လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို ဧပြီလကုန်တွင် ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ရာတွင် မြို့မမြို့ဖများထောက်ခံမှုဖြင့် ရွေးချယ်သွားမည်ဟု NLD) ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တဦးက ပြောသည်။
မတ်လ ၉ ရက်နေ့က ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမ္မာန်၌ နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီဝင်များတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်က “မြို့မိ မြို့ဖ ဆိုတာက ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီ ခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့နေရာမှာ အတူပါဝင်ခဲ့ကြ၊ အားပေး ဝန်းရံခဲ့ကြပြီး ယခုအခါမှာလည်း အဖွဲ့ချုပ်ကို ဝန်းရံတဲ့ သူတွေကို မြို့မိ မြို့ဖလို့ သတ်မှတ်ထားပါတယ်” ဟု ပြောသည်။
ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် လာမည့် ဧပြီလကုန်တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့်ကိုက်ညီသည့် မူဘောင်အတိုင်း ရွေးချယ် စိစစ်ရန် စာထွက်ရှိမည် ဖြစ်ကြောင်း NLD ပါတီ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် အထွေထွေ ရွေးကောက်ပွဲအား ယခုနှစ် ၂၀၂၀ ပြည့် နှစ်အတွင်း ကျင်းပလိမ့်မည်ဟု လူအများက မျှော်လင့်နေကြသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က တရားဝင် မထုတ်ပြန်သေးပါ။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် UEC က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ မှတဆင့် ပုဂ္ဂလိက သတင်း မီဒီယာများသို့ အသိပေးဖူးသည်။
ယခုမူ ၂၀၂၀ မတ်လ ရောက်သည့်တိုင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အချိန်ကာလ ကို UEC က အရိပ်အမြွက်ပင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
မင်္ဂလာဗျူဟာ သာသနာ့ဗိမ္မာန်တွင်မူ NLD ပါတီ အနေဖြင့် အစိုးရအဖြစ် တက်လာပြီး နောက်ပိုင်း အစိုးရတရပ်အနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပါတီအောင်နိုင်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် မဲဆွယ်စည်းရုံးကာလတွင် NLD ပါတီ အနေဖြင့် နိုင်ငံအတွင်းရှိ မတရားသဖြင့် သိမ်းဆည်းခံ တောင်သူများအား အစိုးရတရပ် ဖွဲ့နိုင်ခဲ့ပါက ပြန်လည် စိစစ်ပေးသွားမည် ဟုဆိုကာ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း NLD အစိုးရ သက်တမ်း ၄ နှစ်ကျော်တွင် သိမ်းဆည်းခံ တောင်သူများလက်ထဲသို့ လယ်ယာမြေများ ပြန်လည်ပေးအပ်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိသကဲ့သို့ မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည်ပေးအပ်နိုင်ခြင်း မရှိသည့် လယ်ယာမြေများလည်း ကျန်ရှိနေကြောင်း ဒေါက်တာမေဝင်းမြင့်က ဆိုသည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများအတွက် ပြည်သူက ရွေးချယ်သည့် ကိုယ်စားလှယ်၊ ပြည်သူက တာဝန် ပေးအပ်သည့် အစိုးရ၊ ပြည်သူ့ ဝန်ထမ်းဖို့ ဆက်လက် ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း ဒေါက်တာ မေဝင်းမြင့်က ပြောဆိုသွားသည်။
You may also like these stories:
ရွေးကောက်ပွဲရက် ဘာကြောင့် မကြေညာနိုင်သေးတာလဲ
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားမဲဆန္ဒရှင်များ ဘေးဖယ်ခံနေကြရသည်
အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်