အမျိုးသမီးတွေ လစဉ်ရာသီသွေးဆင်းတဲ့ ပထမဦးဆုံးရက်ကို ခွင့်အဖြစ် သတ်မှတ်ခြင်းကိစ္စရပ်ဟာ မြန်မာပြည် NGO အသိုင်းအဝိုင်းနဲ့ ဆိုရှယ်မီဒီယာအပေါ်မှာ အခု လောလောဆယ် နေရာယူထားပါတယ်။
တဖက်မှာလည်း နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ နီးကပ်နေချိန်ဆိုတော့ ဒီကိစ္စဟာ ပြောဆိုဆွေးနွေးလို့ အင်မတန်မှ သင့်လျော်တဲ့ ကာလလည်း ဖြစ်နေပါတယ်။
ဒါကြောင့် (First day of Period Leave ပဲ ပြောပြော၊ Menstrual Leave ပဲ ပြောပြော) အမျိုးသမီးတွေ ရာသီသွေးဆင်းချိန်ပေးတဲ့ ခွင့်အကြောင်းနဲ့ သူ့ရဲ့ သက်ရောက်မှုတွေအေကြောင်းကို စာဖတ်သူ တယောက်အနေနဲ့ရော၊ လုပ်ငန်းခွင်ထဲက အမျိုးသမီးအနေနဲ့ပါ ဆွေးနွေးလိုပါတယ်။
ရာသီလာစဉ် အနားယူခွင့်ကို ဥပဒေမှာ ပြဌာန်းရေးဆွဲပြီး ခွင့်ပေးတဲ့နိုင်ငံတွေဆိုလို့ အခုဒီစာကိုရေးနေချိန်အထိ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနဲ့ အာဖရိက က ဇမ်ဘီယာနိုင်ငံတွေပဲ ရှိပါသေးတယ်။
အဲဒီလို အကောင်ထည်ဖော်နေတဲ့ နိုင်ငံတွေဟာ International Gender Equality Ranking မှာတော့ ကျား၊မ တန်းတူညီမျှရေး လုပ်ဆောင်ချက်တွေ ဆိုးရွားနေတာကို တွေ့နိုင်ပါတယ်။ အီတလီလွှတ်တော်မှာ ၂၀၁၇ ခုနှစ်က ဒီ ရာသီလာစဉ် အနားယူခွင့်ကို ဥပဒေပြုဖို့ ကျယ်ကျယ်လောင်လောင်ဆွေးနွေးခဲ့ပြီး ဒီအဆိုဟာ အထ မမြောက်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်ရှိတယ် ဆိုရင်တောင် ဒီလိုမူဝါဒကြောင့် အမျိုးသမီးတွေ တောက်လျှောက် တိုက်ခဲ့ရတဲ့ အခွင့်အရေးကို ထိခိုက်နိုင်မယ့် အခြား နောက်ပြန် သက်ရောက်မှုတွေနဲ့ အကောင်ထည်ဖော်ဖို့ အခက်ခဲတွေ ရှိနေလို့ဖြစ်ပါတယ်။
ဒီလိုခွင့်ကို ပေးဖို့ အိုင်ဒီယာဟာ အသစ်တော့မဟုတ်ပါဘူး။ ၁၉၂၀ ခုနှစ်တွေလောက် ကတည်းက ဂျပန်က စတင်ခဲ့တဲ့ အတွေးအခေါ်ဖြစ်ပါတယ်။ အဲဒီခေတ်က စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်ကြရတဲ့ အမျိုးသမီးတွေအနေနဲ့ ရှောင်လွှဲလို့မရဘဲ လစဉ် ရာသီသွေးလာတဲ့အခါ ရရှိရမယ့် လစဉ်သုံးဂွမ်းထုပ်အပြင် အခြားတကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေ (Sanitary Facilities) မလုံလောက်တာကြောင့် (ဒါမှမဟုတ် လက်လှမ်းမမှီတာကြောင့်) အထူးသဖြင့် လုပ်ငန်းခွင်ဝင်ရေးနဲ့ အိမ်ကနေ အလုပ်ကို သွားလာရတဲ့ လမ်းကြောင်းမှာ အခက်အခဲ ဖြစ်ပြီး ပေါ်ပေါက်လာတဲ့ အယူအဆဖြစ်ပါတယ်။
ဖတ်ဖြစ်တဲ့ စာတပုဒ်အဆိုအရ ဒုတိယကမာ္ဘစစ် မတိုင်ခင်မှာ ဒီအတွေးအခေါ်နဲ့ လုပ်ငန်းခွင်အတွင်းကျင့်သုံးတဲ့ ရာသီလာစဉ် အနားယူခွင့်ဟာ အမျိုးသမီးတွေရဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာနိုင်စေပြီး အမျိုးသမီးတွေဟာလည်း အလုပ်သမားဖြစ်ကြောင်း အသိအမှတ်ပြုခံရတဲ့ အမျိုးသမီးထုရဲ့လွတ်မြောက်မှု (Women’s emancipation) ကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က အသိအမှတ်ပြုခံရရေးလိုအပ်ချက်ပါ။
တကယ်တမ်း ဥပဒေအနေနဲ့ကတော့ ၁၉၄၇ ခုနှစ်မှာမှ Labour Standards Law ထဲမှာ ပြဌာန်းချက်တခုအနေနဲ့ ပါလာတာဖြစ်ပါတယ်။
ဒါပေမယ့် ရာသီသွေးဆိုတဲ့ အခေါ်အဝေါ်ကတော့ လူ့အဖွဲ့အစည်းက ပြောဆိုရန် မသင့်လို့သတ်မှတ်ထားတဲ့ စကားလုံး (Taboo) ဖြစ်နေဆဲဖြစ်ပြီး ဥပဒေအရ “ဇီဝကမ္မဆိုင်ရာခွင့်” လို့ သုံးစွဲထားတာပါ။
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ခန္ဓာကိုယ် အကြောင်း တကယ် ပွင့်ပွင့်လင်းလင်းပြောနိုင်ရဲ့လားကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အင်ဒိုနီးရှားမှာတော့ ၁၉၄၈ ခုနှစ်တည်းက ရှိခဲ့ပြီး လူလတ်တန်းစား အမျိုးသမီးတွေ ပေါများလာချိန် ဥပဒေမှာပါတဲ့ ရာသီလာစဉ် အနားယူခွင့် အပါအဝင် အခြား အကာအကွယ်ပေးထားတဲ့ အချက်တွေကို ပယ်ဖျက်ဖို့ တောင်းဆိုလာကြပါတယ်။ အဲဒီမှာ အိုင်ဒီယော်လော်ဂျီ အရွေ့ကိုမြင်ရမှာပါ။
ရာသီလာစဉ်အနားယူခွင့်ဟာ အမျိုးသမီးတွေကို ဘိုးစဉ်ဘောင်ဆက် ပစ်ထည့်ခဲ့တဲ့ မျိုးဆက်ပွားရေးတာဝန်ခေါင်းစဉ်အောက်မှာ ပြန်လည်သွတ်သွင်းထားပြီး အဲဒီမျိုးဆက်ပွားရေးကို လူ့အဖွဲ့အစည်းရဲ့ အဓိကပါဝင်သူတွေ (အမျိုးသား) က အကာကွယ်ပေးရမယ် ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
ဥပဒေပြုသူဟာ ခေတ်အဆက်ဆက် အမျိုးသားတွေပဲ ဖြစ်တယ်ဆိုတာ ဒီနေရာမှာ မေ့ထားလို့မရတဲ့ အရေးကြီးတဲ့ အချက်ပါ။ ဒါကြောင့် အိုင်ဒီယော်လော်ဂျီအရွေ့မှာ အမျိုးသမီးတွေအတွက် မိမိကိုယ်ကိုယ်စီမံနိုင်စွမ်း (self-agency) ကို တိုးမြင့်စေမယ့် စွမ်းအားမြှင့်တင်ခြင်းမျိုး မလုပ်ဘဲ၊ အခြေအနေမျိုး မဖန်တီးပေးဘဲ အကာကွယ်အစောင့်အရှောက်ခံအဖြစ် ပြန်လည်သွတ်သွင်းတဲ့ အယူအဆကို တိုက်ထုတ်လာကြတာလို့ မြင်ပါတယ်။
Association of Indonesian Businesswomen က ၁၉၉၀ အလွန်လောက်မှာ ဒီခွင့်ရက်ဟာ အမျိုးသမီးတွေရဲ့ လွတ်မြောက်မှုနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ငြင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခွင့်ကို အသုံးပြုသူ အမျိုးသမီးတွေဟာ ထုတ်ကုန်ပမာဏကို လျော့ကျစေပြီး ကုမ္ပဏီတွေကလည်း (ဥပဒေက ရှိနေတော့ ခွင့်ကို မပေးလို့မရတာကြောင့်) နောက်ပိုင်းမှာ အမျိုးသမီးအလုပ်သမားခန့်အပ်မှု ကျဆင်းလာတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ အလုပ်လုပ်ပိုင်ခွင့် ဆုံးရှုံးတာဟာ ဝင်ငွေ ဆုံးရှုံးတာဖြစ်လို့ သူတို့ရဲ့ လွတ်မြောက်မှုကို တိုက်ရိုက်ထိခိုက်ပါတယ်။
နောက်တမျိုးကတော့ ဒီခွင့်ရက်ကို တချို့အမျိုးသမီးတွေ (စာထဲမှာရေးထားတာက ကော်လာဖြူအလုပ်သမားထက် တဆင့်နိမ့်တဲ့ ကော်လာအပြာဝတ်လို့ ဆိုပါတယ်) က တလွဲသုံးကြတဲ့ ပြသနာဖြစ်ပြီး ဒါကို ထိန်းချုပ်ဖို့ဆိုရင် သူတို့ရဲ့ privacy ကို ချိုးဖောက်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်တွေထိ စုံစမ်းစစ်ဆေးတာမျိုး လုပ်ရတော့မှာပါ။
တချို့ အလုပ်ရုံတွေမှာ တကယ်ကျင့်သုံးခဲ့ပါတယ်။ ဥပမာ- အလုပ်သမား ခေါင်းဆောင်ကို ကိုယ် တကယ်ရာသီ သွေးဆင်းနေကြောင်း သက်သေပြရတာဖြစ်ပါတယ်။
Clean Clothes Campaign ရဲ့တွေ့ရှိချက်အရ နောက်ပြသနာတမျိုးကတော့ ဒီလိုမျိုး ခွင့်ယူတဲ့အခါ နောက်ပြောင်ခံရတာ၊ အလုပ်သမားအချင်းချင်း ခွင့်ကိုခံစားခွင့် မရှိတဲ့သူရဲ့ မျက်မုန်းကျိုးခြင်းခံရတာ စသဖြင့် ကြုံတွေ့ရတတ်တာကြောင့် ခွင့်ယူမယ့်အစား ရာသီလာနေစဉ် နာကျင်မှုဝေဒနာကိုပဲ အလုပ်လုပ်ရင်း ခံစားဖို့ ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။
(အမျိုးသမီးတွေနဲ့ သူတို့ရဲ့ဖြစ်တည်မှု၊ သူတို့ရဲ့ ကိုယ်ခန္ဓာကို အမျိုးသားတွေဘက်က လေးစားနိုင်မှု စွမ်းရည် နိမ့်ကျတဲ့ မြန်မာနိုင်ငံမှာ ဒီလိုမူဝါဒကို အကောင်ထည်ဖော်ရင် ထည့်တွေးထားရမယ့် အချက်ပါ။)
အင်ဒိုနီးရှားရဲ့ နောက်ပြသနာတမျိုးကတော့ အလုပ်ခွင်မှာ ဘောနပ်စ်တွေ ပေးတဲ့အခါ လူတိုင်းရပြီး ရာသီလာစဉ် အနားယူခွင့်ရက် ယူတဲ့သူက ဘောနပ်စ်မရပါဘူး။ ဒါကြောင့် အဲဒီလို ဥပဒေအရ ခွင့်ပြုထားတဲ့ရက်မှာတောင် အလုပ်ဆင်းပြီး လစာအပြင်ဘောနပ်စ်ပါရအောင် ကြိုးစားရပါတယ်။ ဒါကြောင့် ဥပဒေဟာ ထိရောက်မှုမရှိဘူးလို့ ဝေဖန်ခံရတာဖြစ်ပါတယ်။
ဒီနှစ်နိုင်ငံကို လေ့လာရသလောက် ခွင့်တွေရဲ့ အဓိက လစ်ဟာချက်က ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသစောင့်ရှောက်မှုကို ဥပဒေမှာ ထည့်သွင်းမထားတာဘဲဖြစ်ပါတယ်။ ဒါကြောင့် ဝေဖန်သူတွေက ရာသီလာနေချိန် တချို့တွေ ခံစားရတတ်တဲ့ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ကုသပေးရမယ့် သင့်လျော်တဲ့ ကျန်းမာရေးကုသမှုအစား ခွင့်ပေးခြင်းကြောင့် အမျိုးသမီးတွေကို ထိခိုက်မှုဖြစ်စေတယ်လို့ ပြောကြပါတယ်။
ရာသီလာစဉ် အနားယူခွင့်ဟာ အမျိုးသမီးထုရဲ့ လွတ်မြောက်မှုနဲ့ ကျား မ မတူကွဲပြား မညီမျှမှုကြားမှာ တော်တော် အငြင်းပွားဖွယ် ဖြစ်တဲ့ ကိစ္စပါ။
အလုပ်ခွင်မှာ အမျိုးသမီးတွေကို အသိအမှတ်ပြုတာ၊ တန်းတူညီမျှမှု (equality) ကို ကျော်လွန်ပြီး သာတူညီမျှမှု (equity) ကို သွားတာ၊ ရာသီကိစ္စ မပြောရဲမဆိုရဲ ဖြစ်နေတာကို ထုတ်ဖော်ပြောရဲလာအောင်လုပ်တာ စသဖြင့် ရည်ရွယ်ချက်ကောင်းတွေရှိကြသလိုပဲ တဖက်မှာလည်း Backfire တွေရှိနေပါတယ်။
ရုံးတွေမှာ ရှိတဲ့ ရိုးရိုး Sick Leave ကို ရောဂါအခြေခံတဲ့ နာမကျန်းဖြစ်ခြင်းလို့ ဘာသာပြန်တဲ့သူတွေ ရှိကြမှာပေါ့။
ဒါပေမယ့် မိမိ ကိုယ်ခန္ဓာမှာ ပြောင်းလဲလာတဲ့ဇီဝ ကမ္မဖြစ်စဉ် အခြေခံ နေထိုင်မကောင်းမှုတွေလည်း အကျုံးဝင်ပါတယ်။ သို့သော် ရာသီလာစဉ် ကိုက်ခဲခြင်းဟာ သီးသန့်နေထိုင် မကောင်းခြင်း ဖြစ်တယ်။
ဘာနေမကောင်းမှုမျိုးနဲ့မှ အမျိုးအစားတခုတည်း ရောမထည့်ချင်ဘူးဆိုရင် အဲဒီခွင့်ကို ယူချင်သူဟာ မိမိ ရာသီလာနေကြောင်း တာဝန်ရှိပုဂ္ဂိုလ် (ဒါမှမဟုတ်) ဆုံးဖြတ်ပေးမယ့်သူဆီမှာ ဖွင့်ထုတ်ပြောပြရမှာ ဖြစ်ပါတယ်။
HR ရဲ့ risk mitigation စည်းမျဉ်းအရ ဒီခွင့်ကို တလွဲ အသုံးချမခံရလေအောင် လိုအပ်ရင် အထက်မှာ ပြောခဲ့ဖူးတဲ့ ဥပမာလို စာရွက်စာတမ်း ကျန်းမာရေး အထောက်အထားတခုခု သက်သေပြရတာမျိုး ဖြစ်နိုင်ပါသေးတယ်။
ဒါကြောင့် ထိခိုက်နိုင်တဲ့ အခွင့်အရေးက ကိုယ်ရေးပုဂ္ဂလလုံခြုံခွင့် (The right to privacy) ပါ။ Privacy မှာ မိမိကိုယ်ပိုင်ဘဝနဲ့ အဲဒီဘဝကို မိမိဘာသာ စီမံခွင့်လည်း ပါပါတယ်။ အဲဒါကို ICCPR ရဲ့ General Comment 16 မှာ ကြည့်နိုင်ပါတယ်။
ရာသီ လာနေတဲ့ကိစ္စကို ထုတ်ပြောရဲတာ မရဲတာနဲ့ မဆိုင်ဘူး။ ကိုယ့်အထက်လူကြီး သို့မဟုတ် HR ကို ပြောဖို့မလိုတဲ့ မိမိကိုယ်ရေးကိုယ်တာ Private life ဖြစ်နေတဲ့အချက်နဲ့ ဆိုင်ပါတယ်။ နောက်ဆက်တွဲ သက်ရောက်မှုအရ အဲဒီလိုထိခိုက်နိုင်မယ့် right to privacy ကိစ္စဟာ ရေရှည်မှာ အမျိုးသမီးဝန်ထမ်းကချည်းပဲ ကြုံတွေ့နေရမယ့် ကျား မ မတူကွဲပြားမှုအခြေခံတဲ့ပြသနာ ဖြစ်လာနိုင်ပါတယ်။
ရာသီလာစဉ် အနားယူခွင့်ဆိုင်ရာ ရှိနှင့်ပြီးသား ဥပဒေနဲ့ မူဝါဒတွေရဲ့ ပုံစံဟာ (အမျိုးသားအုပ်စိုးတဲ့) လူ့အဖွဲ့အစည်းက ပုံဖော်ထားပြီး power ရှိသူတွေက ဥပဒေ သို့မဟုတ် စည်းမျဉ်းပြုထားတဲ့ objective reality ဖြစ်တယ်။ သူက အမျိုးသမီးတဦးချင်းစီရဲ့ မတူကွဲပြားတဲ့ အတွေ့အကြုံ၊ ခံစားချက်တွေကို ထင်ဟပ်တဲ့ subjective reality မဟုတ်ပါဘူး။
ဒါတွေကို သေချာလိုက်မတွေးဘဲ အမျိုးသမီးတွေရဲ့ နာကျင်မှုကို ကိုယ်ချင်းစာရမယ်၊ ဒါမှ စိတ်ပိုင်းဆိုင်ရာကျင့်ဝတ်အရ မှန်ကန်မယ်၊ တိုးတက်တယ်လို့ သတ်မှတ်ခံရမယ်ဆိုတဲ့ ယူဆချက်ဟာ empower ပေးတာ မဟုတ်ပါဘူး။
အကာအကွယ်ပေးမှု (Protection) လို့ ခေါင်းစဉ်တပ်ထားတဲ့ ဖယ်ကျဉ်ခြင်း (exclusion) ပါပဲ။
ဘာသာရေးခေါင်းဆောင်တွေက အတင်းအကျပ်ပုံစံနဲ့ ရာသီလာတဲ့ အမျိုးသမီးရဲ့ ပါဝင်ခွင့်ကို ဖယ်ကျဉ်တယ်။ ရာသီလာစဉ် အနားယူခွင့်ကတော့ မိမိဆန္ဒအလျောက်ပုံစံနဲ့ ဖယ်ကျဉ်တယ်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အမျိုးသမီးတွေဟာ ပညာသင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ အမျိုးသားတွေနဲ့ တန်းတူမရှိတာ၊ အမျိုးသားတွေနဲ့ယှဉ်ရင် နောက်ကျကျန်နေတာတွေ၊ လုပ်ငန်းခွင် တတ်မြောက်ကျွမ်းကျင်မှုမှာလည်း အမျိုးသားက ပိုသာတယ်၊ အမျိုးသမီးက သိပ်ပြီး လုပ်ငန်း မကျွမ်းကျင်ဘူး၊ အမျိုးသမီးဝန်ထမ်းက ကရိကထတွေများတယ် စသဖြင့် Sexism ကိုတွေ့ကြုံခံစားနေရပြီးသားပါ။
ဒါကြောင့် ဒီလိုခွင့်ရက်ဟာ အဲဒီရှိရင်းစွဲပြသနာကို ပြန်လည် ပုံသွင်းပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အပြင်းအထန် နာကျင်မှု ဝေဒနာ ခံစားရတဲ့သူက Day off ယူချင်ယူနိုင်တယ်၊ ဒါကို ရာသီလာနေတဲ့ အမျိုးသမီးတိုင်းအပေါ် သက်ရောက်နေတဲ့ Blanket Policy မျိုးနဲ့ ဖယ်ကျဉ်ဖို့မလိုဘူး၊ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတိုင်း ခံစားရပုံချင်း စိတ်နေစိတ်ထားချင်းမတူကြဘူး။
ဥပမာ ရာသီလာတဲ့ ပထမဦးဆုံးရက်ကို ခွင့်အဖြစ်ပေးတဲ့ First Day of Period Leave လို့ပြောရင် တချို့အမျိုးသမီးတွေက နာကျင်ကိုက်ခဲမှုကို ရာသီလာနေစဉ် နေ့ရက်အားလုံးမှာ ခံစားရတာကို မလွှမ်းခြုံနိုင်ပါဘူး။ အဲဒီလိုပဲ အမျိုးသမီးအားလုံးကလည်း ရာသီလာနေချိန်မှာ ချိနဲ့အားနည်းနေကြတာ မဟုတ်ပါဘူး။ ဒါကြောင့် တချို့ ဝေဖန်သူတွေက ဒီခွင့်ဟာ “အမျိုးသမီးများသည် ရာသီလာနေစဉ် နေထိုင်မကောင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချိနဲ့နေသည်” ဆိုတဲ့ ခေါက်ရိုးကျိုးပုံစံပြုခြင်း (Stereotyping) နဲ့ ခွဲခြားဆက်ဆံခြင်း (Discrimination) ကို ဖြစ်ပေါ်စေတဲ့အတွက် အဲဒီအစား ပုံမှန် Sick leave က လုံလောက်ပြီး လုပ်ငန်းခွင်မှာ နွေးထွေးတဲ့ ပံ့ပိုးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲကို နားလည်ပေးနိုင်မှုတွေကို Women empowerment အနေနဲ့ လုပ်ပေးနိုင်ပါတယ်လို့ ပြောကြတာဖြစ်ပါတယ်။
နောက်ထပ် သက်ရောက်မှုတခုကတော့ အမျိုးသမီးတွေရဲ့ အမျိုးသားများတန်းတူ စွမ်းဆောင်နိုင်မှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေမှာ ပါဝင်နိုင်မှုဖြစ်ပါတယ်။ နဂိုတည်းက အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ ယှဉ်တဲ့အခါ အတွေ့အကြုံနည်းသူ၊ အမျိုးသားလောက် မကျွမ်းကျင်သူဆိုပြီး အမြင်ခံရပါတယ်။
လုပ်ငန်းခွင်မှာ ဒီလိုခွင့်ရက်မျိုးကို လက်ခံထားရင် အမျိုးသမီးတွေဟာ သူရရမယ့်အခွင့်အရေးတွေကို ရှေးရိုးနည်းနာအတိုင်း အမျိုးသားတွေဆီကို ပြန်လည်ထိုးအပ်ပြီး နောက်ကိုခြေတလှမ်းပြန်ဆုတ်ဖို့ လက်ခံထားတာနဲ့အတူတူပဲ လို့ ငြင်းကြတဲ့ သူတွေရှိပါတယ်။
မှန်ပါတယ်၊ ခေါင်းဆောင်ပိုင်းရာထူးကို ရယူနိုင်မှုနဲ့ ကျား/မ လစာငွေကွာဟမှုအတွက် ရာသီလာစဉ်အနားယူခွင့်ဟာ အသုံးပြုလို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်လာနိုင်ပါတယ်။ တခြားနိုင်ငံက သာဓကတွေလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးလွှတ်တော်အမတ်၊ အမျိုးသမီးဝန်ကြီးချုပ် စတဲ့ Politician နေရာတွေမှာ ရှိနေတဲ့ အမျိုးသမီးတွေအနေနဲ့လည်း သူဟာ အမျိုးသား နိုင်ငံရေးသမားတွေလို အမြဲတမ်း လိုအပ်သလို သွားလာလှုပ်ရှား တာဝန်ထမ်းဆောင်ဖို့ သူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကြောင့် မဖြစ်နိုင်ပါဘူးလို့ ပြောလိုက်ရတာ၊ လက်ခံလိုက်ရတာမျိုးပါပဲ။
နောက်ပြီး ဒီခွင့်ဟာ အမျိုးသမီး၊ အမျိုးသားကဲ့သို့ပြောင်းလဲဝတ်ဆင်နေထိုင်တဲ့ Trans တွေနဲ့ သွေးဆုံးပြီးသား အမျိူးသမီးတွေအပေါ် မလွှမ်းခြုံနိုင်သလို၊ သူတို့အပေါ် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် အားလုံးပါဝင်လွှမ်းခြုံတဲ့ Inclusive ဖြစ်တဲ့ ခွင့်မျိုးက ပိုပြီးသင့်လျော်မယ်လို့ ယူဆရပါတယ်။
နောက်ပြီး ခွင့်ယူတဲ့ အမျိုးသမီးတွေအပေါ်မှာလည်း ရာသီလာလို့မဟုတ်ဘဲ အနားယူချင်လို့ Girl Card ထုတ်ကစားနေတာဆိုတဲ့ အမြင်က အမျိုးသမီး အမျိုးသားကွာဟမှုကို ပံ့ပိုးပေးနေဦးမှာဖြစ်ပါတယ်။ ဂျပန်မှာဆိုရင် အခုနောက်ပိုင်း ငယ်ရွယ်တဲ့အမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ အားနည်းသူအဖြစ် အခွင့်အရေးကို တလွဲအသုံးချသူအဖြစ် အမြင်မခံလိုတာကြောင့် Menstrual Leave ယူတဲ့ အရေအတွက် ကျဆင်းလာနေပြီး ခွင့်က stereotype လုပ်ထားတဲ့ အားနည်းသူ၊ အတွေ့အကြုံ နည်းသူ ဆိုတဲ့ အမြင်ကို ပိုပြီးရည်မှန်းချက် ကြီးကြီးထားကာ ကြိုးစားတွန်းလှန်နေရတယ်လို့ ကျောင်းအတူတက်နေသူ ဂျပန်အမျိုးသမီးက ကျနော့်ကို ပြောပြလာပါတယ်။
ဒါကြောင့် ဒီလိုမျိုး ခွင့်ကို ပေးရတဲ့ ရည်ရွယ်ချက်ကို စဉ်းစားတဲ့အခါမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးချင်ရုံလား၊ ဒါမှမဟုတ် လွတ်မြောက်ဖို့ စွမ်းအင်ပေး မြှင့်တင်ချင်တာလား ဆိုတာ ကွဲပြားဖို့လိုပါမယ်။ အမျိုးသမီးတယောက်အနေနဲ့ ကျနော်နားလည်ထားတာက အမျိုးသမီးတွေဟာ ရာသီသွေးဆင်းနေတယ်လို့ လူသိမှာ ရှက်ကြတယ်၊ “ငါ ဟိုဟာတွေ ဖြစ်နေတယ်” လို့ သွယ်ဝိုက်ပြောကြတယ်၊ ဆိုင်တွေမှာ လစဉ်သုံးဂွမ်းထုပ်သွားဝယ်ရင် ဆိုင်ရှင်က အမျိုးသားဆို မပြောထွက်ကြတော့ဘူး။ ပြီးရင် အဲဒီ Pad ထုပ်ကိုလည်း သတင်းစာစက္ကူအိတ်တို့၊ ပလတ်စတစ်အိတ်အမည်းတို့နဲ့ ခပ်သုတ်သုတ်ထည့်၊ ဖွက်ပြီး ကိုင်ကြရပါတယ်။
ကိုးတန်းနှစ်က ကျနော်ရာသီလာနေတဲ့ ရက်တချို့ကို ပြန်သတိရတယ်။ အနောက်တန်းမှာက ယောက်ျားလေးတွေထိုင်တာ၊ ကိုယ်ကလည်း လုံချည်မှာ စွန်းနေတဲ့အချိန်၊ ဆရာမအတန်းထဲဝင်လာရင် မတ်တပ်ရပ်ပြီး မင်္ဂလာပါ နှုတ်ဆက်ရတဲ့အချိန်၊ အဲဒီနေရာကနေ အငွေ့ပျံပြီး ပျောက်သွားချင်လိုက်တာဆိုတာ။ ကျနော်တို့က ဘာမှားနေလို့ အဲဒီလိုတွေ ရှက်ရွံ့နေရမှာလဲ။ ဒီလို သဘာဝဖြစ်စဉ်တခုမှာ ဘာလို့ အလှောင်ပြောင်ခံနေရမှာလဲ။
နောက်ပြီး ရှိသေးတယ် အသက်က ငယ်ငယ်လေး၊ လူခန္ဓာကိုယ်က အခြားအတန်းဖော်တွေထက် ဖွံ့ဖြိုးလို့ ရာသီစောလာပြီဆိုရင် လူ့အဖွဲ့အစည်းက ဒီကလေးမ ကျန်းမာကြံ့ခိုင်ပါလားလို့ မချီးကျူးဘူး။ ကိုယ်ကပဲ ရွထနေလို့၊ စိတ်က ကလေးစိတ်မဟုတ်တော့လို့ ရာသီလာတာဆိုတဲ့ အစွဲတွေ အမြင်တွေနဲ့ အကြည့်ခံရတယ်။
ဒါကြောင့် ကျမတို့ဟာ ရာသီလာတာကို ရှက်စရာ၊ အပြစ်တခု၊ ဖုံးကွယ်ထားစရာလို့ မှတ်ယူလိုက်ကြတာဖြစ်တယ်။ နောက်ပြီး ကိုယ့်အမျိုးသမီး ရာသီလာနေချိန် လိင်ဆက်ဆံရင် ဘုန်းနိမ့်တတ်တယ်၊ သူ့သွေးက ရွံစရာကောင်းတယ်ဆိုတဲ့ ယောက်ျားတွေကြောင့်လည်း ရာသီသွေးဆင်းနေတဲ့ အမျိုးသမီးအင်္ဂါဟာ ရှက်ရွံ့စွာ နှုတ်ဆိတ်နေခဲ့ရတာဖြစ်ပါတယ်။ တကယ်က ဒါတွေကို တွန်းလှန်ရမှာပါ။
ရာသီလာခြင်းဆိုတဲ့ စကားလုံးကို ဆယ်ကျော်သက်မိန်းမငယ်လေးက စလို့ အရွယ်ရောက်အမျိုးသမီးအထိ တိုးတိုးလေး ပြောစရာမလိုတော့ဘဲ ရဲရဲဝံ့ဝံ့ပြောနိုင်လာအောင် Empowerment ပေးရမှာဖြစ်ပါတယ်။ ဥပမာ ကျောင်းတွေမှာယောက်ျားလေးရော၊ မိန်းကလေးရော အတူတူထားပြီး ဟောပြောတာ၊ ထုတ်ဖော်ပြောဆိုရဲတဲ့ မိန်းကလေးတွေကို ချီးကျူးတာ၊ တလောကလုပ်တဲ့ Vagina Monologue လိုမျိုး ပွဲတွေကို NGO Elite တွေတင် မဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ လူထုက ပါဝင်လာနိုင်အောင်ပြုလုပ်ပြီး အမျိုးသမီးတွေကို သူတို့ လိင်အင်္ဂါအကြောင်း ပိုမိုသတိထားမိလာစေတာ၊ ပိုမိုပြောဆိုဆွေးနွေးလာစေတာ၊ သူနဲ့စပ်လျဉ်းတဲ့ Literature တွေ ဖန်တီးတာ၊ Campaign တွေလုပ်တာ၊ ကျောင်းနဲ့လုပ်ငန်းခွင်မှာ လစဉ်သုံးပစ္စည်းတွေ ထားပေးပြီး Support လုပ်တာ၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော် Institution လိုက်ကို အမြစ်တွယ်နေတဲ့ ကျားမ တန်းတူမညီမျှမှုရဲ့ အမြစ်အုံကို တွန်းလှန်တာတွေ လုပ်ရမှာဖြစ်ပါတယ်။
မနေ့က အတန်းဖော်တွေနဲ့ ဆွေနွေးတော့ ဗြိတိသျှလူမျိုးနှစ်ယောက်မှာတောင် တယောက်ရဲ့ မိသားစုက အတော်ပွင့်လင်းပြီး၊ အဖေလုပ်သူက သူ့သမီးနဲ့ မိန်းမအတွက် လိုအပ်တဲ့ Pad ထုပ်ကို အလျဉ်းသင့်ရင် ကိုယ်တိုင်ဝယ်ပေးတာမျိုးပါ။ သူ့အဖေနားလည်အောင် နေ့သုံးညသုံး အတိုအရှည် အထုပ်အရောင်ကွဲပြားပုံစသဖြင့် သင်ပေးရတဲ့ သူတို့ မိသားစုအတွေ့အကြုံကို သူက ကျနော်တို့ အတန်းဖော်တွေနဲ့ ကြည်နူးစရာ မျှဝေပါတယ်။
နောက်တယောက်ရဲ့ မိသားစုကတော့ အဲဒီကိစ္စကို သိပ်ပြီး ပြောဆိုဆွေးနွေးတာမရှိဘူးလို့ ပြောပါတယ်။ UK မှာတောင် Menstruation က Taboo ပါ။ အများအားဖြင့် Period လို့ခေါ်ပြီး Pad ကြော်ငြာတွေမှာလည်း အနီရောင်သွေးရည်အစား အပြာရောင်အရည်တမျိုးကို Flask ထဲကနေ သွန်ချပြတဲ့ ပြကွက်မျိုး ရိုက်ပြနေကြတာကြောင့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
နောက်ပြီး Asylums တွေနဲ့ ဆင်းရဲတဲ့ မိသားစုက မိန်းကလေးတွေဟာ သုံးစရာ Pad မရှိလို့ ရာသီလာနေချိန် ကျောင်းပျက်ရတဲ့ အဖြစ်တွေရှိနေပါတယ်။ ဒါကြောင့် Free Periods ဆိုတဲ့ Campaign မျိုးတွေကို လုပ်လာကြပြီး Primary နဲ့ Secondary School တွေမှာ ရာသီလာစဉ်သုံးတဲ့ တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေကို အလကားထောက်ပံ့ပေးတာတွေ လုပ်နေကြပါတယ်။ စကော့တလန်ဆိုရင် အမျိုးသမီးအားလုံး ဒီ Product တွေ အလကားရနိုင်ဖို့အတွက် လွှတ်တော်မှာဆွေးနွေးပြီး ဥပဒေရေးဆွဲတာတွေလုပ်နေကြပါပြီ။
အမျိုးသမီးတွေဟာ အမျိုးသားတွေကြီးစိုးတဲ့ Public Disclose ကို ကြိုးစားရုန်းကန်ပြီးမှ နေရာယူလာကြရတာဖြစ်ပါတယ်။ ခုထိလည်း အလုပ်လုပ်ပိုင်ခွင့်တို့ အကျိုးဖြစ်ထွန်းတဲ့အလုပ် (Productive Work) တို့အကြောင်းပြောရင် အိမ်ထဲမှာနေတဲ့ အမျိုးသမီးတွေရဲ့ လုပ်အား၊ ကောက်စိုက်သမလေးတွေရဲ့လုပ်အား၊ ဆေးလိပ်ခုံက အမျိုးသမီးတွေရဲ့ လုပ်အားတွေက လစ်လျူရှှုခံနေရဆဲဖြစ်ပါတယ်။
တချို့တွေက ဒီစာကို ဖတ်ပြီး အယူအဆလွဲနေကြပါတယ်။ ရာသီလာချိန် မကိုက်ခဲ မနာကျင်လို့ ခွင့်မယူတဲ့သူနဲ့ ကိုက်ခဲနာကျင်လို့ ခွင့်ယူရတဲ့သူကို စာထဲမှာ သန်မာတဲ့သူနဲ့ မသန်မာတဲ့သူလို့ မခွဲထားပါဘူး။ လတိုင်း မကိုက်ခဲသလို၊ လတိုင်း ကိုက်ခဲနေတာမျိုးလည်း မဟုတ်ဘူး။ တချို့တွေကျတော့ လစဉ်တိုင်း တော်တော်ဆိုးအောင် ဝေဒနာခံစားရသူတွေရှိပါတယ်။
လုံးဝမကိုက်ခဲ မနာကျင်ဖူးတဲ့ သူက မရှိသလောက်ရှားလိမ့်မယ်။ သားအိမ်မှာကပ်နေတဲ့ အမြှေးတခုလုံး ကွာကျနေတာလေ။ ကိုယ့်ဘာသာကိုယ် ခွင့်မယူတာကို သန်မာတဲ့ မိန်းမတွေက ခွင့်မယူဘူး ဆိုတာမျိုးတော့ ကျေးဇူးပြုပြီး Message မပေးပါနဲ့။ ကျမရဲ့ ဆိုလိုရင်းက အဲဒါမဟုတ်ပါဘူး။
ဒါကြောင့် ရာသီလာနေစဉ် အနားယူခွင့်ကို စဉ်းစားတဲ့အခါ အမျိုးသမီးတွေပြေးလမ်းမှာ အရှိန်နှေးစေတဲ့ Patriarchal Response မျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ၁၉၂၀ ခုနှစ်လောက်က ဂျပန်ပြည်ရဲ့ လုပ်ငန်းသဘာဝနဲ့ ဒီနေ့ မြန်မာပြည်က လူလတ်တန်းလွှာတွေထွန်းကားလာချိန်ခေတ်မှာ ဖြစ်ပေါ်နေတဲ့ လုပ်ငန်းအများစုရဲ့ သဘာဝကွဲပြားပုံကိုလည်း ချင့်ချိန်ကြည့်ဖို့လိုပါတယ်။
ရာသီလာနေချိန်မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတဲ့၊ အပြင်းအထန်နာကျင်မှုကို ခံစားရတဲ့ အမျိုးသမီးတွေကို အနားမယူသင့်ဘူးလို့ လုံးဝ(လုံးဝ) မဆိုလိုပါ။ သူတို့မှာ ခွင့်ရက်နဲ့ သင့်လျော်တဲ့ ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှု လိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို “other” လို့ Category ကွဲသွားစေမယ့် Menstrual Leave မျိုးက Women Empowerment ဟုတ်ပါရဲ့လားဆိုတာ ကွဲပြားဖို့ လိုကြောင်း ပြောတာပါ။
နောက်ဆုံးအနေနဲ့ ဒီစာမှာ ခေါင်းစဉ်အဖြစ်သုံးထားတဲ့၊ အမျိုးသမီးရေးလှုပ်ရှားသူ Dominique Christina ရဲ့ The Period Poem နဲ့အဆုံးသတ်ချင်ပါတယ်။ သူရေးခဲ့ပြီး အမျိုးသမီးအရေးလှုပ်ရှားမှုပွဲတွေမှာ နာမည်ကြီးခဲ့တာတော့ ၄-၅ နှစ်ကြာပြီထင်ပါတယ်။ ဒါပေမယ့် စာသားတွေရဲ့ ခွန်အားကတော့ မဟောင်းသေးဘဲ သန်မာဆဲဖြစ်ပါတယ် …
“….. Name the blood something holy, something mighty, something unlanguageable, something in hieroglyphs, something that sounds like the end of the world. Name it for the war between your legs, and for the women who will not be nameless here. Just bleed anyhow, spill your impossible scripture all over the good furniture. Bleed, and bleed, and bleed on everything he loves, period. “
ကိုးကား
– Culture, Society, and Menstruation, edited by Virginia L. Olesen, Nancy Fugate Woods
– ‘period problems’ at the coalface, written by Kuntala Lahiri-Dutt and Kathryn Robinson
– I’m a feminist. Giving women a day off for their period is a stupid idea.
– Menstrual leave as a workplace right divides women
– In Some Countries, Women Get Days Off for Period Pain
– Period leave: Would it help women in the workplace – or hold us back?
(ယဉ်ရတနာသိန်းသည် လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် အခွင့်အရေးအတွက် ဥပဒေနှင့် မူဝါဒများ ပြောင်းလဲဖော်ဆောင်နိုင်ရန် အဓိက စည်းရုံးလှုံ့ဆော်ဆောင်ရွက်လျက်ရှိသည်။)
You may also like these stories:
လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ
စစ်ပဋိပက္ခထဲက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာတယ်