တရုတ်ရဲ့ ဖိအားပေးမှုကြောင့် စစ်တပ် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA ) တို့အကြားက ဆွေးနွေးပွဲဟာ ကနဦးမှာ အပစ်ရပ်ဖို့ သဘောတူခဲ့ကြပေမယ့် အဓိက တောင်းဆိုချက်ဖြစ်တဲ့ လားရှိုးမြို့ပြန်ပေးဖို့ကိုတော့ လိုက်လျောမှာ မဟုတ်ဘူးလို့ တရုတ်- မြန်မာအရေး ကျွမ်းကျင်သူတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဇန်နဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့ ၂ ရက်တာ ဆွေးနွေးပွဲမှာ MNDAA တပ်တွေ လားရှိုးကနေ ဖယ်ပေးဖို့ဆိုတဲ့ အချက်တွေ အပါအဝင် နယ်စပ် ကုန်သွယ်ရေးနဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးရေးတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အပစ်ရပ်ဖို့နဲ့ စစ်သုံပန်းတွေအရေး သဘောညီချက် ရခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က ဇန်နဝါရီ ၂၀ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ အပစ်ရပ်သဘောတူညီခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီရော MNDAA နှစ်ဖက်စလုံးက ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ဒီဆွေးနွေးပွဲအပြီး နောက်ရက်မှာပဲ တရုတ် – မြန်မာနယ်စပ် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက ချင်းရွှေဟော်နဲ့ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ် နဲ့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ နမ့်တစ်တံတားဂိတ်ကို ဖွင့်ပေးခဲ့တာလို့လည်း သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy