နွေဦးတော်လှန်ရေး လမ်းညွှန်စာအုပ် လုပ်ပါလားလို့ သုတေသီတွေ စုံရင် စသလို နောက်သလို ပြောကြတယ်။ သူတို့ ပြောသလိုပဲ နေ့စဉ် နွေဦးတော်လှန်ရေးကို တစိုက်မတ်မတ် စောင့်ကြည့် လေ့လာနေကြတဲ့ နိုင်ငံတကာအဖွဲ့ကြီးတွေကိုယ်တိုင် အသစ်အသစ် ထပ်ပေါ်လာကြတဲ့ အဖွဲ့တွေကို မနည်း လိုက်မှတ်သားနေကြရတယ်။
ဖွဲ့သမျှအဖွဲ့တွေကို ကြည့်ပြန်ရင်လည်း အသစ်အသစ်သော လူတွေ တော်လှန်ရေးမှာ ထပ်ပါလာကြလို့ အသစ်တွေ ပေါ်လာကြတာ မဟုတ်ဘဲ မိမိခေါင်းဆောင် လုပ်ရရေး၊ မိမိ အသံကျယ်ကျယ် ထုတ်နိုင်ရေးအတွက် အဖွဲ့သစ် ထပ်ထောင်ကြတယ်။ ပလက်ဖောင်းအသစ် ထပ်လုပ်ကြတယ်။ ငါတို့ ပလက်ဖောင်းကနေ အားလုံးပါဝင်အောင် လုပ်မယ်ဆိုပြီး အဖွဲ့တွေ ထပ်စုကြတယ်။ ဒီလိုနဲ့ ကျမတို့တွေဟာ နာမည်အသစ်တွေကို အကျွမ်းဝင်အောင် လုပ်ကြရပြန်တယ်။
ဒီမိုကရေစီစံနှုန်းမှာ တာဝန်ခံမှုလည်းပါတယ်
ဒီမိုကရေစီစံနှုန်းတွေကို တိုင်းတာတဲ့အခါ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ မိမိထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုခွင့်တွေဟာ အရေးကြီးတဲ့ ဝိသေသလက္ခဏာများ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ နောက်ထပ် ပြယုဂ်တခုကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပဲ ဖြစ်ပါတယ်။
အသင်းအဖွဲ့များဟာ အဖွဲ့ဝင်များနဲ့ တိုက်ရိုက် အကျိုးကျေးဇူး ခံစားရသူတွေကို တာဝန်ခံရပါတယ်။ ပရဟိတ အသင်းတွေဟာ ရပ်ရွာ သာရေး၊ နာရေးကို တာဝန်ယူရတယ်။ ပွင့်လင်းမြင်သာမှုအတွက် တာဝန်ခံရတယ်။ ကျောင်းသားအသင်းအဖွဲ့တွေဟာ ကျောင်းသားတွေ အခွင့်အရေးအတွက် တာဝန်ခံရတယ်။ နွေဦးတော်လှန်ရေး အသင်းအဖွဲ့များဟာ တော်လှန်ရေးတစုံလုံးအတွက် တာဝန်ခံရတယ်။
အသင်းအဖွဲ့များဟာ အဖွဲ့ဝင်များနဲ့ တိုက်ရိုက် အကျိုးကျေးဇူး ခံစားရသူတွေကို တာဝန်ခံရပါတယ်။ ပရဟိတ အသင်းတွေဟာ ရပ်ရွာ သာရေး၊ နာရေးကို တာဝန်ယူရတယ်။ ပွင့်လင်းမြင်သာမှုအတွက် တာဝန်ခံရတယ်။ ကျောင်းသားအသင်းအဖွဲ့တွေဟာ ကျောင်းသားတွေ အခွင့်အရေးအတွက် တာဝန်ခံရတယ်။ နွေဦးတော်လှန်ရေး အသင်းအဖွဲ့များဟာ တော်လှန်ရေးတစုံလုံးအတွက် တာဝန်ခံရတယ်။
ကွန်ရက်တွေ၊ ညှိနှိုင်းရေးအစုအဖွဲ့တွေ ပေါ်ပေါက်လာတဲ့အခါ နှစ်ပေါင်းများစွာ အကွဲကွဲအပြဲပြဲ ဖြစ်နေကြတဲ့ နိုင်ငံရေးအင်အားစုများကို စုစည်းပေးနိုင်မယ့် အခင်းအကျင်းတွေ ဖြစ်လာမယ်လို့ ပြည်သူတွေက မျှော်လင့်ပါတယ်။ ပြည်သူ့လိုလားချက်ကို တာဝန်ခံမယ်လို့ ယုံကြည်ကြပါတယ်။
သို့သော် နွေဦးတော်လှန်ရေး အစကပင် ပေါ်ပေါက်လာကြတဲ့ နိုင်ငံရေးအုပ်စုတွေ ဖြစ်ကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုးထားရုံသာမက နိုင်ငံတကာကပါ အသိအမှတ်ပြုထားရတဲ့ ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် ဒီအဖွဲ့အစည်းတွေဟာ လေးနှစ်တာကာလ ကြာရှည်လာတာနဲ့အမျှ မူလ ၂၀၂၁ ခုနှစ်က ပြုထားတဲ့ ကတိကဝတ်တွေနဲ့ ချမှတ်ထားတဲ့ပန်းတိုင်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်တာ မရှိသေးပါဘူး။
ရည်မှန်းချက်ကြီးမားလွန်းတဲ့မူဝါဒ၊ မျှော်မှန်းချက်တွေကို ကိုင်စွဲပြီး စောင့်ကြည့်ထိန်းကျောင်းရေးကို အသံကျယ်ကျယ် ပြောကြလေလေ စောင့်ကြည့်ထိန်းကျောင်းခြင်း မခံလိုကြတဲ့ တော်လှန်ရေးအဖွဲ့တွေက မိတ်ဆွေချင်း ခင်မင်ပါတယ်ဆိုတဲ့ အဆင့်မှာပဲထားပြီး တရားဝင် ပေါင်းစပ်ညှိနှိုင်းခြင်း မလုပ်ကြပါဘူး။ ဒီမှာတင် တခြား ဆွေးနွေးညှိနှိုင်းရေး ပလက်ဖောင်းတွေ ထပ်ပေါ်လာကြပြန်ပါတော့တယ်။
ထင်ထင်ရှားရှား အများသိ ဥပမာတွေပြောရရင် NUCC ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နုတ်ထွက်သွားတာ၊ K3C ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဆိုတဲ့ စုဖွဲ့ညှိနှိုင်းမှု ထပ်ပေါ်လာတာ၊ နောက်တော့ KIO က ထပ်မံနုတ်ထွက်ပြီး K2C ဖြစ်သွားတာ၊ ကြားကာလ ချင်းအမျိုးသားများ အတိုင်ပင်ခံကောင်စီ (ICNCC) ကနေ တခါ CNF နဲ့ ချင်းညီနောင်အဖွဲ့ (CB) ဆိုပြီး အတွင်းမှာ ထပ်ကွဲကြတာ၊ အဆိုပါ အကွဲအပြဲက NUCC ကိုပါ လာရိုက်ခတ်ကြတာမျိုးတွေ။ အကျိုးဆက်အနေနဲ့ Joint Coordination Body (JCB) ဆိုပြီး ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ ဇွန်လမှာ ပေါ်လာပြန်တယ်။
အရင် ပေါ်ထွန်းပြီးသား ပလက်ဖောင်းကြီးတွေက နောက်ထပ် အင်အားကြီးမားတဲ့ အစုအဖွဲ့တွေကို မစည်းရုံးနိုင်တဲ့အပြင် ရှိပြီးသားအဖွဲ့တွေ မထွက်အောင်တောင် မတားနိုင်ကြပါဘူး။ အခုအချိန် မြန်မာ့နိုင်ငံရေးမှာ အစုအဖွဲ့အသစ်တွေ ပေါ်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်တော့ဘဲ စည်းလုံးညီညွတ်ရေးလို့ ပြောနေကြတဲ့ အဖွဲ့တွေကိုယ်တိုင်က မစည်းလုံးနိုင်ကြတာကို သက်သေပြနေတာပါပဲ။
ပြီးခဲ့တဲ့ရက်တွေမှာတော့ နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA) ဆိုပြီး စုဖွဲ့မှု ပေါ်လာပြန်ပြီ။ နောက်ထပ် စုဖွဲ့မှုများ ပေါ်ပေါက်လာမယ့် အလားအလာတွေကလည်း မြင်နေရသေးတယ်။
အရင် ပေါ်ထွန်းပြီးသား ပလက်ဖောင်းကြီးတွေက နောက်ထပ် အင်အားကြီးမားတဲ့ အစုအဖွဲ့တွေကို မစည်းရုံးနိုင်တဲ့အပြင် ရှိပြီးသားအဖွဲ့တွေ မထွက်အောင်တောင် မတားနိုင်ကြပါဘူး။ အခုအချိန် မြန်မာ့နိုင်ငံရေးမှာ အစုအဖွဲ့အသစ်တွေ ပေါ်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်တော့ဘဲ စည်းလုံးညီညွတ်ရေးလို့ ပြောနေကြတဲ့ အဖွဲ့တွေကိုယ်တိုင်က မစည်းလုံးနိုင်ကြတာကို သက်သေပြနေတာပါပဲ။
စုဖို့ လွယ်ပြီး မြဲဖို့ ခက်တယ်
အစုအဖွဲ့တွေက နုတ်ထွက်ကြတယ်ဆိုတာ ကျမတို့ မြန်မာဓလေ့မှာတော့ မဆန်းလှပါဘူး။ ‘ဗမာတွေ နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတယ်’ ဆိုတာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးတိုင်းမှာ တွေ့ရတဲ့ ဓလေ့ဖြစ်ပါတယ်။
နုတ်ထွက်ကြ၊ အသစ်ဖွဲ့ကြတဲ့အခါတိုင်း စကားလုံးအကြီးကြီးတွေနဲ့ မစားရဝခမန်း အကြောင်းပြချက်တွေက နှစ်ဖက်လုံးမှာ ရှိကြပါတယ်။ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ အကြောင်းပြချက်တွေရှိသလို ထုတ်မပြောကြတဲ့ အနာတွေလည်း ရှိကြပါတယ်။
‘သူပါရင် ငါမပါဘူး’ ဆိုတဲ့ စကားဟာ အရင်ကလည်း ပြောကြတယ်၊ အခုလည်း ပြောကြတယ်။ ပုဂ္ဂိုလ်ရေး မကျေလည်မှုကနေ၊ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့အချိုး ချိုးကြတာလဲ မြင်နေရတာပါပဲ။
ဒီခေတ်မှာ အဖွဲ့ဖွဲ့ရတာ အလွန် လွယ်ပါတယ်။ ဘတ်ဂျက်မရှိရင်တောင် အွန်လိုင်းကနေ zoom meeting လေးခေါ်၊ အခမ်းအနား အစီအစဉ်လေးလုပ်ပြီး ‘အကိုကြီးက ဒီနေရာယူပါနော်၊ ညီလေးက ဒီနေရာယူမယ်’ နဲ့ အဖွဲ့တဖွဲ့ ပေါ်လာနိုင်ပါတယ်။
တော်လှန်ရေးခေါင်းကိုင် မိခင်၊ ဖခင်ဖြစ်ချင်တဲ့ ရောဂါကလည်း ရှိသေးတယ်။ ရှိရင်းစွဲ စုဖွဲ့မှုမှာ ထပ်တိုးပါလိုက်ရင် နောက်တိုးဖြစ်တဲ့အတွက် ပါဝါမရှိမှာစိုးလို့ အသစ်ဖွဲ့တာကလည်း တဖုံပါပဲ။
အသင်းအဖွဲ့ရဲ့ ဦးတည်ချက်၊ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ နေနေသာသာ နေရာလုရင်း စိတ်ကောက်ကြ၊ နုတ်ထွက်ကြတွေ မလုပ်ဖို့တောင် တော်တော်ထိန်းရတယ်။ ဆက်ဆံရေး ကောင်းနေကြတဲ့ အဖွဲ့အစည်းတွေကို ကြည့်လိုက်ရင်လည်း ဟိုဘက်အဖွဲ့မှာ ယောက်ျားက ဥက္ကဋ္ဌ၊ မိန်းမက အတွင်းရေးမှူး၊ ဒီဘက်အဖွဲ့မှာကျတော့ မိန်းမက ဥက္ကဋ္ဌ၊ ယောက်ျားက အဖွဲ့ဝင်။ ပရော်ဖက်ရှင်နယ် စုဖွဲ့မှုက ချစ်ခြင်းမေတ္တာနဲ့မှ မြဲကြတာလားလို့ မေးချင်စရာ။
တော်လှန်ရေးခေါင်းကိုင် မိခင်၊ ဖခင်ဖြစ်ချင်တဲ့ ရောဂါကလည်း ရှိသေးတယ်။ ရှိရင်းစွဲ စုဖွဲ့မှုမှာ ထပ်တိုးပါလိုက်ရင် နောက်တိုးဖြစ်တဲ့အတွက် ပါဝါမရှိမှာစိုးလို့ အသစ်ဖွဲ့တာကလည်း တဖုံပါပဲ။
ရှေ့တန်းမှာတိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ အမြင်က ရှင်းပါတယ်။ လက်နက်ကြီး လက်တကမ်း၊ လေယာဉ်သံ နားစွင့်ပြီး အိပ်နေကြရတဲ့ ပြည်သူတွေ သဘောထားကလည်း ရှင်းပါတယ်။ တော်လှန်ရေးအောင်နိုင်ရေးနဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးပါ။
အိမ်နီးနားချင်းနဲ့ တတိယနိုင်ငံ ရောက်သွားကြတဲ့ နိုင်ငံရေးခေါင်းကိုင်များကသာ မူကလည်း မပြတ်သား၊ ထုတ်မပြောပေမယ့် အနာဂတ်နိုင်ငံတော်မှာ နေရာကောင်းရရေး၊ အသာစီးရရေးကို ရင်ဝယ်ပိုက်ပြီး နိုင်ငံရေး လမ်းညွှန်စုဖွဲ့မှုတွေမှာ ဆရာကြီး ဝင်လုပ်ကြရင်း ဟိုအဖွဲ့မှာလည်းပါ၊ ဒီအဖွဲ့မှာလည်းပါ၊ ကိုယ်တိုင်လည်း အဖွဲ့ထောင်နဲ့ အကွက်ချနေကြတာပါ။
အစည်းအဝေးတွေမှာ ကြည့်လိုက်ရင် လူကတော့ ဒီလူတွေပဲ၊ ဆောင်းထားတဲ့ ဦးထုပ်တွေပဲ ပြောင်းနေကြတာ မြင်ရတာကတမျိုး။ အကျိုးစီးပွား ပဋိပက္ခကို မူဝါဒ ကျမ်းကြေနေကြသူတွေ ကိုယ်တိုင်က လက်တလုံးခြား လုပ်ချင်သေးတာ။
အကွဲအပြဲတိုင်းဟာ ပါဝင်ပတ်သက်နေတဲ့ အစုအဖွဲ့တွေနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ တော်လှန်ရေးတစုံလုံးကို အားနည်းစေတယ်၊ လူသားရင်းမြစ်နဲ့ ဘဏ္ဍာရင်းမြစ်များ လေလွင့်စေတယ်။ ပြည်သူတွေကို ဝေဝါးစေတယ်၊ အားလျော့စေတယ်။ တနည်းအားဖြင့် ရန်သူအားရအောင် လုပ်နေကြတာပါပဲ။
နွေဦးတော်လှန်ရေးဟာ လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ တဖက် စစ်ကောင်စီက အာဏာစွဲကိုင်ရေးမူကို အသေချ၊ မလုပ်နိုင်တဲ့ကောင် ဖြုတ်၊ လုပ်နိုင်တဲ့ကောင် အစားထိုးနဲ့ ဖြည်းဖြည်းမှန်မှန် လျှောက်နေပါတယ်။
နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းများ၊ ပလက်ဖောင်းများအနေနဲ့ ၂၀၂၁ ခုနှစ်က သွက်သွက်လက်လက် ချမှတ်နိုင်ခဲ့ကြတဲ့ လမ်းစဉ်တွေကို လိုတာ ပြင်၊ မလိုတာ ဖြုတ်၊ အသစ်ထည့်သင့်တာထည့်နဲ့ မှန်မှန်လျှောက်နေဖို့ လိုအပ်ပါတယ်။
နွေဦးတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းများ၊ ပလက်ဖောင်းများအနေနဲ့ ၂၀၂၁ ခုနှစ်က သွက်သွက်လက်လက် ချမှတ်နိုင်ခဲ့ကြတဲ့ လမ်းစဉ်တွေကို လိုတာ ပြင်၊ မလိုတာ ဖြုတ်၊ အသစ်ထည့်သင့်တာထည့်နဲ့ မှန်မှန်လျှောက်နေဖို့ လိုအပ်ပါတယ်။
နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုကို အသစ်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း၊ ပလက်ဖောင်း အရေအတွက်နဲ့ တိုင်းတာမှာ မဟုတ်ပါဘူး။ ဘယ်လောက် ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်သလဲ၊ ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံကြီးကို တည်ထောင်နိုင်သလဲ ဆိုတာနဲ့ပဲ တိုင်းတာမှာပါ။ ရှိနှင့်ပြီးသား အဖွဲ့အစည်းတွေဟာ အမှားတွေကနေ သင်ခန်းစာယူပြီး စည်းလုံးညီညွတ်ရေးကို တည်ဆောက်ချိန်တန်ပါပြီ။
နွေဦးတော်လှန်ရေးရဲ့ အင်အားအကြီးမားဆုံး လက်နက်ဟာ အဖွဲ့အစည်း၊ ပလက်ဖောင်းတွေရဲ့ အမှတ်တံဆိပ်တွေ မဟုတ်ပါဘူး။ အားလုံး တစုတစည်းတည်း လုပ်ဆောင်နိုင်တဲ့ လုပ်ရပ်ပါ။
မိမိအစုအဖွဲ့ နေရာရရေးထက် နိုင်ငံတခုလုံး လွတ်မြောက်ရေးကို ဦးထိပ်ပန်စေချင်ပါတယ်။ ရှိနှင့်ပြီးသား ပလက်ဖောင်းအစုအဖွဲ့များရဲ့ အင်အားကို တစုတစည်းတည်း စုစည်းနိုင်မယ်ဆိုရင် စစ်ကောင်စီ ပြုတ်ကျတာ ကြာလှပါပြီ။ စည်းလုံးညီညွတ်ရေး၊ မတူကွဲပြားသော အမြင်တွေကို ညှိနှိုင်းပြီး ကျော်ဖြတ်နိုင်ရေးဟာ ကိုယ်စွမ်းကိုယ်စသက်သက် မဟုတ်ပါဘူး။ အမှန်တကယ် လိုအပ်နေတဲ့ တော်လှန်ရေး မဟာဗျူဟာ ဖြစ်ပါတယ်။
ပြည်သူသန်းပေါင်းများစွာရဲ့ ဘဝတွေ၊ အသက်တွေနဲ့ ရင်းထားရတဲ့ အနာဂတ်ကို ရှေးရှုပြီး စည်းလုံးညီညွတ်ကြပါ။
(စာရေးသူသည် နိုင်ငံရေးနှင့် လူမှုရေးရာ တရားမျှတမှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေသူတဦး ဖြစ်သည်။)
You may also like these stories:
ဘီလူးမ သားတရားစီရင်ခန်းနဲ့ မြန်မာပြည်သူတွေ
နွေဦးတော်လှန်ရေးအတွက် “၈၈” မှ သင်ခန်းစာများ
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း
နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား
နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်














