ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကို ပထမအဆင့်အနေနဲ့ စတင်လိုက်ပါပြီ။ ဒီရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ဘယ်သူကမှ မယူဆကြပါဘူး။
ရလဒ်ကတော့ ရှင်းနေပါတယ်။ စစ်တပ်က မွေးထုတ်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လို့ခေါ် တဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ အစကတည်းက ဇာတ်ညွှန်းရေးထားပြီးသား ဖြစ်ပါတယ်။ လေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး အကျည်းတန်တဲ့ မှတ်တိုင်တခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။
လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ၄ ကြိမ် ရှိခဲ့ပါတယ်။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နဲ့ နောက်ဆုံး ၂၀၂၀ ပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တကမ္ဘာလုံး ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရပေမယ့် ပြည်သူတွေဟာ ဒီမိုကရေစီ အတွက် အသက်နဲ့ရင်းပြီး မဲပေးခဲ့ကြပါတယ်။
အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ၈၃ ရာခိုင်နှုန်းနဲ့ တောင်ပြိုကမ်းပြို နိုင်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ၇ ရာခိုင်နှုန်းနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာပါ။
ဒါကို မကျေနပ်တဲ့ စစ်ဗိုလ်ချုပ်တွေက မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ပြီး နိုင်ငံတော် ခေါင်းဆောင်တွေကို မတရား ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။ အခု ၂၀၂၅ ရွေးကောက်ပွဲဟာ အဲ့ဒီလို ရှုံးနိမ့်ခဲ့တဲ့ အရှက်ကို ဖုံးဖို့နဲ့ အာဏာကို အတင်းအဓမ္မ ရယူဖို့ ဖန်တီးထားတဲ့ ပွဲတခုသာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













