နိုင်ငံသားဖြစ်မှု ပြဿနာတွင် လက်ရှိကြုံနေရသည့် ပြဿနာမှာ လူမျိုးအမည် ပြဿနာ ဖြစ်သည်။ ဘင်္ဂါလီ မွတ်စလင် များက ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာလူမျိုးများ ခေါ်ဝေါ် သတ်မှတ်ထားကြသည်။
၎င်းရိုဟင်ဂျာလူမျိုး ဆိုသည်နှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ် ၆၀ ကျော်မှစ၍ အငြင်းပွားမှု ဖြစ်ခဲ့သည်ဟု ဆိုရမည်။
ရိုဟင်ဂျာ ဟူသည့် ဝေါဟာရကို စတင်သုံးနှုန်းသည်ကို တွေ့ရသည်မှာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၈ ရက် ဂါးဒီးယန်း သတင်းစာပါ ထိုစဉ် ဘူးသီးတောင် အမတ်ဖြစ်သူ အယ်ဒူဂါဖါ၏ ဆောင်းပါးတွင် ဖြစ်သည်ဟု ရခိုင် သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ထောက်ပြထားခဲ့ပါသည်။
အယ်ဒူဂါဖါသည် ဘင်္ဂလားဒေ့ရှ် ဒက်ကာ တက္ကသိုလ်မှ ဘွဲ့ရသည့် စစ်တကောင်းသား တဦးဖြစ်ပြီး အင်္ဂလိပ်ခေတ်က ပညာ ဝန်ဖြစ်ခဲ့သူ တဦး ဖြစ်သည်။
သူ၏အဆိုအရ မောင်တော၊ ဘူးသီးတောင်ရှိ မွတ်စလင်များသည် အေဒီ ၇ ရာစု၊ ၈ ရာစု ကတည်းက အခြေစိုက် နေထိုင် ခဲ့ကြသည့် အာရပ်ကုန်သည်များ၏ အဆက်အနွယ်များ၏ အဆက်အနွယ်များဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် အဆက်အသွယ်မရှိ။ နယ်သစ်ပယ်သစ် ရှာဖွေလာသော အာရပ်ကုန်သည်နှင့် စစ်သည်တော်များဖြစ်ပြီး ထိုစဉ်က ဒေသခံ အကြီးအကဲများက အသိမှတ်ပြုခဲ့ကြသည်ဟု ဆိုသည်။
ထိုအဆက်အနွယ်များမှာ ရိုဟင်ဂျာ ရှေးရိုးစွဲ မွတ်စလင်များ အဖြစ် ၇ ရာစုကတည်းက ရခိုင်ပြည်နယ်တွင်း ရောက်ရှိ အမြစ် တွယ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရခိုင်သို့ ဗုဒ္ဓဘာသာသည် အနော်ရထာမင်း လက်ထက် အေဒီ ၁၀၄၄ လောက်မှ စရောက်သည်ဟု ဆိုကြသေးသည်။
ထိုအချိန်မှစ၍ မွတ်စလင် ပညာတတ် လူငယ်များ၏ လှုံ့ဆော်မှုဖြင့် ရခိုင်-မွတ်စလင် ဟူ၍ လည်းကောင်း၊ ရိုဟင်ဂျာဟူ၍ လည်းကောင်း သုံးစွဲမှုများ စတင်ခဲ့သည်။
ဤလှုပ်ရှားမှုနှင့်အတူ ရိုဟင်ဂျာ အဖွဲ့အစည်းများ ထူထောင်လာခဲ့ကြသည်။ ၁၉၅၆ ခုနှစ်တွင် ရိုဟင်ဂျာ ညီညွတ်ရေး အစည်း အရုံး နှင့် ၁၉၅၉ ခုနှစ်တွင် ရိုဟင်ဂျာ လူငယ်များ အစည်းအရုံး ကိုဖွဲ့စည်းပြီး မောင်တော၊ ဘူးသီးတောင်ဒေသတွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင် နောက်ထပ် ရိုဟင်ဂျာ အစည်းအရုံး ၄ ခု ထပ်မံပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ –
၁။ ရိုဟင်ဂျာ ကျောင်းသားများ အစည်းအရုံး
၂။ ရိုဟင်ဂျာ အလုပ်သမားများ အစည်းအရုံး
၃။ ရိုဟင်ဂျာ တက္ကသိုလ် ကျောင်းသားများ အစည်းအရုံး
၄။ ရိုဟင်ဂျာ ဂျမီယတ်အာလ်အူလ်မာ အဖွဲ့ တို့ဖြစ်ပြီး အမှတ်စဉ် ၁၊ ၂ နှင့် ၃ တို့သည် ရန်ကုန်တွင် အခြေစိုက်ပြီး အမှတ် စဉ် ၄ အဖွဲ့မှာ ရန်ကုန်၊ မောင်တော၊ ဘူးသီးတောင် ဒေသများတွင် အဖွဲ့ခွဲများ ဖွဲ့စည်းထားသည်။
အဆို ပါရိုဟင်ဂျာ အသုံးအနှုန်းအား ဖဆပလ ခေါင်းဆောင်တချို့နှှင့် တပ်မတော်မှ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ လက်ခံ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်က ထုတ်ပေးသည့် သုံးခေါက်ချိုး မှတ်ပုံတင်တွင်လည်း လူမျိုး နေရာတွင် ရိုဟင်ဂျာ ဟူ၍ရေးသား သုံးစွဲခဲ့သည်ကို တွေ့ရသည်။
၁၉၆၀ ခုနှစ် သန့်ရှင်း ဖဆပလ အစိုးရ တက်လာပြီးနောက်တွင် မြန်မာ့အသံ အသံလွှင့်အစီအစဉ်၌ ရိုဟင်ဂျာ အစီအစဉ် ထည့်သွင်း ထုတ်လွှင့်သည်ကို တွေ့ရသည်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း ထိုအသံလွှင့်အစီအစဉ်များ ရပ်ဆိုင်းခဲ့ပြီး ရိုဟင်ဂျာ အဖွဲ့အစည်းများ လည်း ဖျက်သိမ်းခံခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည့် ဝေါဟာရကို အစိုးရနှင့်တပ်မတော် လက်ခံသုံးစွဲခြင်း မရှိတော့ပေ။
သို့သော် ယခုအခါ ရခိုင်ပြည်နယ်တွင်းတွင် လည်းကောင်း၊ ပြည်ပမှ လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေး လှုပ်ရှားနေသူများက ရိုဟင်ဂျာ ဟုသာ ရပ်ခံသုံးစွဲနေကြသည်ကို တွေ့ရှိရသည်။
ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ မွတ်စလင်များ ဝင်ရောက်လာခြင်း
ရိုဟင်ဂျာ ဆိုသည့်သမိုင်း ဖော်ထုတ်လာကတည်းက ရခိုင် သမိုင်းပညာရှှင်များ၊ ရခိုင်နိုင်ငံရေးသမားများက လက်မခံဘဲ ပြင်းပြင်း ထန်ထန် ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ လက်သင့်ခံဖွယ်ရာမရှိဟု တုံ့ပြန်ခဲ့ကြ သည်။
ရခိုင်၏ ထင်ရှားသော သမိုင်း အထောက်အထားများဖြစ်သည့် အာနန္ဒစန္ဒြမင်းကြီး၏ ကျောက်စာ ဓညဝတီမြို့ဟောင်း၊ ဝေသာလီမြို့ဟောင်း၊ ဝေသာလီခေတ် ဒင်္ဂါးများ စသည့် ထင်ရှားသော သမိုင်းအထောက်အထား များအရ ၇ ရာစုမှ ၁၀ ရာစု အထိ ဝေသာလီခေတ် တွင် ရခိုင်တွင် ဗုဒ္ဓဘာယဉ်ကျေးမှု ထွန်းကားပြန့်ပွားနေပြီး ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့်အတူ ရောနှောပျံ့နှံ့နေသည်မှာ ဟိန္ဒူယဉ်ကျေးမှု ဖြစ်သည်ကိုတွေ့ရသည်။
ဝေသာလီခေတ်၌ မွတ်စလင်ဘာသာ ရောက်ရှိသည့် အထောက်အထား မှတ်တမ်းမတွေ့ရပေ။
ခေတ်ပြိုင် အိန္ဒိယ သမိုင်းကို လေ့လာကြည့်လျှင်လည်း မွတ်စလင်ဘာသာ ပျံ့နှံ့မှုသည် အေဒီ ၇ ရာစုမှ ၁၀ ရာစု ကြား ကာလ အထိ အိန္ဒိယအနောက်ဘက်ကမ်းတွင်သာ ရပ်တန့်နေသည်ကို တွေ့ရသည်။ ရခိုင်နှင့်ထိစပ်နေသည့် အိန္ဒိယ အရှေ့ပိုင်း ယခု ဘင်္ဂလားဒေ့ရှ် ဒေသသို့ပင် ရောက်လာခြင်း မရှိသေးပေ။
ထို့ကြောင့်လည်း ရိုဟင်ဂျာဟု ဆိုသူများက ၎င်းတို့သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် မသက်ဆိုင်ဘဲ အာရပ်မှ တိုက်ရိုက် ရောက်လာသူများဟု ဆိုကြပုံရသည်။ သို့သော် ထိုသို့ဆိုသော်လည်း အခိုင်အမာ သက်သေပြစရာ သမိုင်း အထောက်အထားများ မတွေ့ရပါ။
ရခိုင်ပြည်နယ်ရှိ ထင်ရှားသော သမိုင်း အထောက်အထားများ အရ ရခိုင်ပြည်နယ်သို့ မွတ်စလင်ဘာသာဝင်များ ရောက်ရှိ လာပုံအား သမိုင်း အထောက်အထားဖြင့် အဓိကအားဖြင့် ၃ ပိုင်းခွဲခြား တွေ့မြင်နိုင်သည်။
ပထမဦးဆုံး အနေဖြင့် ဝင်ရောက်လာခဲ့သည်မှာ မြောက်ဦးခေတ်ဘုရင် မင်းဘာကြီး လက်ထက် ၁၅၃၁ ခုနှစ်၌ ဘင်္ဂလား စစ်တကောင်းနယ်ကို တိုက်ခိုက် သိမ်းပိုက် နယ်မြေချဲ့ထွင်ရာမှ အစပြုသည်။ စစ်နိုင်သူ မင်းဘာကြီးသည် သောင်းဒေး ကျွန်းမှ ဆားချက်သည့် မွတ်စလင်ဘာသာဝင် ၄၀၀၀ ခန့်ကို ဖမ်းဆီး ခေါ်ဆောင်လာပြီး သံတွဲရှိ ဘုရားသုံးဆူတွင် ဘုရား ဝေယျာဝစ္စ လုပ်ရန် ဘုရားကျွန်များအဖြစ် နေရာချထားခဲ့သည်။
ယင်းတို့မှာ ရခိုင်တွင် သမိုင်း အထောက်အထားဖြင့် မွတ်စလင်ဘာသာဝင်များ စတင်ဝင်ရောက်သည်ဟု မှတ်တမ်း ဝင် သည်။
မင်းဘာကြီး၏မြေးဖြစ်သူ မင်းရာဇာကြီးခေတ်တွင် ၎င်း၏သားဖြစ်သူ မင်းခမောင်း ပုန်ကန်ရာတွင် အဆိုပါသံတွဲရှိ မွတ်စလင်များကို စည်းရုံးပြီး ပါဝင်စေခဲ့သည်။ ထိုပုန်ကန်မှုများ အရေးနိမ့်သောအခါ မွတ်စလင်ဘာသာဝင် ၃၇၀၀ ခန့်သည် ဗမာဘုရင် ပိုင်နက် မြေဒူးသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
၁၇၈၄ ခုနှစ် ဘိုးတော်ဘုရား ရခိုင်ကို လာတိုက်သောအခါ အဆိုပါ မြေဒူး မွတ်စလင်ဘာသာဝင်များအား တပ်ဖွဲ့တခုအဖြစ် ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး သံတွဲတွင်ပြန်လည် အခြေစိုက်ကြသည်။ ထို့ကြောင့် ၎င်းတို့အား မြေဒူး မွတ်စလင်ဘာသာ ဝင် များ ဟု ခေါ်ကြသည်။ ၎င်းတို့သည် မွတ်စလင်ဘာသာဝင်များ ဖြစ်ကြသော်လည်း ဗမာစကားပြော၍ ဗမာလိုပင် ဝတ်စား ကြသည်။
ဒုတိယ အနေနှင့် ဝင်ရောက်လာကြသူများမှာ အိန္ဒိယနန်းလုပွဲမှ အရေးနိမ့်ပြီး ဝင်ရောက်ခိုလှုံလာကြသူများ ဖြစ်သည်။
၁၆၅၇ ခုနှစ် မဂိုဘုရင် ရှာဂျဟန် (Shar Jahan) နားမကျန်းဖြစ်စဉ် နန်းလုသူ မဂိုမင်းသားငယ် သျှသျူဂျာ(Shah Shuja) နှှင့် နောက်လိုက်၂၀၀ ခန့်သည် မြောက်ဦးဘုရင် (၁၆၅၂-၁၆၈၄)ထံခိုလှုံလာခဲ့သည်။
၎င်းတို့သည် အာဖဂန် အနွယ် ပါရှန် လေးသည်တော်များ ဖြစ်ကြရာ လေးဟု အဓိပ္ပာယ်ရသော ပါရှန်စကားဖြစ်သည့် ကမန်ဟု ခေါ်တွင်ခဲ့ကြသည်။
ထို ကမန်များသည် နောက်ပိုင်းတွင် ရခိုင်နန်းလုပွဲများတွင် ပါဝင် ပတ်သက်လာခဲ့၍ ၁၇၁၀- ၁၇၃၁ ခုနှစ် စန္ဒဝိဇယမင်း လက်ထက်တွင် ရမ်းဗြဲကျွန်း နောင်တွင်သံတွဲသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ သံတွဲမြောက်ဘက်၌ ရွာ၄ ရွာ တည်၍ နေရာ ချပေးခဲ့သည်။ အဆိုပါ သံတွဲရှိ မြေဒူးနှင့်ကမန် လူဦးရေမှာ ၁၉၁၁ ခုနှစ် အင်္ဂလိပ်ခေတ် စာရင်းအရ ၃၅၇၆ ဦး ရှိသည်။ ကမန်များသည် ရခိုင်စကားပြော၍ ဝတ်စားဆင်ယဉ်မှုမှာလည်း ရခိုင်တို့နှင့်မခြားပေ။
ထို့အပြင် မြောက်ဦးခေတ်တွင် အင်အားတောင့်တင်းသည့် ရခိုင်ဘုရင်များလက်ထက်တွင် စစ်တကောင်နယ်သို့ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လေ့ရှိပြီး ဖမ်းမိလာသည့် စစ်သုံ့ပန်းများကို ကျွန်အဖြစ် အသုံးပြုလေ့ ရှိသကဲ့သို့ ပေါ်တူဂီ ကုန်သည် များနှင့်လည်း ကျွန်အရောင်းအဝယ် ပြုကြသည်ကို မှတ်တမ်းများတွင် တွေ့ရသည်။
ဘင်္ဂလား စစ်တကောင်းနယ်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် မြောက်ဦးခေတ် ဘုရင် ၉ ဦး ရှိခဲ့ရာ ထိုဘုရင် ၉ ဦး ခေတ် တွင် ထုတ်လုပ်သည့် ဒင်္ဂါးတချို့တွင် အာရေဗျ စာများနှင့် ထုတ်သည်ကို တွေ့ရပြီး စစ်နိုင်သည့် ဘင်္ဂလားနယ်များ တွင် အသုံးပြုပုံရသကဲ့သို့ စစ်အောင်နိုင်ခြင်း အထိမ်းအမှတ်လည်း ဖြစ်ပုံရသည်။
သို့ဖြစ်ရာ မြောက်ဦးခေတ် တလျှောက် စစ်နိုင်သည့် ဘုရင်များ ဖမ်းဆီးခေါ်ဆောင်လာသည့် မွတ်စလင်ဘာသာဝင် တချို့ လည်း ဝင်ရောက်လာသည်ဟု ဆိုရမည်။
တတိယအနေနှင့် အလုံးအရင်းနှင့် ဝင်ရောက်လာသည်မှာ အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးသည့် ၁၈၂၅ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ကြောင်း တွေ့ရသည်။
အင်္ဂလိပ် ကိုလိုနီခေတ်၌ ဝင်ရောက်လာခြင်း
၁၈၂၅ ခုနှစ် ရခိုင်ကို အင်္ဂလိပ်နယ်ချဲ့တို့ သိမ်းပိုက်သည်မှစ၍ တတိယအကြိမ် အဖြစ် အိန္ဒိယတိုက်သား ဟိန္ဒူ ဘာသာဝင် ရော၊ မွတ်စလင်ဘာသာဝင်ရော ၎င်းတို့၏ အကူအလုပ်သမား တပ်သား စသဖြင့် အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ယန္တရား ၏ အစိတ်အပိုင်းအဖြစ် စတင်ပါဝင်လာသည်။
အင်္ဂလိပ်တို့ စတင်ဝင်ရောက်ချိန်တွင် ရခိုင်၌လူဦးရေ နည်းပါးနေသည်။ အင်းဝဘုရင်က ရခိုင်ကို သိမ်းပိုက်ပြီးနောက် ရခိုင် အများအပြားသည် အင်္ဂလိပ်ပိုင်နက် အိန္ဒိယနယ်ထဲသို့ ထွက်ပြေး ခိုလှုံခဲ့ရာ ရခိုင်ပြည်နယ်အတွင်း လူဦးရေ အထူး လျော့ ကျ နေခဲ့သည်။
အင်္ဂလိပ်တို့ ရခိုင်သိမ်းပြီး နောက်မှသာလျှင် တိမ်းရှောင်နေသော ရခိုင်များ တစတစ ပြန်လည် အခြေချ နေထိုင်လာကြ သည် ဟု ဆိုပါသည်။
၁၈၆၉ ခုနှစ် စူးအက် တူးမြောင်း ပွင့်ပြီးနောက် ၁၈၇၁ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေး တခေတ်ဆန်းခဲ့သည်ဟု သမိုင်း ပညာရှင် များက မှတ်တမ်းပြုပါသည်။
ရခိုင်သာမက မြန်မာပြည်အောက်ပိုင်း ဒေသများကိုပါ သိမ်းပိုက်ပြီးသော အင်္ဂလိပ်နယ်ချဲ့တို့သည် အိန္ဒိယမှ အလုပ်သမား အမြောက်အများအား ရခိုင် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းတို့သို့ ခေါ်ယူတင်သွင်းလာပြီး ဆန်စပါး စိုက်ပျိုးရေးကို တိုးချဲ့ လုပ်ဆောင်၍ အနောက်တိုင်းသို့ ပို့ဆောင်နိုင်ရန်ကြိုးပမ်း ခဲ့တော့သည်။
ရခိုင်ပြည်နယ်တွင်းသို့ ရေလမ်းမှသာမက တောင်ပြိုလက်ဝဲ၊ မောင်တော၊ ဘူးသီးတောင်တို့မှ ခေါ်ယူလာခဲ့သည်။ သယ်ယူ ပို့ဆောင်ရေး လွယ်ကူစေရန် မောင်တော၊ ဘူးသီးတောင် ရထားလမ်းပင် ဖောက်လုပ်ခဲ့သေးသည်။
၁၉၃၈ ခုနှစ် ရန်ကုန်၌ အစပြုသည့် ကုလား-ဗမာ အရေးအခင်းပြီးနောက် အင်္ဂလိပ်တို့က စုံစမ်းရေးကော်မတီ တခု ဖွဲ့ စစ်ဆေးခဲ့ပြီး ထိုကော်မတီက မြန်မာနိုင်ငံတွင်းသို့ အိန္ဒိယမှ အလုပ်သမားတင်သွင်းမှု ကန့်သတ်ရန် မြေယာကိစ္စပြုပြင်ရန် အကြံပြုပြီးနောက် ထိုကော်မတီ၏ ထောက်ခံချက်ဖြင့် အင်္ဂလိပ် အစိုးရသည် စီးပွားရေး ပညာရှင် ဂျိမ်းစ် ဘက်စ်တာ (James Baxter) ခေါင်းဆောင်သည့် ဆက်လက်စုံစမ်းရေး ကော်မရှင်တခု ဖွဲ့စည်းခဲ့သည်။
ထိုကော်မရှင်အား မြန်မာနိုင်ငံတွင်းသို့ ဝင်လာသူ အိန္ဒိယသားများ ကိစ္စအား စုံစမ်းပေးရန် အင်္ဂလိပ်အစိုးရက မေတ္တာရပ်ခံ ခဲ့သည်။
ကော်မရှင်တွင် ဥက္ကဌ အဖြစ် မစ္စတာ ဂျိမ်းစ် ဘက်စ်တာ (နောင် မြန်မာပြည်ဘုရင်ခံ၏ အတိုင်ပင်ခံ အရာရှိ) ဆောင်ရွက်ပြီး ICS ဦးတင်ထွဋ်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခ မစ္စတာ အာဒီဆိုင်း တို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြသည်။
ထို အစီရင်ခံစာအရ ရခိုင်သို့ ဝင်ရောက်လာသည့် အိန္ဒိယသားများ၏ အခြေအနေကို ကောင်းစွာတွေ့မြင်နိုင်သည်။ ကော်မရှင် အစီရင်ခံစာ အခန်း ၇ စာမျက်နှာ ၄၉ တွင် ၁၉၃၀ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ရခိုင် တိုင်းအတွင်း ဝင်ရောက်လာသော အိန္ဒိယသားများ၏စာရင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
ရခိုင်တိုင်း လူဦးရေ ၁၁၀၈၅၃၈ ဦး၊ အိန္ဒိယတိုင်းရင်းသား ဦးရေ ၂၁၇၈၀၁ ဦး ဟု ဖော်ပြသည်။
ခရိုင်အလိုက် ပြန့်ကျဲနေသည့် အိန္ဒိယသား အရေအတွက်ကို အောက်ပါအတိုင်း ဆက်လက်ဖော်ပြသည်။
စစ်တွေခရိုင်၂၁၀၉၉၀ ဦး (ထိုစဉ်က မောင်တော၊ ဘူးသီးတောင်သည် စစ်တွေခရိုင် အတွင်း ပါဝင်သည်) ၊ ရခိုင် တောင်တန်း ဒေသ ဦးရေ ၅၀၀၊ ကျောက်ဖြူခရိုင် ၄၃၂၁ ဦး၊ သံတွဲခရိုင် ဦးရေ ၁၉၉၀ တိ့ုဖြစ်သည်။
၁၉၃၀ ခုနှစ် စာရင်းအရ ရခိုင်တွင် အိန္ဒိယတိုင်းရင်းသား ဦးရေသည် ၂၀ ရာခိုင်နှုန်းပင် မရှိပေ။
ထိုစဉ် စစ်တွေခရိုင်အတွင်း လူဦးရေ ၆၃၇၅၈၀ ရှိပြီး ၂၁၀၉၉၀ မှာ အိန္ဒိယတိုင်းရင်းသားများဖြစ်ပြီး ရခိုင်ရှိ အိန္ဒိယသား အားလုံး၏ ၉၇ ရာခိုင်နှုန်း ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယတွင် ဖွားမြင်သူ ၄၄၀၀၀ ရှိပြီး ရခိုင်တွင် ဖွားမြင်သူ ၁၆၇၀၀ ရှိသူဟု ဆိုသည်။
အိန္ဒိယမှ လယ်ယာလုပ်ငန်းတွင် လယ်ကူလီ လာလုပ်သူများသည် မူလက လယ်ယာလုပ်ငန်းချိန်တွင်သာ လာရောက် ကြ သော်လည်း နောင်တွင် မပြန်ကြတော့ဘဲ အခြေချ နေထိုင်လာကြသည်ကို တွေ့ရသည်။ ထိုစဉ်က စစ်တွေခရိုင်အတွင်း မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့ ပါဝင်ကြသည်။
စစ်တွေခရိုင်တွင်း ပျံ့နှံ့နေထိုင်သော အိန္ဒိယသားများ၏ မျိုးနွယ်ကို အောက်ပါအတိုင်း ခွဲခြားဖော်ပြသည်ကို တွေ့ရသည်။ စစ်တကောင်းသား ၁၈၆၃၂၇ ဦး၊ ဘင်္ဂါလီ (စစ်တကောင်းသား မဟုတ်သူ) ၁၀၉၉၈ ဦး၊ ဟိန္ဒူ ၂၉၅၅ ဦး၊ အူရီယာ ၃၈၀၉ ဦး ဟူ၍ ဖော်ပြသည်။
ပြည်သူ့ ကျန်းမာရေးဌာန ညွှန်ကြားရေးဝန်၏ ၁၉၃၀ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ တနှစ်လျှင် စစ်တကောင်း သား ကူလီ ၄၀၀၀၀ ခန့် ဝင်ရောက်လေ့ ရှိကြောင်း၊ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ချိန်တွင် စစ်တွေခရိုင် အတွင်း အိန္ဒိယတိုင်းရင်းသား စုစုပေါင်း၂၅၁၉၄၅ ဦး ရှိကြောင်း ဖော်ပြပါသည်။
၁၉၃၄ ခုနှစ်တွင် ရခိုင်တိုင်းအတွင်း စစ်တကောင်းသား ဝင်ရောက်မှုမှာ၂၀၀၀၀ ခန့် ရှိသည်ဟု ဆိုပါသည်။
ယခုအတိုင်းသာ ရခိုင်သို့ စစ်တကောင်းသားများ အဆက်မပြတ် ဝင်ရောက် လာနေခြင်းကို မတားဆီးပါက နောင်တွင် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားမည်ကို စိုးရိမ်ရသည်ဟု စုံစမ်းရေးကော်မရှင်က သုံးသပ်တင်ပြခဲ့သည်ကို တွေ့ရသည်။
အင်္ဂလိပ် ကိုလိုနီခေတ် ဂျိမ်းစ် ဘက်စ်တာ အစီရင်ခံစာသည် ရခိုင်သို့ အိန္ဒိယတိုင်းရင်းသားများ ဝင်ရောက်လာပုံကို ဖော်ပြသည့် ခိုင်မာသော သက်သေ အထောက်ထားဟု ဆိုရပါမည်။
ထိုစာရင်းအရ အိန္ဒိယတိုင်းရင်းသားများတွင် စစ်တကောင်းသား (ရခိုင်တိုင်းရင်းသားများက စစ်တကောင်းကုလား ဟု ခေါ်ကြသည်) ဟုခေါ်သည့် မွတ်စလင်ဝင်ဘာသာဝင် ဘင်္ဂါလီများဖြစ်ကြပြီး ဟိန္ဒူနည်းပါးသည်ကို တွေ့ရသည်။
ထို့အပြင် ဘင်္ဂလားစစ်တကောင်း ဒေသမှ လူများသည် ၎င်းတို့နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မောင်တောမြို့နယ် အတွင်းတွင်လည်း ဝင်ရောက်အခြေချ နေထိုင်လာကြသည်။
ဤသို့နှင့် ဘင်္ဂလားစစ်တကောင်း နယ်သား ဘင်္ဂါလီမွတ်စလင် အများအပြားသည် ရခိုင်တိုင်းအတွင်းသို့ အင်္ဂလိပ်ခေတ် တွင် အင်္ဂလိပ်တို့၏ အကျိုးအမြတ်များ အတွက် တံခါးမရှိ၊ ဓားမရှိ ခေါ်သွင်းခဲ့မှုကြောင့် အမြောက်အများ ဝင်ရောက်လာ ခဲ့သည်ကို ထိုအစီရင်ခံစာအရ တွေ့မြင်နိုင်သည်။
၁၉၃၅ ခုနှစ် ခွဲရေးတွဲရေး ဥပဒေ ပေါ်ထွက်လာပြီး အိန္ဒိယနိုင်ငံမှ ခွဲထွက်ရန် ဆုံးဖြတ်ချက်အရ အိန္ဒိယခေါင်းဆောင် ဆာကာနှင့် မြန်မာနန်းရင်းဝန် ဂဠုန်ဦးစောတို့ လူဝင်လူထွက် စာချုပ်တခု ချုပ်ဆိုခဲ့သည်။ ထိုခွဲထွက်ရေးကို စတင် ဆွေးနွေးသည်နှင့် နောင်တွင် မြန်မာ ပြည်ဝင်ခွင့်မရမည်ကို စိုးရိမ်သည့် အိန္ဒိယသား အမြောက်အများသည် ထိုကာလ၌ အလုံးအရင်းနှင့် ဝင်လာခဲ့သည်ဟု ဆိုသည်။
ထိုမှတွေ့ရသည်မှာ ဗြိတိသျှက ရခိုင်ကိုသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးအရ ဗြီတိသျှ အိန္ဒိယနယ်အတွင်း၌ ထည့်သွင်း ထားရာ တိုင်းပြည်အပိုင်းအခြား ပြုသည့် ၁၉၃၅-၃၇ အထိ ဗြီတိသျှ လက်အောက်ခံ တနယ်တည်း ဖြစ်နေ၍ အတား အဆီး မရှိ ဝင်ရောက်ခဲ့နိုင်သည်ဟု ဆိုရပါမည်။
ထို့အပြင် ဂျိမ်းစ် ဘက်စ်တာ အစီရင်ခံစာ၌ လည်းကောင်း၊ ရခိုင်ကို ၁၈၂၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း ၁၂၃ နှစ် တိုင် အုပ်ချုပ်ခဲ့သော အလွန်တရာ စေ့စပ်သေချာသည့် အင်္ဂလိပ်အစိုးရ၏ တရားဝင် ပြန်တမ်းများတွင် လည်းကောင်း ဖော်ပြ သည့် တိုင်းရင်းသား လူမျိုးများ အမည်စာရင်းတွင် ရိုဟင်ဂျာ ဆိုသည့်လူမျိုး ပါဝင်ခဲ့ခြင်း မရှိပါ။ အိန္ဒိယမှ ဝင်ရောက် လာသည့် အိန္ဒိယတိုင်းရင်းသားများ၊ စစ်တကောင်းသားများ၊ ဘင်္ဂါလီများ၊ ဟိန္ဒူများဟုသာ ဖော်ပြသည်ကို တွေ့မြင်ခဲ့ရ သည်။
ဗြိတိသျှ အမှတ် ၁၄ တပ်မတော်မှ ဗိုလ်မှူးချုပ် စီအီး လူးကပ် ဖီးလစ် (C.E Lucas Philips) က “မွတ်စလင်များ၏ ဇစ်မြစ်မှာ ဗြိတိသျှ အိန္ဒိယပိုင် ဘင်္ဂလားနယ် စစ်တကောင်းခရိုင် ဖြစ်သည်။ မွတ်စလင်များအားလုံးသည် ရခိုင်ပြည်တွင် မျိုးဆက် ပေါင်း များစွာ များစွာ အခြေချ နေထိုင်လာခဲ့သည်ဖြစ်စေ၊ လောလောလတ်လတ် ရွှေ့ပြောင်း ဝင်ရောက်လာသူများ ဖြစ်စေ စစ်တကောင်းသားများ (Chittagonians) ဟူ၍ သိကြသည်။ ဗြီတိသျှ တပ်မတော်တွင် ၎င်းတို့ကို စစ်တကောင်း တပ်ဖွဲ့ဝင် များ (CFs) ဟု သိကြသည်”ဟု ဆိုပါသည်။
သို့ဖြစ်ရာ ရခိုင်မြို့ပြ နိုင်ငံခေတ်များ ဖြစ်သော ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသည့်ခေတ်များတွင် သမိုင်း အထောက်အထား မှတ်တမ်းမှတ်ရာများ ပြည့်စုံစွာမရရှိဟု ဆိုနိုင်သော်လည်း သမိုင်းမှတ်တမ်းမှတ်ရာများ အပြည့်အစုံ ရှိသော ဗြီတိသျှ အင်္ဂလိပ်များ ခေတ်တွင်လည်း ရိုဟင်ဂျာ လူမျိုး ဆိုသည်ကို မှတ်တမ်းတင်ထားခြင်း မတွေ့ရပေ။
ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။
ရခိုင်ရှိ မွတ်စလင်များအား ဒေသခံ ရခိုင်များနှင့် ပြည်မမှ ဗမာများက မွတ်စလင်ကုလားများဟုသာ အစဉ်တစိုက် ခေါ်ဝေါ်သုံးစွဲကြသည်။
ထိုသို့ သုံးစွဲမှုအား တရားဝင်သုံးစွဲမှုဖြစ်ခြင်းကို ကန့်ကွက်မှုများရှိနေ၍ တရားဝင် သုံးနှုန်းရာတွင် ဘင်္ဂါလီမွတ်စလင်များဟု ပြောင်းလဲ သုံးစွဲကြသည်။
ဗြိတိသျှ မှတ်တမ်းများအရ ဆိုသော် ရခိုင်ရှိ စစ်တကောင်း မွတ်စလင်များကို စစ်တကောင်းသားများဟု ခေါ်ဆိုသည်ကို တွေ့ရ သည်။
အပိုင်း ၅ ကို ဆက်လက်ဖတ်ရှုပါ။
(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)
ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂
ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၃