ပြည်ထောင်စုတရားသူကြီးတဦးက ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်လိုက်တဲ့အတွက် သမ္မတရဲ့အမိန့်က ချက်ချင်း လက်ငင်းအသက်မဝင်တော့တဲ့ကိစ္စဟာ အမေရိကန်သမ္မတရဲ့အထက်မှာ ဘယ်သူတွေရှိမလဲလို့ သိချင်စိတ် ပြင်းပြစွာ စောင့်ကြည့်နေကြသူတွေအကြား ဂယက်ရိုက်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံကို အကြမ်းဖက်သမားတွေ ဝင်မလာနိုင်အောင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒုက္ခသည်တွေ နဲ့မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံပေါင်း ၇ နိုင်ငံက နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ယာယီပိတ်ပင်လိုက်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့အမိန့်ဟာ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးအတွက် ကမ္ဘာ့မျက်နှာစာမှာ မားမားမတ် မတ်ရပ်ပြီး လုပ်ဆောင်နေကြတဲ့ အမေရိကန်လူမျိုးတွေရဲ့မျက်နှာကို အိုးမည်းသုတ်လိုက်တာပါပဲ။
ရီပတ်ဘလစ်ကင်အများစုပါဝင်တဲ့ လွှတ်တော်က သမ္မတရဲ့အမိန့်ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အမိန့်ထုတ်ပြီး တပတ်ကျော်အကြာမှာပဲ ပြည်ထောင်စုတရားသူကြီးတဦးဖြစ်တဲ့ James Robart က သမ္မတအမိန့်ကို ဆိုင်းငံ့ထားဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စု အယူခံ တရားရုံးမှာ ထရမ့်အစိုးရရဲ့ တရားရေးဝန်ကြီးဌာနက အယူခံတင်တာကို ကြားနာခဲ့ပြီး ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့ မွတ်စလင်နိုင်ငံ ၇ နိုင်ငံနဲ့ အကြမ်းဖက်မှုတွေအကြား ဆက်စပ်မှုရှိမရှိ သက်သေပြဖို့ ပြည်ထောင်စုတရားသူကြီး သုံးယောက် က အစိုးရရှေ့နေတွေကို မေးခွန်းထုတ်ခဲ့ပြီး နောက်ဆုံး ဒီကိစ္စဟာ မွတ်စလင်တွေကို ခွဲခြားဆက်ဆံဖို့ အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထရမ့်အစိုးရက ပြည်ထောင်စုတရားရုံးချုပ်ထိ ဆက်တက်ဖို့ လုပ်ပါတယ်။
ပြည်ထောင်စုတရားသူကြီးတွေ၊ လွတ်လပ်တဲ့သတင်းမီဒီယာတွေနဲ့ အချို့သောပြည်နယ်အစိုးရတွေဟာ ထရမ့်က အာဏာရှင်ဆန်ဆန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့အမိန့်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင် ကြမယ့်ခံတပ်တွေဖြစ်တယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခချုပ် Robert Reich က Newsweek က ဆောင်းပါးတပုဒ်မှာ ရေးသားခဲ့ပါတယ်။
အဲဒီဆောင်းပါးမှာပဲ Robert Reich က သမ္မတထရမ့်ကို အာဏာရှင်ပါလို့ ပြောင်ပြောင်တင်းတင်း တံဆိပ်ကပ်ပေးလိုက်ပြီး ဘယ်လိုဖီဆန်မှုမျိုးကိုမှ မလိုလားတဲ့ ထရမ့်အတွက်တော့ သူတို့လိုလူတွေဟာ ရန်သူ တော်တွေပါပဲလို့ ရေးသားခဲ့ပါတယ်။
AFP သတင်းဋ္ဌာနက လောလောလတ်လတ်ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့တရားစီရင်ရေးမဏ္ဍိုင်သုံးရပ်အကြား အာဏာခွဲဝေမှုပုံစံ ရုပ်ပုံကားချပ်လေးဟာ ထရမ့်တက်လာပြီးနောက် ပိုင်း အမေရိကန်နိုင်ငံရေးကို စိတ်ဝင်စားလာကြသူတွေအတွက် အထောက်အကူပြုပါတယ်။
ဒီ Diagram မှာ ဖော်ပြထားတာအရ အခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ပြဋ္ဌာန်းခဲ့မယ်ဆိုရင် သမ္မတရဲ့အမိန့်ကို တောင်မှ ပယ်ချနိုင်တဲ့အာဏာ အမေရိကန်ရဲ့ တရားစီရင်ရေးမဏ္ဍိုင်မှာ ရှိပါတယ်။ လက်ရှိ ပြည်ဝင်ခွင့်ယာယီ ပိတ်ပင်တဲ့ကိစ္စမှာဆိုရင် တရားစီရင်ရေးမဏ္ဍိုင်က ပြည်ထောင်စုတရားသူကြီးတွေက အဲဒီအခြေခံဥပဒေကို ကိုင်တွယ်ပြီး သမ္မတထရမ့်ရဲ့ အုပ်ချုပ်ရေးအာဏာကို စိန်ခေါ်လိုက်တာပါပဲ။
အဲဒီလိုပဲ အမေရိကန်ကွန်ဂရက်လွှတ်တော်မှာလည်း သမ္မတကရွေးချယ်ခန့်အပ်လိုက်တဲ့ တရားသူကြီးတွေ ကို လွှတ်တော်က သဘောမတူရင် ငြင်းပယ်ခွင့်ရှိသလို၊ ခြွင်းချက်ရှိတဲ့အခြေအနေတခုမှာ သမ္မတကိုတောင် ရာထူး က ဖယ်ရှားပစ်နိုင်တဲ့ အခွင့်အာဏာ ကွန်ဂရက်မှာ ရှိနေပါတယ်။
ဒီကိစ္စမှာတော့ အမေရိကန်ရဲ့အခြေခံဥပဒေမှာ ပေးအပ်ပြဋ္ဌာန်းထားတဲ့ အာဏာခွဲဝေမှုစနစ်က ဘယ်လောက်ထိ အလုပ်ဖြစ်သလဲဆိုတာနဲ့ အမေရိကန်သမ္မတရဲ့အထက်မှာ ဘယ်သူတွေရှိသလဲဆိုတာကို အနှေးနဲ့အမြန် သိရတော့မှာပါပဲ။
ထရမ့်ကတော့ သူ့ကိုဆန့်ကျင်တဲ့ တရားသူကြီးတွေနဲ့ မီဒီယာတွေကို ငါနဲ့မတူငါ့ရန်သူလို့ သဘောထားပါတယ်။ “ဒီတရားသူကြီးလို့ဆိုတဲ့ လူတယောက်က ကျုပ်တို့တိုင်းပြည်ကို ချောက်ထဲကျအောင် လုပ်နေ တယ်ဆိုတာ မယုံနိုင်စရာဘဲ၊ တခုခု ဆိုးဆိုးရွားရွား ဖြစ်လာရင်တော့ သူ့အပြစ် ဒါမှမဟုတ် တရားစီရင်ရေး စနစ်ရဲ့အပြစ်ကြောင့်ပဲ” လို့ သူ့ရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ကြိမ်းဝါးခဲ့ပါတယ်။
မြန်မာပြည်မှာလည်း နိုင်ငံချောက်ထဲကျဖို့ လက်တလုံးအလိုအနေအထားကြောင့် အာဏာသိမ်းခဲ့ရပါတယ် ဆိုတဲ့ အလားတူအကြောင်းပြချက်မျိုးနဲ့ ၁၉၈၈ခု နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ဖူးပါတယ်။
နအဖအစိုးရ လက်ထက်မှာ အမျိုးသားညီလာခံကျင်းပရေးဆွဲခဲ့ပြီး၂၀၀၈ခုနှစ်မှာ အတည်ပြုလိုက်တဲ့ မြန်မာ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ် မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်” လို့ ပုဒ်မ ၆ (စ)နဲ့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။
အမေရိကန်နိုင်ငံမှာ ထရမ့်လို အမျိုးသားရေးဝါဒီတယောက် သမ္မတဖြစ်လာတာရဲ့ အကျိုးဆက်ကြောင့် ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒ ခေါင်းထောင်ထလာပြီး အာဏာရှင်စနစ် တကျော့ပြန်အသက်ဝင်လာမလားရယ် လို့ တကမ္ဘာလုံးက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။
တကယ်တော့ အာဏာရှင်စနစ်နဲ့ အမျိုးသားရေးဝါဒ ဆိုတာဟာ ဘုန်းကြီးရူးနဲ့လှေလူးလိုပါပဲ။ ဘုန်းကြီးရူးနဲ့ တူတဲ့ ထရမ့်တစ်ယောက် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတစ်ခုရဲ့ ရာဇပလ္လင်ပေါ်ရောက်နေတာဟာ ကမ္ဘာ့နိုင်ငံရေး အတွက် ရင်လေးစရာပါပဲ။
အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူ့နိုင်ငံသားတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်၊ စာနယ်ဇင်းလွတ် လပ်ခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ အခြားအခြေခံရပိုင်ခွင့်တွေကို အပြည့်အဝ အကာအကွယ် ပေးထားပါတယ်။
အမေရိကန်အခြေခံဥပဒေရဲ့ နောက်ထပ်အားသာချက်တခုက စစ်တပ်ကို အရပ်သားအစိုးရလက်အောက်မှာ ထားရှိတာပါပဲ။ အမေရိကန်စစ်တပ်ဟာ အရွယ်အစားအရ ကမ္ဘာမှာ အင်အားအကြီးဆုံးထဲမှာပါပေမယ့် နိုင်ငံတော်အာဏာကို ထိန်းညှိနေတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ထဲက ဘယ်မဏ္ဍိုင်မှာမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပါဘူး။
မကြာသေးခင်ကမှ လုပ်ကြံခံရတဲ့ NLD ပါတီရဲ့ ဥပဒေအကြံပေး ဦးကိုနီက မီဒီယာစကားဝိုင်းတခုမှာ “နိုင်ငံရေးမှာ စစ်တပ်ဝင်ပါခြင်း မပါခြင်းသည် စစ်တပ်ရဲ့ အင်အားနဲ့မသက်ဆိုင်ပဲ စစ်တပ်ရဲ့ အတွေးအခေါ် အယူအဆ အသိဉာဏ်နဲ့သာ အဓိကသက်ဆိုင်တယ်” လို့ အတိအလင်း ပြောဆိုဖူးပါတယ်။
အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ အခြေခံဥပဒေဟာ အဲဒီအခြေခံမူတွေမှာတင် လုံးလုံးလျား လျားကွဲပြားနေခဲ့ပါတယ်။
အမေရိကန်က James Robart လို ပြည်ထောင်စုတရားသူကြီးတယောက်က၊ လွန်ခဲ့တဲ့ နှစ်၂၀၀ ကျော်ကတည်းက အမေရိကန်နိုင်ငံသားတွေ ခံစားရရှိလာခဲ့တဲ့ အခြေခံနိုင်ငံသားအခွင့်အရေးတခုဖြစ်တဲ့ လွတ်လပ် စွာ ကိုးကွယ်ခွင့်ကို ကိုင်စွဲပြီး၊ ထရမ့်အစိုးရက လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ဖို့ ရည်ရွယ် ချက်ရှိရှိ ထုတ်ပြန်လိုက်တဲ့အမိန့်တခုကို ဟန့်တားဖို့ ကြိုးစားခဲ့တာဖြစ်တယ်။
“အမျိုးသားလုံခြုံရေး”ကြောင့် ပြည်ဝင်ခွင့်ယာယီပိတ်တဲ့အမိန့်ကို ထုတ်ခဲ့ရတာပါဆိုတဲ့ ထရမ့်အစိုးရရဲ့ရှေ့နေ တွေဆီက အကြောင်းပြချက်က မြန်မာပြည်မှာ ကြားရလွန်းလို့ ရိုးအီနေတဲ့ ဆင်ခြေဆင်လက်တခုနဲ့ အတူတူ ပါပဲ။
တရားသူကြီး William Canby ကတော့ သမ္မတထရမ့်ကို “မွတ်စလင်တွေကို အမေရိကန်နိုင်ငံထဲ ဝင်ခွင့်မပြု နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောရဲသလား” ဆိုတဲ့ မေးခွန်းနဲ့ စိန်ခေါ်ခဲ့တယ်။
အမေရိကန်မှာ James Robart တို့ Willim Canby တို့လို တရားသူကြီးတွေ၊ Robert Reich လို ပညာတတ် ပါမောက္ခတွေ၊ Michel More လို သတင်းမီဒီယာသမားတွေ အများကြီးရှိသလို သူတို့ရဲ့ အခြေခံနိုင်ငံသား အခွင့်အရေးတွေကို တံတိုင်းကြီးလို အကာအကွယ်ပေးထားတဲ့ အခြေခံဥပေဒေလည်း အခိုင်အမာရှိပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံသားတွေဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သတ္တိရှိရှိနဲ့ မားမားမတ်မတ် ရပ်နိုင်ကြတာပါ။
အခြေခံဥပဒေရဲ့အကာအကွယ်ကို ခံစားဖို့မပြောနဲ့ နိုင်ငံသားအခွင့်အရေးကိုတောင်မှ ပြည့်ပြည့်၀၀ မရရှိခဲ့တဲ့ မြန်မာနိုင်ငံက ကျဆုံးသူ ရှေ့နေကြီးဦးကိုနီရဲ့သတ္တိကတော့ အမေရိကန်နိုင်ငံသားတွေထက် အများကြီးသာ လွန်ပါတယ်။
“ကျနော်တို့ဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံကနေ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားတာ စစ်တပ်အာဏာ သိမ်းလိုက်လို့ ဖြစ်သွားတာပဲ။ ဒီထက်ရှင်းတာတော့ မရှိတော့ဘူး။ ဒါ ကိုယ့်သမိုင်းကိုယ် ပြောတာပဲ” လို့ ဦးကိုနီ သက်ရှိထင်ရှားရှိတုန်းက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို အရေးတကြီးပြင်ဆင်ဖို့ အလိုအပ်ဆုံးအချက်ကိုလည်း သူက “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခုဖြစ်နေတဲ့ ပြဿနာက သမ္မတကို အကြီးအကဲလို့ ရုပ်ပြနေရာမှာထားပြီး တ ကယ်တိုင်းပြည်ကို စစ်တပ်က အုပ်ချုပ်နေတဲ့အချက်ဟာ အရေးအကြီးဆုံးနဲ့ ပြင်ရမယ့် အချက်ပဲ” လို့ သတ္တိပြောင်မြောက်စွာ ထောက်ပြခဲ့တယ်။
အမေရိကန်နိုင်ငံမှာ James Robart တွေ၊ Robert Reich တွေ၊ Michel More တွေ အများကြီးလိုသလို မြန်မာနိုင်ငံမှာလည်း ဦးကိုနီတွေ အများကြီးလိုပါတယ်။
အမေရိကန် အခြေခံဥပဒေက ထရမ့်လို ဘုန်းကြီးရူးတယောက်ကို ဟန့်တားနိုင်မလား၊ ဒါမှမဟုတ် အမေရိကန်အမျိုးသားရေးဝါဒီ လှေလူးတွေကြောင့်ပဲ လှိုင်းကြီးလေထန် အမေရိကန်ဖြစ်လာမလား ဆိုတာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာပါပဲ။
မြန်မာပြည်အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကတော့ ထပ်တလဲလဲ ဂျာအေးသူ့မေရိုက် မုန့်လုံးစက္ကူကပ်တွေ ဖြစ်နေတုန်း၊ ပလ္လင်ပေါ်က မျောက်ကလေးကလည်း မဆင်းသေးဘဲ လှည့်ပတ်ပြေးနေတုန်း။
(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာ၊ သတင်းစာဆရာ တဦးဖြစ်သည်)