လျှပ်စစ်ဓာတ်အားရရှိမှု နိမ့်ကျခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် မယုံနိုင်စရာကောင်းလောက်အောင် အနှောင့်အယှက်ဖြစ်ပြီး ဆိုးရွားလှသည်။ မီးပြတ် သွားသောကြောင့် လက်ကိုင်ဖုန်းမှ မီးကိုသုံးပြီး ခွဲစိတ်ကုသရခြင်းနှင့် ကားတိုက်မှုများ ဖြစ်ပွားခြင်း စသည့် ဇာတ်လမ်းများ မြန်မာနိုင်ငံတွင် အများအပြား ရှိနေသည်။
မြန်မာနိုင်ငံ လူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အား လုံး၀ အသုံးပြုနိုင်ခြင်း မရှိဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ၏ အဆိုအရ သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ လူဦးရေ ၆၅ သန်း၏ သုံးပုံတပုံ ဖြစ်သော လူ ၂၂ သန်းသည် လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ခြင်း မရှိဟု ဆိုရမည်။
မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သူ အများအပြားသည်လည်း ၂၄ နာရီ ဓာတ်အားလိုင်းမှ မဟုတ်ဘဲ ပြည်တွင်းမီးစက်များ သို့မဟုတ် အသေးစား အိမ်သုံး နေစွမ်းအင် စနစ်များမှ လျှပ်စစ်ဓာတ်အားကို ပြတ်တောင်း ပြတ်တောင်း ရရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား အသုံးပြု နိုင်သူများသည် နှိုင်းယှဉ်ချက်အားဖြင့် လျှပ်စစ်ဓာတ်အား လျော့နည်း သုံးနေရသည်။
မဲခေါင်ဒေသခွဲ သတင်း အချက်အလက် (GMS Information Portal) ၏အဆိုအရ မြန်မာနိုင်ငံတွင် တဦးချင်း လျှပ်စစ်ဓာတ်အား အသုံးပြုမှုမှာ ၂၅၆ kWh ရှိနေပြီး ကမ္ဘောဒီးယားက ၃၃၅ kWh နှင့် ဗီယက်နမ်က ၁၇၂၂ kWh ရှိသည်ဟု သိရသည်။
လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းသည် ကျယ်ပြန့်သော စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည်။ IEA ကထုတ်ပြန်သည့် အရှေ့တောင်အာရှ စွမ်းအင် အမြင် – ၂၀၁၇ (Southeast Asia Energy Outlook 2017) ၏ အဆိုအရ မြန်မာနိုင်ငံမှ လုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်သည် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို ခံစားကြရပြီး ဗီယက်နမ်နှင့် အင်ဒိုနီးရှားတွင် လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်းသာ ထိုသို့ တွေ့ကြုံရသည်ဟု သိရသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများအတွက် တခုတည်းသော ရွေးစရာနည်းလမ်းမှာ တန်ဖိုး ကြီးလှသော မီးစက်ကြီးများ တပ်ဆင်ခြင်း သို့မဟုတ် လုပ်ငန်းအတွက် အခြားနေရာ ရှာဖွေခြင်းသာ ဖြစ်နေသည်။
လျှပ်စစ်ဓာတ်အား ရရှိမှုနည်းသော်လည်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဈေးနှုန်းမှာ သက်သာလှသည်။ အိမ်သုံးလျှပ်စစ်ဓာတ်အားမှာ ၁ kWh လျှင် ဝ. ၂၆ ဒေါ်လာဖြင့် စတင်ပြီး စီးပွားရေး လုပ်ငန်းများ အတွက် လျှပ်စစ်ဓာတ်အားမှာ ဝ.၀၅၆ ဒေါ်လာဖြင့် စတင်သည်။
ပြဿနာမှာ လျှပ်စစ်ဓာတ်အားဈေးနှုန်း လွန်စွာ သက်သာနေခြင်းဖြစ်သည်။ ဓာတ်အားထုတ်လုပ်ခြင်း၊ ထုတ်လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း စရိတ်များထက်ပင် သက်သာနေပြီး အစိုးရသည် ရောင်းချသောာ လျှပ်စစ်ဓာတ်အား ယူနစ်တိုင်းအတွက် အရှုံးနှင့် ရင်ဆိုင်နေရသည်။ ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရ စိုက်ထုတ်ပေးငွေသည် အမေရိကန်ဒေါ်လာ ၂၇၅ သန်းရှိမည်ဟု ခန့်မှန်းရပြီး ပိုမိုမြင့်မားလာနေသည်။
အခြေခံအားဖြင့်ဆိုရပါက အစိုးရသည် ပိုမိုချမ်းသာသောသူများ သုံးစွဲရန် လျှပ်စစ်ဓာတ်အားအတွက် အမေရိကန် ဒေါ်လာ ၂၇၅ သန်း သုံးစွဲနေခြင်းဖြစ်သည်။ ထိုငွေကို ကျေးလက်ဒေသတွင် နေထိုင်သော နိုင်ငံလူဦးရေ၏ ၅၉ ရာခိုင်နှုန်းအတွက် သုံးစွဲသင့်သော်လည်း မြို့များနှင့် မြို့ကြီးများတွင်နေထိုင်သော နိုင်ငံ၏ လူဦးရေ ၄၁ ရာခိုင်နှုန်းအတွက် သုံးစွဲနေသည်။
ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရခြင်း၏ အဓိက အကြောင်းရင်းများအနက် တခုမှာ ထုတ်လွှတ် ဖြန့်ဖြူးသည့် ကွန်ရက် အားနည်းချက် ဖြစ်သည်။ ငွေပိုမိုသုံးစွဲနိုင်ပြီး ဓာတ်အားကို အရှုံးခံရောင်းချခြင်း မရှိလျှင် ထိုကွန်ရက်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးရရှိရန် ဓာတ်အားခဈေးနှုန်း တိုးမြှင့်ရမည်ဟု ယေဘုယျအားဖြင့် လက်ခံထားကြသော်လည်း သိနားလည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှာ ဆန့်ကျင်ဖက်ဖြစ်နေသည်။
ထိုသို့ လုပ်ဆောင်လိုစိတ်မရှိခြင်းမှာ ယခင်အစိုးရ၏ ဓာတ်အားခဈေးနှုန်း မြှင့်တင်ရန် ကြိုပမ်းမှုများကြောင့်လည်း တစိတ်တပိုင်းအားဖြင့် ပါဝင်နေသည်။ ထိုစဉ်က ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်ကို နားလည်နိုင်ပေသည်။ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်သောကြောင့် ချွေးပြန်နေသော သုံးစွဲသူများသည်လည်း ၎င်းတို့ တန်ရာတန်ကြေး မပေးခြင်းက အခြေခံပြဿနာဖြစ်သည်ဆိုသော အချက်ကို လက်ခံရန် စိတ်ထက်သန်ခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။
ထိုစိန်ခေါ်မှုကို သိရှိသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဓာတ်အားခဈေးနှုန်းမတက်မီ အရည်အသွေး ကောင်းမွန်အောင် အရင်လုပ်ဆောင်နေရသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲနှင့် နီးလာသောကြောင့် ဓာတ်အားခဈေးနှုန်း မြှင့်တင်ရေးသည် နိုင်ငံရေးအရ မတို့ထိရဲသော အရာဖြစ်နေသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို ရေအား၊ ရေနံ၊ ကျောက်မီးသွေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ ထုတ်လုပ်သည်။ ရေအားလျှပ်စစ်သည် အစဉ်အလာအားဖြင့် အဓိက လျှပ်စစ်ဓာတ်အား ရင်းမြစ်ဖြစ်သော်လည်း ဓာတ်အားထုတ်လုပ်ရန် အလားအလာ ကောင်းသောနေရာများမှာ လူနေထူထပ်သောနေရာများနှင့် လွန်စွာ ဝေးကွာနေသလို ကြီးမားသော ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများသည် ပြင်းထန်သော လူမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကိုလည်း ဖြစ်စေသည်။ ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်မှ မြစ်ဆုံဆည်စီမံကိန်း ဆိုင်းငံံ့ခဲ့ခြင်းနှင့်အတူ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတိုးတက်မှုသည် အကြောင်းရင်း များစွာကြောင့် နှောင့်နှေးနေရသည်။
ကျောက်မီးသွေးသည် ဈေးသက်သာသောကြောင့် တစုံတရာ စိတ်ဝင်စားစရာကောင်းသည်။ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှု ဆိုးကျိုးများကြောင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ တိုးတက်မှု ရပ်ဆိုင် နေသော်လည်း ထိုနည်းလမ်းကို လုံးဝပစ်ပယ်ထားသည်တော့ မဟုတ်ပေ။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သည် အာမခံချက်ရှိသော နည်လမ်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးသော အကြီးစား နေစွမ်းအင် လုပ်ငန်းတခုကို ဖော်ဆောင်နေပြီး ဓာတ်အားလိုင်း မရှိသော နေရာများတွင် နေစွမ်းအင်အသုံးပြုရန် တွန်းအားပေးမှုများလည်း မကြာသေးမီက ပေါ်ပေါက် လာသည်။ သို့သော် ဈေးနှုန်းနှင့် ဓာတ်အားလိုင်း၏ ဓာတ်အားအတက်အကျကို ကိုင်တွယ်နိုင်စွမ်း တိ့ုနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများ ရှိနေသည်။
သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ ဓာတ်အားထုတ်လုပ်ရေးအတွက် အထောက်အကူဖြစ်သော အခြေခံ စွမ်းအင် ဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းရည်၏ ၃၀ ရာခိုင်နှုန်းမှာ သဘာ၀ ဓာတ်ငွေ့မှဖြစ်သည်။ ထိုပမာဏသည် အလျှင်အမြန် တိုးတက်လာနေပြီး ဆက်လက်တိုးတက် နေမည် ဖြစ်သည်။
သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်ရန် ခြေဦးလှည့်ရခြင်း အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် ဓာတ်ငွေ့ အများအပြား ရှိသောကြောင့် ဖြစ်သည်။
နိုင်ငံရှိ ဓာတ်ငွေ့သိုက် အများအပြားကို ရှာဖွေတူးဖော်ခြင်း မပြုလုပ်ရသေးဘဲ လက်ရှိအခြေအနေတွင် ကြီးမားလှသည့် ကမ်းလွန်ဓာတ်ငွေ့ထုတ်လုပ်သောနေရာ ၄ ခုမှ တနေ့လျှင် ဓာတ်ငွေ့ ၂ ဘီလီယံ ကုဗပေ ထုတ်လုပ်နေသည်။ သို့သော် ထိုဓာတ်ငွေ့အများစုကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့ နေသည်။ ထို့အပြင် ထိုဓာတ်ငွေ့ထုတ်လုပ်သော နေရာ ၄ ခုအနက် ၂ ခုမှာ သက်တမ်းကုန်လုနီးပါး ဖြစ်လာနေပြီး ထုတ်မံထုတ်လုပ်ရန် နှစ်အတန်ကြာ အချိန်ယူရနိုင်သည်။
ဓာတ်ငွေ့ မလုံလောက်ခြင်းကို ဖြေရှင်းသည့် နောက်ဆုံးနည်းမှာ သဘာဝဓာတ်ငွေ့ရည်ကို ရေနံတင် သင်္ဘောကြီးများနှင့် တင်သွင်းခြင်းဖြစ်သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့မှှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းကြီး ၃ ခုနှင့် ဓာတ်ငွေ့နှင့်ရေနွေးငွေ့သုံး စီမံကိန်းတခုအတွက် လုပ်ငန်းစတင်ရန် အကြောင်းကြားစာများကို ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထိုစီမံကိန်း ၄ ခုသည် စုစုပေါင်း ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံရှိ ဓာတ်အားပေး စက်ရုံများ အားလုံးမှ ထုတ်လုပ်နေသည့် ပမာဏ ရှိသော်လည်း ထိုစီမံကိန်းများ လက်တွေ့ ဖြစ်မလာနိုင်သည့် အလားအလာလည်း မြင်တွေ့နေသည်။
မြန်မာနိုင်ငံသည် အခက်အခဲများမှ လွန်မြောက်ခြင်း မရှိသေးပေ။ လျှပ်စစ်ဓာတ်အား မသုံးစွဲနိုင်သေးသူ အရေအတွက်နှင့် လျှင်မြန်သော စီးပွားရေးတိုးတက်မှုတို့ကြောင့် အနာဂတ်တွင် ဓာတ်အား ပိုမိုလိုအပ်မည် ဖြစ်သည်။
ကြီးမားကျယ်ပြန့်သော တိုးတက်ကောင်းမွန်မှုများရှိအောင် လုပ်ဆောင်မှုမရှိလျှင် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်ရရှိရေး အလားအလာမှာ အလှမ်းဝေးနေဦးမည် ဖြစ်ပေသည်။
(sea-globe.com ပါ မြန်မာ့စွမ်းအင် စောင့်ကြည့်လေ့လာရေးအဖွဲ့ (Myanmar Energy Monitor) ၏ မန်နေးဂျင်းဒါရိုက်တာ Jeremy Mullins ရေးသော Overcoming the outages: how to keep the lights on in Myanmar ကို ဆီလျော်အောင် ဘာသာပြန်သည်။)