ကမ္ဘာတဝှမ်းတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ -International Women’s Day ကို ၁၉၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ် အတွက် နိုင်ငံတကာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်က “Each for Equal” ဖြစ်သည်။
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်းရှိ အမျိုးသမီးများ တွေ့ကြုံခံစားနေရသည့် အကြမ်းဖက်မှုများ၊ ပဋိပက္ခဒေသရှိ အမျိုးသမီးများ၏ အခြေအနေ များကို အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတချို့အား ဧရာဝတီသတင်းဌာန သတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားပါသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLBမှ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ

International Women’s Dayရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Each for Equal”အရ တန်းတူရေးလို့ဆိုထားတဲ့အတွက် အဲဒီအတွက် ကမ်ပိန်းရဲ့ဆောင်ပုဒ်လည်း ပါဝင်မယ်။ ကျမတို့က ဘယ်သူမဆို အစိုးရကဖြစ်စေ လူကို လူလို့ မြင်စေချင်တယ်။ အဲဒါမှပဲ ကျမတို့လိုလားတဲ့ တန်းတူရေးတွေ၊ ကျမတို့လိုလားတဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ အပိုင်းတွေရော တနေ့တော့ ရောက်လာနိုင်တယ်။ လူလူချင်း တန်ဖိုးထားစေချင်တယ်။
ဖီးမနစ်၊ ဖီးမနစ်ဇင်လို့ ပြောလို့ရှိရင် နိုင်ငံရေးအရရော စီးပွားရေး၊ လူမူရေးအရ ကျမတို့ တန်းတူရည်တူ နေရာ ပေး ရမယ်။ တန်းတူရည်တူ ခံစားခွင့်ရှိရမယ်။ အဲဒါတွေကို ကျမတို့က ဒီနေ့ဒီအချိန်အထိ မရရှိတဲ့အတွက်ကြောင့် ကျမတို့ အမျိုးသမီးတွေက စုစည်းညီညွတ်ဖို့ လိုအပ်တယ်။
စုစည်းညီညွတ်ဖို့လိုအပ်သလို တာဝန်ရှိသူတွေဖြစ်တဲ့ အစိုးရက ဖြစ်စေ အမျိုးသမီးတွေအပေါ် ပိုမိုပြီး စွမ်းဆောင်လာနိုင်မယ့် အနေအထားတွေ၊ လက်ခံနိုင်မယ့်အနေအထားတွေ ရှိလာဖို့အတွက်ကိုလည်း သူတို့ဘက်ကနေ ပံ့ပိုးပေးရမယ့်အပိုင်းတွေရှိတယ်။ အထူးသဖြင့် အသိအမှတ်ပြုရမယ့် အပိုင်းတွေရှိတယ်။
ကျမတို့နိုင်ငံမှာ စစ်ပွဲဖြစ်တဲ့ဒေသမှာဆိုရင် အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အများကြီးရှိတယ်။ ဒီလိုမျိုး ပဋိပက္ခကြောင့် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ဒီလူတွေရဲ့ အသံတွေ၊ ခံစားမှုတွေ ဖော်ထုတ်လာနိုင်အောင်လည်း ကျမတို့ အဖြေရှာဖို့လိုအပ်တယ်။ပြီးရင် တွဲခေါ်၊ဆွဲခေါ်ဖို့ လိုအပ်တယ်။
ပြီးရင် အစိုးရတာဝန်ရှိသူတွေကလည်း ဒီလိုလူတွေအတွက်ကို ဘယ်လိုပြန်လည်ကုစားမှုတွေလုပ်ရမလဲ။ ဘာလုပ်ဖို့ လိုအပ်လဲဆိုတာကို ပြန်လည်စဉ်းစားဖု့ိလိုတယ်။ ကျမတို့က တဖက်မှာ တိုက်ပြီးတော့ တဖက်မှာ ကျန်ရစ်နေထိုင်ခဲ့တဲ့ လူတွေအများကြီးထဲမှာ အထူးသဖြင့် စစ်ပဋိပက္ခထဲမှာ နေနေတဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့အမှုတွေက ပိုများလာတယ်။
အခရာအမျိုးသမီးအဖွဲ့တည်ထောင်သူ ဒေါ်ထားထား

အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ဘယ်နေရာမှာမဆို တန်းတူမရမခြင်း ခံနေရမှာပဲ။ ခံနေရသရွေ့တော့ အမျိုးသမီးများနေ့ဆိုတာ ရှိနေရမှာပဲ။ အမျိုးသမီးတွေရဲ့အသံတွေ၊ အမျိုးသမီးတွေရဲ့ တည်ရှိမှု၊ အမျိုးသမီးတွေရဲ့ အရေးပါမှု၊ အမျိုးသမီး တွေရဲ့နှိပ်ကွပ်မှုတွေကို ဖော်ပြနိုင်အောင်၊ တားဆီးနိုင်အောင် အမျိုးသမီးတွေရဲ့ အရေးပါမှု အမျိုးသမီးများနေ့က ရှိကို ရှိနေရမှာဖြစ်တယ်။ အဲဒါကြောင့် အမျိုးသမီးတွေက အနှိမ်ခံရလို့ အမျိုးသမီးနေ့ဆိုတာ ရှိလာတာ။
ဆောင်ပုဒ်တွေမှာကြည့်ရင်လည်း အမျိုးသမီးတွေအနှိမ်ခံရလို့ နေရာမပေးတာ၊ အနှိမ်ခံရတာနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ အစ်ရှူးတွေကို ဆောင်ပုဒ်ထုတ်ထားတာဖြစ်တယ်။ အမျိုးသမီးများကို အကြမ်းဖက်မှု ကာကွယ်ဖို့တို့၊ ဝိုင်းဝန်းဖို့တို့၊ အမျိုးသမီးများရဲ့အသံ၊ အမျိုးသမီးများရဲ့ခေါင်းဆောင်မှုတို့ ၊ အမျိုးသမီးများကို နေရာပေးဖို့တို့ ဒါတွေမပေးနေလို့ ဒီအတွက် ဆောင်ပုဒ်လေးတွေက နှစ်အလိုက် ထုတ်ထားတာပါ။
ဒီနှစ်ဆောင်ပုဒ်”Each for Equal”က ဆိုရင် တယောက်ချင်းစီတိုင်းက သူတို့ဘယ်လိုယူဆလဲဆိုတာတော့ မသိဘူး။ ကျမအနေနဲ့ ဆိုရင် “Each for Equal”က တယောက်ချင်းစီက တန်းတူဆိုတဲ့ Equality ကို သွားမယ်ဆိုရင် ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်မယ်။ Equality လို့ပြောရင်လည်း တယောက်တလေ၊ တစုတခုက Equality ကို မခံစားရဘူးဆိုလို့ရှိရင် Equality ဆိုတာ မဟုတ်သေးဘူး။
Htoi Gender and Development Foundationမှ ဒါရိုက်တာ ဒေါ်နန်ပူ

နိုင်ငံတကာ အမျိုးသမီးများနေ့ သမိုင်းကို ကြည့်မယ်ဆိုရင်တော့ အဓိကကတော့ အမျိုးသမီးတွေ အခွင့်အရေး မရအောင် ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍမှာ ရှိတဲ့သူတွေက အမျိုးသားတွေပဲဖြစ်နေတယ်။ အမျိုးသားတွေပဲ ဖြစ်တဲ့အခါကျတော့ သူတို့ပဲဆုံးဖြတ်တယ်။ သူတို့ရဲ့ အမြင်က အမျိုးသမီးတွေကိုပဲ ချန်ထားတယ်ဆိုတဲ့ အမြင်က ရှိတဲ့အခါကျတော့ အမျိုးသမီးတွေက ဦးဆောင်ပြီးတော့မှ အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရရှိရေးကို လုပ်ရင်းနဲ့မှ နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပေါ်လာတာဖြစ်တယ်။
မဲပေးတာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုရင် အမျိုးသမီးတွေ မဲပေးခွင့်ရပြီဆိုလို့ရှိရင် ကိုယ့်အရေးကို လုပ်ဆောင်ပေးနိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မဲပေးရမှာပေါ့။ မဲပေးခွင့် မရဘူး။ ပြီးတော့ အဲဒီအခါကျတော့ အမျိုးသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့မှ စဉ်းစားပေး တာတွေ၊ လုပ်ဆောင်ပေးတာတွေ ငွေကြေးပိုင်းဆိုင်ရာ၊ ရာဖြတ်တွေ ချမှတ်တာတွေ လုပ်လာရတဲ့အခါကျတော့ အမျိုးသမီးပညာတတ်တွေ။ ၃ ပုံ ၁ပုံက အမျိုးသမီးတွေက ပညာမတတ်ဘူးဆိုတာတွေ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသမီးတွေက ကလေးမွေးပြီး အသေအပျောက်ဖြစ်တာတွေ၊ ဒါတွေ ဖြစ်လာတဲ့အခါကျတော့ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာတယ်။
ကျမတို့ ကချင်ပြည်နယ်အနေနဲ့ ဆိုရင် ဒါက လုပ်သင့်တဲ့ပွဲဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာဖြစ်တဲ့ UN ကနေပြီးတော့မှ စလုပ်လာတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့နိုင်ငံလည်း ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ ပဋိပက္ခဒေသဖြစ်တဲ့ ကချင်ပြည်နယ်က အမျိုးသမီးတွေအနေနဲ့လည်း နိုင်ငံတကာ အမျိုးသမီးနေ့ကိုလုပ်သင့်တယ်။
အမျိုးသမီးအခွင့်အရေးက ပဋိပက္ခဒေသက အမျိုးသမီးတွေက ပိုပြီး ဆုံးရှုံးနေတယ်။ ပဋိပက္ခမရှိတဲ့နေရာက အမျိုးသမီးတွေလည်း သူတို့အခွင့်အရေးတွေ ဆုံးရှုံးနေတာပဲ။ ကျမတို့ ပဋိပက္ခဒေသက သာ၍ သာ၍ ဆုံးရှုံးတယ်။
အထူးသဖြင့် ကျမသုတေသနလုပ်ကြည့်တော့ တိုင်းရင်းသားတွေရဲ့ ရိုးရာတွေကို ကျား၊ မအပေါ်မှာ တန်ဖိုးထားတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ကျင့်သုံးမှုတွေကို လေ့လာတဲ့အခါမှာ ကချင်က အဆိုးဝါးဆုံးဖြစ်နေတယ်။
ပိုပြီး ဆိုးဝါးတာက ဖခင်ယောင်္ကျားဘက်က နာမည်ကိုပဲ ယူပြီးတော့မှ အလုပ်လုပ်ရတာ။ အဲဒီလိုရှိတယ်ဆိုတဲ့အခါကျတော့ ကချင်က အမျိုးသမီးတွေကို နှိမ်တာ၊ ရိုးရာအရ အမျိုးသမီးတွေကို ချန်ထားတာတွေက ရှိနေတယ်။
အဲဒါကို အစိုးရက ရိုးရာအစွဲအလမ်းနဲ့ အမျိုးသမီးတွေကို နှိမ်တာတွေ၊ ရှေးရိုးစွဲအစဉ်အလာတွေရှိနေလို့ရှိရင် ပပျောက်အောင် လုပ်ရမယ်ဆိုတဲ့ စီဒေါထဲက အချက်တွေကို အစိုးရက ထိထိရောက်ရောက် မလုပ်ဆောင်လာတဲ့အခါကျတော့ အမျိုးသမီးတွေကို နှိမ်ထားတာတွေက ကချင်အသိုင်းအဝိုင်းမှာ ပိုပြီးများတယ်။
အဲဒါတွေ တွေ့ရတော့ ကျမတို့က ဒီလို နိုင်ငံတကာ အမျိုးသမီးနေ့ပွဲတွေလုပ်ပြီးတော့မှ ဒါတွေက မတရားတာတွေ ဖြစ်တယ်။ ဒါတွေကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲရမယ်ဆိုပြီးမှ တဖြည်းဖြည်းနဲ့ အမြင်ဖွင့်ခြင်းတွေ အသိပညာပေးမှုတွေ လုပ်ဆောင်ဖို့ရန် အတွက် ဖိတ်ခေါ်မှုတွေ လှုံဆော်မှုတွေက ကျမတို့ ထပ်ပြီးလုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ရှိတဲ့အတွက်ကြောင့် ကျမတို့ လုပ်တာဖြစ်တယ်။
ကျမတို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်တိုင်က ကချင်အမျိုးသမီးတွေရဲ့မူဝါဒဆိုတာကို နောက်ဆုံးရေးဆွဲပြီး တင်ပြတဲ့အခါမှာ အမျိုးသမီးတွေလည်း မြေယာပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို သူက လုံးဝဆန့်ကျင့်တာ။
သူက နာမည်ကြီးလည်းဖြစ်တယ်။ ဥပဒေလည်း နားလည်တဲ့သူ၊ လူ့အခွင့်အရေးကို သိတဲ့ ရှေ့နေတယောက်ဖြစ်ပြီးတော့မှ သူ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ရဲ့ဥက္ကဌဖြစ်နေတာတောင်မှ သူကိုယ်တိုင်က တရားဝင်အစည်းအဝေးမှာချပြိး အမျိုးသမီးတွေက ဘယ်လိုဖြစ်ပြီးတော့မှ လယ်ယာမြေပိုင်ဆိုင်ခွင့် ရှိရမှာလဲ။
အမျိုးသမီးဆိုတာ သူများရဲ့မိန်းမဖြစ်သွားရမှာပဲဆိုတာ အဲဒီလိုမျိုး ထပြောပြီး ကန့်ကွက်တာတွေ ရှိတာကြောင့် ကျမတို့အတွက်က အရမ်းကြေကွဲရတယ်။ နောက်ဆက်ပြီး အများကြီးလုပ်ဖို့ လိုအပ်နေသေးတယ် ဆိုတာ မြင်လာတာ။ အဲဒါကြောင့်လည်း ကျမတို့က ခေါင်းဆောင်ပိုင်းက အမျိုးသားတွေကို စည်းရုံးဟောပြောမယ်။
ထားဝယ်အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်

ကျမတို့နိုင်ငံက အာရှမှာတောင်မှ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံဖြစ်တယ်။ ဒီနေ့ဒီအချိန်အထိ ကျမတို့ အမျိုးသမီးတွေ အပေါ်မှာက ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိသလို အမျိုးသားတွေသာလျှင် မြင့်မြတ်တယ်။ သူတို့သာလျှင် လုပ်နိုင်တယ်။ သူတို့သာလျှင် သားကောင်းရတနာဖြစ်တယ် ဆိုတဲ့ အတွေးအခေါ်က ဒီနေ့၊ ဒီအချိန်အထိ အများစုမှာရှိနေတယ်။
တကယ်တမ်း လက်တွေ့မှာ ပြန်ကြည့်တဲ့အခါ အဲဒီလို ဖြစ်မနေဘူး။ ပြောချင်တာက အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်နေတဲ့ ကျေးရွာမှာတောင်မှပဲအမျိုးသားဖြစ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မတူဘူး။သူတို့ရဲ့ တွေးခေါ်ပုံ တွေ မတူတဲ့အခါကျတော့ ကျမတို့က ဒါတွေမဟုတ်နေဘူး ဆိုတာတွေကို တွေ့ရတဲ့အခါ ကျမတို့က မြှင့်တင်ဖို့လိုလာတယ်။
ဒါဘအပြင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကတော့ ကျင်းပရမယ့်ပွဲဖြစ်တယ်။ ဒါကို ကျမတို့ အမျိုးသမီး အဖွဲ့အစည်းတွေတင် မဟုတ်ဘဲနဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ဖို့အတွက်ကို အစိုးရမှာလည်း အများကြီး တာဝန်ရှိတာပေါ့။
ဒါပေမယ့် ဒီနေ့ဒီအချိန်မှာပဲ တိုင်းဒေသကြီးအဆင့်မှာ ဒီလိုနေ့အတွက် ဒီနှစ်ဆို ထုတ်ဖော်လည်း မပြောဘူး။ သိသလား။ မသိဘူးလားဆိုတာလည်း မသေချာ မရေရာဘူး။ ဘာသံမှ ပြောတာမကြားရဘူး။ အမှန်က ဒါက နိုင်ငံတကာကနေ အသိအမှတ်ပြုထားတဲ့နေ့ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဒီလိုနေ့ကို လုပ်သင့်တယ်လို့ ထင်တယ်။
အစိုးရက လုပ်မယ်ဆိုရင်တော့ ကျမတို့ အမျိုးသမီးတွေအတွက် ပိုပြီးအားကောင်းတာပေါ့။ ဒါက နိုင်ငံတော်က လိုအပ်နေတဲ့အချက်ပေါ့။
အကြမ်းဖက်မှုတွေ ဖြစ်လာတာက ကျမတို့ အမျိုးသမီးအခွင့်အရေးတွေကို မကာကွယ်နိုင်ခဲ့ဘူး။ ကျောင်းတွေမှာကအစ အမျိုးသမီးအခွင့်အရေး၊ ကျား၊ မတန်းတူရေးကအစ မသင်ခဲ့ရတော့ ကလေးတွေက သူတို့ကိုယ်တိုင် ကအစ အမျိုးသားကို ဦးစားပေးတဲ့ အတွေးအခေါ်တွေက အလိုအလျောက်ပါလာတယ်။
ဒီကနေစပြီး အိမ်တွင်းအကြမ်းဖက်မှုတို့၊ စီးပွားရေးအကြမ်းဖက်မှုတို့ ဖြစ်လာနိုင်တယ်။ စီးပွားရေးမှာဆိုလည်း အမျိုးသမီးက ဝင်ငွေအရ အမျိုးသားအပေါ် မှီခိုနေရတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ ဒါက တချို့နေရာတွေမှာ အမျိုးသားနဲ့ အမျိုးသမီးက အတူတူပဲဖြစ်တယ်ဆိုတဲ့ အသိကို ထည့်မပေးလိုက်တဲ့ အတွက်ကြောင့်ဖြစ်တယ်။
မင်္ဂလာဆောင်ရင်တောင်မှ ထည့်ဝင်ငွေ မတူတဲ့အခါ အဲဒီလင်မယားကြားမှာ နောက်ဆက်တွဲ မုဒိမ်းမှုတွေ ဖြစ်လာပါတယ်။ ဒါတွေကတော့ အဓိကကျတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျမတို့က အကြမ်းဖက်မှုကို ကာကွယ်တာရော အမျိုးသားရော အမျိုးသမီးပါ အမျိုးသမီးအခွင့်အရေးကို သိမှပဲကာကွယ်နိုင်မယ်လို့ ကျမတို့က မြင်ပါတယ်။
You may also like these stories:
COVID-19 ကြောင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လူအနည်းငယ်ဖြင့်သာ ကျင်းပမည်