[irrawaddy_gallery]
သစ်ပင် သစ်တောများဖြင့် စိမ်းစို သာယာနေသည့် တကောင်းတောင်ကြီး နံဘေးတွင် မောင်းကုန်းကျေးရွာသည် သာယာခဲ့သည်၊ ဒေသခံများ စိုက်ပျိုးသမျှ သီးနှံများကလည်း ဖြစ်ထွန်းသဖြင့် စီးပွားရေးလည်း အဆင်ပြေခဲ့ကြသည်။ စားဝတ်နေရေးမှ အစ ကျန်းမာရေးအဆုံး အားလုံး ပြည့်စုံသဖြင့် ရွာသူရွာသားများက စိတ်ချမ်းသာခဲ့ကြသည်။
သို့သော် ယင်းအခြေအနေများနှင့် စိတ်ချမ်းသာမှုများသည် လွန်ခဲ့သည့် ၆ နှစ်နီးပါး ကာလက အဆုံးသတ်ခဲ့သည်၊ သစ်တော၊ သစ်ပင်ဖြင့် စိမ်းစိုသည့် တကောင်းတောင်ကြီးမှ နီကယ်သတ္ထုများ ထွက်ရှိသည်ဟု ဆို၍ ယင်းသတ္ထုများ တူးဖော်ရန် စီမံကိန်းဆောင်ရွက်မည့် တရုတ်ကုမ္ပဏီ တခု ဝင်လာခဲ့သည်။ အဆိုပါ တကောင်းတောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ မောင်းကုန်းကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အင်းနဲကျေးရွာအုပ်စု ကြားတွင် တည်ရှိသည်။
စီမံကိန်းအတွက် သတ္ထုတွင်းဝန်ကြီးဌာန နှင့် တရုတ် CNMC ကုမ္ပဏီတို့က ၂၀၀၈ ခုနှစ်က နေပြည်တော်ရှိ သတ္ထုတွင်းဝန်ကြီး ဌာနပိုင်ရုံးတွင် စီးပွားရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး တရုတ်၊ မြန်မာနှစ်နိုင်ငံ တူးဖော်ရေး လုပ်ငန်းဆောင်ရွက်မှုတွင် အကြီးမားဆုံး စီမံကိန်းတခု ဖြစ်သည်ဟုလည်း သိရသည်။ တရုတ်နိုင်ငံရှိ China Nonferrous Metal Mining Group (CNMC) ကုမ္ပဏီ နှင့် Taiyuan Iron and steel Group ကုမ္ပဏီတို့က ပူးပေါင်းထားသည့် မြန်မာ CNICO ကုမ္ပဏီက အစိုးရခွင့်ပြုချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ကာ သတ္ထုတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။
စီမံကိန်းမှ သတ္ထုထုတ်လုပ်မှု ပမာဏသည် တနှစ်လျှင် တန်ချိန် ၈ သောင်းကျော် ရှိမည်ဖြစ်ပြီး ထွက်ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ သိန်း ၃၀၀၀ ကျော်ဝန်းကျင်ခန့် ရှိမည်ဖြစ်သည်။ စီမံကိန်းမှ ရရှိလာမည့် အမြတ်ငွေ ၏ ၃၀ ရာခိုင်နှုန်းကို အစိုးရက ရရှိမည်ဖြစ်ပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီက ရရှိမည်ဖြစ်သည်။
စီမံကိန်းစတင်မည့် စမ်းသပ်ကာလ ၂၀၀၈ ခုနှစ်ခန့်မှ စတင်ကာ ကျေးရွာဒေသခံများ ပိုင်ဆိုင်သည့် မြေယာများကို စီမံကိန်းဆောင်ရွက်ရန် အာဏာပိုင်များနှင့် ပူးပေါင်းသိမ်းဆည်းခဲ့ကြသည်ဟု ဒေသခံများက ပြောပြသည်။
“ဒေသခံတွေက မြေယာတွေကို မပေးချင်ကြဘူး၊ တရုတ်တွေက ဒေသအာဏာပိုင်တွေနဲ့ ပေါင်းပြီး ကျနော်တို့ကို ခြိမ်းခြောက်ခဲ့တယ်၊ သူတို့ကို မပေးဘူးဆိုရင် ကျနော်တို့ မြေတွေ လျော်ကြေးတောင် မရမှာစိုးလို့ လက်လျှော့ပြီး ပေးလိုက်ရတယ်” ဟု မောင်းကုန်းကျေးရွာမှ လယ်ဧက ၇၀ ကျော် အသိမ်းခံခဲ့ရသူ ဦးတင့်ဝေက ပြောသည်။
CNMC ကုမ္ပဏီက တကောင်းတောင် စီမံကိန်းအတွက် သိမ်းယူထားသည့် မြေဧကမှာ ၃၀၈၆ ဒသမ ၆၆ ဧက ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ တချို့မြေများအတွက်သာ လျော်ကြေးပေးခဲ့ပြီး ဒေသခံများ ပိုင်ဆိုင်ထားသော်လည်း သီးနှံစိုက်ပျိုးထားမှု မရှိသည့် မြေများကို သစ်တောကြိုးဝိုင်းမြေဟု အကြောင်းပြချက်ပေးပြီး လျော်ကြေးမဲ့ သိမ်းယူလိုက်သည်။
တကောင်း နီကယ်စက်ရုံအတွက် သီးသန့်အသုံးပြုသည့် ဆိပ်ကိမ်းတခုလည်း ဧရာဝတီမြစ်ကမ်း နံဘေးတွင် တည်ဆောက်ထားသည်။ အဆိုပါ နေရာတွင်လည်း ကျောက်မီးသွေး သိုလှောင်ရုံ တည်ဆောက်ထားသည်ဟု သိရသည်။
စီမံကိန်း စတင်ပြီးနောက်ပိုင်း ဒေသခံများ သစ်ခုတ်၊ ဝါးခုတ် လုပ်နေသည့် တကောင်းတောင်ကြီးကို အနားကပ်ခွင့်မရတော့။ စစ်တပ်နှင့် ကုမ္ပဏီက လုံခြုံရေးယူထားလိုက်သည်။
စက်ရုံတွင်းထဲတွင် ဘာတွေရှိနိုင်မလဲဆိုသည်ကို ဒေသခံများ စိတ်ဝင်စားကြသကဲ့သို့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူများကလည်း စိတ်ဝင်စားကြသည်။ သို့သော် တရုတ် ကုမ္ပဏီက ဘယ်သူ့ကိုမျှ အဝင်မခံ။
ယင်းကုမ္ပဏီတွင် အလုပ်လုပ်နေသည့် ဒေသခံ အလုပ်သမားများလည်း ရှိသည်။ သူတို့သည်လည်း ကုမ္ပဏီက ခန့်ထားသည့် တရုတ်လူမျိုး ဝန်ထမ်းများနှင့်အတူ အခွင့်အရေး တန်းတူမရရှိကြကြောင်း၊ ဘွဲ့ရပညာတတ်ဖြစ်စေကာမူ မြန်မာဝန်ထမ်းမှန်သမျှ အလုပ်ကြမ်းအဆင့်သာ ရှိနေသည်ဟု CNMC ကုမ္ပဏီတွင် ကုန်ကြမ်းထုတ် ဝန်ထမ်းလုပ်နေသည့် ကိုအောင်အောင်က ပြောပြသည်။
“အလုပ်သမား အခွင့်အရေးလည်း မရဘူး၊ မြန်မာမှန်ရင် အလုပ်ကြမ်းသမားလို့ သူတို့ သတ်မှတ်တယ်” ဟု သူက ဆိုသည်။
စက်ရုံရှိ ဌာနများတွင် မြန်မာဝန်ထမ်း ၁၀၀၀ ကျော်သည် အောက်ခြေဝန်ထမ်းများအဖြစ် အလုပ်လုပ်နေကြသည်။ တချို့က
ဘွဲ့ရပညာတတ်များ ဖြစ်သကဲ့သို့ ဆယ်တန်းအောင်၊ အလယ်တန်း ပညာအရည်အချင်း ရှိသူများလည်းရှိသည်။ မည်သည့် အရည်အချင်းရှိသူမဆို မြန်မာမှန်လျှင် အောက်ခြေဝန်ထမ်းသာ ဖြစ်ရမည်ဟု တရုတ်ကုမ္ပဏီက သတ်မှတ်ထားပုံရကြောင်း အလုပ်သမားများက ပြောပြသည်။
အလုပ်သမားများသည် တနေ့ကို အလုပ်ချိန် ၁၂ နာရီကျော် အလုပ်လုပ်ကြရသည်ဟု သိရသည်။ အလုပ်သမား၊ အလုပ်ရှင် စာချုပ် စချုပ်ကတည်းက ယင်းစည်းကမ်းချက်အတိုင်း ပါပြီးသားဖြစ်နေပြီး အလုပ်မရမည်ကို စိုးရိမ်ကြသောကြောင့် အလုပ်သမားများကလည်း လက်မှတ်ထိုးကြကြောင်း သိရသည်။
“ကျနော်တို့ကိုယ်တိုင် ဥပဒေကို ချိုးဖောက်မိနေတာ သိတယ်။ ဒါပေမယ့် ဘာမှ လုပ်လို့မရဘူး” ဟု ကိုအောင်အောင်က ရှင်းပြသည်။
တကောင်းတောင်ကြီးတွင် နီကယ်သတ္ထုများ ထုတ်ယူမည်ဟုဆိုကာ တရုတ် CNMC ကုမ္ပဏီ ဝင်ရောက်လာပြီးနောက် သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် စိုက်ပျိုးထုတ်လုပ်မှု အကောင်းဆုံး လုပ်ငန်းရှင်ဆု ပေးထားသည့် ဦးတင်မောင် ပိုင်ဆိုင်သော ဂရိတ်ဝေါ ကုမ္ပဏီကလည်း သကြားထုတ်လုပ်ခြင်း၊ အထပ်သားထုတ်လုပ်ခြင်းတို့ ဆောင်ရွက်ရန်ဟုဆိုကာ မောင်းကုန်းကျေးရွာတွင် စက်ရုံတရုံ တည်ဆောက်ခဲ့သည်။ ဂရိတ်ဝေါစက်ရုံကလည်း သကြားနှင့် အထပ်သားစက်ရုံ တည်ဆောက်ရန်အတွက် မြေယာများကို မောင်းကုန်းကျေးရွာဒေသခံများထံမှ ထပ်မံသိမ်းဆည်းခဲ့သည်။
“ဒါ ကျနော်တို့မြေတွေချည်းပဲ၊ သူတို့ကို မပေးချင်ဘူးဆိုလည်း အတင်းအဓမ္မ သိမ်းသွားတာလေ။ သူတို့ စက်ရုံဆောက်ထားတာလည်း ကျနော်တို့မြေတွေပဲ” ဟု ဒေသခံတဦးဖြစ်သူ ဦးမြနိုင်က ဂရိတ်ဝေါ စက်ရုံဝင်းနှင့် အထပ်သားစက်ရုံကို လက်ညိုးထိုးပြလျက် ပြောပြသည်။
“သူတို့တွေ ထွက်သွားရင် သိပ်ကောင်းမှာပဲ။ အဲဒီလိုအချိန်ကျပြန်တော့လည်း ဒီမြေ၊ ရေ တွေက အကောင်းအတိုင်း မရှိလောက်တော့ပါဘူး” ဟု ဦးမြနိုင်က မျှော်လင့်ချက်မဲ့နေသည့် ဆန္ဒကို ပြောသည်။
မောင်းကုန်းဒေသနှင့် အနီးတဝိုက် ကျေးရွာများတွင် ဂရိတ်ဝေါ အထပ်သားစက်ရုံမှ အထပ်သားထုတ်လုပ်ရာတွင် ပိုလျှံသည့် သစ်အစအနများကို နေ့စဉ်မီးရှို့သည့် ညှော်နံ့များ၊ သကြားစက်ရုံမှ ဧရာဝတီမြစ်ထဲသို့ ဆက်သွယ် ထုတ်လွှတ်ထားသည့် ရေဆိုးထုတ်ပိုက်မှ ဆက်တိုက် ကျဆင်းနေသည့် မဲညစ်ညစ် ရေဆိုးများ၏ စိမ်းရွှေရွှေ အနံ့အသက်များက ပျံ့နှံ့နေသည်။
အနံ့ဆိုးများက မောင်းကုန်းကျေးရွာနှင့် အနီးတဝိုက် ရွာများသာမက ထီးချိုင့်မြို့ပေါ်အထိ ရောက်ရှိသကဲ့သို့ တကောင်း နီကယ်စက်ရုံစီမံကိန်း၏ သတ္ထုတူးဖော်ရာမှ ထွက်ရှိသည့် မြေနီမှုန်များလည်း ဒေသခံများ၏ မြေများပေါ်သို့ ဆက်တိုက် ကျရောက်နေမှုများကို ဒေသခံများက အလူးအလဲ ခံစားနေကြရသည်။
“သူတို့စွန့်ထားတဲ့ ရေတွေ သူတို့ မသောက်ရဲဘူးလေ။ သီးသန့်ရေသန့်စက်တွေ သူတို့သုံးကြတယ်။ အဲဒီရေတွေကို ချိုးရင် ယားတယ်၊ အဖုအပိမ့်တွေ ပေါက်လာတယ်၊ ရေသောက်မိလို့ ကျွဲနွားတွေ သေဖူးတယ်” ဟု ဒေသခံ ဒေါ်မြင့်က ရှင်းပြသည်။
သတင်းအတွက် တွေ့ဆုံမေးမြန်းနေစဉ် အနံ့စူးစူးများ ဝင်လာသောအခါ ဒေါ်မြင့် တယောက် နှာခေါင်းရှုံ့လိုက်ပြီး လက်ကိုင်ပုဝါတထည်ယူလျက် ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်သည်။ ပျို့အန်သည့် အသံများလည်း ထွက်လာသည်။
“အဲဒီလို အနံ့တွေရရင် ခေါင်းကိုက်တတ်လာတယ်၊ အန်ချင်လာတယ်။ အနံ့ဆိုးတွေက လေသင့်တိုင်း နံ့နေတာလေ” ဟု သူကဆိုသည်။
ဒေသခံများတွင် ကင်ဆာရောဂါ၊ တီဘီရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်ရောဂါများ အဖြစ်များလာသကဲ့သို့ ကိုယ်ဝန်ပျက်ကျမှု များပြားလာခြင်းနှင့် အင်္ဂါမစုံသည့် ကလေးငယ်များလည်း မွေးဖွားမှုများ ရှိလာသည်ဟု သူက ဆိုသည်။ ထိုစက်ရုံစွန့်ပစ် ပစ္စည်းများနှင့် ဒေသခံများ ကျန်မာရေးထိခိုက်မှု တိုက်ရိုက်သက်ဆိုင်ခြင်း ရှိမရှိကိုမူ ဆေးပညာရှင်များ၏ အတည်ပြုမှု မရယူနိုင်သေးပေ။
ဂရိတ်ဝေါစက်ရုံနှင့် တကောင်းနီကယ်စက်ရုံ ဝင်လာပြီးသည့် နောက်ပိုင်းကတည်းက ကျေးရွာဒေသခံများ အဆက်မပြတ် ဒုက္ခရောက်ကြရသည်ဟု ဆိုသည်။ တပိုင်တနိုင် စီးပွားရေးလုပ်ရသည့် လယ်ယာများ အသိမ်းခံခဲ့ရသဖြင့် စီးပွားရေး ကျဆင်းလာရသကဲ့သို့ စက်ရုံများ၏ အနံ့အသက်များက အမြဲအပြတ် နံစော်နေမှုများကြောင့် ကျန်းမာရေး ထိခိုက်ကြရသည်ဟု သိရသည်။
“ကျမတို့မြေတွေ ဘယ်အချိန် ထပ်သိမ်းခံရမလဲ စိုးရိမ်နေရတယ်။ နေ့ညမပြတ် နံနေတဲ့ အနံ့တွေကို ရှုရှိုက်နေရသလို ရေဆိုးတွေစီးနေတဲ့ ဧရာဝတီမြစ်ရေကို မဖြစ်မနေ သုံးစွဲနေရလို့ ဘယ်လိုရောဂါတွေ ဝင်လာမလဲ ကြောက်နေရတယ်” ဟု ဒေသခံတဦးက ပြောပြသည်။
စီမံကိန်းနှင့် စက်ရုံများ ဝင်ရောက်လာပြီး နောက်ပိုင်းတွင် စားသောက်ဆိုင်များ၊ ဘီယာ၊ အရက်များ၊ အနှိပ်ခန်းများ ဝင်ရောက်လာကြသည်ဟု ဒေသခံများက ပြောသည်။
တကောင်းတောင် နီကယ်စက်ရုံစီမံကိန်း အပါအဝင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း၊ ရွှေဂတ်စ်ပိုက်လိုင်း စီမံကိန်း၊ မြွေတောင် ဖားတောင်စီမံကိန်း စသည့် သဘာဝတွင်းထွက် သယံဇာတ ဆိုင်ရာ စီမံကိန်းများ ဆောင်ရွက်မည့်အပေါ်
ဒေသခံ ပြည်သူများ လုံးဝ ကြိုတင် မသိခဲ့ရပေ။
အဆိုပါ စီမံကိန်းများ အားလုံးနီးပါးသည် ယခင် စစ်အစိုးရလက်ထက်က သက်ဆိုင်ရာ ကုမ္ပဏီ နှစ်ဦးနှစ်ဖက်သာ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည့်အတွက် စီမံကိန်းအများစုတွင် ဒေသခံပြည်သူများနှင့် အရပ်ဘက်
လူ့အဖွဲ့အစည်းများ၏ ကန့်ကွက် ဆန္ဒပြမှုများကို ဆက်တိုက် ကြုံတွေ့နေရသည်။
“စာချုပ်တွေက အရင်အစိုးရ လက်ထက်တုန်းက ချစ်ကြည်ရေးခရီးစဉ်တွေမှာ လက်မှတ်ထိုးလေ့ရှိတယ်။ တခါတလေ အစိုးရကိုယ်စား သက်ဆိုင်ရာ ဌာနတွေက ကိုယ်စားလက်မှတ်ထိုးရတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြင့်စန်းရီက ဇန်နဝါရီ တတိယအပတ်က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားသွားခဲ့သေးသည်။
ယခင် စစ်အစိုးရ လက်ထက်က မှုဘောင် သဘောတူစာချုပ်၊ ငွေချေးစာချုပ်၊ သဘောတူ အကူအညီပေးရေးစာချုပ်၊ နားလည်မှုစာချွန်လွှာ၊ လဲလှယ်စာချုပ်၊ စာလွှာနှင့် စီးပွားရေး သဘောတူစာချုပ် စသည်များကို ပြည်ပမှ အစိုးရ အဖွဲ့အစည်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခဲ့ရာ စာချုပ်စုစုပေါင်း ၉၈၂ ခု ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စာရင်းဇယားများအရ သိရသည်။
အဆိုပါ စာချုပ် ၉၈၂ ခုထဲတွင် လက်ပံတောင်းတောင် စီမံကိန်း၊ တကောင်းစီမံကိန်း၊ မြစ်ဆုံစီမံကိန်းများကဲ့သို့ စီမံကိန်းများ ပါဝင်သည့် စီးပွားရေး သဘောတူစာချုပ် ၆၈၄ ခု ရှိပြီး ပြုလုပ်ပြီးစာချုပ် ၈ ခု နှင့် ပြုလုပ်ရန် ကျန်ရှိနေသည့် စာချုပ် ၆၇၆ ခု ရှိနေသေးသည်။ ထိုစာချုပ်များထဲမှ ပြဿနာရှိနိုင်သည်ဟု ယူဆရသည့် စာချုပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဟု စီမံစီးပွား ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြင့်စန်းရီက လွှတ်တော်တွင် ပြောကြားထားသော်လည်း လက်ရှိအချိန်အထိ ဒေသခံများနှင့် စီမံကိန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများအကြား ထိပ်တိုက် ရင်ဆိုင်နေရသည့် ပြဿနာများ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့်် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အရေးလှုပ်ရှားဆောင်ရွက်နေသူများကလည်း မြန်မာနိုင်ငံသည် သဘာ၀ သယံဇာတ တူးဖော်ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေသည့် EITI (Extractive Industries Transparency Initiative) အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး ကြိုးပမ်းလာကြသည်။