ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူနှင့် ဗမာလူမျိုးကြီး ဝါဒ

ယော်ဘောမ် မန်ရှန်
အနာဂတ်ကာလ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူ ရိုက်နှိပ်ရန် ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုပေးသည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ နှင့် ပြန်လည် ရိုက်နှိပ်ထုတ်ဝေမည့် ငွေစက္ကူသည် အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် မြန်မာ့ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေနိုင်မလား။

၂၀၁၅ ခုနှစ် NLD ပါတီ ဦးဆောင်သော အစိုးရ တက်လာပြီး နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူ ပြန်လည် ရိုက်နှိပ်ထုတ်ဝေရေးနှင့် ပတ်သက်ပြီး သတင်းမီဒီယာတွေက ခပ်စိပ်စိပ် ရေးသားလာသလို နိုင်ငံရေးသမားတချို့လည်း လူသိရှင်ကြား ထုတ်ဖော်ပြောဆို လာကြသည်ကို သတင်းမီဒီယာတွေက တဆင့်သိရသည်။ ယခုဆိုလျှင် အနာဂတ်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေရန် ပြည်သူ့လွှတ်တော်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထောက်ခံမဲ ၂၈၆ မဲဖြင့် အတည် ပြုပေးလိုက်ပါပြီ။

အထက်ပါကိစ္စသည် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ရှုထောင့်မှ ပြန်လည်သုံးသပ်သင့်သော မူဝါဒ တခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံဖြင့် စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံတခု ဖြစ်သည်။ ထို့ကြောင့် ငွေစက္ကူ အားလုံးကို ဗိုလ်ချုပ်အောင်းဆန်း ရုပ်ပုံလွှာ တခုတည်းဖြင့် ပြန်လည် ရိုက်နှိပ်ထုတ်ဝေမည့် အစီအစဉ်သည် လက်ရှိ ကြိုးပမ်း ဆောင်ရွက်နေသော တိုင်းပြည် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အထောက်အကူ ဖြစ်စေနိုင်မလား ဆိုတာ ဆွေးနွေး တင်ပြလိုပါသည်။

သဘောတရား အားဖြင့် ငွေဒင်္ဂါးပြား၊ ငွေစက္ကူပါ ရုပ်ပုံလွှာနှင့် သင်္ကေတများသည် သက်ဆိုင်ရာ လူပုဂ္ဂိုလ် (သို့မဟုတ်) လူမျိုးတို့၏ အာဏာရှိမှု နှင့် သြဇာလွှမ်းမိုးမှုကို ဖော်ညွှန်းပေးသော ညွှန်းကိန်းတခု ဖြစ်ပါသည်။ အခြားသော ရည်ရွယ်ချက်များ လည်း ရှိနိုင်ပါသည်။ ဥပမာ – ရုပ်ပုံလွှာထည့်သွင်းခြင်း ခံရသော လူပုဂ္ဂိုလ်ကို ဖြစ်စေ၊ အဆောက်အဦးကို ဖြစ်စေ၊ သဘာဝရှုခင်းကို ဖြစ်စေ၊ တောရိုင်းတိရစ္ဆာန်ကို ဖြစ်စေ၊ သစ်ပင်ပန်းမံကို ဖြစ်စေ၊ နေရာဒေသကို ဖြစ်စေ ရိုသေလေးစားခြင်း၊ တန်ဖိုးထားခြင်း၊ အလှဆင်ခြင်း တို့ကို ပြသလိုသော အကြောင်းရင်းများလည်း ရှိနိုင်ပါသည်။

ထို့အတူ ငွေစက္ကူသည် နိုင်ငံကို ကိုယ်စားပြုသော သင်္ကေတများမှ တခုဖြစ်သလို နိုင်ငံ့ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာ၊ သမိုင်း၊ ရိုးရာ ယဉ်ကျေးမှု အလှတရား၊ သဘာဝအလှတရားများ ကိုလည်း ထင်ဟပ်စေပါသည်။ ထို့ကြောင့် ငွေစက္ကူသည် နိုင်ငံ၏ မတူကွဲပြားသော ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ တွေကို ထင်ဟပ်ရန် အရေးကြီးပါသည်။ တနည်းအားဖြင့် ပြည်သူတရပ်လုံးက ဆက်စပ် ခံစားနိုင်သော ဘုံတန်ဖိုး (collective value) တခု (သို့မဟုတ်) ပြယုဂ် (symbol) တခုဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ ပြည်သူလူထု တရပ်လုံးက “ဤငွေစက္ကူသည် မိမိနှင့်လည်း သက်ဆိုင်ပါလား” ဟူသော ခံစားချက်မျိုးကို ရရှိစေနိုင်မည်။

ငွေကြေးသည် နိုင်ငံတဝန်း နေရာဒေသ၊ လူတန်းစားမရွေး နေ့စဉ် လက်ဝယ်ထား အသုံးပြုသည့် အရေးကြီးသော အရာတခုပါ။ သို့ဖြစ်၍ ငွေစက္ကူပါ ရုပ်ပုံလွှာနှင့် သင်္ကေတများကို လူတိုင်း သိရှိအောင် ဆောင်ကြဉ်းပေးနိုင်သော အထိရောက်ဆုံး အသိပေး ယန္တရား တခုအဖြစ်လည်း မှတ်ယူနိုင်ပေသည်။ ၎င်း ယန္တရားမျိုးကို လူပုဂ္ဂိုလ် တဦးတယောက် (သို့မဟုတ်) လူမျိုး တမျိုးတည်း၏ အမျိုးဂုဏ်နှင့် ရိုးရာ ယဉ်ကျေးမှု သင်္ကေတ၊ လက္ခဏာများ ကိုသာ ဖော်ညွှန်းပေးသည့် ယန္တရားမျိုး မဖြစ်သင့်ပေ။

စာရေးသူသည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာနှင့် ပြန်လည်ရိုက်နှိပ် ထုတ်ဝေမည့် ငွေစက္ကူ အစီအစဉ်ကို ဆန့်ကျင်သူ မဟုတ်ပါ။ အထူးသဖြင့် ဗမာတိုင်းရင်းသားတို့ အတွက် ဗိုလ်ချုပ်အောင်ဆန်း သည် ငွေစက္ကူတွင် ထည့်သွင်းဖော်ပြထိုက်သော နိုင်ငံ့ ခေါင်းဆောင် တဦးအဖြစ် လက်ခံထားကြောင်းကို အများနည်းတူ နားလည်နိုင်ပါသည်။

[ဤကိစ္စသည် မည်သူက ပြည်သူတရပ်လုံး လေးစားထောက်ခံ သော နိုင်ငံ့ခေါင်းဆောင် ဖြစ်သလဲ ဆိုတာပါ။ တနည်းအားဖြင့် ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်းကို ဗမာ မဟုတ်သော ကျန်တိုင်းရင်းများက မိမိတို့၏ အမျိုးသားခေါင်းဆောင်အဖြစ် လက်ခံ ကြသလား ဆိုတာပါ။ ဤအကြောင်းသည် သီးခြားဆွေးနွေးသင့်သော အရာတခု ဖြစ်သောကြောင့် ဤဆောင်းပါးတွင် မဆွေးနွေးတော့ပါ။]

သို့သော် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာကို ငွေစက္ကူတွင် ထည့်သွင်းရန် စဉ်းစားရာတွင် ဗိုလ်ချုပ် ကဲ့သို့ ရိုသေလေးစားထိုက်ပြီး ကိုလိုနီနယ်ချဲ့ တော်လှန်ရေး၊ လွှတ်လပ်ရေး ကြိုးပမ်းမှု များတွင် ဗိုလ်ချုပ်နှင့် လက်တွဲ၍ တိုင်းပြည် လွှတ်လပ်ရေး ရရှိအောင် ပါဝင် ကြိုးပမ်းပေးခဲ့ကြသည့် အခြားသော တိုင်းရင်းသား နိုင်ငံ့ခေါင်းဆောင်များကိုလည်း မေ့မထားသင့်ပေ။ ဥပမာ – ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ကမ္ဘာသိ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်နှင့် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုပေးခဲ့ ကြသော တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း မမေ့သင့်ပါ။

ထို့ပြင် ငွေစက္ကူကို လုံခြုံရေးအရ သော်လည်းကောင်း၊ အလှဆင်ခြင်း အတွက် သော်လည်းကောင်း၊ သင်္ကေတနှင့် လက္ခဏာများကို စဉ်းစားသော အခါ ဗမာတိုင်းရင်းသားကဲ့သို့ အခြားသော တိုင်းရင်းသားများတွင်လည်း သူတို့ အထွတ်အမြတ် တန်ဖိုးထားသော ရိုးရာ၊ ယဉ်ကျေးမှု ဆိုင်ရာ အထင်ကရ နေရာများနှင့် အမှတ်အသားများ ရှိသည်ကိုလည်း မမေ့သင့်ပေ။ ငွေစက္ကူကို ဒီဇိုင်း အလှဆင်ရာတွင် သင့်လျော်သလို အသုံးပြု သင့်ပေသည်။

ဤနေရာတွင် အကြောင်းသင့်၍ ဥရောပ ယူရိုငွေကြေး ဒီဇိုင်း ဖြစ်ပေါ်လာပုံကို အနည်းငယ် တင်ပြလိုပါသည်။ ယူရိုငွေကြေး ဒီဇိုုင်းသည် ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံများ ညီညွတ်ရေး၊ ဥရောပကို ကိုယ်စားပြုနိုင်ရေး၊ အရောင်းအဝယ် ပြုလုပ်ရာတွင် ငွေကြေးအဖြစ် ပေးချေ နိုင်စွမ်းရှိရေး၊ လုံခြုံရေး (အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရေး) နှင့် ပြည်သူများ လက်ခံနိုင်ရေး ဟူသော မူဝါဒများပေါ်တွင် အခြေခံထားပါသည်။

၎င်းမူဝါဒများနှင့် အညီ ငွေကြေးပုံစံ (ဒီဇိုင်း) ကို ဖန်တီးရန် ကျွမ်းကျင်သော ငွေကြေးဒီဇိုင်း ဗိသုကာပညာရှင်များကို ဖိတ်ခေါ် ယှဉ်ပြိုင်စေခဲ့ပြီး အကောင်းဆုံး ဒီဇိုင်းကို ရွေးချယ် ခဲ့သည်။ ၎င်းယှဉ်ပြိုင်မှုတွင် ဗိသုကာပညာရှင်ပေါင်း ၂၉ ဦး (သို့မဟုတ်) ၂၉ ဖွဲ့မှ ပုံစံပေါင်း ၄၄ မျိုးကို ယှဉ်ပြိုင် ရေးဆွဲ တင်ပြခဲ့ကြသည်။

ယူရိုငွေကြေးတွင် ပါဝင်မည့် သင်္ကေတများ၊ ပုံသဏ္ဌာန်များနှင့် ရုပ်ပုံလွှာများကို ရွေးချယ်ရာတွင်လည်း သုံးစွဲကြမည့် အဖွဲ့ဝင်နိုင်ငံများကို ဘက်လိုက်မှုမရှိဘဲ ကိုယ်စားပြုနိုင်ရေး အဓိကထားသည်။ ကိုယ်စားပြုနိုင်ရေးကို စဉ်းစားရာ၌လည်း နောင်ပါဝင် သုံးစွဲလာမည့် အနာဂတ်အဖွဲ့ဝင် နိုင်ငံများကိုပါ အဆင်သင့် ကိုယ်စား ပြုနိုင်ရေးကို ထည့်သွင်း စဉ်းစားခဲ့သည်။ ဥပမာ ယူရို ၅၀ တန်တွင် ဥရောပတိုက်မြေပုံ နှင့်တကွ ယူရိုငွေကြေး အသုံးပြုကြသည့် ကျွန်းနိုင်ငံငယ်တို့၏ မြေပုံကိုလည်း ထည့်သွင်း ထားသည်ကို တွေ့ရသည်။

သို့သော် မြန်မာကျပ်ငွေစက္ကူပါ ရုပ်ပုံလွှာ၊ သင်္ကေတနှင့် လက္ခဏာများကိုမူ မည်သည့် မူဝါဒ ပေါ်တွင်အခြေခံပြီး မည်သို့မည်ပုံ ရွေးချယ်ခဲ့ခြင်းကို အများပြည်သူ သိရှိအောင် ဆောင်ရွက်ပေးခဲ့ခြင်း မရှိသေးပေ။

လက်ရှိ ဈေးကွက်တွင် လည်ပတ်နေသော ငွေစက္ကူများမှာ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ဖြစ်ပါသည်။ ဤ ငွေစက္ကူပါ ရုပ်ပုံ၊ သင်္ကေတ၊ လက္ခဏာ များသည် ဗမာတိုင်းရင်းသား တမျိုးတည်း၏ ရိုးရာယဉ်ကျေးမှုကိုသာ ထင်ဟပ်စေသောကြောင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အားပေးသော ငွေစက္ကူဟု ယူဆရန် ခဲယဉ်းပေသည်။

ငွေစက္ကူပါ ရုပ်ပုံလွှာ၊ သင်္ကေတနှင့် လက္ခဏာများသည် မြန်မာနိုင်ငံ၏ မတူညီသော တိုင်းရင်းသား များအားလုံးကို ကိုယ်စားပြုနိုင်ပြီး စုပေါင်းတန်ဖိုး (collective value) ကိုလည်း ဆောင်ကြဉ်းပေးနိုင် ရန်လိုအပ်ပါသည်။

အချို့အမြင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံလွှာကို ငွေစက္ကူများ၌ ရိုက်နှိပ် ထုတ်ဝေခြင်းမှာ စည်းလုံးမှု ပြယုဂ်တခုအဖြစ် ရှုမြင်သူများလည်း ရှိပါသည်။ ဤသဘောထားအမြင်မျိုးသည် ဗမာတိုင်းရင်းသားများ အတွက် မှန်ကောင်းမှန်နိုင်ပေမယ့် အခြား တိုင်းရင်းသားများ အတွက်မှာမူ မေးခွန်းထုတ်စရာပင် ဖြစ်နေသည်။

ဥပမာ – မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု စိုက်ထူရေး အစီအစဉ်ကို ကချင်နိုင်ငံရေး ပါတီ လေးခုကလည်း ကန့်ကွက်ခဲ့ကြ ပါသည်။ ဧရာဝတီတိုင်းတွင်လည်း စိတ်မနှံ့သူ ဟု ယူဆရသော လူတယောက်က ဗိုုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဖျက်ဆီးပစ်ခဲ့ပါသည်။ ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ် ထုလုပ်ထားရှိမှုကို မွန်ပြည်နယ် မုဒုံမှာလည်း ကန့်ကွက်ပွဲ ကျင်းပခဲ့ပါသည်။

[တိုင်းပြည်စီးပွားရေး အားနည်းနေချိန်တွင် ရုပ်တု အတွက် ကျပ်သိန်းပေါင်းမြောက်များစွာ ကျခံသင့် သလားဆိုသည်ကလည်း စဉ်းစားစရာပါ။]

သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်မှု အပေါ်တွင်လည်း မွန်တိုင်းရင်းသားများ အပြင် ပအိုဝ့်နှင့် ကရင်တိုင်းရင်းသားများပါ ပါဝင်သည့် လူထုအင်အား တသောင်းကျော် ခန့်က မော်လမြိုင်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် လူပေါင်း တသိန်းကျော် ကန့်ကွက်လက်မှတ်ရေးထိုးပြီး သမ္မတထံသို့ တင်ပြခဲ့ပါသေးသည်။၂၀၁၇ ခုနှစ် ဧပြီလက ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ရှုံးနိမ့်ခဲ့သည် ကိုလည်း မမေ့သင့်ပါ။

ဗမာ မဟုတ်သော အခြား တိုင်းရင်းသားများသည် သူတို့ လေးစားသော အမျိုးသားခေါင်းဆောင်များ၊ တန်ဖိုးထားသော ရိုးရာ ယဉ်ကျေးမှု တို့ကိုလည်း အသိအမှတ်ပြုပေးရန် လိုအပ်သည်မှာ ထင်ရှားသည်။ ၁၉၄၈ ခုနှစ် လွှတ်လပ်ရေး ရပြီး စစ်တပ်မှ အာဏာမသိမ်းမီ ၁၉၆၂ ခုနှစ်အထိ ပါလီမန်ဒီမိုကရေစီခေတ် အတွင်း ထုတ်ဝေခဲ့သော ငွေစက္ကူများ တွင်လည်း ဗမာ မဟုတ်သော တိုင်းရင်းသား ခေါင်းဆောင်များ၏ ရုပ်ပုံလွှာများ ကို ထည့်သွင်းခဲ့ခြင်း မရှိခဲ့ပါ။

စည်းလုံးညီညွှတ်မှုနှင့် ပတ်သက်ပြီး မြန်မာပြည်တွင် နေထိုင်သူ အားလုံး တိုင်းရင်းသား အစွဲမထားဘဲ “မြန်မာစိတ်” မွေးကြရမည် ဖြစ်ကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ် ဂိုဏ်းချုပ် ဆရာတော် ကြီး ကာဒီနယ်ချားလ်စ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြစဉ် ပြောကြားခဲ့ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုုင် မြန်မာ့အလင်း သတင်းစာတွင် ဖတ်ရှုရပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသည့် “မြန်မာစိတ်” ဆိုသည်ထက် “ပြည်ထောင်စုစိတ်ဓာတ်” ဟုပြောလျှင် ပို၍ သင့်လျော်မည် ထင်ပါသည်။ သို့သော် “ပြည်ထောင်စုစိတ်ဓာတ်” ကို မွေးဖွား ရှင်သန်စေနိုင်အောင် တွန်းအား ဖြစ်စေမည့် အခြေအနေ၊ အခွင့်အလမ်းများကို ဖန်တီးပေးရပါမည်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ခေတ်အဆက်ဆက် ကြွေးကြော် ခဲ့ကြသော်လည်း လက်တွေ့တွင် ဗမာတိုင်းရင်းသားမှ လွဲ၍ ကျန် တိုင်းရင်းသားများသည် မိမိတို့ လေးစားသော ခေါင်းဆောင်များ၊ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့၊ စာပေများကို လေးစား တန်ဖိုးထားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း တရားဝင် ပြသခွင့်၊ ကျင့်သုံးခွင့် ယခုထိ မရရှိခဲ့သေး ဟု ဆိုရမည် ဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသား ဖြစ်ကြောင်းကို အနှစ်သာရ ရှိရှိ အသိအမှတ်ပြုခြင်း မရှိခဲ့ ဟု ဆိုရမည် ဖြစ်သည်။ ဤအခြေအနေတွင် “ပြည်ထောင်စု စိတ်ဓာတ်” မွေးဖွားနိုင်ရေးသည် ခက်ခဲမည် ဖြစ်ပါသည်။

ဗမာ တိုင်းရင်းသားတမျိုးတည်း၏ ရုပ်ပုံ၊ သင်္ကေတ၊ လက္ခဏာ များကိုသာ ထင်ဟပ်စေသော အရာများအနက် ငွေစက္ကူ တခုတည်းသာ မဟုတ်ပါ။ နိုင်ငံတဝန်းရှိ လမ်း၊ တံတား၊ အဆောက်အဦးနာမည်များ အားလုံးနီးပါးသည်လည်း ဗမာနာမည်များသာ ဖြစ်ပါသည်။

ငွေစက္ကူ အပါအဝင် နိုင်ငံတော်တံဆိပ်၊ အခွန်တံဆိပ်၊ အလံတော် ကဲ့သို့သော နိုင်ငံကိုယ်စားပြု ဝတ္ထုပစ္စည်း အပေါ် တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်သော (သို့မဟုတ်) အားလုံးကို ကိုယ်စားပြု နိုင်သော ရုပ်ပုံလွှာ၊ သင်္ကေတ၊ လက္ခဏာများ ပါဝင်အောင် ရေးဆွဲရန်မှာ လက်တွေ့ အားဖြင့် ခက်ခဲ ပေမည်။ သို့သော် အာဏာရ နိုင်ငံ့ခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေး အရ လုပ်ချင်စိတ် (political will) ရှိရန် လိုအပ်ပါသည်။

အခွန်တံဆိပ် နှင့် ငွေစက္ကူသည် တန်းဖိုးအရွယ်အစား အလိုက် အမျိုးမျိုး ရိုက်နှိပ် ထုတ်ဝေသောကြောင့် တိုင်းရင်းသားများ၏ စိတ်ခံစားမှု ပါဝင် ထင်ဟပ်အောင် ပြုလုပ်မည် ဆိုပါက ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ လက်တွေ့အားဖြင့် အမှန်တကယ် မလုပ်နိုင် သော်လည်း ၎င်း ဒီဇိုုင်းတွေ ရေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား အားလုံး၏ အမြင်တွေ ထုတ်ဖော်နိုင်မည့် အခွင့်အလမ်းများကို ဖန်းတီးပေးသင့်ပါသည်။

ငွေစက္ကူတွင် လူပုဂ္ဂိုလ် တဦးတယောက် (သို့မဟုတ်) ဗမာ တိုင်းရင်းသား တမျိုးတည်းကိုသာ ထင်ဟပ်စေသော ရုပ်ပုံလွှာ၊ လက္ခဏာ နှင့် သင်္ကေတ များကိုသာ ထည့်သွင်းအသုံးပြုခြင်းသည် နိုင်ငံ၏ မတူကွဲပြားသော တိုင်းရင်းသား လူမျိုးပေါင်းစုံ တည်ရှိမှုကို မျက်ကွယ်ပြုရာ ရောက်ပါသည်။ ထို့ပြင် တိုင်းရင်းသားတို့၏ ကိုလိုနီနယ်ချဲ့ တော်လှန်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ၎င်းတို့၏ စွန့်လွှတ် အနစ်နာခံ ဆောင်ရွက်ခဲ့မှုများကိုလည်း လျစ်လျူရှုရာ ရောက်ပါသည်။

သို့ဖြစ်၍ အမျိုးသား တန်းတူရေးကို အခြေခံပြီး စစ်မှန်သော ပြည်ထောင်စုနိုင်ငံကို အမှန် တကယ် ထူထောင်မည် ဆိုပါက အခြားသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု သင်္ကေတများနှင့် ၎င်းတို့ ရိုသေလေးစားသော ခေါင်းဆောင်များကိုလည်း အသိအမှတ်ပြုပြီး သင့်လျော် သလို ငွေစက္ကူများတွင် ထည့်သွင်း ပုံနှိပ်ထုတ်ဝေရန် စဉ်းစားသင့်ပေသည်။ သို့မှသာ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို အမှန်တကယ် အားပေးရာရောက်ပေမည်။

တိုင်းရင်းသား ပြည်သူလူ၏ ထောက်ခံမှု ဖြင့်တက်လာသော NLD အစိုးရလက်ထက်၌ ငွေစက္ကူတွင် ထည့်သွင်းမည့် ရုပ်ပုံလွှာ၊ သင်္ကေတ၊ လက္ခဏာများ ရွေးချယ်ရာတွင် တိုင်းရင်းသား စည်းညီညွှတ်ရေးရှုထောင့်မှ စေ့စပ် သေချာစွာ စဉ်းစားဖို့ လိုအပ်ပါသည်။ မတူကွဲပြားသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို ထင်ဟပ်စေဖို့လည်း လိုအပ်ပါသည်။

သို့မှသာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို အားပေးသော၊ ပြည်ထောင်စုစိတ်ဓာတ်ကို ရှင်သန်စေသော ငွေစက္ကူ ဖြစ်မည်။ သို့မဟုတ်ပါက ဗမာတိုင်းရင်းသား ယဉ်ကျေးမှု တခုတည်းကိုသာ ထင်ဟပ်စေပြီး ဗမာလူမျိုးကြီးဝါဒကို အားပေး ပုံဖော်သော ငွေစက္ကူ အဖြစ်သာ ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း ဆွေးနွေး တင်ပြလိုက်ပါသည်။ ။

(ယော်ဘောမ် မန်ရှန် သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသားနေသူ တဦးဖြစ်ပြီး ၎င်းသည် The Fletcher School, Tufts University, USA မှ Master of Arts in Law and Diplomacy ဘွဲ့ ရရှိခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading