ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ ၅)မှ ထွက်ပြေးသွားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဒီဇင်ဘာ ၈ ရက်တွင် အရှင်ဖမ်းမိထားကြောင်း အာရက္ခတပ်တော် (AA) ခေါင်းဆောင်များက အတည်ပြုသည်။
AA ခေါင်းဆောင်တဦးက “သူရိန်ထွန်းကို မိတာ ကွန်ဖမ်းဖြစ်ပါတယ်။ သူနဲ့အတူ အရာရှိစစ်သည် ဘယ်နှစ်ယောက်ပါလဲ ဆိုတာတော့ စိစစ်နေတုန်းပါ” ဟု ဧရာဝတီကို ပြောသည်။
မောင်တောမြို့စစ်ဆင်ရေးကို တာဝန်ယူထားသော ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် နခခ ၅ ဌာနချုပ် ကျခါနီးအချိန်တွင် အရာရှိ စစ်သည်အချို့နှင့် ထွက်ပြေးသွားစဉ် မောင်တောမြို့နယ်တနေရာ၌ AA တပ်ဖွဲ့ဝင်များ၏ ပိတ်ဆို့တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်း (OTC-22) သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းစစ်ဦးစီးချုပ်ရာထူးမှတဆင့် စကခ (၁၅) တပ်မမှူးအဖြစ် ပြောင်းလဲခန့်အပ်ခံရပြီးနောက် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ စစ်ဆင်ရေး ဝင်ရောက်နေခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည်ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူငယ်အချို့အား စစ်သင်တန်းပေးခြင်း၊ လက်နက် တပ်ဆင်ပေးခြင်းတို့ ပြုလုပ်ရာတွင် အဓိက ဦးဆောင်လုပ်ကိုင်သူဖြစ်ပြီး မောင်တောမြို့အခြေစိုက် ရိုဟင်ဂျာစီးပွားရေး သမားများနှင့် အလွန်ရင်းနှီးသူလည်း ဖြစ်ကြောင်း သိရသည်။
၎င်းဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ နခခ ၅ ကျသည်မှာ ဟုတ်မှန်သော်လည်း စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း ဖမ်းဆီးခံရသည်ဆိုသည်မှာ မဟုတ်ကြောင်း ငြင်းဆိုရေးသားထားသည်။













