နှစ်ကုန်ပိုင်းတွင် ပုံမှန် ပြုလုပ်နေကြအတိုင်း စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယခုနှစ်အထိဆိုလျှင် ဗိုလ်လောင်းအမှတ်စဉ် ၆၆ အထိ စစ်တက္ကသိုလ်က ကျောင်းဆင်းခဲ့ပြီးဖြစ်သည်။
တပ်မတော်တွင် စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတယောက်ဖြစ်သည့် မင်းအောင်လှိုင် ပထမဆုံး တပ်ချုပ်ဖြစ်သည့်ကာလအတွင်း စစ်တက္ကသိုလ်အတွက် ယခုနှစ်များသည် ရေရာသေချာမှု နည်းသောကာလများဟု ဆိုရမည်ဖြစ်သည်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းထားသည့် ယခုကာလအတွင်းတွင် ဖြစ်သည်။
စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်မြို့နှင့် မိုင် ၂၀ ကွာအထိ တိုက်ပွဲများ ရောက်ခဲ့သည်။ ထို့ပြင် စစ်တက္ကသိုလ်ဝန်းအတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုအထိ ဖြစ်ခဲ့သည်။ စစ်တက္ကသိုလ်မြေပေါ်တွင် သေဆုံး ဒဏ်ရာရခဲ့သည့်ဖြစ်စဉ်အထိ ဖြစ်ပွားခဲ့၏။
စစ်တက္ကသိုလ်အမှတ်စဉ် ၁၉ ဆင်း တပ်ချုပ် မင်းအောင်လှိုင်၏ အာဏာသိမ်းအစိုးရလက်ထက်တွင် နာမည်ကျော် စစ်ကျောင်းကြီးအတွင်း အရှက်ရဖွယ် ရန်သူ့ကျည် ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်လည်း ဖြစ်သည်။
စစ်တက္ကသိုလ်ကဲ့သို့ပင် အာဏာသိမ်းကာလအတွင်း စစ်တပ်၏အနာဂတ်ပါ မရေမရာဖြစ်ခဲ့ရသည်။ စစ်တပ်က တိုင်းပြည်အာဏာကို အကြမ်းဖက် သိမ်းယူခဲ့သဖြင့် ပြည်သူအများစုအနေဖြင့် စစ်တပ်ကို ဆန့်ကျင်လိုစိတ် အမြင့်မားဆုံးအထိ ရောက်ရှိခဲ့သည်။ ထို့ကြောင့် စစ်အာဏာသိမ်း ကာလအတွင်း စစ်တပ်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်လိုသူ မရှိသလောက်ဖြစ်ခဲ့ရသည်။
ထို့ကြောင့် အတင်းအဓမ္မနည်းဖြင့် စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့၍ စစ်အင်အားရရှိရေး ကုစားခဲ့ရသည်။ ထိုသို့သော အခြေအနေတွင် သင်တန်းဆင်းပါက စစ်ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည့် သင်တန်းကျောင်း များဖြစ်သည့် စစ်တက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ် (DSIM)၊ တပ်မတော် နည်းပညာတက္ကသိုလ် (DSTA) များသို့ပင် တက်ရောက်သူ မရှိသလောက် ဖြစ်ခဲ့သည်။
ပြင်ပရှိ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များထက် တက်ရောက်ခွင့် ပိုမိုလွယ်ကူသည့် တပ်မတော် ဆေးတက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်များကို ယခင်က လူငယ်အချို့ စိတ်ဝင်စားမှု အထိုက်အလျောက် ရှိခဲ့ကြသည်။
အာဏာသိမ်း ကာလအတွင်း အဆိုပါတက္ကသိုလ်များ အစား ပြည်ပက အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်များကိုသာ လူငယ်များက ပိုမို ရွေးချယ်လာကြသည်။ ထို့ထက် မြန်မာစစ်တပ်အတွက် ရာထူးရယူရန် ပိုမို လွယ်ကူသည့် စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိဖြစ်ခွင့်ကိုပင် လူငယ်များ လုံးဝ စိတ်မဝင်စားတော့ခြင်း ဖြစ်သည်။
အာဏာသိမ်း ကာလအတွင်း အဆိုပါတက္ကသိုလ်များအစား ပြည်ပက အသက်မွေးဝမ်းကြောင်းဆိုင်ရာ တက္ကသိုလ်များကိုသာ လူငယ်များက ပိုမို ရွေးချယ်လာကြသည်။ ထို့ထက် မြန်မာစစ်တပ်အတွက် ရာထူးရယူရန် ပိုမို လွယ်ကူသည့် စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိဖြစ်ခွင့်ကိုပင် လူငယ်များ လုံးဝ စိတ်မဝင်စားတော့ခြင်း ဖြစ်သည်။
အာဏာသိမ်းစ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှသည် ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအထိ စစ်တက္ကသိုလ် တက်ရောက်သူ အရေအတွက် အဆမတန် လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရသည်။
အစပိုင်းနှစ်များတွင် ဗိုလ်လောင်း ဝင်ခွင့်လျှောက်ထားသူများ အနက်မှ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင် သားဖြစ်သူများကို ဦးစားပေးကာ ဝင်ခွင့်ရအောင် လုပ်ပေးခဲ့ကြသည်။ နောက်နှစ်တွင် စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင် သားဖြစ်သူများ ဝင်ရောက်မှု မရှိသဖြင့် အခြားအဆင့် စစ်သည်များ၏ မိသားစုဝင်များကို ဦးစားပေးကာ ဝင်ခွင့်ရအောင် လုပ်ပေးခဲ့ကြသည်။
နောက်တနှစ်တွင် အခြားအဆင့် စစ်သည်များ၏ မိသားစုဝင်များ လျှောက် ထားမှု မရှိသလောက်ဖြစ်၍ တပ်တွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို အတင်း စည်ရုံးခဲ့ရသည်။
၂၀၂၄ ခုနှစ်တွင် ဗိုလ်လောင်းဝင်ရောက်သူများသာမက ဗိုလ်လောင်းဝင်ခွင့် စာစစ်ဌာနများလည်း လျော့နည်းလာခဲ့ကြောင်း တွေ့ရသည်။
တိုင်းစစ်ဌာနချုပ်အလိုက် ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ် သတ်မှတ်စာစစ်ဌာနများတွင် ရှမ်းမြောက်မှ လားရှိုးနှင့် ရခိုင်မှ အမ်း စာစစ်ဌာနများ မပါဝင်တော့ပေ။ ထို့ပြင် အာဏာသိမ်းကာလအတွင်း စစ်တက္ကသိုလ်အပါအဝင် စစ်ဘက်တက္ကသိုလ်များ ဝင်ခွင့်အတွက် အသက် ကန့်သတ်ချက် ဖြေလျှော့မှုများ လုပ်ခဲ့ကြောင်းလည်း တွေ့ရသည်။
၂၀၂၁ ခုနှစ် မတိုင်မီက အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ်ထက် မကြီးရဟု သတ်မှတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဝင်ခွင့်အတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၈ နှစ် ၆ လထက် မကြီးရဟု သတ်မှတ်လိုက်သည်။
၂၀၂၃ ခုနှစ် ဝင်ခွင့်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက် မငယ်ရ၊ ၁၉ နှစ် ၆ လထက် မကြီးရဟု ပြောင်းလဲသတ်မှတ်ပြန်သည်။
နောက်ဆုံး ယခုနှစ် ၂၀၂၄ ခုနှစ် ဝင်ခွင့်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၇ နှစ်အောက် မငယ်ရ၊ ၂၀ နှစ်ထက် မကြီးရဟု အသက် ကန့်သတ်ချက် လျှော့ချမှုများ လုပ်ဆောင်ခဲ့ရသည်။
စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူများအနက်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်တက္ကသိုလ်သို့ ပြောင်းပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်စေခဲ့သည်အထိ ဖြေလျှော့ခဲ့ရသည်။
စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူများအနက်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်တက္ကသိုလ်သို့ ပြောင်းပြီး ဗိုလ်လောင်းသင်တန်း တက်ရောက်စေခဲ့သည်အထိ ဖြေလျှော့ခဲ့ရသည်။
စစ်တက္ကသိုလ်သည် ဟိုယခင်ကဆိုလျှင် တက်ရောက်ခွင့်ရရှိရန် မလွယ်ကူသည့် စစ်ကျောင်းကြီးတကျောင်း ဖြစ်ခဲ့သည်။ ထိုအနေအထားမှ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှစ၍ ဗိုလ်လောင်းအင်အား တိုး၍ခေါ်ယူကာ ပြည်သူလူထုအတွင်း စစ်တပ်တွင် တာဝန်ထမ်းဆောင်သူအရာရှိ တိုးမြင့်ရေး စီမံချက်ဆွဲခဲ့သည်။
ဦးသန်းရွှေ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းမှုနှင့်၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ဆန့်ကျင်သူ နည်းပါးအောင် ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာဟု စစ်တပ်အရာရှိကြီး အချို့က ပြောလေ့ရှိသည်။
ဗိုလ်လောင်းအမှတ်စဉ် ၄၅၊ ၄၆၊ ၄၇ နှင့် ၄၈ သင်တန်းများကို ဗိုလ်လောင်းအရေအတွက် တိုးမြှင့်ခေါ်ယူခဲ့သည်။ ထိုအထဲတွင် အမှတ်စဉ် ၄၇ သည် လူအင်အား အများဆုံးသင်တန်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်လောင်း ခေါ်ယူမှု အရေအတွက် ပြန်လည် လျှော့ချခဲ့သည်။
ဗိုလ်လောင်း အမှတ်စဉ် ၄၂ တွင် စတင်ခဲ့သည့် သုံးနှစ်တာ သင်တန်းကာလကိုလည်း လေးနှစ်အဖြစ် ဗိုလ်လောင်း အမှတ်စဉ် ၅၆ တွင် ပြန်လည် ပြောင်းလဲခဲ့သည်။
စစ်တက္ကသိုလ် ကျောင်းဆင်းပွဲကာလကို နှစ်စဉ် လေးလပိုင်း ဧပြီလတွင် သတ်မှတ်ခဲ့ရာမှ ဗိုလ်လောင်း အမှတ်စဉ် ၄၅ မှစ၍ ကာလပြောင်းလဲ ကျင်းပခဲ့သည်။ နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပသည့်အစဉ်အလာ ဖြစ်ပေါ်လာခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်တွင် ဦးသန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များ စစ်တက္ကသိုလ်နှင့် ပြင်ဦးလွင်မှ ကျောင်းဆင်းပွဲများကို တက်ရောက်ကြသည်။ စစ်တပ်ထိပ်ပိုင်း မိသားစုဝင်များ၏ အပန်းဖြေခရီးဟုပင် အောက်မေ့ရသည်။
စစ်တက္ကသိုလ် ကျောင်းဆင်းပွဲသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး လေးဦး အမြဲလိုလို တက်ရောက်လေ့ရှိခဲ့သည်။
ပြင်ဦးလွင် ကျောင်းဆင်းပွဲများ ပြီးသည်နှင့် ဦးသန်းရွှေသည် မိသားစုနှင့်အတူ စစ်တိုင်းတခုခုကို ခရီးဆန့်လေ့ရှိသည်။ စစ်တိုင်းမှူးနှင့် တိုင်းမှူးကတော်တို့က ခရီးစဉ်အတွင်း ဦးသန်းရွှေ၏ သမီးတော်များ အလိုကျ အကြိုက်ဆောင်ကြရသည်။
ခရီးစဉ်အပြီး နှစ်ပတ်ခန့်အထိ သမီးတော်များထံမှ ငြိုငြင်မှုတစုံတရာ မရှိပါမှ ရာထူးတည်မြဲမှုအတွက် သက်ပြင်းချနိုင်ကြရသည်။ ထို့ကြောင့် ကျောင်းဆင်းပွဲရာသီတွင် စစ်တိုင်းမှူးများသည် မိမိ တိုင်းစစ်ဌာနချုပ်ဘက် လာမလားဟု ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းကြရသည်။
အာဏာမသိမ်းမီ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း ထိုနည်းကို အတုယူခဲ့သည်။ ကျောင်းဆင်းပွဲအပြီး ဦးသန်းရွှေကဲ့သို့ တိုင်းခန်းလှည့်လည်သည်။
စစ်တပ်အာဏာသာရှိသဖြင့် နယ်ဘက်သို့ “လိုအပ်သည်များကို မှာစားခွင့်” တော့ မရခဲ့ပေ။ အာဏာသိမ်းအပြီးတွင် နယ်ဘက်ကို စစ်ဆေးခွင့်ရှိသော်လည်း အာဏာသိမ်းကာလ ကြာလာလေ နေရာစုံကို သွားလာ စစ်ဆေးမှု မပြုနိုင်လေလေ ဖြစ်လာသည်။
စစ်တပ်အာဏာသာရှိသဖြင့် နယ်ဘက်သို့ “လိုအပ်သည်များကို မှာစားခွင့်” တော့ မရခဲ့ပေ။ အာဏာသိမ်းအပြီးတွင် နယ်ဘက်ကို စစ်ဆေးခွင့်ရှိသော်လည်း အာဏာသိမ်းကာလ ကြာလာလေ နေရာစုံကို သွားလာ စစ်ဆေးမှု မပြုနိုင်လေလေ ဖြစ်လာသည်။
သွား၍ရသည့်နေရာများတွင်လည်း လုံခြုံရေး အထပ်ထပ်ချပြီးမှသာ သွားလာရဲတော့သည်။ ယခု စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတွင်လည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က အပစ်ရပ်ထားသော်လည်း လုံခြုံရေးကို စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဦးစီး၍ ကြီးကြပ်စေခဲ့သည်။
စစ်တပ်အတွင်းက တိုင်းစစ်ဌာနချုပ်အဆင့် ကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ နေရာနှစ်ခုဆိုလျှင် လုံးဝပင် မသွားနိုင်တော့ပေ။ ထိုတိုင်း နှစ်ခုမှာ ဩဂုတ်လ ၃ ရက်တွင် MNDAA က သိမ်းပိုက်ထားသည့် ရမခ (လားရှိုး) နှင့် လတ်တလောတွင် အာရက္ခတပ်တော် (AA) က အပြီးသတ် သိမ်းဖို့ပြင်နေသည့် နပခ (အမ်း) တို့ ဖြစ်သည်။ နပခသည် မင်းအောင်လှိုင် တိုင်းမှူးအဖြစ် ပထမဆုံး တာဝန်ယူဖူးသည့် စစ်တိုင်းလည်းဖြစ်သည်။
စစ်ခေါင်းဆောင်နည်းတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သင်တန်းဆင်းသည့် အမှတ်စဉ် ၆၆ ဗိုလ်လောင်းသင်တန်းဆင်း အရာရှိငယ် အချို့မှာလည်း တိုင်းအဆင့်ကွပ်ကဲမှုဌာနချုပ် ပျောက်ကြဖွယ်ရှိသည်။
ကျောင်းဆင်းအရာရှိ ဒုဗိုလ်များသည် ခြေလျင် ခြေမြန်တပ်များသို့ ရောက်ရှိ သတင်းမပို့မီ သက်ဆိုင်ရာ ကွပ်ကဲမှု တိုင်းစစ်ဌာနချုပ်များကို သတင်းပို့ကြရသည်။ သက်ဆိုင်ရာ တိုင်းမှူး၏ ညွှန်ကြားချက် နာခံပြီးမှသာ ရှောင်တခင်ခွင့် ၁၀ ရက်ခန့် ခံစားကြရန် မိဘအိမ် ပြန်ကြရသည်။ ပြန်ရောက်ပြီးနောက် သက်ဆိုင်ရာတပ်များကို သတင်းပို့ရသည်။
ယခု အခြေအနေအရ ရမခနှင့် နပခ နယ်မြေများအတွင်းရှိ တပ်များတွင် တာဝန်ကျပါက အရာရှိငယ်များအနေဖြင့် သတင်းပို့စရာ တိုင်းစစ်ဌာနချုပ် မရှိတော့ပေ။ ရမခသည် တိုင်းစစ်ဌာနချုပ်နေရာ အသိမ်းပိုက်ခံထားရပြီး နပခသည် နေ့လားညလား မသိoသည့် အခြေအနေတွင် ရှိနေသည်။ ရမခ တိုင်းမှူးသစ်မှာ တန့်ယန်းတွင် ကပ်၍ နေထိုင်ကာ စုဖွဲ့နေရပြီး နပခ တိုင်းမှူးသည်လည်း အမ်းရှိ တိုင်းစစ်ဌာနချုပ်တွင် မနေရဲသဖြင့် စစ်တွေတွင် စစ်ဘေးရှောင်နေရသည်။
စစ်တက္ကသိုလ်ကျောင်းဆင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်လက်ထက်တွင် စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိငယ်များ မိမိတာဝန်ကျရာတပ်၏ ကွပ်ကဲမှု တိုင်းစစ်ဌာနချုပ်များကို သွားခွင့်မရသလို တိုင်းမှူးဩဝါဒပင် နာခံရန် မဖြစ်နိုင်တော့ပေ။
စစ်တက္ကသိုလ်၏ ဆောင်ပုဒ်များအနက် “နောင်တခေတ်၏အောင်စစ်သည်” ဆောင်ပုဒ်အရ သင်တန်းဆင်း အရာရှိများသည် ကျန်ခဲ့သည့် ဂျူနီယာ ဗိုလ်လောင်းများအတွက် စံပြသဖွယ် ဖြစ်သည်။ “နောင်တော် စစ်သည်များသို့” ဆိုသည့် စစ်သီချင်းဖြင့် အရာရှိဖြစ်တော့မည့် သင်တန်းဆင်း စီနီယာ ဗိုလ်လောင်းများကို ကျန်ခဲ့သည့် ဂျူနီယာ ဗိုလ်လောင်းများက နှုတ်ဆက်ရသည်။
ကျန်ခဲ့သည့် ဂျုနီယာ ဗိုလ်လောင်းများက ထိုသီချင်းဖြင့် စစ်ရေးပြကွင်းအတွင်းက ပြန်လည် ထွက်ခွာကြရသည်။ မိမိ စီနီယာများ မည့်သည့်တပ်တွင် တာဝန်ကျသည်၊ မည်သို့ ဖြတ်သန်းသည်ကို အတုယူစရာအဖြစ် ကျန်ရစ်သည့် ဂျူနီယာများက အများအားဖြင့် လေ့လာမှတ်သားလေ့ ရှိကြသည်။
ယခု ၂၀၂၄ ခုနှစ် ကာလအတွင်း စစ်တက္ကသိုလ်အတွင်း ကျည်ကျခဲ့သလို တိုင်းစစ်ဌာနချုပ်တခု လက်လွှတ်ခဲ့ရပြီး နောက်တခု ထပ်မံ လက်လွှတ်ရမည့်အချိန်တွင်း သင်တန်းဆင်းခဲ့ရသည့် ဗိုလ်လောင်းများသည် အရာရှိဘဝအစ အတွေ့အကြုံကို ဂျူနီယာများအား မည်သို့ ပြန်လည် ဝေမျှမည်တော့ မသိပေ။
“ကိုယ်တို့ သတင်းပို့ရမယ့် တိုင်းမှူးကြီးကတော့ ပုန်းနေလို့ မတွေ့ရသေးဘူး” ဟု ဝေမျှမည်လား၊ “ကိုယ်တာဝန်ကျတဲ့ တိုင်းကတော့ မရှိတော့ဘူး” ဟု ဝေမျှကြလေမည်လား စဉ်းစားကြည့်မိပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ လုံခြုံရေး ကစထမှူးကိုယ်တိုင် တာဝန်ယူ
ပြင်ဦးလွင်စစ်တက္ကသိုလ် တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရ (ရုပ်/သံ)
ပြင်ဦးလွင်ကို လုံခြုံရေး အထူးတင်းကျပ်ထား (ရုပ်/သံ)
ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား
တပ်မိသားစုတွေ ပြင်ဦးလွင်ကို စွန့်ခွာ (ရုပ်/သံ)














