ညောင်ဦးခရိုင်အတွင်း ရောက်ရှိနေသည့် တောဆင်ရိုင်းများနောက်ကို လိုက်နေသော သစ်တောဝန်ထမ်းများ နောက်မှ မိမိတို့ မန္တလေးက သတင်းထောက်နှစ်ဦးလည်း ကပ်လိုက်ကာ သတင်းယူနေရသည်။
ညောင်နီကျဉ်း လမ်းခွဲအနောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ညောင်ပင်ကြီးဆိုသည့် လမ်းခွဲတွင် ဘယ်လမ်းကြောင်း လိုက်ရင်ကောင်းမလဲဟု တိုင်ပင်နေခိုက် လူနှစ်ဦး ဆိုင်ကယ်တစီးဖြင့် ရောက်လာသည်။
“ဘယ်သွားမလို့လဲခင်ဗျ” ဟု သတင်းထောက်ပီပီ စပ်စုကြည့်ရာ “ဆင်ရိုင်းတွေနောက် လိုက်ကြည့်နေတာ မနက်ကတည်းကဗျ၊ အခု ကြာထောင့် ရွာဘက် ရောက်နေတယ်ကြားလို့ အဲဒီ သွားမလို့၊ ဆင်သတင်း ဘာကြားသေးလဲ” ဟု ပြန်မေးပါသည်။
“ဆင်သတင်းတော့ မျိုးစုံကြားနေရတာပဲ။ ဒါနဲ့ ဆင်ရိုင်းတွေနဲ့တွေ့ရင် ခင်ဗျားတို့က ဘာလုပ်မလို့လဲဗျ” ဟု ထပ်မံ မေးကြည့်ရာ ကွမ်းဝါးလွန်း၍ နီကျင့်ကျင့် ဖြစ်နေသည့် သွားများပေါ်အောင် ရယ်ပြရင်း “ဓာတ်ပုံရိုက်မယ်၊ နောက်ကလိုက်ရင် ထွက်ပြေးမယ်လေကွာ” ဟု ပြောကာ ဆိုင်ကယ်ကို ဝူးခနဲမောင်းထွက်သွားသည်။ မိမိတို့မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့သည်။
ဒီလောက်အန္တရာယ်များတဲ့ တောဆင်ရိုင်းတွေ နောက်ကို သူတို့နှစ်ယောက်မို့ လက်နက်မပါဘာမပါနဲ့ အကြောက်အရွံ့မရှိ နောက်က လိုက်ရဲတယ်ဟု တွေးလိုက်မိသည်။ သို့သော် သူတို့နှစ်ယောက် ဆိုသည့် အသုံးအနှုန်းမှာ မှားသွားမှန်း ဆင်ရိုင်းများ နောက်သို့ တနေကုန် လိုက်ကြည့်ပြီးမှ သိသွားပါသည်။ သူတို့နှစ်ယောက်တည်း မကပါ။ အုံနှင့်ကျင်းနှင့် လိုက်ကြည့်နေကြသည့် ဒေသခံအများအပြားကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပါသည်။
“အောင်မယ် … ဒီဆင်ရိုင်းတွေ ပြန်လိုက်တဲ့အခါ ထွက်ပြေးရတဲ့ အရသာက ဘာနဲ့တူသလဲဆိုတော့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းမှာ စစ်တပ်နဲ့ရဲက လိုက်ဖမ်းတုန်း ထွက်ပြေးရတဲ့ အရသာနဲ့တပုံစံတည်းပဲကွ၊ အဲဒီတုန်းကတော့ မိရင် အဖမ်းခံရတာပေါ့ကွာ။ အခုကတော့ မိရင် အသေပေါ့။ ဒါပေမယ့် အရသာရှိသကွာ” ဟု ပြောလိုက်သူက ကျောက်ပန်းတောင်းမြို့ ရွှေနဒီကျောင်းတိုက်မှ ဆရာတော် ဦးယုဇန ဖြစ်သည်။
ဆရာတော်က ဆင်ရိုင်းများ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ် စသည့် မြို့နယ်များ ထဲသို့ ဝင်လာခဲ့သည့် အချိန်မှစ၍ ယနေ့ သြဂုတ် ၂၆ ရက်နေ့အထိ တောဆင်ရိုင်းများနောက် တကောက်ကောက် လိုက်ကြည့်နေသည့် ဆရာတော် ဖြစ်သည်။ တောဆင်ရိုင်း နှာမောင်းဖြင့်ရစ်ကာ ကိုင်ပေါက်သောကြောင့် သေဆုံးသွားသည့် ကိုဖိုးပိုင်မှာ ဆရာတော်တို့ အဖွဲ့ကို လမ်းပြပေးသူ ဖြစ်သည်။
“သူ့ကို အရဲမကိုးနဲ့လို့ ငါအတန်တန် ပြောပါတယ်။ ခက်တာက သူက တောဆင်ကို တိရစ္ဆာန်ရုံထဲက ဆင်မှတ်ပြီး အရဲကိုး လွန်းတာကိုး” ဟု ဆရာတော်က ဆိုသည်။
ညောင်ဦးခရိုင်၊ ရွာသာကြီးကျေးရွာ အရှေ့ဘက်တမိုင်ခွဲ အကွာရှိ လျှိုကြီးထဲတွင် ဆင်များ ခိုအောင်းနေသည်ကို သွားရောက်ကြည့်ရှုရာ လွန်စွာနီးကပ်လွန်းသဖြင့် ဆင်များက ပြန်လိုက်ရာ သင်းပိုင်မပြီး အသက်လု ပြေးခဲ့ရသေးကြောင်း ဆရာတော်က အားရပါးရ မိန့်သည်။
ကျောက်ပန်းတောင်း၊ ညောင်ဦးဘက်မှ ဒေသခံများအဖို့တော့ တောဆင်ရိုင်းဆိုသည်မှာ တကယ့် အဆန်းအကျယ် သတ္တဝါတမျိုး ဖြစ်နေပါသည်။ ယခုလို တောဆင်ရိုင်း ဝင်လာခြင်းမှာ သူတို့တသက်တွင် မကြုံဖူးကြောင်း မေးခဲ့သည့် သူတိုင်းက ဖြေပါသည်။ သူတို့ဒေသတွင် တောဆင်ရိုင်း ဆိုသည်အပထား၊ အဆိုပါ ဆင်ရိုင်းများအား ထိန်းသိမ်းပေးမည့် ကွန်ဂျီဆင် (ဆင်အယဉ်) များကိုပင် မမြင်ဖူးကြ။ ထိုဆင်များကို ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ် အကြားရှိ ညောင်နီကျဉ်းလမ်းခွဲ အနီးသို့ သြဂုတ် ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် ကားကြီးနှင့် လာပို့ပါသည်။ မွန်းတည့်နေ ပူကျဲကျဲကြီးတွင် အဆိုပါကားပေါ်ရှိ ဆင်များကို အားရပါးရ ဖိနပ်ဖင်ခုထိုင်ကာ တစိမ့်စိမ့် ကြည့်နေသည့် ရွာသားများလည်း အများအပြားရှိပါသည်။ ညနေလေးနာရီခန့်တွင် ကွန်ဂျီဆင်များကို အဆိုပါနေရာ၏ တောင်ဘက်ရှိ ကျောက်ပန်းတောင်း မီးသင်္ဂြိုဟ်စက်နေရာသို့ ပြောင်းရွှေ့ရာ ဒေသခံတချို့အဖို့ ကြည့်ရသည်မှာ မဝသေးသောကြောင့်လား မသိ၊ မီးသင်္ဂြိုဟ်စက် နေရာအထိ လိုက်လံကြည့်ရှုှုကြသည်ကို တွေ့မြင်ရပါတော့သည်။
တောဆင်ရိုင်းများ သတင်းကလည်း ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ် တလျှောက်ရှိ ကျေးရွာများအကြား ပျံ့နှံ့လှပါသည်။ ဘယ်ရွာနားမှာတော့ တွေ့လိုက်တယ်ဟဲ့၊ ဘယ်ရွာမှတော့ ဆင်ချေးပုံကြီးယိုသွားတယ် စသည့် သတင်းများလည်း အမျိုးမျိုး ကြားနေရရာ သစ်တောဝန်ထမ်း များလည်း လူစုခွဲလိုက်ကြသည်။ ရဲအဖွဲ့ဝင် များကလည်း ကျေးရွာများထံ ဝင်မလာစေရန် အလှည့်ကျ ကင်းစောင့် ပေးကြရသည်။ အာဏာပိုင် အဖွဲ့အစည်းများလည်း ဟိုပြေးလိုက်၊ ဒီလွှားလိုက်ဖြင့် သတင်းကြားရာ ကျေးရွာများထံ အနှံ့လိုက်ကြသည်။ မိမိတို့လည်း ခြေဦးတည့်ရာ လိုက်လံ သတင်းယူကြ ပါသည်။
ရွာချင်းဆက် လမ်းများမှာ သဲထူကာ ကျဉ်းမြောင်းကွေ့ကောက်လှပြီး လမ်းဘေးဝဲယာတွင်လည်း သစ်ပင်ခြုံပုတ်များ ထူထူထဲထဲ ရှိသောကြောင့် အဝေးကို လှမ်းမမြင်ရသဖြင့် သစ်တောဝန်ထမ်းများ နောက်မှ ကပ်လိုက်ရခြင်း ဖြစ်သော်လည်း မိမိတို့ သတင်းထောက် နှစ်ဦးမှာ ကျောမလုံလှပါ။ မျက်စိကို ပြူးပြဲကြည့်ပြီး ဘယ်နားက ပေါ်လာလေမလဲ ဆိုသည့်စိတ် တထင့်ထင့်နှင့် ဆိုင်ကယ် မောင်းနေရပါသည်။ တခါတရံ သူတို့နှင့် လူစုကွဲကာ နှစ်ယောက်တည်း ကျန်ခဲ့လျှင်တော့ ကားလမ်းမကြီးပေါ် ရောက်ရန်သာ အာရုံစိုက်ပြီး ဆိုင်ကယ်ကို အသကုန်မောင်းရပါသည်။ သို့သော်လည်း ဒေသခံ ယောက်ျားသား အများစုကတော့ ကျနော်တို့ကဲ့သို့ ကြောက်ရွံ့သည့်ပုံ မပေါ်ကြပါ။ ကျေးရွာအချင်းချင်း ဖုန်းဆက်သွယ်ကာ ဟဲ့၊ ဘယ်နေရာမှာ ဆင်တွေရောက်နေပီတဲ့ဟေ့ … လာကြ၊ လာကြ ဆိုကာ ဆိုင်ကယ်များဖြင့် ကျေးရွာချင်းဆက် လမ်းများအတိုင်း သွားကြည့်ကြသည်။ ပိုမိုရဲတင်းသူများကတော့ ရွာလမ်းကိုပင် မသုံး၊ တောလမ်းအတိုင်း ခြေကျင် တည့်ဖြတ်ကာ သတင်းကြားသည့် နေရာများထံ သွားကြည့်ကြတော့သည်။ တချို့ရွာသားများ ဆိုလျှင် ကလေးငယ်များ ကိုပါ ဆိုင်ကယ်ပေါ် တင်ခေါ်လာပြီး တောဆင်နောက် လိုက်ကြည့်ကြရာ မိမိတို့မှာ သက်ပြင်း အကြိမ်ကြိမ် ချမိပါသည်။
ဆရာတော် ဦးယုဇနကတော့ “ဒီကလူတွေက ဟဲ့ တောဆင်ဆိုတာ နှာမောင်းနဲ့ပဲ ရိုက်တာ၊ အမြီးသွားဆွဲရင် ဘာမှ မဖြစ်ဘူးလို့ မြှောက်ပေးရင် တကယ်တောဆင် အမြီးဝင်ဆွဲမယ့်သူတွေ” ဟု မှတ်ချက်ပြုပါသည်။ ညောင်ဦးဒေသမှာ လျှို၊ မြောင်၊ တောတန်းများပြားစွာ ရှိသောကြောင့် ဆင်များ ခိုအောင်းနေလျှင်လည်း အဝေးမှ မြင်တွေ့ရရန် မလွယ်ကူလှပါ။ အနီးကပ်မှ ဘွားခနဲ တွေ့ရမည်ဖြစ်ပါသည်။ သို့သော်လည်း သူတို့ကတော့ မကြောက်မရွံ့ သွားလာနေကြသည်မှာ အားကျဖို့တောင် ကောင်းပါသည်။
ကြောက်ရံွ့နေသူများလည်း အများအပြား ရှိပါသေးသည်။ တောဆင်ရိုင်းတွေ ရွာနားရောက်နေပြီဟု သတင်းကြားလျှင် ကလေးများလည်း ကျောင်းမသွားရဲ တော့ပါ။ ယာသမား၊ အခင်းသမားများလည်း အိမ်ထဲတွင်သာ အောင်းနေကြ ပါတော့သည်။ တဲတိုက်ခေါ်သည့် ရွာအပြင် ယာခင်းများအနီးတွင် တဲလေးများထိုးကာ စုနေကြသည့် သူများလည်း ဆင်ရိုင်း သတင်း ကြားကတည်းက ရွာထဲသို့ ပြန်လည်ပြောင်းရွှေ့ နေကြရတော့သည်။ ဟိုဘက်ရွာ ရောက်သွားပြီဟေ့ ဆိုသည့် အသံကြားလျှင်တော့ ဆေးလိပ်တိုခဲကာ အသံကြားသည့် ရွာဘက်သို့ လိုက်ကြသူများကိုလည်း အမှန်တကယ် နားလည်ရ ခက်လှပါသည်။ မိမိတို့ သတင်းထောက် နှစ်ယောက်မှာမူ သတင်းဓာတ်ပုံ ရိုက်ချင်သောကြောင့်သာ ဆင်ရိုင်းများ ရှိရာသို့ ကြောက်ကြောက်နှင့် လိုက်ရသော်လည်း အဆိုပါ ရွာသားများကတော့ မြင်ချင်လိုစိတ် သက်သက်ဖြင့်သာ လိုက်လံ စပ်စုကြခြင်းဖြစ်သည်။
တောဆင်များမှာလည်း လမ်းပျောက်နေသည့်ပုံ ပေါ်ပါသည်။ ညောင်ဦးနယ်နှင့် ကျောက်ပန်းတောင်း နယ်ကြားတွင် အပြန်အလှန် လွန်းထိုးနေကြပါသည်။ ဆင်ပေါက်စ တကောင်မှာ ပင်မဆင်အုပ်စုမှ ကွဲကာ ကျန်ရှိနေခဲ့ပြီး ညောင်ဦးမြို့နယ် အတွင်းရှိ ကံကြီးကုန်းနှင့် နတ်ပုလ္လင် ကျေးရွာအကြားတွင် လှည့်လည်သွားလာ နေကြောင်း အဆိုပါနေရာမှ သစ်တော ဝန်ထမ်းများက ပြောပါသည်။ ထိုကွဲကျန်ခဲ့သည့် ဆင်ငယ်ကို လိုက်ရှာနေပုံ ပေါ်ပါသည်။ တောဆင်အုပ်မှာ ဦးတည်ရာ လမ်းကြောင်း အတိအကျ ခန့်မှန်း မရနိုင်ဘဲ တောင်ဘက်ရောက်သွားပြီ ဆို၍ ဆိုင်ကယ်လေးဖြင့် အပြေးလိုက်သွားလိုက်၊ မြောက်ဘက် ပြန်ပြောင်းသွားပြီဟု ဆိုသဖြင့် မြောက်ဘက်သို့ ပြန်လိုက်သွားလိုက်ဖြင့် သြဂုတ် ၂၆ ရက်နေ့ တနေကုန် နီးပါး အထိ ဆင်များကို ရှာမတွေ့ပါ။ ညနေပိုင်း ရောက်သောအခါမှ ကျောက်ပန်းတောင်း – ပုဂံ – ညောင်ဦး ရထားလမ်းအနီး ကျောက်ပန်းတောင်း မြို့နယ်၊ မီးသင်္ဂြိုဟ်စက်၊ အနောက်ဘက် တမိုင်ခွဲအကွာတွင် တွေ့ရှိရပြီဟု အာဏာပိုင်များက ပြောပါသည်။ ကွန်ဂျီဆင်ကြီးသုံးကောင်က အဆိုပါ ဆင်များရှိသောနေရာသို့ ထွက်သွားသောအခါ နောက်မှ အမီလိုက်ရန် ကြိုးစားသော်လည်း ဆင်များ၏ ခြေလှမ်းမှာ လွန်စွာ သွက်လှပါသည်။ နောက်ဆုံး ညနေ မှောင်ရီပျိုးသော အခါတွင်တော့ ဆက်မလိုက်ဝံ့တော့သဖြင့် ပြန်လာခဲ့ရ ပါတော့သည်။ ဒေသခံတချို့ကတော့ လက်လျှော့ပုံ မပေါ်သေးပါ။ ဆင်များနောက်သို့ လိုက်မည်တကဲကဲ လုပ်နေကြပါသေးသည်။
လွန်ခဲ့သည့် နှစ်ရက်က လျှိုထဲတွင် အောင်းနေသည့် ဆင်အုပ်ကိုတွေ့တုန်းက ခဲနဲ့ ပေါက်ပြီး ထွက်ပြေးရတာ ပျော်စရာကြီး ဟု ရွာသားတဦးက ပြောပြရာ မိမိလည်း ဘုရား တမိပါတော့သည်။ ဆင်အုပ်နောက်သို့ အပျော်လိုက်သည့် သူများ ရှိနေသကဲ့သို့ ညောင်ဦးနယ်က ကျော်ပြီး ကျောက်ပန်းတောင်း နယ်ထဲရောက်သွားရင် မသိမသာနဲ့ ပြန်ခဲ့နော်ဟု ညောင်ဦးမြို့နယ် အတွင်းမှ ဝန်ထမ်းတဦးအား ၎င်း၏အိမ်သူက ဖုန်းဆက်မှာနေသည်ကိုလည်း ကြားခဲ့ရ ပါသေးသည်။ မနက်ဖြန်တော့ ကျနော်တို့လည်း အရဲကိုးကာ တောဆင်များ နောက်သို့ ထပ်လိုက်ပါရဦးမည်။