ဆောင်းပါး

ကချင်ဒေသ ဘိန်းပြဿနာ ဘယ်လိုဖြေရှင်းမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နှစ်တနှစ်ရဲ့ အစ ပထမလ ၊ ဒုတိယလနဲ့ တတိယလတွေတိုင်းမှာ အဖြူရောင် ၊ ခရမ်းရောင်၊ ပန်းဆီရောင် ပွင့်ဖတ်တွေ နဲ့ မြိုင်မြိုင် ဆိုင်ဆိုင်လှပနေတဲ့ နတ်ဆေးပင်တွေကို ကချင်ပြည်နယ် အထူးဒေသ (၁)က လမ်းမကြီးတွေနဲ့ ဝေးရာ တောတွေထဲမှာ၊ ဒေသခံ တွေရဲ့အိမ်နောက်ဖေးတွေမှာ အလွယ်တကူမြင်တွေ့ နိုင်ပါတယ်။

အထူးဒေသ(၁)က တောတွေ တောင်တွေ ထူထပ်လွန်းပြီး မြန်မာနိုင်ငံမြောက်ပိုင်း အစွန်အဖျား၊ တရုတ်နိုင်ငံ နယ်စပ်မှာ တည်ရှိပြီး တပ်မတော်၊ ကချင် နယ်ခြားစောင့်တပ်၊ ဒေသပြည်သူ့စစ် တပ်တွေ အပြည့် လှုပ်ရှား အုပ်စိုးနေတာကြောင့် အပြင်လူစိမ်း ဝင်ပြီး ဒေသ ထဲကအကြောင်းတွေ စပ်စပ်စုစုလုပ်ဖို့ ဆိုတာ ခက်ခဲလွန်းပါတယ် ။

ယင်းဒေသမှာ ကချင်မျိုးနွယ်စုတွေအနက် လာချိဒ်၊ လော်ဝေါ်၊ လီဆူး မျိုးနွယ်စုတွေနဲ့ တရုတ်လူမျိုးတချို့နေထိုင်ကြပြီး ပြည်မ ဘက် မှာ ကချင်တိုင်းရင်းသားတွေ အဓိက သုံးတဲ့ ဂျိမ်းဖောစကားကို မပြောဘဲ သူတို့မျိုးနွယ်စု စကား အသီးသီးကိုသာ ပြောဆိုကြ ပါတယ်။

ဒေသခံတွေက ရှေးရှေးတုန်းကလို တောတောင်တွေက ထွက်တဲ့ တောတိရစ္ဆာန်၊ ပျားရည်၊ ကြိမ်၊ ဝါးနဲ့ အထွေထွေ ပစ္စည်းတွေက ရောင်းကုန် အဖြစ် စိတ်ဝင်စားခြင်း မခံရတော့တဲ့ အခုခေတ်မှာ နတ်ဆေးပင်တွေက ထွက်တဲ့ အစေးတွေကိုပဲ ချက်ပြီးတော့ တရုတ်နိုင်ငံဘက်ကို ရောင်းချရင်း စားဝတ်နေရေးကို ဖြေရှင်း ကြပါတယ်။

တကယ်တော့ သူတို့အခေါ် နတ်ဆေးပင် ဆိုတာ ကမ္ဘာမှာ လူသားမျိုးနွယ်တို့ ရန်သူအဖြစ် သတ်မှတ်ထားတဲ့ ဘိန်းပင်တွေပါ။ သူတို့အတွက်ကတော့ ချောင်းဆိုးရင်လည်း အစေးကို ရေနွေးလို ချက်သောက်၊ သက်ကြီး ရွယ်အိုတွေ နာမကျန်းဖြစ်ရင်လည်း သုံးစွဲ ၊ မိသားစု ဝင်ငွေကိုလည်း ဖန်တီးလို့ ရတာကြောင့် နတ်ဆေးပင်လို့ပဲ အများအားဖြင့် ခေါ်ကြပါတယ်။

ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ဒေသမှာ ဆန်စပါးစိုက်တာ မကောင်းဘူး။ ဒီ အပင်(ဘိန်းပင်) တွေကို ဝမ်းစာ အတွက် အားလုံးက နည်းနည်းပါးပါးစီ စိုက်ကြတယ်။ ပြီးရင် တရုတ်ပြည်ကို ရောင်းတ ယ်။ ဒီဝင်ငွေနဲ့ပဲ တနှစ်လုံးသုံးတယ်”လို့ ပြော ပါတယ်။

အထူးဒေသ (၁)မှာ ဘိန်းပင်တွေကို အများစုက စိုက်ပျိုးပြီး ဝင်ငွေ ရှာကြပေမယ့် ဘိန်းမစိုက်ကြတဲ့ ဒေသခံတွေလည်း ရှိပါတယ်။ ဘိန်းစိုက်တဲ့ သူတွေအတွက် အထူးဒေသ (၁) ရဲ့ အခွင့်အလမ်းတခုကတော့ အာဏာပိုင်တွေကို အခွန်အကောက် ပေးဆောင်စရာ မလိုပါဘူး။

ဒေသခံ အများစု ဘိန်းစိုက်ကြတယ်

အထူးဒေသ (၁)ကို ရောက်ခဲ့ဖူးတဲ့အတွေ့အကြုံအရ ဒေသခံတွေရဲ့ လူမှုနေထိုင်မှုဘဝက ဆင်းရဲလွန်းတာ တွေ့ရပါတယ်။ ဆင်းရဲ တဲ့အထဲမှာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် ခေါင်းဆောင်များမပါပါ။ လူနေမှု အဆင့်အတန်းလည်း နောက်ကျ ကျန်နေရစ်တဲ့ နေရာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး၊ လူမှုဘ၀ လုံခြုံရေး မရှိဘဲ စားဝတ်နေရေး၊ စီးပွားရေးတွေကိုလည်း တရုတ်ပြည်ဘက်ကိုပဲ အများဆုံး မှီခိုအားထား နေရသူတွေပါ ။

ကချင်ပြည်နယ်ရဲ့ အခြားမြို့တွေနဲ့ဆက်သွယ်ဖို့ ၊ စီးပွားရေး အပေးအယူူ လုပ်ဖို့ရာ အထူးဒေသ (၁) ရဲ့ ဒေသခံတွေမှာ ဘိန်းပင် က လွဲလို့ အခြားဘာမှ မရှိပါ။ ဒေသမှာ ထွက်တဲ့ သတ္တုကိုလည်း အထူးဒေသ (၁) က အကြီးအကဲတွေကပဲ အပြည့်အ၀ လုပ်ကိုင်ထား ပါတယ်။ ဒေသခံတွေကတော့ သတ္တုထွက်တယ်ဆိုတာ သိရုံ၊ တရုတ်နိုင်ငံသားတွေ သတ္တုလာတူးရင် ကြည့်ရုံလောက်ပါပဲ။
ဒါကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ဆန်စပါး အသီးအရွက်တွေ စိုက်ပျိုးတာကိုလည်း တနိုင်တပိုင် လုပ်ပြီး မိသားစုဝင်ငွေအတွက်တော့ တနှစ်ကို သုံးလ နတ်ဆေးပင်တွေကိုလည်း စိုက်ပျိုး ကြပါတယ်။

ဘိန်းဆိုတဲ့ အသံကြားတာနဲ့ ဈေးကြီးပေးဝယ်ပြီး စိုက်ပျိုး ရောင်းချသူတွေက ချမ်းသာနေကြတာတော့ မဟုတ်ပါ။ ဘိန်းမည်း တပိဿာ ကို ဒေသခံတွေက တရုတ်ယွမ်ငွေ ၅၀၀၀ ကနေ ၆၀၀၀ ကြား (ခန့်မှန်းခြေ မြန်မာငွေ ကျပ် ၁၀ သိန်းနဲ့ ၁၂ သိန်းကြား) ရကြ ပေမယ့် ဝယ်ယူသွားတဲ့သူက ဘိန်းမည်းကို ဓာတုဗေဒနဲ့ ချက်၊ ပုံစံပြောင်းလိုက်တာနဲ့ အမျှ တန်ဖိုးက ဆယ်ဆလောက် ခုန်တက်သွားပါတယ်။
ဘိန်းမည်းကို ရောင်းလို့ရတဲ့ ငွေနဲ့ ဒေသခံတွေက တနှစ်ပတ်လုံး အသုံးစရိတ် လုပ်ကြပါတယ်။ ဒါကြောင့် ဘိန်းပင်တွေကို စိုက်ပျိုးတဲ့ ဘိန်းစိုက်တောင်သူတွေမှာ ချမ်းသာ ဖူလုံနေတာ မတွေ့ရပါဘူး။
ကြားခံပွဲစားတွေကသာ ဘိန်းစိုက်တောင်သူတွေထက် အမြတ်ပိုရတာ သိရပါတယ်။

တရုတ်တွေက ဘိန်းဝယ်သူ

အထူးဒေသ (၁)မှာ စိုက်ပျိုးပြီး ခြစ်ယူလို့ ရတဲ့ ဘိန်းမည်းတွေကို အိမ်တိုင်ရာရောက် လာဝယ်ယူသူတွေကတော့ တရုတ်နိုင်ငံ သား တွေ ဖြစ်တယ်လို့ ဘိန်းစိုက်တောင်သူတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခန့်အထိ တရုတ်နိုင်ငံသားတွေက နယ်စပ်ဖြတ်ကျော်လာပြီး အထူးဒေသ (၁)ထဲက ပြည်သူတွေကို အခကြေးငွေနဲ့ ဘိန်းစိုက်ပျိုးခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။ ယနေ့မှာတော့ မည်သည့် အကြောင်းပြချက်ကြောင့်မှန်း မသိ ဘိန်းစိုက်တောင်သူတို့ “လော်ပန်း” လို့ ခေါ်တဲ့ ဘိန်းလာစိုက်တဲ့ တရုတ်သူဌေး ဦးရေ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ဒေသခံတဦးဖြစ်သူ ဦးခေါန်ကတော့ “အရင်ကတော့ တရုတ်တွေက ပိုက်ဆံထုတ်ပေးပြီး စိုက်ခိုင်းတယ်။ ဘာလို့လဲ မသိပါဘူး။ ဟို ၁နှစ် လောက်ကစပြီး လော်ပန်းတွေ မလာကြတော့ဘူး။ ဒီတော့ ကိုယ့်ဝင်ငွေအတွက် ကိုယ့်ဘာသာကိုယ် စိုက်တာပေါ့”လို့ ပြော ပါတယ်။

ဒေသခံ ပြည်သူ့စစ်အဖွဲ့ဝင်တဦးကလည်း ပြင်ပမှာ သတင်းတွေထွက်နေတဲ့ တရုတ်နိုင်ငံသားတွေက အထူးဒေသ (၁)မှာ ဘိန်းစိုက် ခင်းတွေ အများအပြား လာစိုက်တယ် ဆိုရာမှာ အရင်က ဟုတ်ခဲ့ပေမယ့် အခုအခါ မမှန်ကန်တော့ပါဘူးလို့ ပြောပြပါတယ်။

ဒါပေမယ့် ဒေသခံတွေ စိုက်ပျိုးလို့ ထွက်ရှိတဲ့ ဘိန်းမည်းတွေကိုတော့ တရုတ်နိုင်ငံသားတွေက လာဝယ်ယူနေကြဆဲပါ။

နယ်ခြားကို ဖြတ်ကျော်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဘိန်းလာဝယ်တာ သိပေမယ့်လည်း နယ်ခြားစောင့် တပ်၊ ပြည်သူ့စစ် တပ်ဖွဲ့ ဂိတ်တွေက အရေးယူခြင်းမျိုး မရှိလို့ ဘိန်းမည်းတွေကို လွတ်လွတ်လပ်လပ် အရောင်းအဝယ် လုပ်နိုင်တယ်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် က ပြောပါတယ်။

အာဏာပိုင်တွေလည်း ဘိန်း စိုက်တယ်

ဒေသခံတွေက ဘိန်းပင်တွေကို တနိုင်တပိုင် စိုက်တယ်လို့ ပြောနေကြပေမယ့် ကုသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာ ရုံး(UNODC) က ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ မှတ်တမ်းတွေ အရ ဝိုင်းမော်မြို့နယ် အတွင်းမှာ ဘိန်းစိုက်ပျိုးမှု အလွန်ထူထပ်နေ တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဘိန်းစိုက်တောင်သူတွေကတော့ အိမ်ထောင်စုတွေ များလွန်းတာကြောင့် ဘိန်းခင်းတွေက နည်းနည်း နည်းနည်းကနေ အစုလိုက်အပြုံလိုက် ဖြစ်နေတာပါလို့ ဆင်ခြေ ပေးနေကြဆဲပါ။

ဒီ့အပြင် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်၊ ကန်ပိုက်တီး မြို့နယ် တို့နဲ့ မော်စီတုန်းဒေသတွေမှာတော့ ဒေသခံတွေ စိုက်ပျိုးထားတာ မဟုတ်ဘဲ ဒေသ ပြည်သူ့စစ်ပိုင် မြေကွက်တွေနဲ့ နယ်ခြားစောင့်တပ် စခန်းတွေအနောက်မှာ ဘိန်းပင်တွေက ခန့်မှန်းခြေ ဧက ပေါင်း ထောင် ဂဏန်းလောက် ရှိနေပါတယ်။

အခြား ပြည်သူ့စစ် အဖွဲ့ဝင် တဦးကလည်း“ခေါင်းဆောင်တွေလည်း စိုက်တယ်။ နယ်ခြားစောင့်တပ်လည်း စိုက်တာပဲ။ ဒေသမှာ အားလုံးက စိုက်ကြပါတယ်”လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ အိမ်တွေမှာတော့ ဘိန်းပင်တွေကို အိမ်နောက်ဖေးတွေမှာ စိုက်ပျိုးကြပါတယ်။ အပြင်ကနေ ကြည့်ရင် ဘိန်းပင်တွေကို အလွယ်တကူမမြင်နိုင်အောင် ဝါးခြံစည်းရိုးတွေ ကာ၊ ခြံစည်းရိုးတွေအပေါ်မှာ အဝတ်စုတ်တွေ လှမ်းထား ကြပါတယ်။

ဒေါ်ဂျာခေါန်က“ဒီအဝတ်စုတ်တွေက ဘယ်တော့မှ မရုတ်ဘူးလေ။ အပင်တွေကို အပြင်က လူတွေ လမ်းသွားတွေ မမြင်ရအောင် ဖုံးထားတာပဲ”လို့ ပြောပြပါတယ်။

တချို့ဒေသခံတွေကတော့ ဘိန်းပင်တွေရဲ့ အရှေ့မှာ အခြားသီးနှံပင်တွေကို စိုက်ပြီး ဖုံးကွယ်ထားကြပါတယ်။

အထူးဒေသ (၁)ရဲ့ စည်းမျဉ်းစည်းကမ်းအရ အိမ်တိုင်းက ပြည်သူ့စစ်တာဝန်ကို မဖြစ်မနေ ထမ်းရွက်ရတာကြောင့် အိမ်နောက်ဖေး တွေက ဘိန်းခင်းတွေဟာ ဒေသခံပိုင်တယ်လို့ရော ပြည်သူ့စစ်တပ်ဖွဲ့တွေပိုင်ဆိုင်တယ်လို့ရော ရောယှက်ပြောဆိုလို့ ရပါတယ်။ တချို့မိသားစုတွေမှာဆိုရင် နယ်ခြားစောင့်တပ်မှာ အမှုထမ်းသူရော ပြည်သူ့စစ်တပ်ဖွဲ့မှာ အမှုထမ်းသူရော ရှိပါတယ်။

တချို့ဘိန်းခင်းတွေကတော့ လူသူအလွယ်တကူ မရောက်နိုင်တဲ့ တောကြီးတောင်ကြီးတွေ ကြားမှာရှိပြီး တချို့ဘိန်းခင်းတွေကို တော့ ဆဒုံး – ကန်ပိုက်တီး ဒေသထဲက နယ်ခြားစောင့်တပ် စခန်းရဲ့ အနောက်ဘက်တွေမှာ ရှိနေတာကို တွေ့ရပါတယ်။

ဘိန်းစိုက်ဒေသခံတွေက အိမ်ခြံစည်းရိုးနဲ့ ကွယ်ဝှက်စိုက်သလို အာဏာပိုင်တွေကတော့ လက်နက် နဲ့ တပ်ကို အကာအကွယ်ပြုပြီး ဘိန်းစိုက်ကြတာပါ။

ယခင်ကာလတွေမှာ အထူးဒေသ (၁)အကြီးအကဲ ဖြစ်တဲ့ ဦးစခုန်တိန့်ယိန်းက ၎င်းတို့အနေဖြင့် ဘိန်းစိုက်ပျိုးမှု မပြုလုပ်ကြောင်း၊ ဘိန်းစိုက်ခွင့် တားမြစ်ထားကြောင်း၊ တွေ့ရှိပါက ဒဏ်ငွေ ၊ ပြစ်ဒဏ်များ ပေးကြောင်း၊ အာဏာပိုင်များ မမြင်သည့်နေရာများတွင် ဒေသခံများက ခိုးဝှက်စိုက်နေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါ ရီလ ၂၅ ရက်မှာ ကချင်လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (Pat Jasan – PJS) ကို ဒေသခံတွေ၊ ပြည်သူ့စစ် အဖွဲ့ဝင်တွေက ဝိုင်းဝန်း အကြမ်းဖက် တိုက်ခိုက် လိုက်တဲ့ အဖြစ်အပျက်တွေအရ ဘိန်းခင်းပိုင်ရှင်တွေက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့် တပ်ခေါင်းဆောင်တွေ ဒေသရဲ့ အာဏာပိုင် တွေဖြစ်တယ်ဆိုတာ ဝန်ခံလိုက်တာပါပဲ။

ရွှေတြိဂံရဲ့ ဘိန်းစိုက်အများဆုံး ဒေသတွေထဲပါတဲ့ ဝိုင်းမော်

ကမ္ဘာ့ကုလသမဂ္ဂ ရဲ့ မြေပြင်ကို ဂြိုဟ်တုနဲ့ ရိုက်ပြီးယူခဲ့တဲ့ မှတ်တမ်းတွေအရ ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ် အတွင်းမှာ ဘိန်း စိုက်ပျိုးမှုတွေက မြင့်မားစွာ ရှိနေသေးကြောင်း သိရပါတယ်။
အထူးဒေသ (၁) ထဲမှာ ပါဝင်နေတဲ့ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်နဲ့ ပန်ဝါမြို့တို့ အနက် ဝိုင်းမော် မြို့နယ်ဟာ မြန်မာ၊ လာအို၊ ထိုင်း သုံးနိုင်ကြားက ရွှေတြိဂံဒေသ ဘိန်းစိုက်ပျိုးမှု ဧရိယာထဲမှာ ပါဝင်နေတာပါ။

ကုလသမဂ္ဂ က ၂၀၁၅ ခုနှစ်မှာ အရှေ့တောင်အာရှရဲ့ ဘိန်းစိုက်ပျိုးမှုစစ်တမ်းများ ကောက်ယူချက်အရ ဝိုင်းမော်မြို့နယ်ဟာ ရွှေတြိဂံ ဒေသထဲမှာမှ ဘိန်းစိုက်ပျိုးမှု အလွန်များတဲ့ နေရာ တနေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကချင်ပြည်နယ်က မြန်မာတနိုင်ငံလုံးရဲ့ ဘိန်းထွက်ရှိမှု ပမာဏ ၁၀၀ ရာခိုင်နှုန်းမှာ ၈ ရာခိုင်နှုန်းခန့်ကို နေရာယူထားပြီး အဆိုပါ ၈ ရာခိုင်နှုန်းထဲမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးရှိနေတာကတော့ ဝိုင်းမော်မြို့နယ်ပဲ ဖြစ်တယ်လို့ UNODC ရဲ့ စစ်တမ်း Southeast Asia Poppy Survey 2015 – Myanmar မှာ အခိုင်အမာ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းအရ ကချင်ပြည်နယ်က ဘိန်းစိုက်ပျိုးသူ ၁၀၀ ရာခိုင်နှုန်းအနက် ၅၅ ရာခိုင်နှုန်းက ကိုယ်ပိုင် စိုက်ပျိုးကြသူတွေ ဖြစ်ပြီး ၄၅ ရာခိုင်နှုန်းက ငွေကြေးပေးပြီး အငှားစိုက်ပျိုးကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဘိန်းပင်တွေ ဘယ်လို စိုက်ကြသလဲ

ကချင်ပြည်နယ်ထဲမှာပဲ ဘိန်းစိုက်ပျိုးတဲ့ အချိန်နဲ့ စိုက်ပျိုးပုံ စိုက်ပျိုးနည်းတွေ မတူကြပါဘူး။ တနိုင်း၊ ဟူးကောင်း တို့ဘက်မှာ ၁၀ လ ပိုင်း၊ ၁၁ လပိုင်း နဲ့ ၁၂ လပိုင်းတွေမှာ စိုက်ပျိုးပြီး ၁ လပိုင်း ၊ ၂ လပိုင်း နဲ့ ၃ လပိုင်းတို့မှာ အစေးခြစ်ယူကြပါတယ်။

အထူးဒေသ (၁)မှာတော့ ၈ လပိုင်းမှာ စစိုက်ပြီး ၁၀ လပိုင်းမှာ အပင်ကြီးလာပြီဆို အစေးခြစ်၊ ခြေထောက်နဲ့ ပြန်နင်း စိုက်ပြီး အပင် နည်းနည်းမြင့်လာရင် အစေးပြန်ခြစ်၊ ခြစ်ပြီးတာနဲ့ မြေကြီးထပ်ဖို့ပြီး ၃ လလောက် စောင့်ရတယ်လို့ ပြည်သူ့စစ်အဖွဲ့ဝင် တဦးက ပြောပြ ပါတယ်။

၃ လဝန်းကျင် ရှိလာပြီဆိုရင်တော့ အပွင့်တွေ ပွင့်လာပြီး အစေးထပ်ခြစ်လို့ ရပြီလို့ သိရပါတယ်။

အထူးဒေသ(၁)ဟာ တောကြီးတောင်ကြီး ကြီးလွန်းပြီး နေရောင်ထိုးမဖောက်နိုင်ဘဲ တနှစ်ပတ်လုံး အလွန်ချမ်းစိမ့်နေတဲ့ ဒေသဖြစ် တာကြောင့် ရာသီဥတုက ဘိန်းပင်တွေ အကြိုက်ပါပဲ။ ဒေသရဲ့ မြေသြဇာနဲ့ရာသီဥတု ကောင်းလွန်းတာကြောင့် အထူးဒေသ (၁)က ဘိန်းပင်တွေက တခြားဒေသက ဘိန်းပင်တွေ နဲ့ မတူဘဲ အသီးက ယောကျာ်တယောက် လက်သီးဆုပ်လောက် ဖွံ့ဖြိုးပါတယ်။

အစေးကိုလည်း လက်ကိုင်တိုတို လခြမ်းပုံသဏ္ဌာန်ရှိ ဘိန်းခြစ်ဓားနဲ့ ကျွမ်းကျင်လျှင် ၇ ကြိမ်အထိ ခြစ်ယူနိုင်ပါတယ်။

Pat Jasan

ကချင်လူထု အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့

ဘိန်းစိုက်ခြင်းက ကချင်ပြည်နယ်က ကချင်တိုင်းရင်းသားတွေ အပေါ်မှာလည်း ဆိုးကျိုးများစွာ သက်ရောက်မှု ရှိပါတယ်။

ကချင်ပြည်နယ်အတွင်းက မြို့တွေမှာ ဘိန်းမည်း၊ ဘိန်းဖြူ၊ ရာမ၊ နံပါတ်ဖိုး ဆေးတွေက အခုဆိုရင် ကျပ် ၂၀၀ ဖိုးကနေ စပြီး ပေါပေါလောလော ရရှိနေလို့ လူငယ်တွေ မူးယစ်ဆေး စွဲနေတာ ၊ သေဆုံးကြတာကို မကြာခဏ ကြားရပါတယ်။

ဒီလို ဆိုးကျိုးတွေကို နေ့စဉ်မြင်တွေ့နေရတာကြောင့် ကချင်ပြည်နယ်အတွင်းက ဘာသာရေးခေါင်းဆောင်တွေ ရပ်မိရပ်ဖတွေ လူငယ် တွေက စုပေါင်းပြီး ၂၀၁၄ ခုနှစ် ဧပြီလမှာ ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကို စတင် တည်ထောင်ပြီး ဘိန်းပင်တွေကို ဖျက်ဆီးတာတွေ၊ မူးယစ်ဆေးဝါး သုံးသူတွေကို ဆေးဖြတ်ပေးတာတွေ လုပ်ကြပါတယ်။

ကချင်ပြည်နယ်အတွင်းက ဘိန်းစိုက်ပျိုးနေတဲ့ တနိုင်း၊ ဟူးကောင်း၊ ဖားကန့် ဒေသတွေမှာ ဘိန်းပင်တွေကို ဖျက်ဆီးပြီး နောက်ဆုံး ကျန်ရှိနေတဲ့ အထူးဒေသ(၁)ကို PJS အဖွဲ့ လာရောက်တဲ့အခါ လမ်းမှာ တပ်မတော်က ၈ ရက်လောက် ပိတ်ဆို့ထားတာကိုလည်း ခံခဲ့ရပါတယ်။

အခြားဒေသတွေမှာ ဘိန်းခင်းတွေကို ဖျက်ဆီးနေစဉ် အခင်းပိုင်ရှင်တချို့က သေနတ်နဲ့ ချောင်းမြောင်း ပစ်ခတ်တာတွေ၊ ဓားနဲ့ ခုတ် တာတွေ ခံခဲ့ရပေမယ့် အထူးဒေသ (၁)မှာတော့ လက်ပစ်ဗုံး အသေးစား၊ သေနတ်တွေနဲ့ ပစ်ခတ်တာတွေ PJS အဖွဲ့တွေ စီးလာတဲ့ ကားတွေကို မီးရှို့တာတွေကို မင်းမဲ့စရိုက် ဆန်ဆန် ပုံစံမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး PJS ဘက်က ဒဏ်ရာရသူ ၃၀ အထိရှိခဲ့ပြီး ပြည်သူ့စစ်ဘက်က ၁၉ ဦးကိုလည်း PJS က ဖမ်းဆီးပြီး ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့ ဘိန်းခင်းဖျက်တဲ့ PJS အဖွဲ့တွေကို လုံခြုံရေး ယူပေးခဲ့ပေမယ့် မလုံလောက်ခဲ့ပါဘူး။ PJS အဖွဲ့တွေက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဘိန်းခင်းတွေကို ဆက်ဖျက်ဖို့ လက်နက်နဲ့ လုံခြုံရေးပေးဖို့ တောင်းဆိုခဲ့ပေမယ့် ကချင်ပြည်နယ် အစိုးရအဖွဲ့က လုပ်ပိုင်ခွင့် အပြည့်အ၀ မရှိတာကြောင့် ပြည်ထောင်စုအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို စာပို့တောင်းဆို ထားကြ ပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေက အစိုးရ စီမံကိန်းနဲ့ ဘိန်းပင်တွေကို ဆက်လက် တိုက်ဖျက်သွားမယ်လို့လည်း ပြောနေကြပါတယ်။

ဘာ့ကြောင့် ဘိန်းတိုက်ဖျက်ရေးကို ခါးခါးသီးသီး ဖြစ်နေကြတာလဲ

အထူးဒေသ (၁) ရဲ့ ဒေသခံတွေမှာ အထက်က ပြောခဲ့သလို ဝင်ငွေအတွက် အရေးကြီးဆုံးနဲ့ သူတို့ လုပ်ကိုင်တတ်တာ ဘိန်းပင် တွေ ကို ရှင်သန်အောင် စိုက်ပျိုးပြီး ရောင်းချတာပါပဲ။ ဒါ့ကြောင့် သူတို့ ဘိန်းခင်းတွေကို လာဖျက်ဆီးမယ့် PJS အဖွဲ့ကို ပြင်းပြင်းထန် ထန် တုံ့ပြန်ခဲ့တာပါ။

ဒေသခံတွေ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အနေနဲ့ သူတို့ ဘိန်းခင်းတွွေကို ဖျက်ဆီးမယ်ဆိုရင် အစားထိုး သီးနှံပြန်ပေးဖို့နဲ့ အစားထိုး သီးနှံစိုက်နေတုန်းမှာ စားနပ်ရိက္ခာရရှိဖို့ လိုတယ်လို့ ပြောဆိုကြပါတယ်။
သူတို့အနေနဲ့ ဘိန်းပင်တွေကို ဖျက်မယ့် သူချင်းအတူတူတောင်မှ ဆန်ထောက်ပံ့ပေးမယ့် တပ်မတော်က ဘိန်းပင်ဖျက်တာကိုပဲ ခွင့် ပြုနိုင်မယ့် သဘောထား ရှိကြပါတယ်။

ဒေသခံ ဘိန်းစိုက်တောင်သူတဦးဖြစ်သူ ဦးဒိုင်ခေါင်က“Pat Jasan အနေနဲ့ ကျနော်တို့ ဘိန်းပင်တွေကို ဖျက်ချင်ရင်တော့ ဒေသခံ တွေနဲ့ ညှိနှိုင်း ဖို့လိုပါတယ်။ သူတို့ဘက်ကနဲ့ ကျနော်တို့ကို သေချာလာညှိပြီးမှ အစားထိုး သီးနှံပေးနိုင်မှ ဖျက်စေချင်ပါတယ်”လို့ ပြော ပါတယ်။

ဘိန်းစိုက်သူတွေအနေနဲ့ PJS က ဘိန်းစေး ခြစ်မယ့် အချိန်ကောင်းမှာ လာဖျက်ဆီးတယ်၊ သူတို့ ဝင်ငွေတွေကို လာဖျက်ဆီး တယ် ဆိုပြီး တိုက်ခိုက်ကြတာပါ။

PJS အနေနဲ့လည်း ကိုယ့်ကချင် တိုင်းရင်းသားတွေအပေါ်မှာ ဘိန်းစက်ကွင်းက လွတ်မြောက်စေလိုတဲ့ စေတနာကောင်းနဲ့ လုပ်ဆောင် ခဲ့ပေမယ့် တဖက်က နားလည်မှုလွဲပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တာကြောင့် အဖွဲ့ဝင် ၃၀ ကျော် ထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့ပါတယ်။

PJS ခေါင်းဆောင်တဦးဖြစ်သူ ဦးဂျာလ ကတော့ “အထူးဒေသ (၁)က ဘိန်းခင်းတွေကို ဖျက်ဖို့ဆိုတာ တပ်မတော်က ကူညီမှ ရ တော့ မယ်။ တပ်မတော်မပါဘဲ ကျနော်တို့ ဘိန်းခင်းတွ ဘယ်လိုမှ ဖျက်နိုင်မှာ မဟုတ်ဘူး”လို့ ပြောဆိုပါတယ်။

ကချင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ တာဝန်ရှိသူတွေက ၂၀၁၆ ခုနှစ် အစပိုင်းမှာ အထူးဒေသ (၁)ရှိ ဘိန်းခင်းတွေကို ဖျက်ဆီးပြီး ကုန်စင် သွားပြီလို့ ပြောဆိုခဲ့ပေမယ့် ဘိန်းခင်းတွေက ခန့်မှန်းခြေ ဧက ထောင်နဲ့ချီပြီး ကျန်နေပါသေးတယ်။

အထူးဒေသ (၁)မှာ ရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက တပ်မတော်ရဲ့ လက်အောက်ခံတွေ ဖြစ်တာကြောင့် အဆိုပါ ဒေသက ဘိန်းခင်း ပြဿနာက တပ်မတော်က ပါဝင်ဖြေရှင်းပေးမှသာ ပြေလည်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်အနေနဲ့ ချက်ချင်းကိုင်တွယ် ဆောင်ရွက်မလား။ အစိုးရသစ် တက်လာမှ ကိုယ်တွယ် ဖြေရှင်းမလား ဆိုတာ ကိုတော့ စောင့်ကြည့်ရမှာပါ။

အစိုးရသစ် တက်မလာခင် တပ်မတော်အနေနဲ့ ချက်ချင်း မကိုင်တွယ်ပါက ဒေသခံတွေက နောက်တနှစ်စာအတွက်လည်း ဘိန်းစေး တွေကို ခြစ်ပြီး တရုတ်တွေနဲ့ အရောင်းအဝယ် လုပ်ကြဦးမှာပါပဲ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading