ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနား တဘက်ကမ်းမှာရှိတဲ့ ဝိုင်းမော် ကနေ ဗန်းမော်ထိပေါက်တဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်က စစ်တပ်ရဲ့ စစ်ရေးအရ အရေးပါတဲ့ တပ်စခန်းတွေကို ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က မတ်လ ၇ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေသလို တခြားမြို့နယ် အသီးသီးမှာ ရှိတဲ့ ဗျူဟာကျတဲ့ စစ်စခန်းတွေကိုပါ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ မြစ်ကြီးနား-ဗန်းမော် လမ်းကြောင်းတင် မကဘဲ မြစ်ကြီးနား-ပူတာအို၊ မြစ်ကြီးနား-ဖားကန့်၊ မြစ်ကြီးနား-အင်းတော် စတဲ့ စစ်ဆင်ရေး လမ်းကြောင်းတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်နေတာတွေ့ရပါတယ်။
ဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်လိုက်ရင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း တခုလုံးက ကုန်းလမ်း စစ်ဆင်ရေးတွေကို ဖြတ်တောက်နိုင်မှာ ဖြစ်သလို မန္တလေးဘက်က တက်လာမယ့် ဧရာဝတီ မြစ်ကြောင်းကိုပါ ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ စစ်ရေး အကဲခတ်တချို့က မှတ်ချက်ပြု ထားကြပါတယ်။