အံသြမှင်သက်ဖွယ် မိန့်ခွန်းတရပ်က နေပြည်တော်တွင် ပေါ်ထွန်းလာခဲ့ချေပြီ။ ထိုမိန့်ခွန်းကို ပြောကြားသည့် ပုဂ္ဂိုလ်က မြန်မာ့သမိုင်းတွင် ဒဿမမြောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်၊ တတိယမြောက် ဗိုလ်ချုပ်မှူးကြီး ရာထူးတာဝန်ကိုထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပင် ဖြစ်သည်။
NCA စာချုပ်သဘောတူညီချက်ကို အခြေခံပြီး ရေးဆွဲထားသည့် လုပ်ငန်းလမ်းညွန်အရ ခြောက်လလျှင် တကြိမ် မဖြစ်မနေ ကျင်းပရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တနှစ်နီးပါး ကြာမှ ပြန်လည်ကျင်းပဖြစ်သည့် ၂၁ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းတရပ်ကို ၂၀၁၈ခုနှစ်၊ ဇူလိုင် ၁၁ ရက် နေပြည်တော်တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးညီလာခံဖြစ်သည့်အလျောက် တပ်မတော်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းက ငြိမ်းချမ်းရေးအပေါ် တပ်မတော်၏ သဘောထား၊ ရပ်တည်ချက်ကို အပြတ်ထင်ဆုံး ထင်ဟပ်စေနိုင်ခဲ့သည်အပြင်၊ ပြီးခဲ့သည့် ၂၁ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပ၊ ဒု- အစည်းအဝေးများ၊ NCA တနှစ်ပြည့်နှင့် နှစ်နှစ်ပြည့်အခမ်းအနားတို့တွင် ပြောကြားခဲ့သည့် မိန့်ခွန်း လေးရပ်ထက် အားအပါဆုံးမိန့်ခွန်း၊ နားထောင်စောင့်ကြည့်နေသည့် ပရိသတ်ထုကို အလှုပ်ခတ်နိုင်ဆုံး မိန့်ခွန်းလည်း ဖြစ်ခဲ့သည်။
မိန့်ခွန်း၏ ကနဦးနှင့် အထင်ရှားဆုံးအချက်က မြစေတီကျောက်စာတွင် ရေးထိုးထားသည့် ပါဠိ၊ ပျူ၊ မွန်၊ မြန်မာ စသည့် ဘာသာစကား လေးမျိုးဖြင့့် ရေးထိုးသည့် သာဓကကို ယူ၍ ပြည်ထောင်စုအသွင်ဆောင်သည့် ပထမ မြန်မာနိုင်ငံတော်ဟူသော အယူအဆကို တည်ဆောက်ပြခြင်းဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်၊ ဂျပန်အုပ်ချုပ်ရေး လက်အောက်တွင် ကျရောက်ခဲ့စဉ် ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှု၏ အကျိုးဆက်သာလျှင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ၏ လက်သည်အရင်းခံ၊ ဇစ်မြစ် ဟု သမိုင်းအမြင်ကို ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် ပါလီမန် ဒီမိုကရေစီခေတ်တွင် ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သည့် အစိုးရလက်ထက်တွင်ပင် လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်ကို အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်ကြီးနေဝင်းက လက်ဝဲညီညွတ်ရေးကောင်စီကို ဦးဆောင်ခဲ့ပုံ၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၃ခုနှစ် ဇွန် ၁၁ ရက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးသို့ တော်လှန်ရေး ကောင်စီ ကမ်းလှမ်းချက်ဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခဲ့ပုံ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရလက်ထက် ၁၉၈၀ ပြည့်နှစ်ကျော်မှ စတင်ပြီး ဆွေးနွေးပွဲများ လုပ်ဆောင်ခဲ့ပုံ၊ တပ်မတော်အစိုးရလက်ထက်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၄၀ နှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့ပုံတို့ကို ဆစ်ပိုင်း ဖော်ပြသွားသည်။
မိန့်ခွန်းလာ တပ်မတော်၏ သမိုင်းတည်ဆောက်ချက် Militarization of History တရပ်ဖြစ်သည့် ပထမမြန်မာနိုင်ငံဟူသော ကောက်ယူမှုက ပြည်ထောင်များလာ၍ စုစည်းတည်ထောင်ခြင်း (Coming Together) အိုင်ဒီယာကို ငြင်းချက်ထုတ်ခြင်းဟု ယူဆရပါလိမ့်မည်။ ငြင်းချက်ထုတ်ခြင်းနှင့်ပတ်သက်၍ တပ်မတော်ကြောင့် ငြိမ်းချမ်းရေး မရရှိနိုင်ခြင်းဖြစ်သည်ဟူသော ထင်မြင်ယူဆချက်များအပေါ် အခံရခက်ဟန်တူသည်။
မိန့်ခွန်းတွင် သိသာသည့် ဝိသေသထူး နောက်တရပ်က သမိုင်းကို အသုံးချသွားခြင်း Military’s Manipulative Historiography ပင်ဖြစ်သည်။ ကေအိုင်အို အဖွဲ့ ပေါ်ပေါက်လာရခြင်းသည် ၁၉၆၁ခုနှစ် သြဂုတ် ၂၆ ရက်နေ့တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းလိုက်ခြင်းက အဓိကလက်သည်ဖြစ်ကြောင်း၊ ကေအန်န်ယူ ပေါ်ပေါက်လာရခြင်းသည်လည်း လူမျိုးရေး၊ သီးခြားပြည်နယ်ထူထောင်ရေးအတွက်သာ ဖြစ်ကြောင်း ကောက်ချက်ချသွားသည်။ ထိုသို့၊ သမိုင်းဖြစ်စဉ်ကို တပ်မတော်ရှုထောင့်မှ ပြန်လည် ရှုမြင်မှုကို တင်ပြရင်း တပ်မတော်ကြောင့် ငြိမ်းချမ်းရေး မဖြစ်ထွန်းရခြင်း၊ တပ်မတော်ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာရခြင်း ဟူသော ပုံဖော်မှုကို ချေဖျက်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်စစ်ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ၏ နာမည်ကျော် အဆိုအမိန့်ဖြစ်သည့် The soldier above all other prays for peace, for it is the soldier who must suffer and bear the deepest wounds and scars of war ကိုလည်း ထပ်တူနီးပါးမျှ “ရှေ့တန်းစစ်မြေပြင်မှာ မလွှဲမရှောင်သာ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကျနော်တို့ တပ်မတော်သားများက ငြိမ်းချမ်းရေးကို အလိုလားဆုံး ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားချက်သည်လည်းကောင်း၊ “ကျနော်တို့တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့အစည်း ဖြစ်တယ်”၊ “တပ်မတော်ရဲ့ ဆောင်ရွက်ချက်များဟာ အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားကို အကာအကွယ်ပေးခြင်းနဲ့ ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်နဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်း ဖြစ်တယ်” ဟူသောပြောကြားချက်တို့သည်လည်းကောင်း တပ်မတော်၏ ထွန်းပြောင်မှုကို ဖော်ကျူးသွားခြင်းဖြစ်သည်။
အလွန်ထူးခြားနေပါသည်။ တပ်မတော်၏ထွန်းပြောင်မှုကို ဂုဏ်ဖော်ရင်း တပ်မတော်နှင့် ပြိုင်ဘက် အသွင်ဆောင်သည်ဟု ယူဆခြင်းခံရသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြုမှုကိုလည်း ဝေဖန်သွားသည်ကို တွေ့ရသည်။ ကိုယ်စားပြုမှုဟူသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှ တဆင့် ဖြတ်သန်းပေါ်ပေါက်လာခြင်းဖြစ်ရာ တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူလူထုကို ုကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်ဟူသော အဆိုက ကိုယ့်ဂုဏ်ကိုယ်ဖော် self-appointed representation ဘက်ကို ပိုမို အကဲသာလွန်းသည့် သဘော ဖြစ်နေသည်။
မိန့်ခွန်းတွင် သတိပေးစကားပုံစံ ( Warning Message Pattern ) ခုနှစ်မျိုးခန့် အကြမ်းဖျင်း တွေ့ရသည်။
၁) ရပ်တည်ချက်နှင့်ပတ်သက်သည့် သတိပေးစကား
“ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံအပြင် မည်သည့်စနစ်ကို ကျင့်သုံးသည့် နိုင်ငံမှာမဆို တခုတည်းသော တပ်မတော်သာ ရှိတယ်။”
၂) ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် သတိပေးစကား
“ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်ကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းဖို့၊ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုး မပေးဖို့ လိုပါမယ်။”
၃) ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်သည့် သတိပေးစကား
“နားလည်မှု လွဲမှားစေသည့် ကိစ္စကို ရှေ့တန်းတင်လာခြင်း၊ မဆိုင်သည့်ကိစ္စရပ်များကို ဆွဲသွင်းခြင်းကို အလိုမရှိ။”
၄) အချိန်နှင့်ပတ်သက်သည့် သတိပေးစကား
“၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက်သွားပါလို့ အလေးထား တိုက်တွန်း ပြောကြားလိုပါတယ်။”
၅) ဖွင့်ဆိုမှုနှင့်ပတ်သက်သည့် သတိပေးစကား
“စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မထိခိုက်တဲ့ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးနဲ့ အချုပ်အချာ အာဏာကို မထိခိုက်နိုင်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ရချင်တယ်လို့ ပြောလိုပါတယ်။”
၆) NCA ပြင်ပအဖွဲ့နှင့်ပတ်သက်သည့် သတိပေးစကား
“NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိုလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင် သဘောတူူညီချက်တွေရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ညီညွတ်မှု မရှိဘူးလို့ ပြောလိုပါတယ်။”
၇) ရာဇသံစကား
“ကျနော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။”
ဟူသော စကားရပ်များသည် ဆိုင်ရာဆိုင်ရာ နယ်ပယ် အသီးသီးက ခေါင်းဆောင်များနှင့် အဖွဲ့အစည်းတို့ကို တင်ကူး သတိပေးလိုက်သည့်သဘော သက်ရောက် ပါသည်။ ထို့ပြင် ကျနော်တို့မှာ အင်အားမချိနဲ့ဘူး ဟူသော စကားရပ်နှင့်အတူ စဉ်းစားရာကောင်းသည့်စကားရပ်က အိမ်နီးချင်းနိုင်ငံများကို ရည်ညွန်းသည့် စကားရပ်ဖြစ်သည့် (ကျနော်တို့ရဲ့ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများကိုလည်း ကျနော်တို့နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ရာမှာ ထာဝရ ငြိမ်းချမ်းတည်ငြိမ်တဲ့ နယ်စပ်ဒေသများဖြစ်စေရေးအတွက် အလေးထား ညှိနှိုင်းဆောက်ရွက်မှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟူ၍ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း (လက်ရှိအချိန်အထိ) အားအပါဆုံး မိန့်ခွန်းဟု ပြော၍ ရနိုင်မည့် တတိယပင်လုံညီလာခံ အဖွင့်မိန့်ခွန်းက သံတမန်ရေး Diplmatic ထက် စစ်ရေး Offensive သဘော ပိုကဲပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းသည် မြန်မာ့သမိုင်းကို တပ်မတော်အမြင်ဖြင့် သွတ်သွင်းဘောင်ခတ်ပြထားသည့် မိန့်ခွန်းဟု ယူဆနိုင်ပါသည်။
တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တပ်မတော်၏ နောက်ခြေလှမ်းကိုမူ ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်ကျင်းပဖွယ်ရှိသော (အကယ်၍ ကျင်းပခဲ့လျှင်) NCA စာချုပ် လက်မှတ်ရေးထိုးခြင်း သုံးနှစ်ပြည့်အခမ်းအနားတွင် ထပ်မံပြောကြားဖွယ်ရှိသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကို စောင့်မျှော်နားထောင်ရန်သာ ရှိသည်။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦးဖြစ်သည်။)