Women & Gender

မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ

Want create site? Find Free WordPress Themes and plugins.

ကဗျာဆရာမ မြတ်ကို ၁၉၇၀ ခုနှစ်မှာ မွေးဖွားပြီး သတင်းသမား တစ်ယောက်လည်း ဖြစ်ကာ မြန်မာပြည်မှာ ပထမဦးဆုံးသော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ပူးတွဲ စီစဉ် ကျင်းပသူတဦးဖြစ်၏။

မေး။ ။ ဘယ်တုန်းက ကဗျာစရေးခဲ့တာလဲ

ဖြေ။ ။ မိဘတွေက အားပေးလို့ ဆယ်နှစ်သမီး လောက်ကတည်းက စရေးဖြစ်ပါတယ်။ သူတို့က လေးလုံးစပ် ကဗျာရေးနည်း သင်ပေးတယ်။ မှတ်မိနေသေးတာ တခုက ကျမတို့မြို့က စာဆိုတော် နေ့ ကဗျာပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ ကဗျာရေးသူတွေထဲမှာ ကျမအငယ်ဆုံးဆိုတာကို။ ၁၉၈၀ မတိုင်မီ လောက်ကပေါ့ (လေးတန်းလောက်ပဲရှိအုန်းမယ်)။ ကျမရဲ့ ပထမဆုံး ပုံနှိပ်ဖေါ်ပြခံခဲ့ရတဲ့ ကဗျာက ဟန်သစ်မဂ္ဂဇင်းမှာ၊ ၁၉၈၉ခုနှစ်ကပေါ့။

မေး။ ။ စာရေးတာနဲ့ပတ်သက်ပြီးပြောပါဦး

ဖြေ။ ။ “ကဗျာဆိုတာ ကဝိတို့ရဲ့ ပစ္စည်း”ဆိုတဲ့ ဆိုရိုးစကားတခုရှိတယ်။ စကားလုံးတွေဟာ ကဗျာမှာ အားအကောင်းဆုံး ကြိယာတွေပဲ။ (ခေတ်ပေါ်ကဗျာမှာ) စကားလုံး ရွေးချယ်မှုက ကာရန် နောက်လိုက် ရေးရတဲ့ ရိုးရာကဗျာတွေထက် ပိုအရေးပါတယ်။ ကဗျာထဲမှာပါတဲ့ စကားလုံးတွေက တဆင့် ကဗျာ ရေးသူရဲ့ ဖန်တီးမှုအားကို တွေ့နိုင်တယ်။ ကဗျာတပုဒ်ရဲ့ အရသာကို ကဗျာထဲမှာ ထည့်သုံးထားတဲ့ စကားလုံး တလုံးခြင်းက တဆင့် ခံစားလို့ရတယ်။ အဲဒီစကားလုံးတွေက အင်မတန်မှ ကဗျာဆန်တဲ့ စာသားတွေဖြစ်နိုင်သလို နေ့စဉ်သုံး လူထုဘာသာ စကားလည်း ဖြစ်နိုင်တယ်။

ဖန်တီးမှုကလည်း ကဗျာတပုဒ်ရဲ့ တည်ဆောက်မှုထဲမှာ ပါတယ်။ ကျမတို့ခေတ်မှာ ကာရန်နောက် သိပ်မလိုက်ကြတော့ဘူး။ ရိုးရာကဗျာရေးနည်းတွေကို ချိုးဖျက်တယ်။ အဲဒီအစား စကားလုံးတွေကို ကစားပြီး ရေးလာကြတယ်။ နမိတ်ပုံတွေသုံးကြတယ်။  လူထုဘာသာစကားတွေ ခေတ်ပေါ် ဗန်း စကားတွေ သုံးလာတယ်။ ကဗျာတွေကို စကားလုံးတွေ နိမိတ်ပုံတွေနဲ့ တည်ဆောက်လာကြတယ်။ ကဗျာတပုဒ်ခြင်းဟာ သူ့ဖွဲ့စည်းပုံနဲ့သူ သီးခြားဖြစ်လာတယ်။ ကဗျာဆရာရဲ့ ကိုယ်ပိုင် ဟန်တချို့ရှိ လာတယ်။ ဒါပေမယ့် ဘယ်ပုံစံခွက်တခုခု ဘယ်ရေးဖွဲ့ဟန် တခုခုထဲမှာမှ ပုံသေမနေကြဘူး။

ကျမ ကဗျာရေးတဲ့အခါ ကျမ နှလုံးသားနောက်ကိုပဲ ကျမလိုက်တယ်။ ဘယ်ကဗျာတပုဒ်ကိုမှ ခံစား သက်ဝင်မှု တခုခုမရှိပဲနဲ့ ရေးထားတာမရှိဘူး။ ကျမအတွက်တော့ ဖန်တီးမှုဆိုတာ တခုတည်း သီး သန့်မလာဘူး။ ခံစားမှုနဲ့ပဲ တွဲလာတယ်။ တခါတလေ တခုခုလုပ်နေရင်းမှာပဲ အဲဒီခံစားမှုက ပေါ်လာ တတ်တယ်။ ဥပမာ ခရီးသွားနေရင်း ကားတစင်းပေါ်မှာ၊ စာအုပ်တအုပ် ဖတ်နေတုန်းမှာ၊ ရှုခင်း တခုခု ကို ငေးနေမိတုန်းမှာ၊ ကျမစိတ်ထဲ စာသားတခုခု ပေါ်လာလိုက်တာနဲ့ စာရွက်တရွက် ထဲမှာဖြစ်ဖြစ် ဖုန်းထဲက Notepad ထဲမှာဖြစ်ဖြစ် စာသားတွေပျောက်မသွားခင် ချရေးထားလိုက် ရတယ်။

“ကဗျာ”ဆိုတာသာ မရှိခဲ့ရင် ကျမဘဝက ဆားမပါတဲ့ဟင်းလို ပေါ့ပျက်ပျက်ဖြစ်နေမှာပဲ။

မေး။ ။ စာရေးတဲ့အလုပ်ကလွယ်သလား။

ဖြေ။ ။ ကဗျာဆိုတာကတော့ မြန်မြန်ဆန်ဆန်ရလေ့ရှိတဲ့အရာ မဟုတ်ပါဘူး။ ကဗျာရေးသူ တယောက်ရဲ့ နှလုံးသားထဲမှာ ကာလတစ်ခုလောက် အောင်းနေတတ်တယ်။ တခါတုန်းက လပြည့် ညတညမှာ အင်မတန်လှတဲ့ စမ်းချောင်းကလေးတစ်ခုနားမှာ ရောက်နေခဲ့ဖူးတယ်။ အဲဒီညရဲ့ လှပမှု က ကျမစိတ်ထဲ အချိန်တော်တော်ကြာအောင် ခိုအောင်းနေခဲ့ပြီး အဲဒီသဘာ၀ အလှနဲ့ အေးချမ်းတဲ့ အရသာ ကို ကဗျာရေးဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် တခါမှမအောင်မြင်ခဲ့ဘူး။ တနှစ်လောက် ကြာကာမှ အင်မတန်ပူတဲ့ အညာနွေနေ့လည်ခင်းတစ်ခုကို အန်တုရင်း အဲဒီ လပြည့် ညရဲ့ အေးချမ်းမှုအကြောင်း ပြန်ခံစားမိပြီး ကဗျာတပုဒ်ချရေးဖြစ်တယ်။ ချွေးတပြိုက်ပြိုက်ကြားမှာ ကဗျာထိုင်ရေးနေရင်းက အဲဒီလပြည့်ညတုန်းက တိုက်ခတ်ခဲ့တဲ့လေပြေအေးရဲ့အရသာကို ခံစားလို့ ရနေခဲ့သေးတယ်။

မေး။ ။ ဖန်တီးထုဆစ်မှုတို့ ရေးနည်းရေးထုံး စည်းကမ်းတွေ အကြောင်းပြောပါဦး

“စည်းကမ်း”ဆိုတဲ့စကားလုံးကို ကျမမုန်းတယ်။ အဲဒီအစား “ကျင့်ဝတ်”ဆိုတဲ့စကားကို သုံးချင်တယ်။ ကျမ သတင်းသမား စလုပ်တဲ့အချိန်ကတည်းက “ကျင့်ဝတ်”ဆိုတဲ့စကားလုံးနဲ့ အမြဲရင်းနှီးခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ကျမ အမှန်တရားဆိုတာ ၂ခုရှိတယ်လို့ သိလာတယ်။

မြင်ရတဲ့အမှန်တရားနဲ့ မမြင်ရတဲ့အမှန်တရား။ သတင်းသမားတစ်ယောက်အနေနဲ့ မျက်မြင် သက်သေပြနိုင်တဲ့ အမှန်တရားကိုရှာရတယ်။ ဒါပေမယ့် လူတွေရဲ့စိတ်ထဲမှာ ပုန်းအောင်းနေတဲ့ မမြင်ရတဲ့ အမှန်တရားကို ကျမသွားသွားတွေ့တယ်။ တခါတလေမှာ အဲဒီပုန်းနေတဲ့အမှန်တရားက မြင်ရတဲ့ အမှန်တရားထက် ပိုနာကျင်စေတယ်။

သတင်းသမားတယောက်ရဲ့ ကျင့်ဝတ်အရ ကျမခံစားရတာတွေကို ကျမရေးတဲ့ထဲမှာ ထည့်ရေး လို့မရ ဘူးလေ။ သတင်းသမားဖြစ်လာကတည်းက ကိုယ့်ခံစားမှုကိုယ် စပြီး စိစစ် တည်းဖြတ်လာ ရပြီ။ အဲဒီကစပြီး ကဗျာရေးသူတစ်ယောက်အနေနဲ့ ဖန်တီးနိုင်စွမ်းအား ကျလာတော့တာပဲ။

ဒါကြောင့်လည်း ၂၀၀၄ခုနှစ်လောက်မှာ သတင်းသမားစဖြစ်လာကတည်းက ကဗျာအရေးကျဲ သွား တော့တာ။ နောက်ပိုင်းမှာ သတင်းသမားအလုပ်တွေရပ်ပြီး လွတ်လပ်တဲ့ စာရေးသူတယောက် အနေနဲ့ ရပ်တည်လာခဲ့တာဆိုတော့ ကျမ ကဗျာတွေ ပိုရေးဖြစ်တော့မှာပါ။

မေး။ ။ လွတ်လပ်မှုမရှိတဲ့ လူ့အဖွဲ့အစည်း တခုထဲမှာ နေခဲ့တုန်းက ခင်ဗျားရဲ့ အရေးအသားတွေ အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိခဲ့လဲ။

ဖြေ။ ။ လွတ်လပ်မှုမရှိတဲ့ အဖွဲ့အစည်းကြောင့် ကျမတို့ ကဗျာတွေကို နိမိတ်ပုံတွေ သုံးပြီး ရေးခဲ့ရ တယ်။ စာပေစိစစ်ရေးကို ကျော်ဖြတ်ဖို့ပေါ့။ ကျမတို့ပြောချင်တာတွေကို နိမိတ်ပုံတွေသုံးပြီး ပို ဖုံးကွယ်လေ ကဗျာဖတ်တဲ့သူ နည်းလာလေပဲပေါ့။ ကဗျာနဲ့ ရသစာပေရဲ့နယ်နိမိတ်က ကျုံ့ကျုံ့ လာပြီး လူနည်းစုအတွက်ပဲဖြစ်လာတယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ ရသစာပေ တဖြည်းဖြည်း နဲ့ ကျဆုံးလာတယ်လို့ပြောရမှာပဲ။

အခုတော့ ကျမတို့ လွတ်လပ်စွာပြောရေးဆိုခွင့်အတွက် ကန့်သတ်မှုတွေနည်းလာပါပြီ။ ကဗျာဆရာ အတော်များများက ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ပိုင်စာမျက်နှာတွေဖွင့်ပြီး လွတ်လွတ်လပ်လပ် ရေးလာကြပြီ။ ကျမတို့ရေးချင်တဲ့စကားလုံးတွေကို ရှုပ်ထွေးနက်နဲတဲ့ နိမိတ်ပုံတွေအောက်မှာ ဖွက်ထားစရာမလိုတော့ဘူး။ အရင်တုန်းကထက်စာရင် ပိုလွတ်လပ်လာပါပြီ။

မေး။ ။ ခင်ဗျားအမျိုးသမီးတစ်ယောက် ကဗျာဆရာမတယောက်အနေနဲ့ ဘာပြောစရာရှိလဲ

ဖြေ။ ။ ကျမကတော့ အယူဝါဒ တခုခုပေါ် အခြေခံတဲ့ကဗျာတွေမရေးချင်ဘူး။ အမျိုးသမီးနဲ့ ကဗျာဆိုတာ မတူညီတဲ့အကြောင်းအရာ၂ခုပါပဲ။ ကဗျာပဲရေးရေး ဝတ္တုတိုပဲရေးရေး လုံးခြင်းဝတ္တု တပုဒ်ပဲ ရေးရေး ကျမကတော့ ဘယ်အယူဝါဒအပေါ်မှာမှ အခြေခံ တွေးခေါ်ပြီးမရေးချင်ဘူး။ ကျမ ကလောင်ရဲ့ ဦးတည်ရာနောက်ကိုပဲ လိုက်ချင်တယ်။ ကျမ အတွေးအခေါ်ကို ဘောင်ခတ်ထား တဲ့ အကန့်အသတ် အရံအတား မှန်သမျှက ဖေါက်ထွက်ချင်တယ်။

ခဏခဏကြုံဖူးတယ်။ အထူးသဖြင့် ကဗျာရေးတဲ့အချိန်မှာပေါ့။ ကျမကလောင်က ဒါမှမဟုတ် ကျမလက်က ခရီးတစ်ခုကို ဆွဲခေါ်သွားသလိုပဲ။ ကျမထင်တာကတော့ အဲဒါက အနုပညာမှော် လို့ပဲထင်တယ်။ ကျမလည်းမဟုတ်ဘူး၊ ကျမကလောင် သို့မဟုတ် စာရေးတဲ့လက်ကြောင့်လည်း မဟုတ်ဘူး။

သေချာတာကတော့ အမျိုးသမီးတွေအပေါ်ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကိုမှ ကျမ မကြိုက်ပါဘူး။ အဲဒီလိုပဲ အမျိုးသမီးဖြစ်လို့ဆိုပြီး ဦးစားပေး ဆက်ဆံခံရတာကိုလည်း ကျမမကြိုက်ဘူး။

အခြေခံဥပဒေထဲမှာ (ရွေးကောက်ခံမဟုတ်တဲ့) တပ်မတော်သား ၂၅ရာခိုင်နှုန်းကို အချိုးကျ ထည့်သွင်း ထားသလိုမျိုး၊ အမျိုးသမီးတွေအတွက် ရာခိုင်နှုန်းတခုခု အချိုးကျထည့်သွင်းပေး ရမယ်ဆိုတဲ့ အယူအဆ ကိုလည်း သဘောမတူပါဘူး။ ကျမတို့နိုင်ငံကိုခေါင်းဆောင်နိုင်မယ့် မည်သည့် လူမျိုးကိုမဆို ကျားမ အခြေခံဝါဒ စွက်ဖက်မှုမပါပဲနဲ့ လွတ်လွတ် လပ်လပ်ရွေးချယ်ခွင့်ပဲရချင်တယ်။

Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။

ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်”

အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ

သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ

ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ 

ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ

မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ

ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀”

မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ

မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ

Did you find apk for android? You can find new Free Android Games and apps.
Loading