတွက် အရေးနိမ့်ခဲ့သည့် အဆိုအား ထောက်ခံရာတွင် NLD အမတ်များ ပါဝင်ခဲ့သည်။
၂၀၁၆ NLD အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်လွှတ်တော်တွင် အမတ် အများစုအသာ မရခဲ့သည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်တွင်လည်း ၂၀၀၈ ခုနှစ်အခြေခံဥပဒေအရ NLD သမ္မတမှ NLD ဝန်ကြီးချုပ်များ ခေါင်းဆောင် သည့် ပြည်နယ်အစိုးရများ ဖွဲ့စည်းခဲ့သည်။ အသွင်ကူးပြောင်းရေး ကာလတွင် NLD ပြည်ထောင်စုအစိုးရ ပေါ်လစီကို အာမခံနိုင်ရန် NLD ပြည်နယ် ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်ထားသည်ကို နားလည်၍ ရနိုင်ပါသည်။
သို့သော် ထိုပြည်နယ်များ၌ အင်အားကောင်းသော ANP/ SNLD စသည့် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေး၍ သဘောတူညီမှု ယူကာ လုပ်ဆောင်ခြင်း မရှိခဲ့သည်က လိုအပ်ချက်ဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ တိုင်းရင်းသား ပါတီများအနေနှင့် NLD က ဖိတ်ခေါ်ဆွေးနွေး၍ အစိုးသစ် ဖွဲ့စည်းရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို မျှော်လင့်ခဲ့ကြသော်လည်း ၎င်းတို့ပါတီများ အနေနှင့် မျှော်လင့်ထားသည့် ကမ်းလှမ်းမှု မျိုးမရခဲ့ကြ၍ စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့ကြသည်။ တိုင်းရင်းသားပါတီ ခေါင်းဆောင်များအဖို့ သူတို့လူမျိုး ပြည်သူအများစု ထောက်ခံမှု ရရှိထားသည့် သူတို့၏ နိုင်ငံရေး အခန်းကဏ္ဏကို အသိမှတ်ပြုခြင်း မခံရသည့် အပြင် ၎င်းတို့ ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ၎င်းတို့အား NLD မှ နိုင်ငံရေး ဆွေးနွေးဖက် အဖြစ် သဘောမထားခဲ့သည့် အတွက် စိတ်ပျက်သွားကြ သည်ကို သူတို့၏ ပြောဆို ရပ်ခံချက်များမှာ တွေ့မြင်နိုင်သည်။ တိုင်းရင်းသားပါတီများ အနေနှင့် တိုင်းရင်းသားများ၏ Identity ကိုယ်ပိုင်လက္ခဏာကို ထိပါးသည်ဟု ယူဆကြပုံရသည်။
လက်တွေ့ဖြစ်ပေါ်သည့် အကျိုးဆက်ကို ကြည့်လျှင် ရခိုင်ပြည်နယ်တွင် ANP ပါတီသည် ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရာတွင် ပူးပေါင်း ပါဝင်ခြင်း မရှိခဲ့တော့ပေ။ ဆက်တိုက်ဆိုသလိုပင် NLD ပြည်ထောင်စုအစိုးရ၏ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ မစ္စတာကိုဖီအာနန် ဦးစီးသည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်နှင့် ပတ်သက်၍ လည်းကောင်း၊ ANP ပါတီ ဆွေးနွေးညှိနှိုင်းမှု မရှိသကဲ့သို့ ANP ပါတီနှင့် ANP ပါတီက အများစုဖြစ်သည့် ပြည်နယ်လွှတ်တော်တို့ကလည်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပေ။ အကျိုးဆက်ကား ANP အား ထောက်ခံထားကြသည့် ရခိုင်ပြည်သူအများစု၏ ပူးပေါင်းဆောင်ရွက်မှု မရသည့်ပြင် ကန့်ကွက်မှု တွေ့ကြုံနေရ ပေသည်။
အကယ်၍သာ အမျိုးသား ရင်ကြားစေ့ရေး မူဝါဒအတိုင်း ရခိုင်လူထု အများစု ထောက်ခံမှု ရရှိထားသည့် ANP ပါတီနှင့် ဆွေးနွေးညှိနှိုင်း၍ မဟာမိတ်ဖွဲ့ထားနိုင်ပါက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရာတွင် လည်းကောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လည်းကောင်း၊ ရခိုင်ကော်မရှင်လုပ်ငန်းများတွင် လည်းကောင်း၊ ANP ပါတီနှင့် ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှု ရှိပြီး လုပ်ငန်းများ ချောမွေ့နိုင် ပါသည်။
အလားတူပင် ရှမ်းပြည်တွင် ဒုတိယ လူထုထောက်ခံမှု ရထားသော SNLD နှင့် ဖြစ်စေ၊ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသများတွင် ထောက် ခံမှု အပြည့်အဝရထားသည့် TNP ပါတီ PNO ပါတီတို့နှင့် ဖြစ်စေ မဟာမိတ် ဖွဲ့ထားနိုင်ပါက သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများ အတွင်း အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ၊ ပြည်နယ်လွှတ်တော်တွင်း လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်စေ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။
ဤအမြင်နှင့် ပတ်သက်၍ ကွဲလွဲမှုများ ရှိနိုင်ပါသည်။ သို့သော် ထိုပြည်နယ်များတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို ကြည့်၍ ပြန်လည် သုံးသပ်ရန် လိုအပ်ပါလိမ့်မည်။ တပ်ပေါင်းစု မဟာမိတ်နှင့် အလုပ်လုပ်ရသည် နှင့် မိမိပါတီဝင်များနှင့် အလုပ်လုပ်ရသည်မှာ မတူပါ။ မိမိပါတီဝင်များကို ဗဟိုဦးစီးစနစ်အရ အမိန့်ပေး ချုပ်ကိုင်ရန် လွယ်ပါသည်။ မဟာမိတ်တပ်ပေါင်းစုများကို ထိုသို့ အမိန့်ပေး၍ မရပါ။ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါ လိမ့်မည်။ စိတ်ရှည်ဖို့ လိုအပ်ပါလိမ့်မည်။
ဤနေရာတွင် တချို့က တိုင်းရင်းသား ပါတီခေါင်းဆောင်အချို့နှင့် အမြင်ကြည်လင်ခြင်း မရှိရာ ထိုခေါင်းဆောင်အား ဦးတည် တိုက်ခိုက်ရင်း ရှုပ်ထွေးနေတတ်သည်။ ဤအချင်းအရာနှင့် ပတ်သက်၍ ရှင်းလင်းစွာ ကြည့်မြင်ရန် လိုသည်မှာ တိုင်းရင်းသားပါတီ ခေါင်းဆောင် ဆိုသည်မှာ သူ့လူမျိုး သူ့ပြည်နယ်ကိစ္စရပ်များတွင်သာ ကိုယ်စားပြုခွင့် ရသူများ ဖြစ်သည်။ ပြည်မ အုပ်ချုပ်ရေးတွင် ပါဝင်စွက်ဖက်နိုင်သူများ မဟုတ်ပါ။ ထို့ပြင် တပ်မတော်နှင့်ပင် ရင်ကြားစေ့ရန် လိုအပ်သည့် အချိန်တွင် တိုင်းရင်းသား ပါတီများနှင့် ရင်ကြားစေ့ရန် မလိုအပ်ပါသလော။
ဆွေးနွေးဖက်အဖြစ် သဘောထားရန် မသင့်တော် ပါသလော ဆိုသည့်အချက်ကို လေးနက်ရန် လိုသည်။ ထို့အတူ တိုင်းရင်းသား ပါတီများ၏ ခေါင်းဆောင်များ ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းရင်းသားများ၏ ရွေးချယ်မှုကို လေးစားရန် လိုအပ်ပါသည်။ မိမိစကား နားထောင်သော မိမိစိတ်ကြိုက် ရွေးချယ်ထားသူနှင့် ကွာခြားပါသည်။
မဟာမိတ် တပ်ပေါင်းစုဖွဲ့၍ အလုပ် လုပ်ရသည်မှာ မိမိပါတီဝင်များနှင့် အလုပ် လုပ်သကဲ့သို့ အမိန့်ပေး၍ မရပါ။ စိတ်ရှည် လက်ရှည် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်ပါသည်။ အပြန်အလှန် အလျှော့အတင်း ရှိနိုင်ပြီး မိမိစိတ်တိုင်းကျ လုပ်ရန် မဖြစ်နိုင်ပါ။ သို့သော် မိမိမဟာမိတ်ဖွဲ့ထားသော ပါတီအား ထောက်ခံသည့် လူထုအားပါ ရသဖြင့် ပိုမို ကြီးမားသော လူထုထောက်ခံမှုကို စုစည်း ရနိုင်ပေသည်။ အလေးထား စဉ်းစားသုံးသပ်ကြရန် လိုအပ်ပါသည်။
(ဆက်လက်ဖေါ်ပြပါမည်)
(မောင်မောင်စိုးသည် ဖယ်ဒရယ်နှင့် တိုင်းရင်းသားရေးရာသုတေသီတဦးဖြစ်သည်)