တရုတ်ကွန်မြူနစ်ပါတီ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပြီဖြစ်သည်။ ယင်းကွန်ဂရက်သည် တရုတ်ပြည်အတွက် ဧရာမကြီးမားလှသည့်နိုင်ငံရေးဖြစ်စဉ်ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် ယင်းသို့ပါတီအစည်းအဝေးကျင်းပလေ့ရှိသည်။ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ဆုံးဖြတ်ကာ အမျိုးသားဦးစားပေးမူဝါဒများကို ကွန်ဂရက်က ချမှတ်လေ့ရှိသည်။ ထုံးစံအတိုင်းပင် ပါတီသည် ဆယ်နှစ်တစ်ကြိမ် ခေါင်းဆောင်အပြောင်းအလဲပြုလုပ်သည်။ ပြီးခဲ့သည့်ကွန်ဂရက်မှစတင်၍ ရှီကျင့်ဖျင်က ငါးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ပြီး ယခုကွန်ဂရက်တစ်ကြိမ် နောက်ထပ် ငါးနှစ်သက်တမ်း ဆက်လက်ထမ်းဆောင်ရန် ပြန်လည်ရွေးချယ်ခန့်အပ်သည်။
ပါတီက ထိပ်ပိုင်းအဆင့်ခေါင်းဆောင်များကို ခန့်အပ်ရာတွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ (နိုင်ငံရေးဦးဆောင်မှုအမြဲတမ်းကော်မတီ) ၏ ထောက်ခံမှုဖြင့်သာ အတည်ပြုသည်။ တရုတ်ကွန်မြူနစ်ပါတီတွင် ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီကို ကော်မတီဝင် ၇ ဦးဖြင့်ဖွဲ့စည်းထားပြီး အရေးကြီးဆုံးသောကိစ္စရပ်များကို ပေါ်လစ်ဗျူရိုက ဆုံးဖြတ်သည်။ ပေါ်လစ်ဗျူရိုကော်မတီဝင်များသည် လက်ရှိစီးပွားရေးအခြေအနေ (သို့မဟုတ်) တိုင်းပြည်သို့ ဝါဒဖြန့်ချိရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရသည်။
ယခုနှစ် ကွန်ဂရက်အဖွင့်တွင် ရှီကျင့်ဖျင်က ၃ နာရီခွဲကြာရှည်လျားမိန့်ခွန်းကို ပြောကြားခဲ့ပြီး တိုင်းပြည်အနာဂတ်အမြင်နှင့် ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း သူ့ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ တရုတ်နိုင်ငံရေးဘ၀ သွေးသစ်လောင်းမည့် ခေတ်သစ်အကြောင်း ရှီကျင့်ဖျင်က သတင်းကောင်းပါးခဲ့သလို တရုတ်အနေအထားမှာ မဟာအင်အားကြီးတိုင်းပြည်အဖြစ်ရောက်ရှိပြီဟု ထပ်တလဲလဲ အကျယ်တဝင့် ပြောကြားသွားသည်။
ပိုမိုသွက်လက် မြန်ဆန်သော စီးပွားရေး ဖန်တီးရန်နှင့် နိုင်ငံပိုင်လုပ်ငန်းများ မြှင့်တင်ခြင်းကို ကြီးပွားတိုးတက်လာစေရန် အထူးတလည် မျှော်မှန်းထားကြောင်း၊ သို့သော် သမရိုးကျဈေးကွက်စီးပွားရေးဖြင့် ဆက်လက် မသွားနိုင်သည်ကို မိမိရှင်းလင်းစွာမြင်ကြောင်း ရှီကျင့်ဖျင်က ထည့်သွင်းပြောကြားသည်။ “ဈေးကွက်” ဟူသော စကားကို ၁၉ ကြိမ်ကြိမ်တိတိထည့်သွင်းပြောကြားကြောင်း၊ ၎င်းစကားကိုပင် ဟူကျင်တောင်းကမူ ၂၀၁၂ ခုနှစ် ကွန်ဂရက်တွင် ၂၄ ကြိမ်တိတိပြောကြားကြောင်း၊ ကျန်ဇီမင်းက ၁၉၉၇ ခုနှစ်ကွန်ဂရက်တွင် ၅၁ ကြိမ်တိတိပြောကြားကြောင်း ကွန်ဂရက်မိန့်ခွန်းချင်း နှိုင်းယှဉ်၍ နယူးယောက်တိုင်းမ်က မှတ်တမ်းတင်ထားသည်။
သူ့ ပထမ သက်တမ်းကာလအတွင်း တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုချဲ့ထွင်ခဲ့မှု၊ တရုတ်စစ်အင်အား ပိုမိုဖြည့်တင်းခဲ့မှုတို့နှင့် စပ်လျဉ်းပြီး ကမ္ဘာ့အဆင့်တွင် တရုတ်က လွှမ်းမိုးလာမှုဆိုသည့်ကိစ္စကိုလည်း ရှီကျင့်ဖျင်က ကာကွယ်ပြောဆိုခဲ့သည်။ တရုတ်ပြည်မက ခွဲထွက်ပြီး သီးသန့်နိုင်ငံထူထောင်နေသည့် ထိုင်ဝမ်ကျွန်းကို ထိန်းချုပ်နိုင်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် သူ၏ပထမသက်တမ်းအတွင်း အကြီးမားဆုံးကိစ္စတစ်ခုဖြစ်သည့် ပြည်တွင်းဖိနှိပ်ချုပ်ချယ်မှုများကိုလည်း ဆက်လက် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က မီးမောင်းထိုးပြသည်။ ၎င်းအုပ်ချုပ်မှုအောက်တွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများကို တရုတ်အာဏာပိုင်များက နှိမ်နင်းမှုများ ရှိခဲ့သည်။ ၎င်းမိန့်ခွန်းတွင် ရှီက အင်တာနက်ကွန်ရက်အတွင်း စိစစ်ဖြတ်တောက် ဆင်ဆာပြုလုပ်ခြင်းအပေါ် အဆိုးမြင်ရှုထောင့်များကို အတိအလင်း ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဘေဂျင်းတွင် ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်တွင် ဘယ်သူတက်မလဲ၊ ဘယ်သူကျမလဲ ဟူသည့် ကိစ္စမှာ ထုံးစံအတိုင်း နိုင်ငံရေး မြူနှင်းများ သိပ်သည်းမှု အောက်၌ ဝိုးတဝါးသာ မြင်တွေ့နေရ၏။ သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်က ညီလာခံတွင် တိုင်းပြည်အတွက် အားထားရမည့် သမ္မတ ရှီကျင့်ဖျင် ပေါ်ထွက်လာခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့ပြီးဖြစ်သည်။ တရုတ်ကွန်မြူနစ်များ၏ နိုင်ငံရေးထုံးစံအတိုင်း ယခု ကွန်ဂရက်သည် ပါတီတွင်း အားကောင်းမောင်းသန်ဖြစ်လာနေသော သမ္မတ ရှီကျင့်ဖျင် ချုပ်ကိုင်မှုကို အားဖြည့်ထောက်ခံရင်း ကမ္ဘာ့နိုင်ငံရေးတွင် တရုတ်၏ အခန်းကဏ္ဍကို နောက်ထပ် ခြေလှမ်းတခုနှင့် အရွေ့တခု ဖန်တီးဖွယ် ရှိနေသည်။
ယနေ့ တရုတ်သမိုင်းတွင် လှုပ်လှုပ်ခတ်ခတ် အရှိဆုံး ဖြစ်စဉ်များ ဖန်တီးခဲ့သည့် မော်စီတုံးခေတ်ကို ပြောင်းပြန်လှန်၍ အံ့အား သင့်ဖွယ်ရာ တရုတ် စီးပွားရေးဖြစ်ထွန်းလာခြင်းမှာ လစ်ဘရယ်ဆန်ဆန် ပြုပြင်ပြောင်းလဲရေး ကြောင့် ဖြစ်သည် ဆိုသည့် အချက်ကို မေ့ထား မရပါ။ မော်စီတုံး ထင်တိုင်းကြဲခဲ့သည့် ရာစုနှစ် လေးပုံတစ်ပုံ၊ တနည်းအားဖြင့် ၂၅ နှစ်တာ ကာလကို လွန်မြောက်ပြီးနောက် စီးပွားရေးနှင့် လူမှုရေး ကသောင်းကနင်း ဒဏ်ကို ခါးစည်းခံခဲ့ရမှုမှ လွတ်ကာ မော်စီတုံး ကွယ်လွန်ပြီးနောက် တရုတ် ထိပ်တန်း ခေါင်းဆောင်များက အုပ်ချုပ်ရေးပိုင်းကို ပို၍ လက်တွေ့ဆန်ဆန်နှင့် တည်ငြိမ်အောင် ထိန်းလိုက်ပြီး စီးပွားရေးဘက် ဇောက်ချခဲ့သည်။
ယင်း လှုပ်ရှားမှုကို သြဇာတိက္ကမ ကြီးမားသည့် ကွန်မြူနစ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က ဦးဆောင်သည်။ တိန့်ရှောင်ဖိန်က ပညာရှင် မူဝါဒများ နောက်ကွယ်တွင် စေ့ဆော်ပေးနေသည့် စိတ်ဓာတ်ကို ပုံသွင်းသည်။ တိန့်ရှောင်ဖိန်၏ အမှန်တကယ် စွမ်းပကားမှာ ပုံလောင်း ပုံသွင်းခြင်းပင် ဖြစ်သည်။ အကွဲကွဲ အပြားပြား ဖြစ်နေသောနိုင်ငံရေး ဂိုဏ်းဂဏများကို ပြန်စုစည်းသည်။ မကျက်တကျက် ဖြစ်နေသော ဗဟိုကော်မတီ အစီအမံများနှင့် ဝါရင့်ကွန်မြူနစ်များကို ပြည်နယ်များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် မွေးမြူသည်။ မျိုးဆက်သစ် ခေါင်းဆောင်များ များများ ပေါ်ပေါက်အောင် ဖန်တီးသည်။
ပါတီဝင်များကို “တိန့်” က နိုင်ငံရေး အယူအဆ မဟုတ်လျှင် လွတ်လပ်စွာ တွေးခေါ်ပြီး မူဝါဒလမ်းစဉ်များကို သုံးသပ်နိုင် ကြောင်း ပြောကြားခြင်းဖြင့် ကိုယ်စီကိုယ်စီ လမ်းဖွင့်ပေးသည်။ ယင်းသို့ ဦးဆောင်မှုများ ပေးခြင်းဖြင့် အတွေးအခေါ်များ ထက်သန်လာသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု စွမ်းဆောင်ရည်များ မြင့်တက်လာသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ဖွင့်ချလိုက်ပြီး စိုက်ပျိုး ထွက်ကုန်များ ချဲ့ထွင်သည်။ ဤနည်းအားဖြင့် စီးပွားရေး ဘက်တွင် တရုတ်သည် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်လာသည်။

ကျူရုံကျိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူသည့် ၁၉၉၈ ခုနှစ်မှ ၂၀၀၃ ခုနှစ် ကြားကာလတွင် နောက်ထပ် ပြုပြင်ပြောင်းလဲ ထပ်လုပ်ရန် အချိန်တန်ပြီ ဆိုသည်ကို သတိပြုမိသည်။ ကျူရုံကျိ သည် တရုတ်ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ ဆွဲသွင်းနိုင်ရုံသာ မက ပြည်သူပိုင် ခေါင်းစဉ်အောက်တွင် အထိနာနေသည့် တိုင်းပြည်အတွက် အရေးကြီး လုပ်ငန်း အချို့ ချိနဲ့နေသည်ကို ပြန်လည် သုံးသပ်သည်။ တရုတ်နိုင်ငံရေးတွင် ထိပ်တန်းနံပတ် “တစ်” ခေါင်းဆောင် မဟုတ်စေကာမူ သူသည် ထိုသို့သော ယိုယွင်းမှုကို တတ်နိုင်သမျှ ကုစားကြည့်သည်။ သူ့ရာထူး ဝန်ကြီးချုပ်သည် သမ္မတ ကျန်ဇီမင်း၏ နောက်တွင်သာ ရှိသည်။ ကျန်ဇီမင်းနှင့် ကျူရုံကျိ တို့ အတွဲသည် အသီးအပွင့်များ ဖွံ့ထွားအောင် ရေလောင်း ပေါင်းသင်ကြသည်။ “ကျူ”က အငြင်းပွားစရာ ပြောင်းလဲမှုများ အတွက် ရှင်းထုတ်စရာ ရှိသည်ကို ရှင်းထုတ်ပစ်၊ သုတ်သင်စရာ ရှိသည်ကို သုတ်သင်နေသည့် အချိန်တွင် “ကျန်”က နိုင်ငံရေး အထောက်အပံ့ကို ထိန်းပြီး မတူကွဲပြားသော အကျိုးစီးပွားကို စီမံခန့်ခွဲ ကြည့်သည်။
အမှန်တကယ်တွင်လည်း “တိန့်” နှင့် “ကျူ” တို့သည် အစွမ်းအစ ရှိသူများပီပီ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ကြသည်။ သူတို့ နှစ်ဦး ဝေဖန်ထောက်ပြစရာများ ရှိလင့်ကစား ကြီးမားသော အထောက်အပံ့ ကွန်ရက်အတွင်း လှုပ်ရှားလည်ပတ်ကာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြသူများ ဖြစ်သည်။ နောက်လိုက်များ မျက်ဖြူဆိုက်နိုင်စရာ မူဝါဒအချို့ ရှိခဲ့သော်လည်း လှုပ်ခတ် နေသည့် ပြုပြင်ပြောင်းလဲရေး များကို အောင်ပွဲခံ မောင်းနှင် နိုင်ခဲ့ကြသည်။ အပြန်အလှန် အားဖြင့် နောက်လိုက်များကလည်း အစိုးရ၏ အလောတကြီးလို အပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်သည့် လမ်းသစ် ရှာဖွေရန် စွမ်းပကားများ ရရှိလာသောကြောင့် “တိန့်” နှင့် “ကျူ” တို့အတွက် အောက်ခြေမှ ပေးပို့သည့် ပြောင်းလဲခြင်း စိတ်ဓာတ်နှင့် စွမ်းအင်များ ပြန်လည် ခံစားကြရသည်။
ရှီကျင့်ဖျင် လက်ထက် ပြီးခဲ့သည့် ၅ နှစ်က အာဏာကို အလွန်အမင်း စုစည်းထားခြင်း၏ အန္တရာယ်ကို သိမြင်လာခဲ့သည်။ သူ့လက် သူ့ခြေဖြင့် ပို၍ပို၍ ထိန်းချုပ်ရန် စုစည်းနေမည့် အစား “ရှီ” ကလည်း တိုင်းပြည်အတွက် အကျိုးမရှိသည့် အစိုးရပိုင် လုပ်ငန်း များကို ချုံ့တန် ချုံ့၍ အချို့လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ ပေးလိုက်သည်။ ဘဏ္ဍာရေး ရင်းမြစ်တွင် အခြေခံသည့် ဈေးကွက်ကို ဖန်တီးရန် တွန်းအားပေးသည်။ ကျန်းမာရေး ထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်နိုင်ရန် လမ်းကြောင်းချသည်။ “ရှီ” ၏ ပါဝါကို မည်သူမျှ မထိန်းညှိစေဘဲ လွှတ်ထားပြီး ဝန်ကြီးချုပ် လီကီချန်က ဗဟိုဘဏ် ဥက္ကဋ္ဌ ဇူရှီချန်းက လိုသလို စီမံခန့်ခွဲခွင့် ပေးသည်။ ပြောင်းလဲမှု မြန်ဆန်စေသည်။

“တိန့်” လုပ်ပြခဲ့သလို မှတ်ကျောက်တင် ခံနိုင်သည့် သဘောတရားရေးရာ ညီညွတ်မျှတခြင်းထက် သာလွန်၍ “ရှီ” နှင့်သူ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘက်တော်သားများက တိုင်းပြည်အပေါ် လုံးဝဥဿုံ သစ္စာရှိနေသည့် အသွင် ပုံဖော်ပြနိုင်ခဲ့သည်။ ဤအချက်သည် စီးပွားရေး ပြောင်းလဲမှု အတွက် လိုအပ်ချက်များကို ဆုတ်သာတက်သာ ရှိစေခြင်းဖြင့် အစိုးရနှင့် တရုတ် မူဝါဒဆန့်ကျင်သူများ အကြား အကြိတ်အနယ် ဆွေးနွေးကြလျှင် ပြောစရာ ထောက်ကွက် မရှိအောင် ဖြစ်နေခဲ့သည်။
တရုတ်ရေးရာ ကျွမ်းကျင်သူများကြား မေးနေကြသော မေးခွန်းမှာ “ရှီ” အနေဖြင့် သူ့အစွမ်းအစကို ထုတ်ပြပြီး သူ့ခေတ်ကို ထူထောင်နိုင်ပြီဖြစ်သည်မှာ သေချာခဲ့သော်လည်း သူသည် ရှေ့မှ ပါတီခေါင်းဆောင်များကဲ့သို့ နောက်လူများအတွက် လမ်းခင်းပေးနိုင်ခဲ့မည်လောဟူ၍ပင်။
အကယ်၍ ထိုမျှော်လင့်ချက် အမှန်တကယ် ဖြစ်လာလျှင် တရုတ်ပြည်အတွက် အတိုင်းထက်အလွန်ပင် ဖြစ်ချေမည်။ သို့သော် အာဏာကို ချုပ်ကိုင်ထားသူ၏ သဘောဆန္ဒက လိုလားမှု ရှိမှသာ အပြောင်းအလဲ ဖြစ်စေနိုင်ပေသည်။ ယခု “ရှီ” ၏ အနေအထားသည် အာဏာရှင်လား၊ သို့မဟုတ် ပြုပြုပြောင်းလဲသူလား ဆိုသည်မှာ မရေရာသေးသည့် အနေအထား ဖြစ်နေဆဲပင်။
ကိုးကား ။ ။ Business Day