ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းတခုဖြစ်တဲ့ အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရေးအတွက် ထိုးစစ်အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ အာရက္ခတပ်တော်(AA) က စက်တင်ဘာ ၂၈ ရက်နေ့က ကြေညာလိုက်ပါတယ်။
AA ထိုးစစ်ကြောင့် ထွက်ပြေးကြတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်အားလုံးဟာ မောင်တောမြို့နယ်ထဲက နခခ ၅ ထဲမှာ စုပေါင်းနေကြပြီး အခိုင်အမာ ခံစစ်ပြင် ခုခံနေကြတာဖြစ်တယ်လို့ သိရပါတယ်။
AA အနေနဲ့ နခခ ၅ တင်မကဘဲ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ အတွက် မြို့ပေါ်အဆောက်အအုံတွေ၊ လူနေအိမ်တွေကိုအကာအကွယ်ယူပြီး ပုန်းခိုလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နဲ့ ပူးပေါင်း တပ်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ AAသတင်းနဲ့ ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
အာရက္ခဒေသအတွင်းမှာ သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ လက်ကျန် တပ်စခန်းတွေကို တခုမကျန် သိမ်းပိုက်ရယူနိုင်ဖို့အတွက် ထိုးစစ်တွေကို ဆက်လက်အရှိန်အဟုတ်မြှင့်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။
#မြန်မာ #ဧရာဝတီ #နခခ၅ #AA #မောင်တော