အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ အမေရိကန် သမ္မတအိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အော်ကြီးဟစ်ကျယ် ဖြစ်သည်ကို အလန့်တကြား တွေ့မြင်ရသည်။ ထိုရုပ်သံသည် အလွန်ကြည့်ကောင်းသည်။ သမ္မတ ထရမ့်၏ ဒုသမ္မတ ဂျေဒီဗန့်စ်လည်း ဝင်ရောက် ပြောဆို လက်စွမ်းပြသည်။ ထိုဖြစ်ရပ်သည် ပြောရင်း ဆိုရင်း အလိုအလျောက် ထဖြစ်သလား သို့မဟုတ် ကြိုတင်စီစဉ် ပြောဆိုတိုက်ခိုက်မှုလားဟု လူအများအပြားက မေးခွန်းထုတ်ကြသည်။ ထိုအရှက်တကွဲ ဖြစ်ရပ်အပြီးတွင် အိမ်ဖြူတော်သည် ရုရှား ကရင်မလင်နန်းတော်ဘက်က ရပ်တည်လာသည်ဟု သုတေသီများက ကောက်ချက်ချကြသည်။
အိမ်ဖြူတော်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖြစ်ရပ်သည် “နိုင်ငံသမိုင်း နှစ်ပေါင်း ၂၅၀ တွင် တခါမှ မဖြစ်ခဲ့ဖူးသော ဖြစ်ရပ်ဖြစ်သည်။ ဥရောပမှ အဓိကကျသည့်စစ်ပွဲတွင် ဒီမိုကရေစီတိုက်ပွဲဝင်များ၊ လွတ်လပ်ရေးတိုက်ပွဲဝင်များနှင့် ကျူးကျော်ခံရသူများကို မိမိတို့၏ သမ္မတက ဆန့်ကျင်ပြီး စစ်လိုလားသူ အာဏာရှင်နှင့် ကျူးကျော်သူများဘက်က ရပ်တည်သည်” ဟု နယူးယောက်တိုင်းမ်မှ ဝါရင့်ဂျာနယ်လစ် သောမတ်စ် ဖရိုက်မန်းက ရေးသည်။
ထိုကိစ္စသည် မစ္စတာ ဇယ်လန်စကီးကို အများပြည်သူရှေ့တွင် တရားစီရင်ခြင်းဖြစ်သည်ဟု ခံစားရသည်။ သို့သော် မစ္စတာ ဇယ်လန်စကီးက ကြက်ခေါင်းဆိတ်မခံ ပြန်လည်တုံ့ပြန်ပြီး ဥရောပနှင့် အခြားဒေသများမှ မဟာမိတ်များ၏ ထောက်ခံမှုရသည်။
သို့သော် ယူကရိန်းစစ်ပွဲကို မည်သူ စတင်ခဲ့သနည်း။ ဇယ်လန်းစကီးက စတင်ခဲ့ပါသလား သို့မဟုတ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စတင်ခဲ့ပါသလား။
မည်သူက ကျူးကျော်ရန်စသူ အာဏာရှင်နည်း။ ဇယ်လန်စကီးလား၊ ပူတင်လား။
မိမိတို့သည် စည်းမျဉ်းအခြေပြုကမ္ဘာတွင် နေထိုင်သည်ဟု ခပ်ရိုးရိုး ယုံကြည်သော်လည်း လက်တွေ့တွင် နိုင်ငံတကာစနစ်သည် ပြိုလဲနေသည်။ စစ်အေးတိုက်ပွဲအလွန် နိုင်ငံတကာစနစ် မရှိတော့ဘဲ ထိုနိုင်ငံတကာစနစ်၏ အုတ်မြစ်ဖြစ်သော အတ္တလန္တိတ်ကမ်းခြေ မဟာမိတ်သည် တစစီပြိုကွဲနေသည်။
မိမိတို့သည် စည်းမျဉ်းအခြေပြုကမ္ဘာတွင် နေထိုင်သည်ဟု ခပ်ရိုးရိုး ယုံကြည်သော်လည်း လက်တွေ့တွင် နိုင်ငံတကာစနစ်သည် ပြိုလဲနေသည်။ စစ်အေးတိုက်ပွဲအလွန် နိုင်ငံတကာစနစ် မရှိတော့ဘဲ ထိုနိုင်ငံတကာစနစ်၏ အုတ်မြစ်ဖြစ်သော အတ္တလန္တိတ်ကမ်းခြေ မဟာမိတ်သည် တစစီပြိုကွဲနေသည်။
ထိုသို့ ခါးခါးသီးသီး အော်ဟစ်ပြောဆိုခြင်းသည် မော်စကိုအတွက် အပိုဆုဖြစ်သည်။ ထိုဖြစ်ရပ် တခုလုံးအတွက် မစ္စတာ ပူတင် ဝမ်းသာနေမည်ကို ယုံမှားဖွယ် မရှိပေ။
ထရမ့်နှင့် ဇယ်လန်စကီးအကြား ခါးသီးသော ကတောက်ကဆဖြစ်ခြင်းကို ရုရှားက ဝမ်းသာအားရ တုံ့ပြန်ပြီး ယူကရိန်းခေါင်းဆောင်သည် သူနှင့် ထိုက်တန်သည်ကို ရသည်ဟု ပြောသည်။ လက်ရှိ ရုရှားအမျိုးသား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲ ရုရှား သမ္မတဟောင်း ဒီမီထရီ မက်ဒီဗက်ဗ်က ဘဲဥပုံရုံးခန်းတွင် ထိုက်သင့်သည့်အတိုင်း ဝေဖန်ခံရသော “မောက်မာတဲ့ ဝက်ကောင်” (insolent pig)ဟု ဇယ်လန်စကီးကို ပြောသည်။ (insolent pig ၏ အဓိပ္ပာယ်မှာ ရုရှားတွင် ပြင်းထန်သော ရှုတ်ချသည့် အသုံးအနှုန်းတမျိုးဖြစ်သည်။)
အပြန်အလှန် စကားများစဉ် ထရမ့်နှင့် ဗန့်စ်တို့သည် ဇယ်လန်းစကီးကို မထိုးကြိတ်မိအာင် စိတ်ထိန်းနိုင်သည်မှာ အံ့သြစရာကောင်းကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောကြားပြီး ယူကရိန်းသမ္မတသည် “အစာကျွေးသောလက်ကို ပြန်ကိုက်သည်” ဟုလည်း ပြောသည်။
ထိုဖရိုဖရဲ အခြေအနေနှင့် လွှဲရှောင်မရသည့် နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် သမ္မတ ပူတင် ဝမ်းသာမည် ဖြစ်သည်။ အနောက်တိုင်း အရေးယူပိတ်ဆို့မှုများခံရပြီးနောက် ရုရှားစီးပွားရေး၏ အသက်သွေးကြောဖြစ်ပြီး မော်စကိုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အင်အားကြီးမားသော အနောက်တိုင်းကို တန်ပြန်ရန် ရည်ရွယ်သော တရုတ်က ဘေးမှရပ်ကြည့်နေသည်။
ယူကရိန်းသည် ထရမ့်အစိုးရ၏ တွန်းအားပေးမှုဖြင့် နောက်ဆုံးတွင် ရုရှားနှင့် ဆွေးနွေးရမည့် အလားအလာ ရှိသည်။ သို့သော် တရုတ်သည် အမေရိကန်-ရုရှား အရွေ့သစ်နှင့်ပတ်သက်ပြီး စိတ်မသက်မသာရှိပုံရသည်။ အလားတူစွာပင် ချန်လှပ်ထားမခံလိုသော ဥရောပသမဂ္ဂသည်လည်း ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ဖျက်ဆီးသည့် ထိုလုပ်ရပ်အတွက် စိတ်ချမ်းသာမည် မဟုတ်ပေ။
သမ္မတ ထရမ့်က သမ္မတ ဇယ်လန်စကီးကို ကြိမ်းမောင်းပြီး ဇယ်လန်းစကီးသည် တတိယကမ္ဘာစစ်နှင့် အလောင်းအစား လုပ်နေသည်ဟုပြောကာ “ခင်ဗျား အပေးအယူ လုပ်ရင်လုပ်၊ မလုပ်ရင် ကျုပ်တို့ ဝင်မပါတော့ဘူး” ဟု ပြောသည်။ ထို့နောက်တွင် ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် ဇယ်လန်စကီးနှင့် တွေ့ဆုံပြီး သူ့ကိုဝန်းရံကြသည်။
သို့သော် အရေးကြီးသည့်အချက်မှာ ယူကရိန်း၏ ရုရှားနှင့်စစ်ပွဲကို အဆုံးသတ်ရေးအတွက် မည်သို့ အစီအစဉ် ချမှတ်မည်နည်းဆိုသည့် အချက်ဖြစ်သည်။ ဥရောပသည် အမေရိကန် ပြည်ထောင်စုကို လိုအပ်နေဆဲဖြစ်သည်။
ကစားရန် ‘ဖဲချပ်မရှိ’
တချိန်တည်းတွင် မြန်မာစစ်ခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်သည် မတ်လ ၃ ရက်နေ့တွင် ရုရှားသို့ ထွက်ခွာပြီး သမ္မတ ပူတင်နှင့်တွေ့ဆုံကာ စီးပွားရေးစာချုပ် အများအပြားကို လက်မှတ်ထိုးသည်။
ထိုသို့ လျင်မြန်စွာ ပြောင်းလဲနေသည့် နိုင်ငံတကာစနစ်နှင့် ပထဝီနိုင်ငံရေး ပေါင်းစည်းမှုတွင် မြန်မာ ရာဇဝတ် စစ်ကောင်စီသည် ရုရှားနှင့် တရုတ်ဆိုသည့် အရေးပါသော မိတ်ဆွေ နှစ်နိုင်ငံ ရှိနေသည်။ ထို နှစ်နိုင်ငံလုံးသည် စစ်ရာဇဝတ်ကောင်စီကို လက်နက်ရောင်းသည့် အဓိကနိုင်ငံများ ဖြစ်သည်။
ရုရှားသည် မြန်မာသို့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ အမြောက်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ရောင်းချပြီး ထောင်နှင့်ချီသော မြန်မာဗိုလ်လောင်းများသည် ရုရှားတွင် စစ်သင်တန်းတက်ကြသည်။
၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ရုရှားစစ်တပ် ဂုဏ်သရေရှိပုဂ္ဂိုလ်များသည် စစ်ဝတ်စုံပြည့်ဖြင့် နေပြည်တော်တွင် နှစ်စဉ်ကျင်းပသော မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ အခမ်းအနားများ တက်ရောက်ကြသည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် အရပ်သားများအပါအဝင် အတိုက်အခံဟု ယူဆသူ မည်သူကိုမဆို ဆိုးရွားသော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်သည်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အုံကြွမှုအတွင်း ၂၀၂၁ ခုနှစ်တွင် ကြီးမားသော တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရင်ဆိုင်ရပြီး ကနဦးတွင် တရုတ်သည် မြန်မာ၌ သေနင်္ဂဗျူဟာ နှစ်ခွ ကျင့်သုံးသည်။ သို့သော် ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် နေပြည်တော်သို့ သွားရောက်ပြီး “တရုတ်သည် မြန်မာမှ ဖရိုဖရဲနှင့် ပဋိပက္ခ၊ မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်ခြင်းနှင့် တရုတ်နှင့် မြန်မာအကြား သပ်လျှိုရန် ကြိုးစားပြီး တရုတ်ကို အသရေဖျက်သည့် မည်သည့် စကားနှင့် လုပ်ရပ်ကိုမဆို ဆန့်ကျင်သည်” ဟု ပြောသည်။
ထိုသို့ သေနင်္ဂဗျူဟာ နှစ်ခွကျင့်သုံးခြင်း ဆက်လက်မရှိတော့ပေ။ ရွေးကောက်ပွဲကျင်းပပြီး ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံကို “ဒီမိုကရေစီအသွင်ကူးပြောင်းရေး” သို့ ပြန်သွားရန် မြန်မာစစ်ကောင်စီ၏ အစီအစဉ်ကို တရုတ်က ထောက်ခံသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗြောင်ကျကျပြောသည်။
သို့သော် ယခုအခါ ထိုသို့ သေနင်္ဂဗျူဟာ နှစ်ခွကျင့်သုံးခြင်း ဆက်လက်မရှိတော့ပေ။ ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီက ပြင်ဆင်နေသောအခါ “ဒီမိုကရေစီအသွင်ကူးပြောင်းရေး” သို့ ပြန်သွားရန် မြန်မာစစ်ကောင်စီ၏ အစီအစဉ်ကို တရုတ်က ထောက်ခံသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗြောင်ကျကျပြောသည်။
နိုဝင်ဘာလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မဟာမဲခေါင်ဒေသခွဲ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲနှင့် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တက်ရန်နှင့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံ၊ ကူမင်းသို့ သွားသည်။
ပြည်တွင်းစစ်ကြောင့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများ ရပ်ဆိုင်းထားရသည့် အဓိက ရင်းနှီးမြှုပ်နှံသူ တရုတ်နိုင်ငံသည် ရေနက်ဆိပ်ကမ်းတခု၊ မြန်မာကို ဖြတ်သန်းသွားသည့် ယူနန်အထိရောက်သော ဓာတ်ငွေ့ပိုက်လိုင်းနှင့် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့် အပါအဝင် မြန်မာမှ အကျိုးစီးပွားများကို လုံခြုံအောင်လုပ်ရမည်ဟု ခံစားလာရသည်မှာ သဘာဝကျသည်။
တရုတ်သည် မြန်မာအပေါ် သြဇာရှိပြီး စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား “အပစ်အခတ်ရပ်စဲရေး” ကြားဝင်နိုင်လောက်အောင် လုံလောက်သော သြဇာရှိသည်။ ထရမ့်ကဲ့သို့ပင် တရုတ်တွင် ရန်သူနှင့် မိတ်ဆွေများကို အလားတူ ကိုင်တွယ်ဆက်ဆံသည့် မောက်မာသော နည်းလမ်းရှိသည်။ တရုတ်သည် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများအပြားကို နေပြည်တော်မှ စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရန် ဖိအားပေးသည်။ သို့သော် အပြန်အလှန် တင်းမာမှုများနှင့် “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ” ဟုခေါ်သည့် အပြင်းအထန် ငြင်းခုန်ပြောဆိုမှုများမှအပ မည်သည့်အရာမှ အမှန်တကယ် ဖြစ်ပေါ်ခြင်း မရှိခဲ့ပေ။
ဘဲဥပုံရုံးခန်းအတွင်း အော်ဟစ်ငြင်းခုန်မှုသည် အမေရိကန် အကူအညီကို ပိုမိုမျှော်လင့်သည့် မြန်မာ့ဒီမိုကရေစီ အတိုက်အခံများအတွက် သတင်းဆိုးဖြစ်နိုင်သည်။ ဘိုင်ဒင်အစိုးရခေတ်က ချမှတ်ခဲ့သော ဘားမားအက် (Burma Act) သည် အလားအလာ မကောင်းတော့ပေ။
စစ်ကောင်စီ၏ လက်နက်ပွဲစားများနှင့် ခရိုနီများကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများသည် သက်ရောက်မှုနည်းသည်။ ဘိုင်ဒင်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသည်ပင် လုံလောက်ခြင်းမရှိဟု ဂျက်တိုက်လေယာဉ်များကို ဆတင်ဂါ ဒုံးကျည်ဖြင့် ပစ်ချလိုသည့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ မြင်ကြသည်။
၁၉၈၈ ခုနှစ်က ဒီမိုကရေစီတောင်းဆိုသည့် တနိုင်ငံလုံးအုံကြွမှုကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းသည် အမေရိကန်အစိုးရ၏ အာရုံစိုက်ခံရပြီး အရေးယူပိတ်ဆို့မှုများ ချမှတ်ကာ ဒီမိုကရေစီလှုပ်ရှားမှုနှင့် ထိုလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ထုတ်ဖော်ကြေညာသည်။ သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ်နှင့် သမ္မတကတော် လော်ရာ ဘုရှ်သည် မြန်မာမှ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးတောင်းဆိုပြီး ဒီမိုကရေစီရေးကို ထောက်ခံသည်။
“အာရှ ဗဟိုပြုမှု” ကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၂ နှင့် ၂၀၁၄ ခုနှစ်တွင် မြန်မာသို့ နှစ်ကြိမ်လာရောက်ခဲ့သူ သမ္မတ မစ္စတာ ဘားရက် အိုဘားမားသည် အရေးယူပိတ်ဆို့မှုများကို အချိန်မတန်မီ ရုတ်သိမ်းခဲ့သော်လည်း အမှန်အတိုင်း ပြောရပါက မြန်မာပြဿနာသည် အမေရိကန်အစိုးရ နိုင်ငံခြားရေးမူဝါဒနှင့် ကုလသမဂ္ဂတွင် သို့မဟုတ် အခြားမည်သည့် နေရာတွင်မဆို ထိပ်တန်းဦးစားပေး ဘယ်သောအခါကမှ မဖြစ်ခဲ့ပေ။
သမ္မတ ထရမ့်သည် မြေရှားသတ္တုများကိစ္စမှ လွဲပြီး မြန်မာကို စိတ်မဝင်စားကြောင်း ထင်ရှားသည်။ ထို့ပြင် ဇယ်လန်စကီးကို သူဆုံးမသည့် စကားအတိုင်းပြောရပါက မြန်မာသည် သူ၏အမြင်တွင် မည်သည့်ကစားကွက် (ဖဲချပ်) မှ မရှိပေ။ (မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်များသည် မြေရှားသတ္တု တူးဖော်သည့် ဒေသများကို ထိန်းချုပ်ထားသည်။ မြန်မာနိုင်ငံ ပဋိပက္ခဒေသ ကချင်ပြည်နယ်မှ အက်တမ်အလေးချိန် မြင့်မားသည့် မြေရှားသတ္တုများကို ကမ္ဘာက မှီခိုမှု လျင်မြန်စွာ ကြီးထွားလာနေပြီး လူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားသော သက်ရောက်မှုများ ဖြစ်စေသည်ဟု Global Witness ၏ လွန်ခဲ့သောနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။)
မည်သို့ဆိုစေ နိုင်ငံ၏ ထက်ဝက်ကို ထိန်းချုပ်ထားသည့် တော်လှန်ရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် စစ်ကောင်စီကို ဆန့်ကျင်ပြီး မြန်မာမှ အဖိနှိပ်ခံပြည်သူများကို ထောက်ခံသူများ အားလုံးသည် လက်ရှိဖြစ်ပွားနေသည့် အစဉ်အလာ မဟာမိတ်များ ပြိုကွဲခြင်းနှင့် ပြောင်းလဲနေသော ကမ္ဘာ့စနစ်မှ သင်ခန်းစာတခု ယူနိုင်သည်။ ယခင်ကဲ့သို့ အမေရိကန် ထောက်ခံမှု တခုတည်းကို အားထားမရကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
EAO များသည် မြန်မာ့နယ်စပ်ဒေသများဖြစ်သည့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ ရခိုင်နှင့် မွန်ပြည်နယ်များကို အဓိက လွှမ်းမိုးထားသည်။ ယခုအခါ စစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်နိုင်သည်ဟု အများအပြားက ခန့်မှန်းကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယခုခေတ် ယခုကာလတွင် ဒီမိုကရေစီသည် မကောင်းသည့်အဓိပ္ပာယ်ထွက်သော မပြောမဆိုအပ်သည့် စကားလုံး ဖြစ်နေသည်။ ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်ရောက်ပြီးနောက် ယခင်ကထက် ဗြောင်ကျသည့် အပေးအယူ ချဉ်းကပ်ပုံများကို ယူဆောင်လာမည်ဟု ဝေဖန်သူများ ခန့်မှန်းခဲ့သည်။ ထိုသူများ ခန့်မှန်းသည်မှာ မှန်ကန်ပြီး ကမ္ဘာ့သက်ဆိုင်သူ အသီးသီးသည် သင့်လျော်သော တုံ့ပြန်မှုကို အလုအယက် ရှာဖွေနေကြသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ယခုခေတ် ယခုကာလတွင် ဒီမိုကရေစီသည် မကောင်းသည့်အဓိပ္ပာယ်ထွက်သော မပြောမဆိုအပ်သည့် စကားလုံး ဖြစ်နေသည်။ ထရမ့်သည် အိမ်ဖြူတော်သို့ ပြန်ရောက်ပြီးနောက် ယခင်ကထက် ဗြောင်ကျသည့် အပေးအယူ ချဉ်းကပ်ပုံများကို ယူဆောင်လာမည်ဟု ဝေဖန်သူများ ခန့်မှန်းခဲ့သည်။ ထိုသူများ ခန့်မှန်းသလို ကမ္ဘာ့သက်ဆိုင်သူ အသီးသီးသည် သင့်လျော်သော တုံ့ပြန်မှုကို အလုအယက် ရှာဖွေနေကြသည်။
စစ်အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မင်းအောင်လှိုင်သည် ရုရှားနှင့် မဟာမိတ်ဖွဲ့မှု၊ မှီခိုအားထားမှုကို အပြင်းအထန် ခိုင်မာအောင် လုပ်နေသည်။ သို့သော် မစ္စတာ ထရမ့် အိမ်ဖြူတော်တွင် ရှိနေသောကြောင့် မော်စကိုနှင့် ဝါရှင်တန်သည် ပိုမို နီးစပ်လာပုံရသည်။ တရုတ်သည် မင်းအောင်လှိုင်၏ မော်စကို ခရီးကို စိတ်ဝင်တစား စောင့်ကြည့်နေမည်ကို သံသယဖြစ်ရန် မလိုပေ။
မြန်မာမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ ပြန်လည် ချိန်ဆတွက်ချက်ရန် လိုအပ်မည်မှာ သေချာသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Assessing the Oval Office Showdown’s Fallout for Myanmar ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)
You may also like these stories:
အိမ်ဖြူတော်ရန်ပွဲ အလွန် ယူကရိန်းစစ်ပွဲ (ရုပ်/သံ)
အမေရိကန် အဆုတ် တရုတ် လက်ခုပ်ထဲက မြန်မာ့အရေး
မင်းအောင်လှိုင် တရုတ်သွားတောလား (သို့မဟုတ်) အပယ်ခံမှ လတ်တလော တရားဝင်မှုဆီသို့
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)













