နှစ်တိုင်းရဲ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့အမျိုးသမီးများနေ့”ဟာ မကြာခင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အမျိုးသမီးများနေ့အတွက် တကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်ကတော့ ” ညီမျှမှုဆိုတာ အားလုံးအတွက်ပါ ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ၂၁ ရာစုမှာ အမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူညီမျှတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လာကြပြီး နယ်ပယ်အသီးသီးမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေသူတွေ အများကြီး ရှိလာပြီဖြစ်ပါတယ်။
မထက်သီရိရွှေဟာ မြန်မာနိုင်ငံက လူငယ်တွေ အရည်အချင်း ပိုပြည့်ဝလာအောင် ဆောင်ရွက်ပေး ချင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒကြောင့် ရန်ကုန်မြို့မှာ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လူမှုစီးပွားရေးလုပ်ငန်းတခု ကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ MYEO(Myanmar Youth Empowerment Organization) က လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုး တက်စေဖို့ ပညာရေး၊ ပညာရပ်ဆိုင်ရာ စွမ်းရည်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ချိတ်ဆက် ပေါင်းကူးပေးနေတာပါ။
မထက်သီရိရွှေဟာ မြန်မာနိုင်ငံက လူငယ်တွေ အရည်အချင်း ပိုပြီး ပြည့်ဝလာအောင် ကူညီပေးဖို့ ကျောင်းသား အဖွဲ့အစည်း၊ ပညာရေး အဖွဲ့အစည်း၊ စွန့်ဦးတီထွင်လုပ်ငန်း၊ နိုင်ငံတကာ NGO နဲ့ SME လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်လျက် ရှိပါတယ်။ ဒါ့အပြင် သူမတို့ရဲ့ လှုပ်ရှားမှု၊ အစီအစဉ်တွေကို လူတွေပိုပြီး သိလာအောင် Facebook ရဲ့ နည်းပညာကိရိယာတွေကို အသုံးချနေသူ တဦးပါ။ အခုဆိုရင် MYEO အနေနဲ့ အွန်လိုင်းပေါ်က လူငယ်အဖွဲ့ဝင်ပေါင်း (၁၀၀,၀၀၀) နဲ့ မြန်မာနိုင်ငံတဝန်း အွန်လိုင်းပြင်ပ အဖွဲ့ဝင်ပေါင်း (၁၅,၀၀၀) အတွက် အများကြီး အကျိုးပြုနိုင်ပြီ ဖြစ်ပါတယ်။
အမျိုးသမီးများနေ့အတွက် မြန်မာအမျိုးသမီးတွေကို ဦးဆောင်သူတဦးဖြစ်တဲ့ မထက်သီရိရွှေကို ဧရာဝတီက အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ MYEO ကို တည်ထောင်ဖြစ်ပုံနဲ့ MYEO ရဲ့ အကြောင်းလေးကို ရှင်းပြပေးပါဦး။
ဖြေ။ ။ မြန်မာနိုင်ငံမှာဆို လူငယ်တွေက ကြိုးစားချင်ပေမယ့် သူတို့မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေနဲ့ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ဖို့ ဘာမှမရှိဘူးပေါ့နော်။ ကျမကိုယ်တိုင်လည်း ငယ်ငယ်က သတင်းအချက်အလက် တွေမရှိတော့ လုပ်ချင်တာတွေ သိပ်ပြီး လုပ်လို့မရတာတွေ ရှိခဲ့တယ်ပေါ့။ ဟောင်ကောင်မှာ ကျောင်းသွားတက်တော့မှ ဒါတွေရှိပါလားဆိုတာကို သိပြီး တခြားလူငယ်တွေ အဆင်ပြေအောင် သတင်းအချက်အလက်မျှဝေတဲ့ Facebook Page အနေနဲ့ စခဲ့တာပါ။
မေး။ ။ လူငယ်တွေအတွက် အသုံးဝင်တဲ့ Page ဖြစ်အောင် ဘာတွေ လုပ်ခဲ့ရလဲ။
ဖြေ။ ။ လုပ်နေတာကတော့ အများကြီးပေါ့။ စလုပ်တုန်းကတော့ Information ထုတ်ဖို့ပဲ စခဲ့တာ။ ဒါပေမယ့် မြန်မာနိုင်ငံက လူငယ်တွေက Information တခုတည်းနဲ့ မရဘူး။ သိတော့သိတယ်။ ဒါပေမယ့် သူတို့က အခြေခံ Skill လေးတွေတောင် မသိကြဘူး။ အလုပ်လျှောက်လွှာတွေတောင် မရေးတတ်တာမျိုးတွေပေါ့။ ကျောင်းတွေမှာ မသင်ခဲ့ရဘူးလေ။ ဟောင်ကောင်မှာ ကျောင်းသွားတက်တော့မှာ မြန်မာနိုင်ငံက ကျောင်းမှာ မရှိတဲ့ လိုအပ်ချက်တွေကို ပိုပြီး သိရတယ်။
မြန်မာနိုင်ငံကျောင်းတွေက စာသင်တာပဲရှိတယ်။ အသက်မွေးဝမ်းကြောင်းအတွက် သေချာတာတွေ မသင်ခဲ့ဘူး။ အဲဒီအတွက် Skills Building Workshop တွေ စပြီး လုပ်ခဲ့ရတယ်။ တော်တော်များများက မြန်မာနိုင်ငံအတွက် လို့ပြောရင် ရန်ကုန်နဲ့ မန္တလေးကိုပဲ မြင်တယ်။ အဲဒီတော့ နယ်မှာရှိတဲ့တက္ကသိုလ်တွေမှာ လိုအပ်ချက်တွေ ဖြည့်ဖို့ လိုတယ်ပေါ့။ ဒါပေမယ့် နယ်တွေသွားဖို့ ပိုက်ဆံတွေလူတွေ အများကြီးလိုတာကြောင့် လူမှုကွန်ရက်ပေါ်မှာပဲ စတင်ခဲ့တာပေါ့။
မြို့အသီးသီးက လူငယ်တွေက လူမှုကွန်ရက်ကို သုံးရင်း သိလာပြီဆိုတော့မှ Offline လူ့အဖွဲ့အစည်းကို စပြီး ဖွဲ့တယ်ပေါ့။ ၂၀၁၇ လောက်မှာ တနှစ်ကို ကျောင်းသားခေါင်းဆောင် ၁၀၀ လောက်နဲ့ ပညာရပ်တွေ မျှဝေတာတွေ ပြန်လုပ်တယ်။သူတို့ကိုတော့ လူမှုကွန်ရက်မှာပဲ လေ့ကျင့်တာတွေ လုပ်ပေးတယ်။ သူတို့ကမှ သူတို့ရဲ့ ဒေသတွေမှာ ပြန်ပြီး မျှဝေကြတာပေါ့။ အခုဆိုရင် မြို့ပေါင်း ၅၁မြို့လောက်အထိကို ရောက်နေပြီ။ အဲလို လုပ်နိုင်ခဲ့လို့လည်း တကမ္ဘာလုံးမှာ အဖွဲ့ပေါင်း ၆၀၀၀ ထဲက ၁၁၂ ဖွဲ့ကို ရွေးချယ်ပြီး Facebook က ပေးတဲ့ဆုကို ရခဲ့တယ်။
မေး။ ။ လူငယ်အမျိုးသမီးတယောက်အနေနဲ့ ဒီလို အောင်မြင်မှုရရှိနေတဲ့ ပညာရေးအဖွဲ့အစည်းကို ဦးဆောင်တဲ့ အချိန်မှာ ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရလဲ။
ဖြေ။ ။ Facebook Page ကို စပြီးလှုပ်ရှားတဲ့ အချိန်မှာ အဓိကပြဿနာက လူငယ်ဖြစ်တာပေါ့။ လူငယ်ဖြစ်တဲ့ အပြင် မိန်းကလေးဖြစ်နေတာကလည်း ပါတယ်။ အသက်ငယ်တာက နိုင်ငံခြားမှာဆိုရင်တော့ ကောင်းတယ်ဆိုပြီး ကြိုဆိုကြပေမယ့် မြန်မာနိုင်ငံမှာတော့ အသက်ငယ်တော့ ပြဿနာတွေရှိတယ်။ ပြောတာတွေကို နားထောင်ချင်မှ နားထောင်တယ်။
ကျမကြုံရတွေကတော့ အစုံပဲ။ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်တွေကြုံရတယ်။ ကိုယ်က စီးပွားရေးကိစ္စတွေ ထိုင်ပြောနေတာကို သူက ထိကပါးရိကပါး ပြောတာတွေ ကြုံဖူးတယ်။ တခါကဆို တပတ်တည်းမှာကို ၃ခါလောက်ကြုံရတာပေါ့။ အဲဒီအခါကျတော့ ကျမများပြောတာဆိုတာတွေမှားသလား ဆိုပြီး ကိုယ့်ကိုယ့်ကိုတောင် အပြစ်ပြန်တင်မိတာတွေ ရှိတယ်။
မေး။ ။ Myanmar Youth Empowerment Organization ကို လာရောက်ပူးပေါင်းလိုတဲ့ လူငယ်တွေအနေနဲ့ ဘယ်လို ဆက်သွယ်လို့ရနိုင်မလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျမတို့ရဲ့ Facebook Page ဖြစ်တဲ့ MYEO ရဲ့ Messenger ကို စကားလာပြောရုံပါပဲ။ ကျမကတော့ လူငယ်တိုင်းကို မန်ဘာဝင်စေချင်တယ်။ အဖွဲ့ဝင်ဖြစ်ပြီဆိုရင် လိုလျှောက်ချင်တဲ့လမ်းကို လျှောက်ရဖို့ လမ်းပြပေးတာတွေရှိတယ်ပေါ့။ တချို့အဖွဲ့ဝင်တွေဆိုရင် ကွန်ပျူတာကို လုံးဝမသုံးတတ်ရာကနေ အခုဆို ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပွဲတွေကို တက်နေကြပြီ။
အဖွဲ့ဝင်ဖြစ်ဖို့အတွက်ဆိုရင်တော့အဖွဲ့ဝင်ကြေးက တလကိုမှ ၅၀၀၀ပဲ ယူတာပါ။ ယူတယ်ဆိုတာကလည်း ဒီမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ အဲဒီလူငယ်တွေအနေနဲ့ စီးပွားရေးအရလည်ပတ်ဖို့တွေ လိုအပ်လို့ပါ။ အဲဒီ ၅၀၀၀ ကိုမှ မတတ်နိုင်ဘူးဆိုရင်တော့ အလကားပေးဝင်ပါတယ်။ အဖွ့ဲဝင်ဖြစ်ပြီဆိုရင်တော့ ကိုယ်က ဘာတွေတတ်လဲ။ ဘာတွေလုပ်နိုင်လဲဆိုတာတွေကို စမ်းသပ်ရတဲ့ စာမေးပွဲတွေရှိတယ်။ လူငယ်တယောက်ချင်းစီရဲ့ လိုအပ်ချက်ကို လိုက်ပြီးတော့ ပညာရေး၊ စီးပွားရေး လုပ်ချင်တာတွေကို ဆွေးနွေးပေးတယ်။
မေး။ ။ နယ်ပယ်အသီးသီးမှာ အလုပ်တွေလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေနဲ့ ခေါင်းဆောင်ဖြစ်ချင်တဲ့ အမျိုးသမီးတွေ အတွက် အကြံပြုစကားလေးပြောပေးပါဦး။
ဖြေ။ ။ နည်းနည်းတော့ခက်ခဲတာတွေကို ကြုံရမှာပဲ။ မခက်ဘူးပြောရင် ကျမလိမ်ရာကျမယ်။ မြန်မာနိုင်ငံမှာဆို ကျမကအရမ်း ချမ်းသာတဲ့ မိသားစုကလာတာ မဟုတ်တော့လေ။ လူငယ်စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်လို့ ပြောရင် ပိုက်ဆံရှိတဲ့ လူတွေအတွက်သာ လွယ်တာလေ။ ကျမကတော့ စလုပ်ကတည်း ကျောင်းတက်ရင်းနဲ့လုပ်တာ။ တက်နေတဲ့တက္ကသိုလ်ကလည်း နာမည်ကြီးတဲ့ တက္ကသိုလ်ဆိုတော့ ကျောင်းသားတွေက အရမ်းကို ပြိုင်ဆိုင်တဲ့စိတ်တွေပြင်းကြတယ်။ ကျမကိုယ်တိုင်ကလည်း ပညာသင်ဆုနဲ့သွားတာဆိုတော့ အရမ်းကြိုးစားရတယ်။
ကျောင်းတက်ရင်းနဲ့ ဒီPage ကို စခဲ့တာ ပင်တော့ပင်ပန်းတယ်။ ဒါပေမယ့် မရပ်ခဲ့ဘူးပေါ့။ အပြင်မှာလည်း အလုပ် ၃ခု လောက်လုပ်ရင်း MYEO ကို လုပ်ခဲ့ရတာပေါ့။ မနက် ၆နာရီလောက်ကနေ ည ၁၁လောက်အထိ အလုပ်လုပ်ရင်းနဲ့ MYEO ကို လုပ်ခဲ့ရတဲ့ နှစ်တွေရှိတယ်။ အဲတော့ ကိုယ့်ရဲ့ အင်အားကိုတော့ အရမ်းစိုက်ပြီး လုပ်သင့်တာပေါ့။ ကျမတို့နေတဲ့နိုင်ငံက ဆင်းရဲနိုင်ငံထဲမှာပါတော့ ဘာလုပ်လုပ် ဇွဲရှိပြီး မကြောက်ဖို့လိုတယ်လို့ ထင်ပါတယ်။
You may also like these stories:
စစ်ပဋိပက္ခထဲက အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာတယ်