ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်း အတွင်းအာဏာ သိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်များကို စောင့်ကြည့်မိသည်။ နန်းမြို့ဟောင်း သုံးနေရာအပါအဝင် တောင်ငူ၊ မန္တလေး၊ ပဲခူးခရီးစဉ်များသည် စစ်ရှုံးမှုကို ပြေပျောက်ရန်အလို့ငှာ ယတြာချေခြင်း အပါအဝင် ရုပ်ထွက်ပြပြီး အစိုးရပိုင်းအတွက် ယုံကြည်မှု တည်ဆောက်သည့် ခရီးများဟု ဆိုနိုင်သည်။
သို့သော် ထိုမျှနှင့်မပြီးဘဲ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေ ရှမ်းပြည်တောင်ပိုင်းဘက်သို့ ရုတ်တရက် ခရီးထွက်ပြပြန်သည်။ ထိုခရီးကတော့ နန်းတော်ဟောင်း နေရာများကိုသွားသည့် ခရီးစဉ်တွေထက် အဓိပ္ပာယ် ပိုမည်ထင်၏။ ရပခ အခြေစိုက်ရာ တောင်ကြီးမြို့တဝိုက်သည် စစ်ကောင်စီယန္တရား နယ်မြေဖြစ်၏။
သို့သော် လွိုင်ကော်နှင့် ဆီဆိုင်ဘက်ကို ရုတ်တရက် သွားရောက်ခဲ့ခြင်းက စွန့်စားမှုနည်းနည်း ဆန်နေသည်။ လွိုင်ကော်သည် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အားကောင်းသောနေရာ ဖြစ်သည်။ လွိုင်ကော် ပတ်လည် အနီးအနားထိလည်း ထိန်းချုပ်ထားဆဲဖြစ်၏။ အလားတူ ဆီဆိုင်ဒေသသည်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က သိမ်းပိုက်ဖူးပြီး မလှမ်းမကမ်းတွင် လှုပ်ရှားစိုးမိုးဆဲနေရာ ဖြစ်၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းကာလအတွင်း အန္တရာယ်ရှိသော ခရီးစဉ်များကို ရှောင်ရှားလေ့ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ တာချီလိတ်၊ ကျိုင်းတုံလောက်သာ စိတ်ချလက်ချ သွားရဲသူလည်း ဖြစ်၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းကာလအတွင်း အန္တရာယ်ရှိသော ခရီးစဉ်များကို ရှောင်ရှားလေ့ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ တာချီလိတ်၊ ကျိုင်းတုံလောက်သာ စိတ်ချလက်ချ သွားရဲသူလည်း ဖြစ်၏။
စစ်ဆင်ရေး ပြင်းထန်သည့်ဒေသများသို့ စစ်ဆင်ရေး ကွပ်ကဲရန် နေပြည်တော်စစ်ရုံး (ကက -ကြည်း) မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) များကိုသာ စေလွှတ်လေ့ရှိသည်။ နယ်မြေစည်းရုံးရေးအတွက် လိုအပ်ပါက ဒုချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုသာ စေလွှတ်လေ့ရှိသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းက ဖြစ်ပွားခဲ့သည့် မြဝတီမြို့ ပြန်လည်ရရှိရေးအတွက် အောင်ဇေယျ စစ်ဆင်ရေး စစ်ကူစီမံချက်တွင်မူ ဒုချုပ် စိုးဝင်းကိုယ်တိုင် ကွပ်ကဲရန် စေခိုင်းခဲ့သည်။ (ထိုအချိန်သည် ရခိုင်တွင် အာရက္ခတပ်တော် AA နှင့် တိုက်ပွဲ ပြင်းထန်နေပြီး စကခ ဌာနချုပ်အဆင့်အထိ ဆုံးရှုံးနေရချိန် ဖြစ်သည်။)
ကစထမှူး ဒု ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို ဘားအံတွင်ထား၍ ဒုချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရှိရာ မော်လမြိုင်က ကွပ်ကဲခဲ့သည်။ ဒုချုပ် ရတခ ရောက်ရှိနေချိန် ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။ တိုက်ခိုက်မှုအပြီး ရက်အနည်းအကြာမှ မော်လမြိုင်က စစ်ဆေးရုံနှင့် စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းများကို တွေ့သည့်သတင်း ထုတ်ပြန်ပြီး နေပြည်တော် ပြန်ဝင်ခဲ့ခြင်းဖြစ်သည်။
သိပ်စွန့်စားလိုစိတ် မရှိဘဲ အာဏာဆုပ်ကိုင်ထားရန်အတွက် တခြားသူကိုသာ ထိုးကျွေးချင်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကိုယ်တိုင်လုပ်ပြမှရမည့် အခြေအနေ ရောက်လာကြောင်း သူ့ခရီးစဉ်များတွင် တွေ့ရသည်။
ယခု ရက်ပိုင်းတွင်သွားသည့် တောင်ကြီးခရီးစဉ်သည် မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က AA ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည် ရုတ်သိမ်းခြင်းကို ပယ်ဖျက်၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အဖွဲ့များကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီး နောက်ရက်တွင်ဖြစ်သည်။
စစ်ကောင်စီ၏ ထိုကြေညာချက်များ မထွက်မီ တရုတ် ယူနန်အစိုးရက ဩဂုတ်လ ၂၉ ရက်တွင် TNLA ထံသို့ တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် စာပို့ခဲ့သေးသည်။
လားရှိုးတွင် ရမခ လက်လွတ်လိုက်ရသည့် စစ်ခေါင်းဆောင်သည် အောင်ဇေယျ စစ်ကူစီမံချက်ကဲ့သို့ပင် ဆင်ဖြူရှင် စစ်ဆင်ရေး စီမံချက်ကို ရေးဆွဲခဲ့ရသည်။ အောင်ဇေယျစစ်ကူစီမံချက်မှာ ယခုအထိ မြဝတီ မဆိုထားနှင့် သင်္ဃန်းညီနောင်သို့ပင် မရောက်သေးပေ။
လားရှိုးတွင် ရမခ လက်လွတ်လိုက်ရသည့် စစ်ခေါင်းဆောင်သည် အောင်ဇေယျ စစ်ကူစီမံချက်ကဲ့သို့ပင် ဆင်ဖြူရှင် စစ်ဆင်ရေး စီမံချက်ကို ရေးဆွဲခဲ့ရသည်။ အောင်ဇေယျစစ်ကူစီမံချက်မှာ ယခုအထိ မြဝတီ မဆိုထားနှင့် သင်္ဃန်းညီနောင်သို့ပင် မရောက်သေးပေ။
မြဝတီဒေသကို နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အကူအညီဖြင့် ယန္တရားလည်ပတ်နိုင်သဖြင့် ထိန်းချုပ်နိုင်ကြောင်း အောက်ခြေပိုင်းကို ဟန်ပြ ဝါဒဖြန့်နိုင်သည်။ သို့သော် အလုံးစုံဆုံးရှုံးခဲ့သည့် ရမခ ပြန်ရရှိရေး ဆင်ဖြူရှင်စီမံချက်ကို ယခင်ကလို အီလည်လည် မဖြစ်ရအောင် လုပ်ရတော့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိကို နေပြည်တော်တွင် နိုင်ငံ့ခေါင်းဆောင် အင်္ဂါစဉ်ချပြီး ယှဉ်လျက်ထိုင်ကာ တောင်းပန်တိုလျှိုးခဲ့ရသည်။ ပြည်တွင်းက တရုတ်စီးပွားရေးများကို ကာကွယ်ပေးပါ့မည်ဟုလည်း အာမခံခဲ့ရ၏။
စစ်တပ်တွင်းက အောက်ခြေအရာရှိ၊ စစ်သည်များကို တရုတ်နှင့် နားလည်မှု ယူပြီးကြောင်း၊ တရုတ်အမိန့်ဖြင့် လက်နက်ကိုင်အဖွဲ့များ ပြန်ဆုတ်တော့မည် ဖြစ်ကြောင်း၊ မကြာမီ လောက်ကိုင်အထိ ပြန်သိမ်းနိုင်တော့မည် ဖြစ်ကြောင်း ဝါဒဖြန့်သည်။
တရုတ်ကို အပြကောင်းအောင် ဗိုလ်ချုပ်ကြီး သုံးဦးကို အသစ်ခန့်ပြသည်။ အမှန်တကယ်မှာ တရုတ်က စစ်ပွဲ ရပ်တံ့ဖို့သာ လိုရင်းဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံရန်၊ သူ့နိုင်ငံ အကျိုးစီးပွားနှင့်ဆိုင်သည့် လုပ်ငန်းများ မထိခိုက်ရန်ကို လိုချင်သည်။ စစ်ခေါင်းဆောင်က သူလိုရာဆွဲပြီး တရုတ်၏ ဖိအားကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ စစ်တန့်သွားမည်ဟု တွက်နေသည်။ ထို့ကြောင့် ဆင်ဖြူရှင် စစ်ဆင်ရေးကို အချိန်ကိုက် ဝါဒဖြန့်ရန် စိတ်အားထက်သန်နေသဖြင့် သူကိုယ်တိုင် လူလုံးထွက်ပြ၍ စည်းရုံးရေးဆင်းလာရခြင်း ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအတွင်း ရှမ်းမြောက် လောက်ကိုင်တိုက်ပွဲစဉ်များ၊ ရခိုင်မှ တိုက်ပွဲစဉ်များတွင် အောက်ခြေမှ အရာရှိ၊ စစ်သည်များ၏ လုံခြုံရေးကို ဖြစ်သလိုသာ ဆောင်ရွက်ခဲ့သဖြင့် မင်းအောင်လှိုင် အပေါ် တပ်တွင်း ထောက်ခံမှု အလွန်အမင်း ကျဆင်းခဲ့ရသည်။
ရမခကို လက်လွတ် လိုက်ရသည့်အချိန်ကစ၍ မင်းအောင်လှိုင်အပေါ် တပ်တွင်းထောက်ခံမှု အဆိုးဆုံးအခြေအနေအထိ ကျဆင်းသွားခဲ့သည်။ စစ်လော်ဘီ အကြီးစားများကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်တွင် တပ်ချုပ် အသုံးမကျကြောင်း ပေါ်ပေါ်တင်တင် ပြောလာခဲ့ကြသည်။
ခိုင်းသည့်အတိုင်း လက်အောက်က မလုပ်တော့မည်၊ တပ်မ အဆင့်လောက်ထိ ဖွဲ့စည်းပုံမပျက် ဘက်ပြောင်း ခိုလှုံသွားမည်များကို စိုးရိမ်ရသည့်အနေအထားအထိ ရှိလာနေသည်။ ထို့ကြောင့် မင်းအောင်လှိုင်အနေဖြင့် စည်းရုံးရေးကို စွန့်စားပြီး လုပ်ရတော့သည်။
ခိုင်းသည့်အတိုင်း လက်အောက်က မလုပ်တော့မည်၊ တပ်မ အဆင့်လောက်ထိ ဖွဲ့စည်းပုံမပျက် ဘက်ပြောင်း ခိုလှုံသွားမည်များကို စိုးရိမ်ရသည့်အနေအထားအထိ ရှိလာနေသည်။ ထို့ကြောင့် မင်းအောင်လှိုင်အနေဖြင့် စည်းရုံးရေးကို စွန့်စားပြီး လုပ်ရတော့သည်။
ခရီးစဉ်အဖြစ် ကြိုတင်ကြေညာ၍လည်း မသွားရဲသဖြင့် လွိုင်ကော်နှင့် ဆီဆိုင် ခရီးစဉ်သည် အတော် ကမောက်ကမ နိုင်ခဲ့သည်။ ချက်ချင်းသွား ချက်ချင်းပြန် ခရီးဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးခရီးစဉ်များကဲ့သို့ ဒေါ်ကြူကြူလှနှင့် ဗိုလ်ကတော်များ လိုက်ပါခဲ့ခြင်း မရှိပေ။
လွိုင်ကော် ခရီးစဉ်အတွင်း KNDF က ၁၂၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။ အဘကိုယ်တိုင် မြေပြင်ဆင်းလာပြီး အမကြီးတော့မပါဘူး၊ မုန့်ဟင်းခါးချက်ဖို့ ကျန်ခဲ့သည်ဟု ဟာသ ပြောရမလား မသိပေ။
လွိုင်ကော်တွင်ရှိသည့် စစ်ကောင်စီ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဒကစ (လွိုင်ကော်) သည် နေ့လား ညလားမေးရမည့် အနေအထားမှ အခြေအနေအရ KNDF က စစ်ရေးတန့်နေချိန်ဖြစ်၍ အသက်ရှူ ခဏချောင်နေခြင်းလည်း ဖြစ်သည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ လွိုင်ကော်အထိ အရောက်လာခဲ့သည်ဆိုသည့် ဝါဒဖြန့်မှုကို လုပ်ယူသွားခြင်း ဖြစ်သည်။
ပြန်ကြည့်လျှင် တရုတ်ဘက်က TNLA ကို စစ်ပွဲရပ်တန့်ရန် စာထုတ်ပြီး မကြာမီ စစ်ကောင်စီက မြောက်ပိုင်း သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာသည်။ ဆင်ဖြူရှင် စစ်ရေးစီမံချက်ကို မရမက အသက်သွင်းဖို့ ခြေလှမ်းစသည်ဟု မြင်သည်။
တရုတ်က ရန်ပွဲရပ်ရန် အားကြီးသည့် ပြိုင်ဘက်ကို ထိန်းချုပ်ချိန်တွင် စစ်ကောင်စီက ရှုံးမဲမဲပြီး နောက်က အလစ်ဝင်ရိုက်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ တရုတ်၏ ယူနန်အစိုးရဘက်က သတိပေးစာ ထွက်ပြီးနောက်ပိုင်း TNLA အပါအဝင် မြောက်ပိုင်း သုံးဖွဲ့၏ စစ်ရေးအခြေအနေကို လေ့လာကြည့်သည့်အခါ စစ်ရှိန်လျော့သွားသည်ဟု သိသိသာသာ မတွေ့ရပေ။
မစ္စတာ ဝမ်ယိ မလာမီ နှစ်ရက်အလို စက်တင်ဘာလ ၁၂ ရက်လောက်ကတည်းက တိုက်နေခဲ့သည့် တောင်ခမ်းတွင် စစ်ရှိန်တက်နေဆဲ ဖြစ်သည်။ အမြောက်တပ် (အမတ) ၂၀၆ နှင့် အမတ ၄၀၆ တို့ကို ဩဂုတ်လ ၂၈ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အမှတ် ၉၀၂ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (မစခ) ကို တိုက်ခိုက်နေဆဲ ဖြစ်သည်။
တောင်ခမ်းကို သိမ်းပိုက်နိုင်လျှင် ဓနုနယ်မြေဖြစ်သည့် အင်တော၊ ကျောက်ငူ ဒေသမှ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်ဘက်ကို လမ်းပွင့်သွားမည် ဖြစ်သည်။ စစ်ကြောင်းကြီးများရှိရာ ပြင်ဦးလွင် (မေမြို့) ဘက်ကိုလည်း နောင်ချိုဘက်မှရော တောင်ခမ်းဘက်မှပါ ချဉ်းကပ်လို့ ရသွားမည့် အနေအထား ဖြစ်သွားမည်။
နောင်ချိုဘက်မှ ပြင်ဦးလွင် အဝင်လမ်း ဝက်ဝံဘက်ကြောအထိ တော်လှန်ရေးအင်အားစုများက စိုးမိုးထားပြီးကြောင်း သိရသည်။ လေ့ကျင့်ရေးစစ်ကျောင်းများ၊ လက်ရုံးအထိုင်တပ်များသာ အများဆုံးရှိသည့် ပြင်ဦးလွင်တပ်နယ်သည် ခုခံမှုကို ကြာကြာ ပြုလုပ်နိုင်ဖွယ် မရှိပေ။
စစ်တက္ကသိုလ် (DSA) ရှိရာ ပြင်ဦးလွင် လက်လွှတ်လိုက်ရပါက DSA ကျောင်းဆင်းအရာရှိ ပထမဆုံး တပ်ချုပ် လုပ်ခွင့်ရသည့်ကာလ၌ DSA ကျဆုံးခန်းကို ကျောင်းသားဟောင်းများ ရင်နာစွာ မြင်တွေ့ရဖွယ်ရှိသည်။
စစ်တက္ကသိုလ် (DSA) ရှိရာ ပြင်ဦးလွင် လက်လွှတ်လိုက်ရပါက DSA ကျောင်းဆင်းအရာရှိ ပထမဆုံး တပ်ချုပ် လုပ်ခွင့်ရသည့်ကာလ၌ DSA ကျဆုံးခန်းကို ကျောင်းသားဟောင်းများ ရင်နာစွာ မြင်တွေ့ရဖွယ်ရှိသည်။
တရုတ် မလိုလားသည့် အာဏာသိမ်းကာလ တိုးမြှင့်မှုကြောင့် စစ်ကောင်စီဘက်က ရမခ လားရှိုးကို လက်လွှတ်ခဲ့ရသည်။ ယခုလည်း တရုတ် ရပ်စေချင်သည့် စစ်ပွဲကို မရပ်ဘဲ ဆင်ဖြူရှင်နှင့် စစ်ကောင်စီက နောက်ထပ် နယ်မြေတွေ စွန့်လွတ်ရဖို့သာ ရှိနေပါတော့သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
လုပ်ကြံရန် ကြံစည်မှုကြောင့် လုံခြုံရေးတိုးမြှင့်ရန် မင်းအောင်လှိုင် အမိန့်ပေး
လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်
မင်းအောင်လှိုင်အတွက် လုံခြုံသောနေရာ မရှိသလောက်ဖြစ်လာ
ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ
၂၀၂၄-၂၀၂၅ အတွင်း ဖြစ်နိုင်ဖွယ် စစ်ကောင်စီ၏ ခြေလှမ်းများ