Women & Gender

အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာသတဲ့လား

Want create site? Find Free WordPress Themes and plugins.

မင်္ဂလာနံနက်ခင်းပါလို့ မခံစားရလေအောင် အိပ်ရာက နိုးတာနဲ့ ပထမဆုံး ကြားသိရတဲ့ သတင်းတွေထဲမှာ “မုဒိမ်းမှု” ဆိုတာ မပါတဲ့ မနက်ခင်း မရှိသလောက် ဖြစ်နေတဲ့ မြန်မာ့လူ့အသိုင်းအဝိုင်းဟာ မုဒိမ်းမှုကို ယဉ်ပါးလာပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံ၊ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ပြစ်မှုဆိုင်ရာ ကိန်းဂဏန်းကိုကြည့်ရင် ၂၀၁၇ ခုနှစ်မှာ မုဒိမ်းမှုပေါင်း ၁၄၀၅ မှု ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ၁၅၈၃ မှုအထိ တိုးမြင့်လာခဲ့ပါတယ်။ ဒါဟာ ရဲစခန်းအထိ မရောက်ရှိခဲ့တဲ့ အဖြစ်အပျက်တွေ မပါဝင် သေးဘူးလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ မေလလယ်မှာ နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၃ နှစ် မပြည့်သေးတဲ့ သမီး ငယ် ဗစ်တိုးရီယား မုဒိမ်းမှု ကျူးလွန်ခံရမှု အပြီး ဇွန်လလယ်လောက်မှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေ ပေါက်ကံ က အသက် ၁ နှစ် ၈ လအရွယ် သမီးငယ် Grace ရဲ့ အမှု ထပ်ဖြစ်ခဲ့ပါတယ်။ အခု ဇူလိုင်လ ပထမပတ်မှာပဲ ဧရာဝတီတိုင်းမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ပထွေးနဲ့ ခဲအိုက ကျူးလွန်တဲ့မုဒိမ်းမှုနဲ့ မအူပင်မြို့က အသက် ၅ နှစ်အရွယ် KG ကျောင်းသူ သမီးငယ်လေးကို ကျူးလွန်တဲ့ မုဒိမ်းမှုတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလို သက်ငယ်မုဒိမ်းမှုတွေ ခပ်စိပ်စိပ် တိုးပွားဖြစ်ပေါ်လာချိန်မှာ လျော့ရဲနေတဲ့ မြန်မာနိုင်ငံရဲ့ တရားရေး စနစ်ကို မေးခွန်း ထုတ်မှုတွေ ပိုမိုမြင့်မားလာတာနဲ့အတူ ထပ်ကြပ်မကွာလိုက်လာတဲ့ မရိုးနိုင်တဲ့ ကောက်ချက်ဟောင်းကြီးကတော့ မုဒိမ်းမှုဆိုတာ “အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှု” ကြောင့်ဖြစ်ရတယ် ဆိုတဲ့ ကောက်ချက်ပါပဲ။

ဒီကောက်ချက်ဟာ လူတန်းစားအလွှာ အသီးသီးမှာရှိတဲ့ အမျိုးသား အများစုဆီက မုဒိမ်းမှု တခု ဖြစ်ပေါ်လာတိုင်း မရိုးနိုင်အောင် အဖန်တလဲလဲ ထွက်ပေါ်လာတဲ့ လွဲမှားတဲ့ ကောက်ချက်ဟောင်းကြီး ဖြစ်ပါတယ်။

“အဖော်အချွတ်မယ်တွေကြောင့်ပေါ့။ တော်တော်များများ အဖော်အချွတ်တွေပြကြတော့ ယောက်ျားလေးတွေ က စိတ်တွေ ထ,လာကြတာပေါ့လေ။ ကျနော်ကတော့ မကျွေးဘဲနဲ့ မပြပါနဲ့လို့ ပြောချင်ပါတယ်။ တခြား ပြဿနာတွေ ဖြစ်ကုန်မယ်” လို့ သရုပ်ဆောင် အမျိုးသားတဦးက ပြောခဲ့တာပါ။

ဒါကတော့ ဇူလိုင်လ ၉ ရက်နေ့က Myanmar Celebrity TV ရဲ့ အင်တာဗျူးတခုမှာ သရုပ်ဆောင် အမျိုးသားတဦးက မုဒိမ်းမှုဖြစ်ရတာနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ သူ့ဘေးနားမှာ ရပ်နေတဲ့ အခြားအမျိုးသားနှစ်ဦးကလည်း ဒီအဖြေအပေါ် တော်တော်လေး သဘောကျဟန်နဲ့ ရယ်နေခဲ့ကြပါတယ်။

“အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကြောင့် မုဒိမ်းမှု ပိုများလာတာ” ဆိုတဲ့ ကောက်ချက်ဆွဲမှုကို ဒီ သရုပ်ဆောင် တဦးတည်းကသာ ယုံကြည်နေတာတော့ မဟုတ်ပါဘူး။ မြန်မာ့လူ့အသိုင်းအဝိုင်းရဲ့ လူတန်းစားအလွှာ အသီးသီးမှာ ဒီယုံကြည်မှုတွေ စိမ့်ဝင် အမြစ်တွယ်နေတယ်လို့ပြောရမှာပါ။

ဒီကောက်ချက်ဆွဲမှုကို လူ့ကျင့်ဝတ် စည်းမျဉ်းအရ အထပ်ထပ် အခါခါ ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး ဒီကောက်ချက်ဟာ တဖက်မှာ မုဒိမ်းမှုတွေ ဖြစ်ပေါ်လာအောင် အားပေးနေတဲ့ အန္တရာယ်အကြီးဆုံးနဲ့ သက်ရောက်မှုအကြီးဆုံးသော အဓိက အထောက်အကူဖြစ်နေတယ်ဆိုတာ သတိပြုဖို့ လိုအပ်လာပါတယ်။

ဒီကောက်ချက်ဟာ ယောက်ျားတယောက် စိတ်ထ,လာတဲ့အခါ ဘာကြောင့်ပဲ စိတ်ထ,ထ၊ ဘယ်အချိန်ပဲ စိတ်ထ,ထ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်ကိုမဆို အသိတရားမဲ့ ကျူးလွန်ခွင့်ရှိတယ်၊ ဒါမှမဟုတ် ဒီလို ကျူးလွန်တာဟာ “သူတို့အမှား မဟုတ်ဘူး”လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပါ။

ဒီသဘောတရားက မုဒိမ်းတရားခံဟာ ကျူးလွန်သူမဟုတ်ဘဲ လျှပ်ပေါ်လော်လီဝတ်စားတဲ့ အမျိုးသမီးတွေသာ တရားခံ ဖြစ်တယ်လို့ ဆိုလိုတာပါ။ တနည်းအားဖြင့် မုဒိမ်းသမားတွေဘက်ကနေ အကာအကွယ် ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအတွေးအမြင်ဟာ မုဒိမ်းသမားတွေကို ရွံ့မုန်းစရာ တရားခံဘဝကနေ ဒီလိုကျူးလွန်မိအောင် တွန်းပို့ခံလိုက်ရတဲ့ သနား စရာ သားကောင်တွေအဖြစ် အသွင်ပြောင်းပေးတဲ့ အတွေးအမြင်သာ ဖြစ်ပါတယ်။ သားယောက်ျားလေး မွေးဖွားစဉ် ကတည်းက “ယောက်ျားပဲ ဒီလောက်တော့ရှိမှာပေါ့”၊ “ယောက်ျား ကတော့ စားမှာပေါ့” ဆိုတဲ့ စကားလုံးတွေ၊ “ဂန်ဒူးတော့ မဖြစ်စေရဘူး၊ နှာဘူးပဲ အဖြစ်ခံလိုက်မယ်” ဆိုပြီး ပြောနေကြတဲ့ အရပ်သုံးစကားလုံးတွေဟာ လိင်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ ပတ်သက်ပြီး ယောကျ်ားတွေကို အတားအဆီးမဲ့၊ တာဝန်မဲ့၊ လွတ်လပ်ခွင့် ပေးထားတဲ့ လူမှုအသိုင်းအဝိုင်းကြောင့်လို့ ခေါင်းစဉ်တပ် လက်ညှိုးထိုးရပါတော့မယ်။

အရွယ်ရောက်လာတာနဲ့အမျှ လိင်ကိစ္စနဲ့ပတ်သက်ရင် သူတို့တာဝန် သူတို့ယူတတ်ဖို့ နားလည်အောင် လုပ်ရမယ့်အစား “ယောက်ျားလေးပဲ ဒီလောက်တော့ ရှိမှာပေါ့” ဆိုတဲ့ ကင်းလွတ်ခွင့်တွေကလည်း အငြင်းပွားစရာပဲ။

အမျိုးသားတယောက်ဟာ ဘယ်အရာကိုပဲမြင်မြင်၊ ဘာကြောင့်ပဲ လိင်စိတ်ထကြွပါစေ၊ ဘယ်သူ့ကိုမှ ကိုယ်ထိ လက်ရောက် ကျူးလွန်ဖို့၊ မုဒိမ်းကျင့်ပြီး အာသာဖြေဖို့ အခွင့်မရှိပါဘူး။ ဒါဟာ စံချိန်စံညွှန်းပြည့်လူ့ကျင့်ဝတ်ဖြစ်ပါတယ်။ သူ့ရဲ့လိင်ကိစ္စဟာ သူ့တာဝန်သာဖြစ်ပါတယ်။ သူ့ကျူးလွန်မှုတွေအတွက် သူတာဝန်ခံရပါမယ်။ ဒီအချက်ကိုလည်း လူ့ကျင့်ဝတ်ကို စောင့်ထိန်း တဲ့ လူမှုအသိုင်းအဝိုင်းက လက်ခံရပါမယ်။

“မကျွေးရင် မပြပါနဲ့” ဆိုတဲ့ စကားအပေါ် ထောက်ပြရမယ်ဆိုရင် အနည်းဆုံးတော့ “ပြတယ်ဆိုတာ ကြည့်ဖို့” ပါပဲ။ ပြတာ ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခွင့်ပေးတယ်လို့ တွေးထင်ရင် ဒါဟာ ကိုယ်လိုရာဆွဲတွေးတဲ့ မုဒိမ်းမှုဆန်သော အတွေး အခေါ်လို့ ပြောရမှာပါ။ ဖော်ချွတ်ပြလိုက်တာနဲ့ စားလို့ရမယ် (သို့မဟုတ်) ကျူးလွန်မယ်၊ ဒါဟာ ပြစ်ဒဏ်က ကင်း လွတ်ခွင့်ရှိတယ်ဆိုတဲ့ မုဒိမ်းကျင့်ခွင့် လိုင်စင်ရတာ မဟုတ်ပါဘူး။

တကယ်တော့ အချို့သော အမျိုးသားတွေအတွက် လိင်စိတ်ထကြွရတဲ့အကြောင်းက အဖော်အချွတ်၊ မလုံ့တလုံ တွေက အဓိက ကျသလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဘယ်လိုပင် အကြောင်းအရာမျိုးစုံရှိပါစေ၊ လုံခြုံအောင် ထားပါသော်ငြား မြင်အောင်ကြည့်ပြီး လိင်ပိုင်းဆိုင်ရာ နှုတ်အာသာ ဖြေစရာ၊ မျက်စိအာသာဖြေစရာ၊ စိတ်အာသာဖြေစရာ ဖြစ်နေရတာပါ။

ဒီနေရာမှာ ယောကျ်ားအချင်းချင်း မုဒိမ်းကျင့်တဲ့အမှုတွေ၊ လူမမယ်၊ လူငယ် ယောင်္ကျားကလေးငယ်တွေကို မုဒိမ်းကျင့်တဲ့ ဖြစ်ရပ်တွေ ထည့်မပြောသေးပါဘူး။

ဒါကြောင့် မုဒိမ်းမှုဖြစ်ခြင်းမှာ သူတပါးရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆွဲဆောင်မှုထက် ကျူးလွန်သူရဲ့ အကျင့်၊ စာရိတ္တ၊ ကျူးလွန် သူရဲ့ စောင့်စည်းမှု၊ ကျူးလွန်သူရဲ့ သူ့ကိုယ်သူ တာဝန်ယူမှုမရှိဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးရွားစွာ ပျက်ယွင်းခြင်းကသာ အဓိက အချက်ဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာက မုဒိမ်းမှုဖြစ်တာဟာ “ဝတ်စားဆင်ယင်မှု” ကြောင့်ပါလို့ မုဒိမ်းသမားတွေကို အကာ အကွယ်ပေးတဲ့ အတွေးအမြင်မျိုး ရှိနေသရွေ့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ မိသားစုတွေအတွက် လုံခြုံတဲ့ လူမှုအသိုင်းအဝိုင်းကို မဖန်တီးနိုင်ပါဘူး။

ဒီအတွေးအခေါ်ဆိုးကြီး ရှိနေသရွေ့ ဗစ်တိုးရီးယားမဟုတ်တဲ့ နောက်ထပ်ကလေးငယ်လေးတွေလည်း အမည်ဝှက် အမျိုးမျိုးနဲ့ မုဒိမ်းသမားတွေရဲ့ သားကောင်တွေအဖြစ် ထပ်ပြီး ပေါ်လာဦးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ သက်ငယ်မုဒိမ်းအတွက် တရားမျှတမှုရရှိဖို့ တရားဥပဒေမှာ တာဝန်ရှိတယ်ဆိုတာကို လက်ခံရင် ကျူးလွန်သူကို မျက်နှာသာပေးနေတဲ့ အမြင်အစွဲတွေ၊ ကျားမရေးရာ မညီမျှမှု၊ ကျားဦးစားပေး အတွေးအခါ် ဆုပ်ကိုင်ထားမှုတွေ ကြီးစိုးနေတဲ့ ဒီလူ့အသိုက်အဝန်းကြီးမှာလည်း တာဝန်တွေ ရှိနေတယ်ဆိုတာ လက်ခံဖို့ လိုအပ်ပါတယ်။

တရားမျှတတဲ့ တရားဥပဒေတရပ် ပေါ်လာဖို့ လူမှုအသိုင်းအဝိုင်းကြီးက ပြောင်းလဲလို့ရပါတယ်။ ဒါပေမယ့် ဒီ လူမှု အသိုင်း အဝိုင်းမှာ အသံတိတ် အသက်ဝင်နေတဲ့ မုဒိမ်းပြုကျင့်မှုနဲ့ ပတ်သက်တဲ့ လွဲမှားနေသော အယူအဆတွေကို ပြောင်းလဲဖို့ ကတော့ လူတဦးချင်းစီက တာဝန်ယူရမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့သမီး၊ သားတွေ၊ ကိုယ့်ရဲ့မိသားစုတွေနဲ့ ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်မှာ တရားရေးစနစ်ကို လက်ညှိုး ထိုးနေ ကြသလိုမျိုး မုဒိမ်းမှုကို အားပေးနေတဲ့ လွဲမှားတဲ့ အယူအဆ၊ အတွေးအခေါ်တွေ လက်ဆင့်ကမ်း ဆွဲကိုင် လာကြသူ တွေထဲမှာ ကိုယ်တိုင်ပါနေမလား ဆိုတာကိုလည်း ပြန်လည်စစ်ဆေးပြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲခြင်းက မုဒိမ်းမှု ပပျောက်ရေးလမ်းစဖြစ်တယ်လို့ ယူဆမိပါကြောင်း တင်ပြလိုက်ရပါတယ်။

(မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) မှ စီစဉ်လုပ်ဆောင်သည့် HI news ( Honest Information ) မှ ကူးယူ ဖော်ပြပါသည်။)

ဆက်စပ်ဖတ်ရှုရန်

သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့အခါ

မတရားမှုတွေ ကိုယ့်အိမ်တံခါးကို ဘယ်အချိန် လာခေါက်မလဲ 

ကျားမတန်း တူညီရေး အဓိကထား ဆောင်ရွက်မည်ဟု ဒုသမ္မတပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading