ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂနေရာ ဆက်လက်တည်မြဲရေးဟာ သံတမန်ရေးတိုက်ပွဲသဏ္ဍာန် ဖြစ်လာတာကြောင့် နေရာဆက်လက် တည်မြဲဖို့ အရင်နှစ်တွေကထက် ထောက်ခံမှုပြသဖို့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။
စစ်အာဏာရှင်ရဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာသိအောင် ကုလသမဂ္ဂ စင်မြင့်ကတဆင့် ပြောပေးနေတဲ့ ဦးကျော်မိုးထွန်းရဲ့ နေရာကို ဆုံးရှုံးသွားခဲ့ရင် စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကိုပါ ကမ္ဘာက အသိအမှတ်ပြုသွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။
တဘက်မှာလည်း စစ်အာဏာရှင်တွေဟာ တရုတ်ရဲ့ အကာအကွယ်ကိုအခွင့်ကောင်းယူပြီး ပြည်တွင်း၊ ပြည်ပမှာ အသိအမှတ် ပြုခံရအောင် ကြိုးပမ်းနေတာကြောင့် ဦးကျော်မိုးထွန်းရဲ့ အခန်းကဏ္ဍဟာ ပိုပြီး အရေးကြီးလာတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြပါတယ်။
ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းနေရာ ဆက်လက်တည်မြဲရေးနဲ့ ပတ်သက်ပြီး ဩဂုတ် ၁၆ ရက်နေ့က အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တဲ့ Global Meeting မှာ အမေရိကန်၊ ဥရောပ၊ အာရှနိုင်ငံတွေက တက်ကြွလှုပ်ရှားသူတွေနဲ့ မြေပြင်တော်လှန်ရေး အင်အားစုတွေက ကမ်ပိန်းလှုပ်ရှားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီနှစ် စက်တင်ဘာလ အတွင်းမှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို ပစ်မှတ်ထားပြီး “Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြုလုပ်သွားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးမယ့် စက်တင်ဘာ ၂၀ ရက်ကို Global Action Day အဖြစ် သတ်မှတ်ပြီး ပြည်သူတွေရဲ့ အသံကို ထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













