ရမခ၏ နောက်ဆုံးနေ့ရက်များ
ဇူလိုင်လ ၂၁ ရက်နေ့တွင် လေထီးဖြင့် စစ်ကူချပေးသည်ဆိုသော်လည်း အင်အားများပုံ မရပါ။ ထို့နောက် ခိုလန်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှတဆင့် ခိုလန်၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ နမ့်မူစယ်၊ မိုင်းယော် လမ်းကြောင်းမှ ကား ၃၁ စီးဖြင့် စစ်ကူအင်အား ၆၀၀ ကျော် ပေးပို့ခဲ့ရာ ဇူလိုင် ၃၀ ရက်တွင် နန့်ပေါင်အရှေ့ဘက် မိုင်းပန်အနီး MNDAA တပ်များက ဖြတ်တောက်တိုက်ခိုက်မှုကြောင့် အထိနာသွားပြီး တန့်ယန်းသို့ ပြန်ဆုတ်သွားရ၏။ ဩဂုတ်လ ၃ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်တက်လာသော်လည်း ထပ်မံအထိနာပြီး ဦးစီးသည့် စကခ ၁၂ မှူး သူ့ကိုယ်သူ သတ်သေသွား၏။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် MNDAA တပ်များသည် လေယာဉ်ကွင်းအား သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ရမခ တိုင်းစစ်ဌာနချုပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ဩဂုတ်လ ၂ ရက်တွင် စစ်ဆေးရုံမှ မိသားစုဝင်များ အပါအဝင် အင်အား ၂၀၀ ကျော် လက်နက်ချ၏။
ရမခ ဗဟိုကင်းအား သိမ်းပိုက်မိခဲ့၏။ ဩဂုတ်လ ၃ ရက် နေ့လယ် ၁၂ နာရီ၊ ၂၀ မိနစ်တွင် ရမခ ဌာနချုပ်အား MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ရမခ ဌာနချုပ်တွင်းမှ လက်ကျန်စစ်တပ်များ ဆုတ်ခွာသွားသည်ဟုသိရ၏။ ဇူလိုင်လ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့သည်ဖြစ်ရာ တလအကြာတွင် ရမခ ဇာတ်သိမ်းသွားတော့သည်။
ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းအထိ ရရှိသော စာရင်းအရ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တဦး အပါအဝင် အများအပြား သေဆုံးပြီး ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်အဆင့်တဦး၊ ရမခတိုင်း စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ်တဦး၊ စကခ ၁ မှူး ဗိုလ်မှူးချုပ်တဦးနှင့် အရာရှိအများအပြား အင်အား ၄,၈၇၃ ဦး ဖမ်းဆီးရမိထားသည်။ ထိုစာရင်းတွင် လက်နက်ချရော၊ ဖမ်းမိသူရော၊ တပ်မိသားစုဝင်များပါ ပါဝင်သည်ဟု သိရ၏။
MNDAA ပူးပေါင်းတပ်ဖွဲ့သည် ရမခ တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ပြီး လားရှိုးမြို့နေရာအများစုကို ထိန်းချုပ်ထားနိုင်ကာ မြို့တွင်းတွင် ကျန်နေသေးသည့် တပ်စခန်းအချို့၊ စကခ ၁၄ မှူးနှင့် အင်အားအချို့ကိုသာ ဆက်လက်ရှင်းလင်းရန် ကျန်တော့သည်ဟု သိရ၏။
MNDAA ပူးပေါင်းတပ်ဖွဲ့သည် ရမခ တိုင်းစစ်ဌာနချုပ်အား သိမ်းပိုက်ပြီး လားရှိုးမြို့နေရာအများစုကို ထိန်းချုပ်ထားနိုင်ကာ မြို့တွင်းတွင် ကျန်နေသေးသည့် တပ်စခန်းအချို့၊ စကခ ၁၄ မှူးနှင့် အင်အားအချို့ကိုသာ ဆက်လက်ရှင်းလင်းရန် ကျန်တော့သည်ဟု သိရ၏။
ရမခ ဇာတ်သိမ်း
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် ၅၂ နှစ်ပြည့်ပြီဖြစ်သည့် ရမခ၊ အောင်ပွဲအလီလီခံခဲ့သော ရမခ ဇာတ်သိမ်းသွားသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။
ပထမ အချက်မှာ ရမခ စစ်ဘက်အရာရှိများသည် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပွင့်လာပြီးနောက် နည်မျိုးစုံနှင့် စီးပွားရှာသည့်ဘက်၌ အားစိုက်နေကြ၏။ ကျောက်စိမ်း၊ သစ် တရားမဝင်မှောင်ခိုမှုများကို ခွင့်ပြု၍ လာဘ်ယူခြင်း၊ ပြည်သူ့စစ်ရန်ပုံငွေဟု အမည်တပ်ပြီး မူဆယ်၊ လောက်ကိုင်စသည့် နယ်စပ်မြို့များတွင် လောင်းကစားရုံများ ဖွင့်ခွင့်ပြုပြီး ဝေစုခွဲဝေယူခြင်း၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ ပြည်သူ့စစ်များက မူးယစ်ဆေးဝါး ချက်လုပ်ရောင်းချခြင်းနှင့် သယ်ယူပို့ ဆောင်ခြင်းများကို မျက်စေ့မှိတ် ခွင့်ပြုပေးပြီး ဝေစုခွဲယူခြင်း၊ လောက်ကိုင်၊ မူဆယ်တို့တွင် တရုတ်ငွေလိမ်ဂိုဏ်းများကို ခွင့်ပြုထားပြီး ဝေစုခွဲဝေယူခြင်းများ ပြုလုပ်ကြကာ စစ်တိုက်ဖို့ထက် ကိုယ်ကျိုးစီးပွားရှာရန် အားသန်နေကြ၏။
ရမခ တိုင်းတာဝန်ရှိသူများသည် မှောင်ခိုစီးပွားရေး၊ လောင်းကစားရုံ၊ မူးယစ်ဆေးဝါး၊ ငွေလိမ်ဂိုဏ်းတို့နှင့် အဓိက စီးပွားရှာပြီး ချမ်းသာကြွယ်ဝလာရာ ရမခ တိုင်းအတွင်းရှိ စစ်ဘက်အရာရှိများတွင် တိုက်စိတ်ခိုက်စိတ် မရှိကြတော့ပေ။
ဒုတိယအနေဖြင့် ပြည်သူ့စစ်များမှာလည်း ရမခ စစ်ဘက်အရာရှိများ၏ လက်ဝေခံများဖြင့် မှောင်ခို၊ လောင်ကစား၊ မူးယစ်ဆေးဝါး၊ ငွေလိမ်ဂိုဏ်းတို့နှင့် ကိုယ်ကျိုးစီးပွားရှာရန်အတွက် ပြည်သူ့စစ် လုပ်နေကြခြင်းဖြစ်ရာ မိုးထဲရေထဲတွင် အားကိုး၍ မရတော့ပေ။ ၁၀၂၇ စစ်ဆင်ရေး ပထမရော ဒုတိယပိုင်းမှာပါ ရမခ နယ်မြေအတွင်း ပြည်သူ့စစ်များ၏ အခန်းကဏ္ဍကို မတွေ့ကြရပေ။
တတိယအချက်မှာ ရမခအပါအဝင် စစ်တပ်တွင် တပ်သားသစ် လုပ်လိုသူ ရှားပါးသဖြင့် တပ်သားသစ် ဝယ်ခြင်း၊ တပ်သားသစ်ဆွဲ ခြင်းများ ပြုလုပ်ကြရာ မိမိဆန္ဒဖြင့် တပ်ထဲဝင်သူ နည်းပါးပြီး တိုက်စိတ်ခိုက်စိတ် နည်းပါးသည်။ ရမခ လက်အောက်ခံ တပ်ရင်းတိုင်းလိုလို စစ်ထွက်အင်အား ၁၀၀ ခန့်သာရှိပြီး ရမခ ရှိသည့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ပေါများရာ တပ်သားအများအပြားမှာ မူးယစ်ဆေးဝါးနှင့် ငြိစွန်းနေကြ၏။
စတုတ္ထအချက်အနေဖြင့် ၁၉၈၉ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အနှစ် ၂၀ ခန့် အပစ်ရပ်ထားစဉ်အတွင်း တိုင်းရင်းသားလူမျိုးပြဿနာ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ရန် ကြိုးပမ်းမှု မရှိပေ။ ရမခ နယ်မြေအတွင်းရှိ အပစ်ရပ်ထားသည့် တိုင်းရင်းသားအဖွဲ့များကို ဖိအားပေး၍ လက်နက်အပ်ခိုင်းခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်လုပ်ခိုင်းခြင်းတို့အား တစိုက်မတ်မတ် ပြုလုပ်ခဲ့ရာ တိုင်းရင်းသားတို့၏ နာကျင်မုန်းတီးမှုကို ခံခဲ့ရ၏။
ပဉ္စမ အချက်မှာ မြောက်ပိုင်းသုံးဖွဲ့ကဲ့သို့ အဖွဲ့သစ်များအား လွန်စွာ အထင်သေးပြီး အလွန်အမင်း နှိမ့်ချဆက်ဆံခဲ့ရာ ထိုသို့ဆက်ဆံခံရသူများ၏ ပြင်းပြင်းထန်ထန် နာနာကျင်ကျင် တုန့်ပြန်မှုကို ရမခ စစ်တိုင်းဌာနချုပ်က ဦးစွာခံခဲ့ရသည်ဟု ဆိုရမည်။ တိုင်းရင်းသားအဖွဲ့များ၏ အခြေအနေမှန်ကို မျက်ကွယ်ပြုပြီး ရန်သူကို အလွန်အကျွံ လျော့တွက်ခဲ့သည့်အကျိုးကို စစ်တပ်နှင့်အတူ ရမခ စစ်တိုင်းဌာနချုပ် ဦးစွာခံခဲ့ရ၏။
ဆဋ္ဌမ အချက်အနေဖြင့် ရမခ အပါအဝင် စစ်တပ်ခေါင်းဆောင်များသည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူကို လွန်စွာအားထားသည်။ တိုင်းရင်းသားလက်နက်ကိုင် ဌာနချုပ်များအား ခလုတ်တချက်နှိပ်လျှင် ပြာကျအောင် ပစ်ခတ်နိုင်သည်ဟု ကြွားလုံးထုတ်နေသည့် စစ်တပ်၏ ဝါဒဖြန့်ချိရေး ကြွားလုံးများကိုလည်း အမှန်ထင်နေပုံရသည်။
ဆဋ္ဌမ အချက်အနေဖြင့် ရမခ အပါအဝင် စစ်တပ်ခေါင်းဆောင်များသည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူကို လွန်စွာအားထားသည်။ တိုင်းရင်းသားလက်နက်ကိုင် ဌာနချုပ်များအား ခလုတ်တချက်နှိပ်လျှင် ပြာကျအောင် ပစ်ခတ်နိုင်သည်ဟု ကြွားလုံးထုတ်နေသည့် စစ်တပ်၏ ဝါဒဖြန့်ချိရေး ကြွားလုံးများကိုလည်း အမှန်ထင်နေပုံရသည်။ လက်တွေ့တွင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများ မည်မျှပေးသော်လည်း တမြို့ပြီးတမြို့၊ တပ်ရင်း တရင်းပြီးတရင်း လက်လွှတ်ဆုံးရှုံးနေသည်က လက်တွေ့ဖြစ်၏။
သတ္တမ အချက်မှာ စစ်တပ်သည် ရုရှားသို့ စစ်ပညာတော်သင် ထောင်နှင့်ချီ၍ ပို့သော်လည်း ခေတ်သစ်စစ်ပွဲတွင် ဒရုန်းအသုံးပြုရန် လိုအပ်သည်ကို PDF နှင့် တိုင်းရင်းသားတပ်ဖွဲ့များထက် များစွာနောက်ကျပြီးမှ သိကြောင်း တွေ့ရ၏။ ရမခ စစ်တိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းရော၊ ဒုတိယပိုင်းပါ ရမခ လက်အောက်ခံတပ်များ ဒရုန်းဒဏ်ကို အလူးအလဲခံခဲ့ရသည်ကို တွေ့ရ၏။ ရမခ တပ်များတွင် တိုက်ရည်ခိုက်ရည်သာမက ထိုးထွင်းဖန်တီးမှုလည်း မရှိကြပေ။
အဋ္ဌမအချက်မှာ ရမခရှိ တိုက်ပွဲများတွင် သံချပ်ကာနှင့်တင့်ကားများ တစီးပြီးတစီး အဖျက်ဆီးခံရ၊ အသိမ်းခံနေရသော်လည်း ရမခ တပ်များ၏ သံချပ်ကာကား၊ တင့်ကားများနှင့် ခြေလျင်တပ်များ၏ ပေါင်းစပ်တိုက်ပွဲဝင်နိုင်မှု အစွမ်းအစကို မတွေ့ရသလောက်ပင် ဖြစ်၏။ စစ်ကောင်စီ၏ သံချပ်ကာကားနှင့် တင့်ကားများသည် စစ်ရေးပြနှင့် မြို့ပြများတွင် လှည့်လည်ခြိမ်းခြောက်ရာတွင်သာ အသုံးဝင်ပြီး ရမခ လက်တွေ့စစ်မြေပြင်တွင် အသုံးမဝင်သည်ကို တွေ့ရ၏။
နဝမအချက်အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး အင်အားစုများကို ကြမ်းတမ်းစွာ ကိုင်တွယ်ခဲ့သည့် အကျိုးဆက်အဖြစ် ရမခ နယ်မြေတွင်းရှိ KIA, MNDAA, TNLA, AA တို့နှင့် PDF, PLA, BPLA, KNDF, KPDF စသည့် နွေဦးတော်လှန်ရေး အင်အားစုများပူး ပေါင်းခဲ့ကြသဖြင့် တိုက်စိတ်ခိုက်စိတ် ထက်သန်တက်ကြွသည့် စစ်အင်အားများရခဲ့သကဲ့သို့ ပြည်မလူထု၏ ထောက်ခံမှုပါရခဲ့၏။ ရမခ တပ်များက တပ်သားသစ်ဖြည့်ရန် စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခြင်းကို စောင့်ဆိုင်းနေရစဉ် ရမခ နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများ၏ အင်အားက တရှိန်တိုး တိုးတက်လာသည်။
ဒသမ အချက်မှာ စစ်တပ်ခေါင်းဆောင်ပိုင်းက အပစ်ရပ်နေချိန်တွင် ရမခ ခံစစ်အတွက် လုံလောက်သည့် စစ်အင်အား ချမပေးသည့်အပြင် ရမခ တပ်များကလည်း လုံလောက်သည့် ခံစစ်ပြင်ဆင်မှု ပြုလုပ်ခြင်း မရှိပေ။ တပ်အင်အား မလုံလောက်သဖြင့် အပစ်ရပ်နေချိန်တွင် ရမခမှ တပ်များကိုပင် ထုတ်နုတ်သွားသေးသည်။
တဖန် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်သည့် ဇွန်လ ၂၅ ရက်တွင် တအာင်း TNLA က စတင် တိုက်ကတည်းက လားရှိုးကို တိုက်တော့မည်ဆိုသည်ကို လွယ်ကူစွာ တွက်ဆနိုင်သည်။ သို့သော် လားရှိုးကို စစ်အင်အား မဖြည့်တင်းနိုင်ပေ။ စစ်အင်အား မလုံလောက်သော်လည်း ခွာစစ်ဆင်ခွင့်မပြု။ ရှိသည့်တပ်ကို မဆုတ်တမ်းခံစစ်ဖြင့် အသေခံခိုင်းသည်။
ပြင်ဦးလွင်တွင် ပို့ထားသည့် ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) မှ တဗျူဟာအား နောင်ချိုသို့ ဦးစွာစစ်ကူဖြည့်ပြီး နောက်ပိုင်းတွင် နေပြည်တော်မှ တပ်ရင်းအချို့ကို ထပ်မံဖြည့်တင်းသော်လည်း နောင်ချိုကို ထိန်းမထားနိုင်တော့ပေ။
တကယ်တမ်း စစ်ကူပို့သည့်အချိန်တွင် ပြင်ဦးလွင်-လားရှိုးလမ်းသည် သွားမရတော့ပေ။ လေယာဉ်၊ ရဟတ်ယာဉ်လည်း ဆင်းမရတော့ပေ။ ထိုသို့သော အခြေအနေတွင် လားရှိုးသို့ ဇူလိုင်လ ၂၁ ရက်နေ့က လေထီးနှင့် အင်အားအချို့ ဆင်းခိုင်းပြီးနောက် လေကြောင်းမှ ထပ်မံ ပို့မရတော့ပေ။
အောင်ပန်း၊ ရပ်စောက်၊ ကျောက်ကူ၊ တောင်ခမ်းမှ ဒုဋ္ဌဝတီမြစ်ကိုဖြတ်၍ ကျောက်မဲသို့ စစ်ကူပို့ခြင်း၊ တောင်ကြီး၊ ခိုလန်၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ နမ့်မူစယ်၊ မိုင်းယော်လမ်းမှတဆင့် လားရှိုးသို့ စစ်ကူပို့ခြင်းတို့သည် ထောက်ပို့ ခက်ခဲသည့်အပြင် လမ်းလုံခြုံရေးလည်း ကောင်းစွာ မယူနိုင်သော ရှည်လျားလမ်းကြောင်းတလျှောက် စစ်ကူပို့ခြင်းဖြစ်ပြီး ဆုတ်လမ်းလည်း မရှိရာ ထိုတပ်များကို မပြန်လမ်းသို့ ပို့ခြင်းဖြစ်၏။
လက်တွေ့လည်း ဖြတ်အတိုက်ခံရ၍ အသေအပျောက်များ၏။ ထို့ကြောင့် တန့်ယန်းမှတဆင့် လားရှိုးသို့ စစ်ကူသွားရသည့် စကခ ၁၂ မှူး သူ့ကိုသူ သတ်သေသွားသည်။ ထို့ပြင် ယခုမှ သင်တန်းဆင်းသည့် တပ်သားသစ်များကို စစ်မြေပြင်သို့ စစ်ကူပို့ခြင်းသည်လည်း စစ်ခေါင်းဆောင်များ၏ မိုက်မဲရူးသွပ်မှုတခုသာဖြစ်ပြီး စစ်ကူပို့သည့် တပ်အား အသေခံထိုးကြွေးသည်ထက် မပိုပေ။
ထို့ပြင် ရမခ တပ်များကလည်း ခံစစ် ကောင်းစွာ ပြင်ဆင်မထားပေ။ စစ်ပွဲဖြစ်မှ သဲအိတ်ပြုလုပ်ရန် ဆာလာအိတ်များ ပေးပို့နေရသည်။ ခြောက်လခန့် စစ်နားနေသည့်အချိန် ခံစစ်ပြင်ဆင်မှု မရှိသည်မှာလည်း ရမခ တာဝန်ရှိသူများ၏ ညံ့ဖျင်းမှု၊ တိုက်စိတ်ခိုက်စိတ် မရှိမှုကို ပြ၏။ ထို့ပြင် စစ်ပွဲပြင်းထန်ချိန်၌ တိုင်းမှူး အပြောင်းအလဲ ပြုလုပ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကလည်း များစွာဆုံးရှုံးခဲ့ရာတွင် အဓိက တာဝန်ရှိသည့် တိုင်းမှူးကို ကစထမှူးအဖြစ် ရာထူးတိုးပေးသည်။ ဤသို့သော ညံ့ဖျင်းလှသည့် ကသောင်းကနင်း လုပ်ဆောင်ချက်များကြောင့် ရမခ စစ်တိုင်းဌာနချုပ်မှာ ထင်မှတ်ထားသည်ထက် စောပြီး ဇာတ်သိမ်းသည်မှာ အံ့ဩစရာမရှိပေ။
ထိုသို့ ရမခ ဇာတ်သိမ်းသွားခြင်းနှင့်အတူ စစ်ကောင်စီသည် အဓိကကျသည့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ မြန်မာပြည်၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးကို စစ်တပ် လက်လွှတ်ခဲ့ရပြီဖြစ်၏။ သို့ဖြစ်ရာ စစ်ကောင်စီအတွက် ရမခ ဆုံးရှုံးခြင်းသည် စစ်ရေး၊ နိုင်ငံရေးအရသာမက စီးပွားရေးအရပါ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့၏။
နိဂုံး
စစ်ကောင်စီ၏ လက်အောက်ခံ စစ်တိုင်း ၁၄ ခုတွင် ရမခ သည် သက်တမ်း ၅၂ ပြည့်ပွဲပင် မလုပ်နိုင်တော့ဘဲ ဇာတ်သိမ်းသွားပြီ ဖြစ်၏။ စစ်တပ်အတွက် သမိုင်းဝင်သည့် ရှုံးနိမ့်မှုဖြစ်၏။ ရမခ သည် အရင်ဆုံး ဇာတ်သိမ်းသည် ဖြစ်သော်လည်း နောက်ဆုံးတော့ မဟုတ်နိုင်ပါ။ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုလည်း အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်နေရာ ရမခ နောက်သို့ အမြန်ဆုံးလိုက်မည့် စစ်တိုင်းဌာနချုပ် ဖြစ်နေ၏။
ထို့ပြင် ရှမ်းမြောက်နှင့် မန်းမြောက်တို့၏ ရှမ်း-မန်း အောင်ပွဲနှင့်အတူ PDF နှင့် EAO တပ်ဖွဲ့များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ဦးတည်လာနေ၏။ ဆွမ်ပရာဘွမ်မှ ဆင်းလာသော KIA တပ်များသည် မြစ်ဆုံနှင့် နီးလာသကဲ့သို့ မြစ်ကြီနား တဖက်ကမ်းတွင်လည်း KIA တပ်များ ရောက်ရှိနေရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကိုလည်း ခြိမ်းခြောက်နေပြီဖြစ်၏။
ထို့ပြင် ရှမ်းမြောက်နှင့် မန်းမြောက်တို့၏ ရှမ်း-မန်း အောင်ပွဲနှင့်အတူ PDF နှင့် EAO တပ်ဖွဲ့များသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သို့ ဦးတည်လာနေ၏။ ဆွမ်ပရာဘွမ်မှ ဆင်းလာသော KIA တပ်များသည် မြစ်ဆုံနှင့် နီးလာသကဲ့သို့ မြစ်ကြီနား တဖက်ကမ်းတွင်လည်း KIA တပ်များ ရောက်ရှိနေရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကိုလည်း ခြိမ်းခြောက်နေပြီဖြစ်၏။
တချိန်က စစ်ရေးအရ ထောင်လွှားမော်ကြွားခဲ့သည့် ရမခ စစ်တိုင်း၏ နေဝန်းနီသည်လည်း နေဝင်ချိန်ကို ရောက်ရှိခဲ့ပေပြီ၊၊ မြန်မာ့စစ်တပ်သမိုင်းတွင် အညံ့ဖျင်းဆုံးဟုဆိုရမည့် ကာကွယ်ရေးဦးစီးချုပ်တဦး၏ ကွပ်ကဲမှုအောက်ရှိ စစ်တပ်၏ ရမခ စစ်တိုင်း ကျဆုံးခြင်းသည် ကျန် စစ်တိုင်းဌာနချုပ်များ ကျဆုံးခြင်းအတွက် အစပြုခြင်းသာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် စစ်တိုင်းဌာနချုပ်တခု ကျဆုံးခြင်းကြောင့် စစ်တပ်အား စိတ်ဓာတ်ရေးရာအရ များစွာထိခိုက်သည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။ စိတ်ဓာတ်ကျပြီး ဦးကျိုးနေသော စစ်ကောင်စီတပ်အတွက် ပြိုကျရန် မဝေးတော့ပြီဖြစ်၏။
ဤတွင် ပြီးပါပြီ။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ရမခ တိုင်းစစ်ဌာနချုပ် ကျဆုံးခြင်းက အဆုံးသတ်တိုက်ပွဲရဲ့ အစလား
လားရှိုးဆေးတပ် အလံဖြူထောင် (ရုပ်/သံ)
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)
ရမခ ကျရှုံးမှု စစ်ခေါင်းဆောင်ထိုင်ခုံ လှုပ်စေသလား (ရုပ်/သံ)