လာမည့် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီတွင် ရွေးကောက်ပွဲကျင်းပရန် ကတိပေးပြီးနောက် စစ်ကောင်စီသည် တရားဝင်မှု တစုံတရာရရန် နောက်ထပ် အစီအစဉ်တခုလုပ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်သည်။
စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာ၏ အဆိုအရ “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် အစည်းအဝေးကို နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင် ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပကြောင်း သိရသည်။
တက်ရောက်သူ ၂၅၉ ဦးတွင် စစ်ကောင်စီ၊ နိုင်ငံရေးပါတီအမျိုးမျိုးမှ ကိုယ်စားလှယ်များ၊ စစ်တပ်အငြိမ်းစား အရာရှိများ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ထိုစာချုပ်လက်မှတ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ နိုင်ငံတကာနှင့်ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လက်ရှိနှင့်လက်ဟောင်း သံတမန်များနှင့် နိုင်ငံတကာ ပညာရှင်များ ပါဝင်သည်ဟု သိရသည်။
သို့သော် စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ခံအစိုးရကို ဖြုတ်ချချိန်မှ စတင်ပြီး တနိုင်ငံလုံးတွင် စစ်ဖြစ်နေသောကြောင့် ယခုအစီအစဉ်သည် မြန်မာ၏ ဆယ်စုနှစ်များစွာကြာသည့် လူမျိုးစုနှင့် နိုင်ငံရေးပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်များထက် ဖြစ်နိုင်ခြေ ပိုမိုနည်းသည်။
မှတ်သားစရာကောင်းသည်မှာ စစ်ကောင်စီကို အမှန်တကယ် တိုက်ခိုက်နေသည့် မည်သည့်လူမျိုးစုနှင့် နိုင်ငံရေးတော်လှန်မှု အင်အားစုမှ နေပြည်တော် အခမ်းအနားကြီးသို့ မတက်ရောက်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးပြီးနောက် တော်လှန်ရေးတွင် ပါဝင်ရေးထက် စီးပွားရေး သဘောတူညီချက်ရရေးကိုသာ ပိုမိုစိတ်ဝင်စားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည်ပင် ထိုအခမ်းအနားကို လျစ်လျူရှုသည်။
မှတ်သားစရာကောင်းသည်မှာ စစ်ကောင်စီကို အမှန်တကယ် တိုက်ခိုက်နေသည့် မည်သည့်လူမျိုးစုနှင့် နိုင်ငံရေးတော်လှန်မှု အင်အားစုမှ နေပြည်တော် အခမ်းအနားကြီးသို့ မတက်ရောက်ခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးပြီးနောက် တော်လှန်ရေးတွင် ပါဝင်ရေးထက် စီးပွားရေး သဘောတူညီချက်ရရေးကိုသာ ပိုမိုစိတ်ဝင်စားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည်ပင် ထိုအခမ်းအနားကို လျစ်လျူရှုသည်။
သို့တိုင် ထိုဖိုရမ်သို့ လိုလိုလားလား တက်ရောက်သူများသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ မြန်မာ၏ မိတ်ဖက်များနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အမှန်တကယ် အလေးမထားသည့် အလားတူ နိုင်ငံများမှ ထွက်ပေါ်လာနိုင်သည်။ မြန်မာစစ်တပ်သည် ထိုအခြေအနေကို ကျေနပ်နေနိုင်သည်။ မည်သို့ဆိုစေ ထိုအခြေအနေသည် ဒေသဆိုင်ရာအဖွဲ့အစည်းအတွင်း ပြန်လည်လက်ခံရေးအတွက် နောက်ထပ် ခြေလှမ်းတခု ဖြစ်သည်။
ယခုတကြိမ်တွင် အနောက်နိုင်ငံများသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ခေတ်က ထည့်ဝင်သည့် အတိုင်းအတာအထိ မည်သည့်ငွေကြေးမှ ထည့်ဝင်မည့် အလားအလာ မရှိပေ။ ၎င်းတို့၏ ရာထူးသက်တမ်းအတွင်း နိုင်ငံတကာမှ ရန်ပုံငွေထည့်ဝင်သူများသည် အဓိပ္ပာယ်မရှိသည့် ထိုလုပ်ငန်းများအတွက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ ထည့်ဝင်ခဲ့သည်။

အဖျက်ဆီးဆုံးသူများမှာ ဆွစ်များနှင့် နော်ဝေများ ဖြစ်သည်။ ၎င်းတို့သည် မြန်မာ့ပြည်တွင်းရေးကို လုံးဝ နားမလည်သည့် ပြည်ပ ပညာရှင်များကို ငှားရမ်းခဲ့သည်။ မြန်မာသို့ ထိုငွေများ စီးဝင်ခြင်းသည် ပြည်တွင်းမှ ပါဝင်ပတ်သက်သူများကိုလည်း အကျင့်ပျက်ခြစားစေခဲ့သည်။
မအောင်မြင်သော အပစ်အခတ်ရပ်စဲရေးများသည် မြန်မာတွင် အသစ်အဆန်း မဟုတ်ပေ။ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များက ငြိမ်းချမ်ရေးဆွေးနွေးပွဲများနှင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ” တွင် မတူကွဲပြားသည့်အချက်မှာ ပြည်ပမှ ငြိမ်းချမ်ရေးတည်ဆောက်သူများနှင့် ၎င်းတို့ငွေထုတ်ပိုက်ပြီး ပါဝင်လာခြင်းဖြစ်သည်။
“စစ်ဘက် စက်မှုလုပ်ငန်း” ဆိုသည့် ဝေါဟာရသည် အမေရိကန် ပြည်ထောင်စုတွင် ကာကွယ်ရေး ကန်ထရိုက်စာချုပ်များကွန်ရက်နှင့် လူပုဂ္ဂိုလ်များ၊ အင်စတီကျူးရှင်းများနှင့် အစိုးရအေဂျင်စီများသို့ ငွေစီးဆင်းမှုကို ဖော်ပြသည့် ဝေါဟာရဖြစ်သည်။
ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက် မြန်မာတွင် “ငြိမ်းချမ်းရေး စက်မှုလုပ်ငန်း” ရှိသည်။ စစ်ဒဏ်ခံနေရသည့်ဒေသများမှ အခြေအနေကို နားလည်ကျွမ်းဝင်သည့် နိုင်ငံခြားမှ လူ့အခွင့်အရေး ကျွမ်းကျင်သူတဦးက “ထိုစဉ်ကာလ ပြည်ပလွှမ်းမိုးသည့် ငြိမ်းချမ်းရေးလုပ်ငန်းသည် ပကတိအခြေအနေကို အခြေမခံဘဲ ကိုယ့်ကိုယ်ကို ချီးကျူးသည့် အကဲဖြတ်ချက်များဖြင့် ငြိမ်းချမ်းရေးကို လုံးဝ အကျိုးမပြုသော သိုက်တူးသမားများနှင့် လူလိမ် အကြံသမားအုပ်စု ဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် ယခုအခါ မြန်မာသည် အပြင်းထန်ဆုံးနှင့် အကျယ်ပြန့်ဆုံး စစ်ပွဲနှင့် ရင်ဆိုင်နေရသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုကိစ္စသည် တနိုင်ငံလုံးမှ အမျိုးမျိူးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ညှိနှိုင်းရန် ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာကို ဖန်တီးလိုက်ရာမှ စတင်သည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် ယခုအခါ မြန်မာသည် အပြင်းထန်ဆုံးနှင့် အကျယ်ပြန့်ဆုံး စစ်ပွဲနှင့် ရင်ဆိုင်နေရသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုကိစ္စသည် တနိုင်ငံလုံးမှ အမျိုးမျိူးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ညှိနှိုင်းရန် ဦးသိန်းစိန်က ၂၀၁၂ ခုနှစ်တွင် မြန်မာငြိမ်းချမ်းရေးစင်တာကို ဖန်တီးလိုက်ရာမှ စတင်သည်။
ဆန့်ကျင်ဘက် ဖြစ်နေသည်မှာ ထိုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေစဉ် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြင်းထန်သောတိုက်ပွဲဖြစ်နေပြီး စစ်တပ်သည် လေကြောင်းအင်အားကို ပထမဆုံးအကြိမ် အကြီးအကျယ် အားကိုးလာသည်။ တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် လက်နက်ကိုင်စခန်းများကိုသာမက ကျေးရွာနေအိမ်များကိုပါ တိုက်ခိုက်ကာ လူသောင်းချီ ပြည်တွင်းဒုက္ခသည် ဖြစ်စေသည်။ ယခုအခါ ထိုသူများကို “ပြည်တွင်းနေရပ်စွန့်ခွာသူများ” (IDPs) ဟု စကားလုံးအလှဖြင့် ခေါ်ကြသည်။
ပြစရာ မယ်မယ်ရရမရှိဘဲ ဦးသိန်းစိန်အစိုးရသည် ဟန်ပြသဘောဖြင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ EAO ရှစ်ဖွဲ့ကို NCA လက်မှတ် ရေးထိုးစေခဲ့သည်။ ထိုအခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည်။
ထိုအခမ်းအနားသည် Alice in Wonderland စာအုပ်မှ မဆီမဆိုင်စကားများပြောသည့် မက်ဒ် ဟက်တာ၏ လက်ဖက်ရည်ဝိုင်းနှင့်တူသည်ဟု လေ့လာသူတဦးက ပြောသည်။ ထိုလက်မှတ်ရေးထိုးသည့် အဖွဲ့များအနက် ငါးဖွဲ့တွင် မှတ်သားစရာကောင်းလှသည့် စစ်တပ်မရှိဘဲ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) သည် ၁၉၉၄ ခုနှစ်တွင် မိခင်အဖွဲ့အစည်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ချိန်မှစတင်ပြီး အစိုးရ၏ မဟာမိတ် ပြည်သူ့စစ်ဖြစ်နေသည်။
ထို့ကြောင့် လက်မှတ်ရေးထိုးသည့် အဖွဲ့များအနက် နှစ်ဖွဲ့ဖြစ်သည့် RCSS နှင့် KNU တို့သာ လက်မှတ် မထိုးမီက အစိုးရကို လက်နက်ကိုင်တိုက်နေသည့် အဖွဲ့များဖြစ်သည်။

မြန်မာမှ လက်နက်ကိုင်အဖွဲ့အစည်းများ၏ ၈၀ ရာခိုင်နှုန်းက ထိုစာချုပ်သည် ငြိမ်းချမ်းရေးအတွက် ကျယ်ပြန့်သည့် ဖြေရှင်းမှုနှင့် ၎င်းတို့ ရည်မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်းခြင်းနိဒါန်းဟု မမြင်ဘဲ လက်နက်ချခြင်းဖြစ်သည်ဟု မြင်သောကြောင့် လက်မှတ်ထိုးရန် ငြင်းဆန်ကြသည်။
၂၀၁၆ ခုနှစ်၊ မတ်လတွင် အစိုးရဖြစ်လာသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည်လည်း ဦးသိန်းစိန်၏ ခြေရာနင်းကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ခေါ်ကာ နိုင်ငံခြားငွေများ မြန်မာသို့ ဆက်စီးဆင်းစေသည်။
သူ၏ အစီအစဉ်ကို ပင်လုံသဘောတူညီချက်ဟု ခေါ်သည်။ ပင်လုံစာချုပ်ဆိုသည်မှာ သူ့ဖခင် ဗိုလ်ချုပ် အောင်ဆန်းက ၁၉၄၇ ခုနှစ်တွင် ရှမ်း၊ ကချင်နှင့် ချင်းကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီး နောက်တနှစ် လွတ်လပ်ရေးရပြီးနောက် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် လမ်းခင်းပေးသည့် စာချုပ်ဖြစ်သည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နောက်ထပ်အဖွဲ့ နှစ်ဖွဲ့က NCA လက်မှတ်ရေးထိုးသည်ဟု အစိုးရက ဂုဏ်ယူစွာ ကြေညာသည်။ နှိုင်းယှဉ်ချက်အားဖြင့် သေးငယ်သည့် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အခြားလူမျိုးစုတခုဖြစ်သော လားဟူကို ကိုယ်စားပြုသည့် ထိုင်းအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့ NGO တို့ ဖြစ်သည်။
သို့သော် တချိန်တည်းတွင် စစ်ပွဲသည် ရှမ်းပြည်အရှေ့မြောက်ပိုင်းမှ တရုတ်လူမျိုးစုများ နေထိုင်သည့် ကိုးကန့်သို့ ကျယ်ပြန့်လာနေသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ဟုခေါ်သည့် မွတ်ဆလင်အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှ စစ်စခန်းများကို တိုက်ခိုက်ပြီး စစ်တပ်က အကြီးအကျယ် ပြန်လည်တိုက်ခိုက်မှု ဖြစ်စေသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက သတ်မှတ်သည့် လူမျိုးစု သုတ်သင်မှုမှ လွတ်မြောက်စေရန် ရိုဟင်ဂျာဟု ခေါ်သော မွတ်ဆလင် လူမှုအသိုက်အဝန်းမှ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။
ထို့နောက် ၂၀၁၉ ခုနှစ် အစောပိုင်းတွင် ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာလူများစုမှ ထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည့် အာရက္ခတပ်တော် (AA) သည် စစ်တပ်ကို တိုက်ခိုက်ပြီး နောက်ထပ် ဖြိုခွဲမှုဖြစ်စေသည်။ ထိုတိုက်ပွဲသည် နိုင်ငံ၏ အနောက်ဘက်နယ်စပ်တွင် ရခိုင်၊ အခြားဗုဒ္ဓဘာသာဝင်များနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်သည်။ ထိုအချိန်မှစတင်ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်တွင် AA သည် ရခိုင်ပြည်နယ် အများစုကို သိမ်းယူထားသည်။
ယခင် ငြိမ်းချမ်းရေးအားထုတ်မှုများ၏ အဓိကပြဿနာမှာ မည်သည့်နိုင်ငံရေးပြဿနာကိုမှ မဖြေရှင်းမီ ဗဟိုအာဏာပိုင်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးစေကာ နွားရှေ့ထွန်ကျူးနေခြင်း ဖြစ်သည်။ ထိုကိစ္စသည် အလုပ်မဖြစ်ပေ။
၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ထိုးပြီးနောက် ထိုစဉ်က ပိုင်နက်ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) တို့သည် ကြီးမားသောတပ်များ တည်ဆောက်နိုင်ခဲ့သည်။
ယခင်က PNLO သည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ အဝေးရောက် ပအိုဝ့် နှစ်ဦးခန့်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် အဆောင်အယောင်ပြတပ်ဖွဲ့သာရှိသည့် အဖွဲ့ဖြစ်သည်။ ယနေ့တွင် ထိုအဖွဲ့ နှစ်ခုလုံးနှင့် KNU သည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေး လုပ်နေသည်။ တနည်းအားဖြင့်ဆိုရပါက NCA နိဂုံးချုပ်သွားပြီ ဖြစ်သည်။
ယခင်က PNLO သည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ အဝေးရောက် ပအိုဝ့် နှစ်ဦးခန့်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် အဆောင်အယောင်ပြတပ်ဖွဲ့သာရှိသည့် အဖွဲ့ဖြစ်သည်။ ယနေ့တွင် ထိုအဖွဲ့ နှစ်ခုလုံးနှင့် KNU သည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေး လုပ်နေသည်။ တနည်းအားဖြင့်ဆိုရပါက NCA နိဂုံးချုပ်သွားပြီ ဖြစ်သည်။
စစ်ကောင်စီသည် အမှန်တကယ် တော်လှန်ရေးအင်အားစုနှင့် ညှိနှိုင်းရန် ရည်ရွယ်ချက် မရှိကြောင်း ထင်ရှားသည်။ တော်လှန်ရေးအင်အားစုများ လက်နက်ချပြီး စစ်ကောင်စီကျင်းပသည့် ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီက တိုက်တွန်းသည့် ကြေညာချက်တစောင် ထုတ်သည်ဟု ထင်ရှားသော မြန်မာ့နိုင်ငံရေး သုတေသီ ကိုရဲမျိုးဟိန်းက စက်တင်ဘာလ ၂၆ ရက်နေ့ ဧရာဝတီဆောင်းပါးတွင် ဖော်ပြသည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး” ဟု ခေါင်းစဉ်ပေးထားသည့် ထိုကြေညာချက်သည် ရှုပ်ထွေးမှုများဖြစ်စေပြီး ကျော်ကြားသော နိုင်ငံတကာမီဒီယာများ အပါအအဝင် အချို့သူများက လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းမှုဟု မှားယွင်းစွာ ဖွင့်ဆိုကြသည်။
လက်တွေ့တွင် “စစ်ကောင်စီက ပေးလိုသည့် သတင်းစကားမှာ ရှင်းလင်းသည်။ ၎င်းတို့သည် ယခုအခါ ဖျက်သိမ်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကျင်ပရန် ရည်ရွယ်ပြီး တော်လှန်ရေးအင်အားစု လက်နက်ချကာ နိုင်ငံရေးပါတီထောင်ပြီး ထိုရွေးကောက်ပွဲများတွင် ပါဝင်ရန် တောင်းဆိုသည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအတွက် မဖိတ်ဘဲ လိမ်လည်သည့် ရွေးကောက်ပွဲများတွင် ပါဝင်ရန် ထိုတောင်းဆိုမှုသည် တွေ့ဆုံဆွေးနွေးရေးကို ရှောင်ရှားရန် ရည်ရွယ်သည့် သေနင်္ဂဗျူဟာဖြစ်သည်” ဟု ကိုရဲမျိုးဟိန်းက ရေးသည်။

ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူသည် သေနတ်ထောက်ပြီး တောင်းဆိုသည်ကို အလျှော့ပေးမည် မဟုတ်သောကြောင့် EAO များနှင့် အခြား တော်လှန်ရေးအင်အားစုများ လက်နက် အရင်ချရမည်ဟု ပြောသည်။
ထို့ကြောင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်မှ မိမိတို့ ဘာကို မျှော်လင့်နိုင်သနည်း။ ဒေသတွင်း ရိုက်ခတ်မှုနှင့် နောက်ဆုံးတွင် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူအချို့ပင် ထိုကြောင်တောင်တောင် ဟာသဇာတ်လမ်းတွင် ပါဝင်ကြသည်။
‘ငြိမ်းချမ်းရေး ထုတ်ကုန်လုပ်ငန်း’ ပြန်လည် လည်ပတ်နေပုံရပြီး ယခုတကြိမ်တွင် ပိုမို ပရိယာယ်များသည်။ ဖင်လန်၊ ဆွစ်၊ နော်ဝေ၊ သြစတြေးလျအဖွဲ့များနှင့် “ပူးတွဲငြိမ်းချမ်းရေးရန်ပုံငွေ” ဟုခေါ်သည့် မထင်ရှားသောအဖွဲ့တခုသည် စစ်တပ်နှင့်ဆွေးနွေးရေး အတွေးအခေါ်ကို ပြန်လည် အသက်သွင်းရန် မျှော်လင့်ပြီး EAO များကို တိတ်တဆိတ် အာရုံခံနေကြသည်။
ထိုလုပ်ငန်းစဉ်တွင် အရှုံးသမားများမှာ ကာလကြာမြင့်စွာ ဒုက္ခခံစားနေရသည့် မြန်မာပြည်သူများသာဖြစ်ပြီး ကိုယ်ကျိုးရှာ ပြည်ပမှ ပါဝင်ပတ်သက်သူ အများအပြားက မြန်မာပြည်သူများကို အကူအညီပေးရန် ထပ်မံ ပျက်ကွက်ကြမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Yet Another Peace Ploy from Myanmar’s Junta ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
ငြိမ်းချမ်းရေးဖိုရမ် ဆိုတာ နိုင်ငံရေးအာသာဖြေမှုတခုပဲ (ရုပ်/သံ)
စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်
တရုတ်အားကိုး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပစွက်ဖက်မှုကို ရှုတ်ချ
နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)
ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေချိန် စစ်ကောင်စီ ဗုံးလိုက်ကြဲ (ရုပ်/သံ)
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)














