လွန်ခဲ့သော တနှစ်က မြန်မာနိုင်ငံ၏ အဓိကမြို့ဖြစ်သော ရန်ကုန်တွင် ပြည်သူများ လမ်းမပေါ်ထွက် ကခုန်ခဲ့ကြသည်။ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှ မဲများကို ရေတွက်နေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်မည်မှာ ထင်ရှားနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အပြတ်အသတ် အနိုင်ရရှိသော်လည်း အုပ်ချုပ်သော စစ်ဘက်က ရလဒ်ကို လျစ်လျူ ရှုခဲ့သော ၁၉၉၀ နောက်ပိုင်းတွင် ခေတ်ပြောင်းလာခဲ့သည်။ ယခုတကြိမ်တွင် ပြည်ပမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူများလည်း လာရောက်ကြပြီး နိုင်ငံမှာ အသိအမှတ်ပြုခံရရေးအတွက် ပြင်ပကမ္ဘာ အထူးသဖြင့် အနောက်နိုင်ငံများနှင့်ထိတွေ့နေသည်။ ထို့ကြောင့် ကလိမ်ကကျစ်လုပ်ရန် အခွင့်မသာတော့ပေ။
စစ်တပ်၏ကြီးကြပ်မှုဖြင့် ၂၀၀၈ ခုနှစ်တွင် ရေးဆွဲပြီး ပုံစံမမှန်သော ဆန္ဒခံယူပွဲဖြင့် ပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံခြားသားနှင့် အိမ်ထောင်ကျသူ၊ မြန်မာနိုင်ငံသားမဟုတ်သော သားသမီးရှိသူ မည့်သူကိုမဆို နိုင်ငံ့အကြီးအကဲဖြစ်ခွင့် ပိတ်ပင်ထားသဖြင့် NLD ၏ ခေါင်းဆောင်နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတသစ်ဖြစ်လာမည်မဟုတ်သည်ကို လူတိုင်းသိကြသည်။ (ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်သည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ၎င်းတို့၏သားနှစ်ဦးမှာ ဗြိတိန်နှင့်အမေရိကန်နိုင်ငံသားများဖြစ်ကြသည်)
သို့သော် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟူသော ရာထူးတခုကို သူ့အတွက် ဖန်တီးပြီး ယခုနှစ်ဧပြီလတွင် အာဏာရလာသော အစိုးရသစ်၏ ဥပဒေအရ အသိအမှတ်ပြုမခံရသော ခေါင်းဆောင်ဖြစ်လာစေခဲ့သည်။ ယနေ့တွင်မူ စိတ်ပျက်စရာများ အထူးသဖြင့် တိုင်းပြည်လူဦးရေ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်း အထိရှိသော များပြားလှစွာသော လူမျိုးစုလူနည်းစုများအကြား စတင်လာခဲ့ပြီဖြစ်သည်။ သူတို့သည်လည်း NLD ကို မဲပေးခဲ့ကြသူများဖြစ်သည်။
ထိုပါတီ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခြင်းသက်သက်ကြောင့်သာမက ၎င်းတို့အတွက် မြန်မာနိုင်ငံသား အများစုအတွက်၂၀၁၅ ရွေးကောက်ပွဲသည် ရွေးကောက်ပွဲထက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲသဖွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။
NLD သည် စနစ်သစ်ကို ကိုယ်စားပြုခဲ့ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံရေးရှုခင်းကို ဖွင့်ပြီး အခြားပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့စေကာမူ စနစ်ဟောင်းကို ကိုယ်စားပြုခဲ့သည်။ ဤပွဲမှာ အပြောင်းအလဲအတွက် ရွေးကောက်ပွဲဖြစ်သည်။ အပြောင်းအလဲမှာ အစိုးရသစ်ထံမှ ပြည်သူတို့မျှော်လင့်ထားသော အရာ ဖြစ်ခဲ့သည်။
သို့သော် ယခု အများမြင်တွေ့နေရသောအရာမှာ ယခင်အခြေအနေများ ထပ်မံဖြစ်ပေါ်နေခြင်းသာဖြစ်သည်။ မြောက်ဘက်တွင် ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများနှင့် တိုက်ပွဲမှာ လျော့ကျသွားခြင်းမရှိပေ။ တပ်က ပစ်ခတ်ရေး ရဟတ်ယာဉ်များ၊ ဂျက်လေယာဉ်များ၊ အမြောက်ကြီးများ အကူဖြင့် ချီတက်လာသောကြောင့် လူတသိန်းခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြ ရသည်။ (ယခု တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ မူဆယ်နှင့် ကွတ်ခိုင်ကို စစ်ထိုးပြီး စစ်မျက်နှာသစ် ဖွင့်တိုက်ခဲ့ကြပြီ ဖြစ်သည်။ အရပ်သားများလည်း ထိခိုက်သေကြေမှုများ ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်းလည်း ပြတ်တောက်နေသည်။)
သြဂုတ်လကုန်တွင် မြို့တော်သစ်နေပြည်တော်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအနေဖြင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသော အစိုးရ၏တောင်းဆိုချက်ထက် အနည်းငယ်သာ ပိုမိုသော ရလဒ် ဖြစ်လာခဲ့သည်။
ထိုအပစ်အခပ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးခြင်းသည် အစိုးရက ပြောသကဲ့သို့ တိုင်းပြည်၏အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ၏လမ်းစအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အများစုက မမြင်ဘဲ လက်နက်ချခြင်းနှင့်သာ တူညီသည်ဟု ၎င်းတို့က သတ်မှတ်ထားသည်။
အစိုးရတပ်များနှင့် အစ္စလာမ်မစ်စစ်သွေးကြွများကြား သွေးထွက်သံယိုပဋိပက္ခများကြုံတွေ့နေရသော ရခိုင်ပြည်နယ်တွင်လည်း တင်းမာမှုမြင့်မားနေသည်။
အလွန်မျှော်လင့်ထားသော စီးပွားရေးတိုးတက်မှုလည်း ထူးထူးခြားခြား အကောင်အထည်ပေါ်လာခြင်းမရှိပေ။
စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည်၏ ဝါရှင်တန်ခရီးစဉ်အတွင်း အမေရိကန်အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ပြီး ယခုလ ဂျပန်သို့သွားရောက်သောအခါ ဂျပန်အစိုးရက သူ့ကို ၅ နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံ ထောက်ပံ့ရန် ကတိပြုသည်။ သို့သော် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အရူးအမူးမဖြစ်ကြဘဲ အကြောင်းရင်းများမှာလည်း ထင်ရှားလှပါသည်။
နိုင်ငံတကာဖွံ့ဖြိုးရေးကို အထူးပြုသော ဂျာမန်ကုမ္ပဏီတခုဖြစ်သည့် Deutsche Gesellschaft für Internationale Zusammenarbeit က ၎င်း၏ ၂၀၁၅ ဖေဖော်ဝါရီလ အစီရင်ခံစာတခုတွင် အချို့သောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုသော်လည်း “လတ်တလောပြုပြင်ပြောင်းလဲမှုများ ရှိစေကာမူ ဥပဒေရေးရာ မူဘောင်နှင့် ဘဏ်လုပ်ငန်း၏ ဘဏ္ဍာရေးအခြေခံအဆောက်အအုံမှာ နိုင်ငံတကာအဆင့်မမီဘဲ ထိုစနစ်မှာ အရှေ့တောင်အာရှ၏ဖွံ့ဖြိုးမှု အနည်းဆုံးတွင် ဆက်ရှိနေကာ ၎င်း၏ဘဏ္ဍာရေးကြားခံတာဝန်ကို ဖြည့်ဆည်းနိုင်ခြင်းမရှိ”ဟု ဆိုသည်။
မကြာခဏ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း၊ သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုနှင့် အိမ်ခြံမြေဈေးလွန်စွာမြင့်မားခြင်းတို့သည် လွန်စွာလိုအပ်နေသောဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည်။
NLD ၏၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအောင်မြင်ပြီးနောက် မျှော်မှန်းချက်များမှာ မဖြစ်နိုင်လောက်အောင် မြင့်မားနေသည်ဟု ခုခံဆွေးနွေးနိုင်သေးသည်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ဒီမိုကရေစီစနစ်သစ်တခုကို စတင်ရေးအတွက် ရေးဆွဲထားသော ဖွဲ့ စည်းပုံမဟုတ်ဘဲ စနစ်ဟောင်း သက်ဆိုးရှည်ရန်ရေးအတွက် ဖြစ်နေသည်။
ထိုဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်သည် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍကို ရယူထားသည်။ တပ်က အရေးအပါဆုံး ဝန်ကြီး ၃ဦးဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများကို ခန့်အပ်သည့်အပြင် နိုင်ငံနှင့်ဒေသဆိုင်ရာ လွှတ်တော်များ၏ ၄ ပုံ တပုံကိုလည်း ခန့်အပ်သည်။
ဖွဲ့စည်းပုံမှ အရေးပါသောပြဌာန်းချက်များကို ပြင်ဆင်ရန် လွှတ်တော်အမတ် လေးပုံသုံးပုံကျော်၏ထောက်ခံမဲ လိုအပ်ပြီး လက်ရှိစနစ်ကို ဒီမိုကရေစီကျအောင် ပြင်ဆင်ရန် မည်သည့်အားထုတ်မှုကိုမဆို တပ်က ဗီတို အာဏာဖြင့် ပယ်ချနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ တပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေပြီး အစိုးရ သို့မဟုတ် မည်သည့်ရွေးကောက်ခံအဖွဲ့ အစည်း၏အမိန့်ကိုမျှ မနာခံဘဲ ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကိုသာ နာခံခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ကို ရွေးချယ်လိုက်သော ပြည်သူများနှင့် စစ်တပ်အကြား ကြိုးတန်းပေါ်လမ်းလျှောက်နေရကာ သူ့ဖခင်၏ တပ်ကို မည်မျှချစ်ကြောင်း ဗိုလ်ချုပ်ကြီးများ ကျေနပ်စေရန် ပြောပြနေရသည်။
သူ့ဖခင်လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ၏ပထမဆုံးလက်နက်ကိုင်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း ထိုတပ်ဖွဲ့သည် ယနေ့မြန်မာ့တပ်မတော်နှင့် တူညီသည့်အချက် မရှိသလောက်ပင်ဖြစ်သည်။ လုံးဝကွဲပြား ခြားနားသောအခြေအနေတရပ်မှာ ယနေ့မြန်မာ့တပ်မတော်သည် ပြည်တွင်းစစ်မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး လွတ်လပ်ရေးတိုက်ပွဲမှ မွေးဖွားပေးသော တပ်မတော် မဟုတ်တော့ပေ။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်ကို အလွန်အကျွံ ချော့မော့နေရသည်ဟူသော ခံစားချက်မျာကို လူမျိုးစု များ ခံစားနေရသည်။ “ကျမ သူ့ကို ဝေဖန်ရတာ စိတ်ကုန်လာပြီ” ဟု ဗုဒ္ဓဘာသာလွှမ်းမိုးသော မြန်မာနိုင်ငံမှ ခရစ်ယာန်ဘာသာဝင်လူငယ်တဦးဖြစ်သည့် မစတယ်လာနော် က ပြောသည်။
“သူ့ကို စစ်တပ်ကြိုးကိုင်ထားတာ၊ သူအရင်က ရခဲ့တဲ့လူမျိုးစုတွေနဲ့ နိုင်ငံရေးအရ တိုးတက်တဲ့မြန်မာတွေရဲ့ထောက်ခံမှုကို ဆုံးရှုံးနေပြီ”ဟု သူက ပြောသည်။
တိုးတက်သောမြန်မာများက သူ့ကို ကျော်ကြားလှသော “ဗိုလ်အောင်ဒင်” ရုပ်ရှင်မှ မမြဝင်းနှင့် နှိုင်းယှဉ်ကြသည်။ မမြဝင်းမှာ ဓားပြဗိုလ်တဦးက ပြန်ပေးဆွဲခံထားရပြီး သူ့ကိုကယ်တင်နေသော ရဲများဘက်မှ မရပ်တည်ဘဲ ထိုဓားပြဗိုလ်ဘက်မှ ရပ်တည်သော အမျိုးသမီးတဦးဖြစ်သည်။ တနည်းဆိုရပါက မြန်မာပုံစံ စတော့ဟုမ်းရောဂါ (Stockholm syndrome) ဟု ဆိုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်လွှမ်းမိုးသော အုပ်ချုပ်ရေးကို အဆုံးသတ်လိုသော လူထုထက် သူ့ကို ၁၅ နှစ်မျှ နေအိမ်အကျယ်ချုပ်ချထားခဲ့သော တပ်နှင့် ပိုမိုနီးကပ်နေပုံရသည်။
ဤသည်မှာ ပြင်းထန်သော ဝေဖန်မှုများဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါမှာ ကျဆင်းနေသည်။ “ကျမတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကင်းလွတ်တဲ့ အသစ်ကနေ ပြန်စရမယ်” ဟု စတယ်လာနော်က ပြောသည်။
NLD ပါတီ၏ အောင်ပွဲသည် ရန်ကုန်မြို့၏ လမ်းများနှင့် နေရာတကာသို့ ရောက်ခဲ့ပြီး နောက်တနှစ်အကြာတွင် ခါးသီးသောအမှန်တရားမှာ စတင်ပေါ်ပေါက်လာပြီဖြစ်သည်။ ဒီမိုကရေစီသူရဲကောင်းလုပ်ရသည်မှာ ပြည်တွင်းစစ်၊ လူမျိုးစုနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် တစစီဖြစ်နေသောနိုင်ငံကို အုပ်ချုပ်ရသည်ထက် များစွာပိုမိုလွယ်ကူလှပါသည်။
မြန်မာနိုင်ငံသည် ၁၉၆၀ ခုနှစ်များအစောပိုင်းမှစ၍ ပထမဆုံးအကြိမ် အရပ်သားအစိုးရတရပ်ရလာခဲ့သော်လည်း စစ်တပ်သည် မောင်းနှင်သူနေရာတွင် ရှိနေဆဲပင်ဖြစ်သည်။
(South China Morning Post ပါ Bertil Lintner ၏ One year on in Myanmar, Is Suu Kyi’s halo slipping? ကို ဘာသာပြန်ဆိုသည်။)