ငလျင်ကြောင့် ပြည်သူအားလုံး ပူဆွေးဒုက္ခရောက်ကြသည်။ သေသူသေ၊ ဒုက္ခိတဖြစ်သူဖြစ်၊ အိုးပျောက် အိမ်ပျောက်၊ ချက်ချင်း လမ်းပေါ်ရောက်သူ ရောက်ကြသည်။ အနိဋ္ဌာရုံ မြင်ကွင်းတွေက မြန်မာပြည်၏ နှလုံးသည်းပွတ် ယဉ်ကျေးမှု အမွေအနှစ်တွေ စုဝေးရာ အရပ်၊ စေတီပုထိုးများ၊ ရှေးဟောင်းဘုရားဆင်းတုများ၊ ဘုန်းကြီးကျောင်းများ ပြိုကျပျက်စီးခဲ့သည်။
ငလျင်ဗဟိုပြုရာ စစ်ကိုင်း၊ မန္တလေးမြို့ပေါ်က တိုက်တာကွန်ဒိုမီနီယံများ၊ အထပ်မြင့်ဟိုတယ်များ၊ စာသင်ကျောင်းများ၊ ဗလီများ ပြိုကျသည်။ တချို့ ပြိုလုပြိုခင် ယိုင်နဲ့လျက်။ ဘဏ်အဆောက်အဦးများ၊ ပုဂ္ဂလိက စာသင်ကျောင်းများ ပြိုကျပြီး ကားလမ်းမကြီးများ တွန့်ခေါက် ကျိုးပြတ်ကုန်သည်။ ဘုန်းကြီးကျောင်းများ၊ ဗလီများ၊ ဘဏ်အဆောက်အဦးအချို့၊ ကွန်ဒိုမီနီယံအချို့၊ ပုဂ္ဂလိက စာသင်ကျောင်းအချို့ ပြိုကျပြီး လူအမြောက်အများ ပိပြားသေဆုံးခဲ့ရသည်။
ရက်ပိုင်းအတွင်း ကယ်ဆယ်ရေးအဖွဲ့များက ရသလောက် ကယ်ထုတ်ခဲ့ရာ အသက်ရှင်လျက် ကယ်တင်နိုင်သူတချို့ ရှိခဲ့သော်လည်း မကယ်နိုင်ဘဲ သေဆုံးသွားရသူတွေ များစွာရှိသည်။ မတ်လ ၂၈ ရက် ငလျင်လှုပ်ပြီး ဧပြီလ ၁၇ ရက်နေ့ဖြစ်သည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ သေဆုံးသူပေါင်း ၃,၇၀၀ ကျော်ပြီဟု တရားဝင် ထုတ်ပြန်သော သတင်းအရ သိရသည်။
ကြေကွဲစရာအကောင်းဆုံး သဘာဝဘေးဒုက္ခကြီးတခုပင်။ ဖျက်ဆီးမှုပမာဏက ကြီးမားလွန်းလှသည်။ အထူးသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား ဗဟိုပြုရာ နေပြည်တော်တွင် ဝန်ထမ်းအိမ်ရာများ အမြောက်အများ ပြိုကျပြီး ဝန်ထမ်းများ သေဆုံးခဲ့သလို ပြည်သူ့လွှတ်တော်အပါအဝင် ဝန်ကြီးများရုံးများလည်း ပြိုကျခဲ့သည်။
နဂိုကမှ တိုင်းပြည်သည် စစ်ကြောင့် ယဲ့ယဲ့ကလေး ဖြစ်နေသည်။ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မြို့ကြီးအချို့သာ သာသာယာယာ ရှိသယောင်ထင်ရပြီး လားရှိုး၊ မိုးကုတ်၊ သီပေါ၊ နောင်ချို၊ ဖလမ်း၊ မင်းတပ်၊ ပလက်ဝ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ထိန်းချုပ်မှုအောက်မှာ။
အင်းတော် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း တကြောလုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားသလို ကျောက်ဖြူ၊ ဗန်းမော်တို့မှာ တိုက်ပွဲများ ဆက်ဖြစ်နေဆဲ။ မြေပြင်စစ်ဆင်ရေးမှာ အောင်မြင်မှုတခုမှ မရသောအခါ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို နိုင်ငံအနှံ့မှာ ရက်ဆက်ပြုလုပ်သည်။
အင်းတော် အပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း တကြောလုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားသလို ကျောက်ဖြူ၊ ဗန်းမော်တို့မှာ တိုက်ပွဲများ ဆက်ဖြစ်နေဆဲ။ မြေပြင်စစ်ဆင်ရေးမှာ အောင်မြင်မှုတခုမှ မရသောအခါ စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို နိုင်ငံအနှံ့မှာ ရက်ဆက်ပြုလုပ်သည်။
တဖက်က အပစ်အခတ်ရပ်စဲထားပါသည်ဟု ပြောပြီး တဖက်က အရပ်သားများနေထိုင်ရာ မြို့ရွာတွေကို ပစ်မှတ်ထားဗုံးကြဲသည်။ သင်္ကြန်ရက်အတွင်း ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကမ်းနီရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကြဲသည်။ ဥပုသ်စောင့်နေသူတချို့ သေဆုံးသည်ဟု သိရသည်။
တဖက်တွင် ငလျင်ကြောင့် ပြည်သူများ ပူဆွေးသောက ရောက်နေစဉ် တဖက်တွင် စစ်ပွဲနှင့် မသက်ဆိုင်သော အရပ်သားများ ဗုံးဒဏ်ခံရပြီး သေဆုံးနေကြရသည်။ မြို့ရွာ ပျက်စီးမှုများသည် သဘာဝဘေး ငလျင်ကြောင့်သာမက လူလုပ်ဘေး ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း ပြိုကျပျက်စီးနေသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားများ ထိမှန်သေဆုံးရခြင်းကိုလည်း “သောင်းကျန်းသူများနှင့် အတူရှိနေသူများဖြစ်၍ တိုက်ခိုက်ခံရခြင်းဖြစ်သည်” ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးတာဝန်ခံက အယ်လ်ဂျာဇီးယားနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဝန်ခံသွားသည်ကိုလည်း စိတ်မချမ်းမြေ့စွာ ကြားလိုက်ရသည်။
တနိုင်ငံလုံး ပူဆွေးသောက ရောက်နေခိုက်မှာပင် မြန်မာနှစ်သစ်ကူးသင်္ကြန်က ရောက်လို့လာခဲ့သည်။ နိုင်ငံက ကူပါကယ်ပါ အကြီးအကျယ် ဒုက္ခရောက်နေချိန်။ နိုင်ငံတကာအသိုင်းအဝန်းကမူ လူသားချင်းစာနာမှု အကူအညီများ ပေးကြပါသည်။

သဘာဝဘေးဒုက္ခကြုံနေရသော တိုင်းပြည်တပြည်ကို ကမ္ဘာ့အသိုင်းအဝိုင်းက ဒီအတိုင်း ပစ်မထားလို။ ချစ်သူ၊ မုန်းသူ၊ အစိမ်းအကျက် ရွေးမနေတော့။ ပိတ်ဆို့အရေးယူထားမှုများ၊ ဒဏ်ခတ်မှုများကို ခေတ္တမေ့ထားလိုက်ကြပြီး အရင်းနှီးဆုံး မဟာမိတ် တရုတ်၊ ရုရှား၊ အိန္ဒိယတို့သာမက အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဩစတြေးလျ၊ ဂျပန်၊ ထိုင်း၊ သီရိလင်္ကာ၊ တောင်ကိုးရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများက ငွေအား၊ ပစ္စည်းအားဖြင့် ကူညီထောက်ပံ့ကြသည်။
စာရင်းများအရ တရုတ်က ကူညီကယ်ဆယ်ရေးအဖွဲ့၊ အစားအစာ၊ ဆေးဝါးများ အပါအဝင် စုစုပေါင်း ဒေါ်လာ ၁၃၇ သန်းဖြင့် အများဆုံး ကူညီထောက်ပံ့ထားပြီး ဗြိတိန်က ဒေါ်လာ ၃၁ သန်း၊ အမေရိကန်က ဒေါ်လာ ၉ သန်း၊ ဩစတြေးလျက ၅ ဒသမ ၉ သန်း၊ ဂျပန်က ၅ သန်း၊ ဥရောပသမဂ္ဂက ၂ ဒသမ ၂ သန်း အသီးသီး ထောက်ပံ့ထားသည်ကို တွေ့ရသည်။
ထောက်ပံ့မှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးသွားမှုက ဆင့်ပါးစပ် နှမ်းပက်ဟု ဆိုနိုင်သော်လည်း နိုင်ငံခြားသုံးငွေ ပြတ်လပ်နေသော စစ်ကောင်စီအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျ အခြေအနေပင်။
ငလျင်လှုပ်ပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်း ဒေါ်လာဈေးက ကျသွားသည်။ စီးပွားရေးလုပ်ငန်းရှင်တဦးကမူ “အလှူငွေတွေ ထုတ်သုံးနေပြီ ထင်တယ်” ဟု မှတ်ချက်ပေးသည်။ နိုင်ငံတကာအလှူငွေများသည် အကျပ်အတည်းဆိုက်နေသော စစ်ကောင်စီအတွက် အသက်ရှူပေါက်တခု ဖြစ်လာသည်။
ငလျင်လှုပ်ပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်း ဒေါ်လာဈေးက ကျသွားသည်။ စီးပွားရေးလုပ်ငန်းရှင်တဦးကမူ “အလှူငွေတွေ ထုတ်သုံးနေပြီ ထင်တယ်” ဟု မှတ်ချက်ပေးသည်။ နိုင်ငံတကာအလှူငွေများသည် အကျပ်အတည်းဆိုက်နေသော စစ်ကောင်စီအတွက် အသက်ရှူပေါက်တခု ဖြစ်လာသည်။
တဖက်က နိုင်ငံတကာအကူအညီများ ရောက်ရှိလာသလို ထိတွေ့ဆက်ဆံမှုများ ရှိလာသည့်အခါ စစ်ကောင်စီက ယုံကြည်မှုများ မြင့်လာသည်။ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ခဲ့ပြီးချိန်မှစ၍ အများပြည်သူရှေ့ ပိုထွက်ပြလာသည်။
ငလျင်ဒဏ်ခံ မန္တလေး၊ စစ်ကိုင်းကို သွားကြည့်သည်။ နေပြည်တော်မှ အပျက်အစီးများကို လိုက်ကြည့်သည်။ ရှမ်းပြည်တောင်ပိုင်း အောင်ပန်း၊ တောင်ကြီးကို သွားသည်။ ငလျင်ဘေးဒဏ်ကြောင့် လူအများ ပူဆွေးနေကြချိန် တောင်ကြီးမြို့တွင် မိသားစု ဘုရားထီးတင်သည်။
နေပြည်တော်သင်္ကြန်ပွဲကို တချိန်က စစ်ခေါင်းဆောင်များကဲ့သို့ ပါတိတ်အင်္ကျီဝတ်ပြီး သပြေခက်နှင့် ရေပက်သည်။ နေပြည်တော်တွင် ဝန်ကြီးဌာနရုံးများ၊ ဝန်ထမ်းအိမ်ရာများ ပြိုပျက်သဖြင့် ဝန်ကြီးဌာနအချို့ ရွက်ဖျင်တဲအောက်တွင် ဖြစ်သလို အလုပ်လုပ်နေကြရသလို ဝန်ထမ်းများ နေစရာ ထိုင်စရာမရှိ အတိဒုက္ခရောက်နေသည်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်မူ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်သို့ သွားသည်။ အာဆီယံနိုင်ငံများ၏ မြန်မာ့ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဘရာဟင်နှင့် အကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်တို့၏ မြန်မာ့အရေး ညှိနှိုင်းဆွေးနွေးမှုလည်း ပါဝင်သည်။
၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက သဘောတူထားခဲ့သော “အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်” မှာ လေးနှစ်ကျော် ကြာလာချိန်တွင် အလုပ်မဖြစ်တော့ကြောင်း အာဆီယံက သဘောပေါက်လာသည်။ မြန်မာပြည်တွင်းစစ် ပဋိပက္ခဖြေရှင်းရန် အာဆီယံဥက္ကဋ္ဌဖြစ်လာသူ မစ္စတာ အန်နဝါ အီဘရာဟင်က ချည်းကပ်နည်းအသစ်ဖြင့် ဝင်လာခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ကို အကြံပေးအဖွဲ့ဝင်အဖြစ် ခန့်ထားပြီး မြန်မာအရေးဖြေရှင်းရန် အားထုတ်လာခြင်းဖြစ်သည်။ ဘန်ကောက်တွင် ပြုလုပ်သည် အာဆီယံ အတိုင်ပင်ခံကောင်စီ၏ အလွတ်သဘောဆွေးနွေးပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားပြီး မြန်မာပဋိပက္ခ ပြီးဆုံးရေး တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယခုခရီးစဉ်မှာ (ဘင်းစတက် အစည်းအဝေးမှအပ) အာဆီယံနိုင်ငံများနှင့် ထိတွေ့သည့် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။
အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးတွင် အာဆီယံခေါင်းဆောင်များက စစ်ခေါင်းဆောင်အား ခေါ်ယူတွေ့ဆုံပြီး ဘုံသဘောတူညီချက် ငါးရပ် လက်မှတ်ရေးထိုးခဲ့ပြီးသည့်နောက်ပိုင်း ဒုတိယမြောက်ဖြစ်သည်။

မြန်မာ့ငလျင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဟု ခေါင်းစဉ်တပ်ထားသော်လည်း အာဆီယံဥက္ကဋ္ဌ အန်နဝါ အီဘရာဟင်နှင့် သက်ဆင်တို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အတိုက်အခံများနှင့် အပစ်အခတ်ရပ်စဲရေး၊ ပဋိပက္ခပြီးဆုံးရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
သို့သော် အဆိုပါ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ (မြန်မာ့ငလျင်ဘေးကို အာဆီယံက ထောက်ပံ့ကူညီမှု ပေးမည်ဆိုသည့် အကြောင်းအရာမှအပ) အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသလို စစ်ခေါင်းဆောင်နှင့် တွေ့ဆုံနေသည့် သတင်းဓာတ်ပုံကိုလည်း ဖော်ပြခြင်း မရှိခဲ့ပေ။
မစ္စတာ အန်နဝါ အီဘရာဟင်က စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရသည်မှာ ကျေနပ်စရာဖြစ်ခဲ့သည်ဟုတော့ ဆိုသည်။ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် မစ္စတာ အန်နဝါ အီဘရာဟင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အွန်လိုင်း Zoom မှတဆင့် ဆက်လက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ရာတွင်လည်း အပြုသဘောဆောင်ပြီး ကျေနပ်မှု ရခဲ့သည်ဟု ဆိုသည်။ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုကို စစ်ခေါင်းဆောင်ရော NUG ဝန်ကြီးချုပ်တို့က ကန့်ကွက်မှုမရှိဟုလည်း မစ္စတာ အန်နဝါ အီဘရာဟင်က ဆိုသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိရောက်စွာ ပေးနိုင်ရေး အပစ်အခတ်ရပ်စဲရေး တွန်းအားပေးသွားမည်ဟု မစ္စတာ အီဘရာဟင်က ဆိုသော်လည်း မည်မျှအထိ ထိရောက်မည်ကို မသိနိုင်ပါ။
ငလျင်ဘေးကာလအတွင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း သင်္ကြန်ရက်များအတွင်းမှာပင် အရပ်သားနေရာများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေရာ အပစ်အခတ်ရပ်စဲရေးက “လေထဲက အပစ်အခတ်ရပ်စဲရေး” ဖြစ်နေသည်။
ငလျင်ဘေးကာလအတွင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း သင်္ကြန်ရက်များအတွင်းမှာပင် အရပ်သားနေရာများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေရာ အပစ်အခတ်ရပ်စဲရေးက “လေထဲက အပစ်အခတ်ရပ်စဲရေး” ဖြစ်နေသည်။
မြန်မာ့ပဋိပက္ခက သမိုင်းတကျော့ ပြန်လည်လာသည်ဟု ဆိုရမည်။ စစ်အာဏာရှင်အဆက်ဆက် သက်ဆိုးရှည်ခဲ့သော မြန်မာ့ပဋိပက္ခတွင် အာဆီယံသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ နီးပါးကတည်းက ပါဝင်ပတ်သက်ခဲ့သည်။
၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုကြောင့် အထီးကျန်နေခဲ့သော မြန်မာကို အာဆီယံ အသိုက်အဝန်းအတွင်းသို့ ဆွဲခေါ်လာခဲ့သူမှာ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဖြစ်သည်။
၁၉၉၇ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်ခဲ့စဉ် မစ္စတာ မဟာသီယာက စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြန်မာအား အာဆီယံအဖွဲ့ဝင်ဖြစ်ရန် (အခြားနိုင်ငံများက ကန့်ကွက်နေသည့်ကြားမှ) ထောက်ခံခဲ့သူဖြစ်သည်။ ဤသို့အားဖြင့် စစ်အာဏာရှင်လက်အောက်က မြန်မာသည် အာဆီယံအဖွဲ့ဝင် ဖြစ်လာခဲ့သည်။
မြန်မာအား အဖွဲ့ဝင်အဖြစ် လက်ခံထားသည့်တိုင် မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှု ဖြစ်မလာသည့်အတွက် ထိုစဉ်က အာဆီယံခေါင်းဆောင်များဖြစ်သည့် စင်ကာပူဝန်ကြီးချုပ် လီကွမ်ယူ၊ မဟာသီယာမိုဟာမက်တို့ပင် နောက်ပိုင်းတွင် စိတ်ပျက်ခဲ့ရသည်။ မစ္စတာ လီကွမ်ယူက မြန်မာစစ်ခေါင်းဆောင်များနှင့် စကားပြောရသည်မှာ လူသေများနှင့် စကားပြောနေရသလိုဟုပင် မှတ်ချက်ပေးခဲ့ဖူးသည်။
ယခုလည်း အာဆီယံဥက္ကဋ္ဌဖြစ်လာသည့် မလေးရှားဝန်ကြီးချုပ်က မြန်မာ့အရေးကို ကြားဝင်လာပြန်ပြီဟု ဆိုရမည်။ စစ်ခေါင်းဆောင်အား ဖိတ်ခေါ် တွေ့ဆုံ အသိအမှတ်ပြုခြင်းမှ အစပြု၍ တဖြည်းဖြည်း ဆက်ဆံရေး တိုးမြှင့်လာဖွယ်ရှိနေသည်။ တရားဝင်မှု၊ အသိအမှတ်ပြုမှု လိုလားတောင့်တနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ဖယ်ကျဉ်ခံထားရသော အာဆီယံအစည်းအဝေးများသို့ ပြန်လာရန် မျှော်လင့်နေသည်။
မစ္စတာ အန်နဝါ အီဘရာဟင်၏ မြန်မာ့အရေး ကြားဝင်ဖြေရှင်းမှု မည်မျှအထိ အောင်မြင်နိုင်မည်ကို မသိနိုင်သေးပါ။ မစ္စတာ အီဘရာဟင်နှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ တရားဝင်တွေ့ဆုံမှု၊ မစ္စတာ အီဘရာဟင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ အနာဂတ် ဆက်ဆံရေးကို စောင့်ကြည့်ကြရမည်။
တဖက်က သတင်းဓာတ်ပုံနှင့်တကွ ဆွေးနွေးပွဲ အသေးစိတ် ဖုံးကွယ်ထားသည့် အနေအထားကို ကြည့်လျှင် အပြုသဘော မရှိသေးဟု သုံးသပ်နိုင်သည်။ အာဆီယံ အကြံပေးကောင်စီ၊ မစ္စတာ သက်ဆင်နှင့် မစ္စတာ အန်နဝါ အီဘရာဟင်တို့၏ မြန်မာ့အရေးကြိုးပမ်းမှု အရာထင်နိုင်မည်လား။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
မလေးရှားဝန်ကြီးချုပ်နဲ့ NUG ဘာတွေသဘောတူခဲ့ကြလဲ (ရုပ်/သံ)
စစ်ခေါင်းဆောင်ကို လက်ခံတွေ့လို့ မလေးရှားသံရုံးဆန္ဒပြခံရ (ရုပ်/သံ)
မြန်မာ့အရေး မလေးရှား ဘယ်လိုကိုင်တွယ်မလဲ (ရုပ်/သံ)
မြန်မာတွင် အကြမ်းဖက်မှုရပ်ရန် မလေးရှားဝန်ကြီးချုပ် တောင်းဆို














