• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အိမ်ပြန်ချိန် မျှော်လင့်ချက် မဲ့နေဆဲ မြန်မာဒုက္ခသည်များ

by နန်းလွင်နှင်းပွင့်
20 June 2019
in ဆောင်းပါး
A A
ကချင်ဒုက္ခသည်စခန်းက ကလေးငယ်တဦး  / ဧရာဝတီ

ကချင်ဒုက္ခသည်စခန်းက ကလေးငယ်တဦး / ဧရာဝတီ

30.9k
VIEWS
Share on FacebookShare on Twitter

ဇွန် ၂၀ ရက်က ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသ အသီးသီးမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးဒုက္ခနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ပြေးနေရတဲ့ ဒုက္ခသည်တွေ ယာယီစခန်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ တည်ရှိမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နှစ်စဉ် နှစ်တိုင်း ဇွန် ၂၀ ရက်ကို ကမ္ဘာ့ဒုက္ခသည်များနေ့ဖြစ်တယ်လို့ ၂၀၀၀ ခုနှစ်က စတင် သတ်မှတ်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ အယူအဆတွေ လူမျိုးရေး၊ နိုင်ငံရေးပဋိပက္ခတွေ ကြား ဒုက္ခသည်တွေ သန်းနဲ့ချီပြီး ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းက စလို့ မတူညီတဲ့ တိုင်းရင်းသား လူမျိုးတွေ ကြား နိုင်ငံရေးရပိုင်ခွင့်တွေ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုရေး တွေကြောင့် လက်နက်ကိုင် ပုန်ကန်မှုတွေ ဖြစ်ပွားနေတာ ယနေ့ထိပါပဲ။

ပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ၁၉၈၄ ခုနှစ်ကနေ စပြီး ၂၀၁၉ ခုနှစ်ထိ ပြည်ပက စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးခိုလှုံနေရတဲ့ ဒုက္ခသည်တွေ ပြည်တွင်းမှာပဲ ဘေးလွတ်ရာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေစုစုပေါင်း ၃ သိန်းကျော် ရှိနေပါတယ်။

ဒုက္ခသည် ၃ သိန်းခန့် ခိုလှုံနေတဲ့ စခန်းအသီးသီးရဲ့ အခြေအနေတွေကို ဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွင်းက ဒုက္ခသည်များ

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာကနေ စတင်ခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ရဲ့ တိုက်ပွဲ တွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်းထိ ရှိလာပါပြီ။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းတွင် ခိုလံှူနေကြရသူများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

တပ်မတော်နဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒုက္ခသည် အရေအတွက် ဟာလည်း ၅ လအတွင်း တဖြည်းဖြည်း မြင့်တတ်နေပါတယ်။

ဒုက္ခသည်စခန်းတာဝန်ခံတွေရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွင်းက စစ်ဘေးရှောင် ဒုက္ခသည် ၄ သောင်းကျော်ဟာ လုံခြုံတဲ့ အမိုးအကာ၊ ကောင်းမွန်တဲ့ အဆောက်အဦးတွေမှာ ခိုလှုံခွင့် မရကြသေးပါဘူး။

စစ်ဆင်ရေးတွေကြောင့် အစိုးရနဲ့ တပ်မတော်တို့က နိုင်ငံတကာ အကူအညီတွေ လာရောက် ကူညီပေးမယ့် အခြေအနေတွေကိုလည်း ကန့်သတ်ထားတဲ့ အပြင် မိုးရာသီကာလ ရခိုင်ပြည်နယ် က မိုးဒဏ်ကို ခံနိုင်တဲ့ အမိုးအကာတွေလည်း ထပ်လိုအပ်နေသေးတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ လျော့ကျခြင်း မရှိသေးတာကြောင့် ဇွန် ၁၀ ရက်ကဆိုရင် ဒုက္ခသည် ၃၀၀၀ ကျော် ခိုလှုံနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် ရွာက စစ်ဘေးရှောင်စခန်းထဲကို AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ လုပ်တာ ရှိပါတယ်။

ပလက်မြို့နယ်တွင်းက စစ်ဘေးရှောင်စခန်းတွေမှာတော့ ဒုက္ခသည် ၃၀၀၀ ခန့်ရှိ ပါတယ်။

အဲ့ဒီ့ ဒုက္ခသည် ၃၀၀၀ ထဲက ၂၀၀ ကျော်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်က AA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ ခိုလှုံနေကြပါတယ်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းတွင် ခိုလံှူနေကြရသူများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

ပလက်ဝမြို့ပေါ်က ဆွေမျိုးသားချင်းတွေနဲ့ ဖေဖော်ဝါရီတည်းက အဆက်အသွယ် ပြတ်တောက် နေတာကြောင့် သူတို့တွေရဲ့ အခြေအနေ ဘယ်လို ရှိလဲ၊ စားနပ်ရိက္ခာ ဖူလုံမှု ရှိမရှိ နဲ့ အမိုးအကာတွေလုံလောက်မှု ရှိမရှိဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး ။

AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ သူတို့နယ်မြေထဲ ရောက်နေတဲ့ ဒုက္ခသည်တွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးထားပြီး ဒုက္ခသည်တွေ ကိုယ်တိုင်ကလည်း အိမ်တွေဆောက်ပြီး နေထိုင် နေတယ်လို့ ဆိုပါတယ်။

ချင်းလူ့အခွင့်အရေး အဖွဲ့နဲ့ချင်းနိုင်ငံရေး အသိုင်းအဝိုင်းကတော့ နယ်စပ်မှာ ရောက်နေတဲ့ ဒုက္ခသည် တွေကို AA က စစ်ရေးအရ အကာအကွယ်ရဖို့ ဖမ်းခေါ်ထားတာ ဖြစ်ပြီး စစ်ရေးအရ လိုအပ်တဲ့ ပစ္စည်းတွေကို သယ်ပိုးတဲ့ အခါမှာ အရပ်သားတွေကို ခိုင်းနေတယ်လို့ စွပ်စွဲထား တာ တွေလည်း ရှိနေပါတယ်။

တပ်မတော်နဲ့ AAကြားမှာ အပစ်ရပ်စာချုပ်တခု ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းနေပေမယ့် ပြေလည်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဦးခိုင်သုခကတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြေလည်ရင် ဒုက္ခသည်တွေ အရေးကိုလည်း ဆွေးနွေးပွဲ ထဲမှာ ထည့်ဆွေးနွေးပေးမှာပါလို့ ဧရာဝတီကို ပြောဆိုထားပါတယ်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည် စခန်းတွင် ခိုလံှူနေကြရသူများ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

လက်ရှိမှာတော့ တပ်မတော်နဲ့ AA ကြား စစ်ရေးအရရော နိုင်ငံရေးအရပါ ပြေလည်တဲ့ အနေအထားမှာ မရှိတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်မယ့် လမ်းကတော့ မှန်းဆဖို့ ခက်နေဆဲပါ။

ကချင်ဒုက္ခသည်များ

ပြည်တွင်းက ဒုက္ခသည်စခန်းတွေထဲမှာ ဒုက္ခသည်ဦးရေ အများဆုံးကတော့ ကချင်စစ်ဘေးရှောင် ဒုက္ခသည်တွေ ဖြစ်ပါတယ်။

တပ်မတော်နဲ့ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ကြား အပစ်ရပ်စာချုပ် ကျိုးပေါက်ပြီး ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှာ စလိုက်တဲ့ တိုက်ပွဲတွေဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက အရပ်သား တသိန်းကျော်ကို စစ်ဘေးရှောင်ဒုက္ခသည်တွေ ဖြစ်စေခဲ့ပါတယ်။

စတိမ်းရှောင်စကာလ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ထိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ ရရှိခဲ့ ပါတယ်။

ကချင်ဒုက္ခသည် စခန်းများနှင့် ကချင်ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

၂၀၁၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ ထောက်ပံ့မှုတွေကို ရပ်တန့်လိုက်ပြီး အချို့စခန်းတွေဆိုရင် တလကို လူတဦးအတွက် ဟင်းဖိုး ၂၅၀၀ လောက်ပဲ ရကြ ပါတော့တယ်။

စားနပ်ရိက္ခာနဲ့မိသားစု အသုံးစရိတ်တွေ အတွက် မလောက်ငတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည် မိသားစုဝင်တွေထဲက အမျိုးသမီးတွေဟာ တရုတ်နိုင်ငံဘက်က ငှက်ပျောခြံတွေမှာ တရားမဝင် အလုပ်သွားလုပ်တာ တရုတ်နိုင်ငံဘက်က စိုက်ပျိုးရေး လုပ်ငန်းခွင်တွေမှာ သွားရောက် အလုပ်လုပ်ကိုင်တာတွေ ပြုလုပ်ကြပါတယ်။ အချို့ကတော့ တရုတ်နိုင်ငံဘက်မှာ လူကုန်ကူးခံရတာတွေလည်း ၅ မှုခန့်ဖြစ်ပွားထားပါတယ်။

အမျိုးသားတွေကလည်း မိသားစုစားဝတ်နေရေးအတွက် ပြင်ပအလုပ် ကြုံရာကျပန်း လုပ်ကိုင်းရင်း ဝင်ငွေ ရှာဖွေကြရပါတယ်။ ၂၀၁၇ ခုနှစ်တွင်းက မန်စီမြို့နယ်မှာ နေ့စားသစ်ခုတ်တဲ့ အလုပ် သွားလုပ်ရင်း အပြန်လမ်းမှာ တပ်မတော် စစ်ကြောင်းတွေနဲ့ တိုးတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည် အမျိုးသား ၃ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

သူတို့ကတော့ ဝမ်းရေးနဲ့ မိသားစု အသုံးစရိတ်တွေ အတွက် နေ့စား သွားလုပ်ကိုင်ပေမယ့် တပ်မတော်၊ စစ်ကြောင်းတွေကတော့ သူတို့ကို KIA စစ်သားတွေလို့ ယူဆပြီး သတ်ပစ်လိုက် တာပါ။

ကချင်ဒုက္ခသည် စခန်းများနှင့် ကချင်ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

၂၀၁၇ ခုနှစ်အတွင်းမှာဆိုရင် တနိုင်းမြို့နယ်ထဲက KIA ရဲ့ ရွှေ၊ ပယင်း လုပ်ကွက်တွေကို သိမ်းယူဖို့ တပ်မတော်က ကြွေးကြော်ပြီး အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

လေယာဉ်ပေါ်ကနေလည်း စာတွေကျဲချပြီး အရပ်သားတွေကို ထွက်သွားဖို့ သတိပေးခဲ့ပါတယ်။

တနိုင်းတိုက်ပွဲကလည်း ရုတ်တရတ်ပစ်ခတ်လာမှ အရပ်သားတွေက ထွက်ပြေးခဲ့ရတာကြောင့် နေအိမ်က ပစ္စည်းတွေကို များများ မသယ်နိုင်ပဲ တောလမ်းမှာ စားဖို့သောက်ဖို့ ဆန်နဲ့ ရိက္ခာခြောက်တွေလောက်ကိုပဲယူပြီး ပြေးလာခဲ့ကြရတာပါ။

အစိုးရနဲ့တပ်မတော်က မြို့ ဂုဏ်သိက္ခာ ကျဆင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ဘေးရှောင် စခန်းတွေလည်း တရားဝင် တည်ဆောက်ခွင့် မပေးတာကြောင့် တနိုင်းတိုက်ပွဲကနေ ထွက်ပြေး ခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀၀ ကျော်ဟာ ယာယီအမိုးအကာတွေနဲ့ပဲ ဘာသာရေး အဆောက်အဦးတွေမှာ ယနေ့ထိ ခိုလှုံနေရပါတယ်။

ဒုက္ခသည်တွေဟာ သူတို့ နေအိမ်တွေကို ပြန်ဖို့ မျှော်လင့်နေကြပေမယ့် စစ်ဘေးရှောင်တွေ စွန့်ခွာခဲ့ရတဲ့ ရွာတွေအနီးအနားမှာ တပ်မတော်နဲ့ KIA တပ်ဖွဲ့တွေ စခန်းချထားကြတုန်း ဖြစ်တာ ကြောင့် မပြန်ရဲကြပါဘူး။

အချို့ကျေးရွာတွေဆိုရင်လည်း နှစ်ဖက်တပ်ဖွဲ့တွေက သူတို့ရဲ့ လုံခြုံရေးအရ မိုင်းတွေ ထောင်ထား တာကြောင့် အန္တရာယ် များလွန်း လှပါတယ်။

ကချင်ဒုက္ခသည် စခန်းများနှင့် ကချင်ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

တဖက်မှာလည်း ဒုက္ခသည်တွေရဲ့ နေရပ်ရင်း ရွာတွေ လယ်မြေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ တရုတ်ဘက်က စိုက်ပျိုးရေး လာလုပ်ကိုင်သူတွေက မြေလွတ်မြေရိုင်းအဖြစ် အစိုးရဆီမှာ လျှောက်ထားပြီး စိုက်ပျိုးရေး လာလုပ်ကိုင်နေတဲ့ သတင်းတွေကြောင့် ဒုက္ခသည်တွေက စခန်းမှာ နေရင်း ဘိုးဘွားပိုင် မြေတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ၂၀၁၉ ခုနှစ်အတွင်းမှာ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ဘေးရှောင် စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည် ၅၀၀ ကျော်ကို မိုင်းရှင်းလင်းပေး၊ စားနပ်ရိက္ခာပေးပြီး နေရပ်ရင်း ဖြစ်တဲ့ ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာထဲကို ပြန်ပို့ပေးတာ ရှိပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကတော့ တပ်မတော်က တဖွဲ့တည်း မိုင်းရှင်းပေးပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ နေတဲ့ လုပ်ရပ်က လုံခြုံမှု မရှိတာကြောင့် မထောက်ခံဘူးလို့ ပြောဆိုထားပါတယ်။

နမ့်ဆန်ယန်ကို ပြန်ကြတဲ့ ဒုက္ခသည်တွေကလည်း အစပိုင်းတုန်းကတော့ အိမ်ပြန်ချင်လို့ ပြန်သွား ကြပေမယ့် လက်တွေ့ ပြန်ရောက်တဲ့ အခါမှာတော့ သူတို့ စိုက်ပျိုးမြေဖြစ်တဲ့ တောင်ယာတွေမှာ မိုင်းမရှင်းလင်းရသေးတာကြောင့် အလုပ်အကိုင်အတွက် ခက်ခဲ နေပါသေးတယ်။

အချို့မိသားစုတွေဆိုရင်လည်း တိုက်ပွဲကြားမှာ မီးလောင်ပျက်စီးသွားတဲ့ အိမ်တွေကို အသစ်ပြန် ဆောက် နေထိုင်ကြရမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေတဲ့ KBC က ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေ အကုန်လုံး အိမ်ပြန်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းမှု တွေ ပြုလုပ် နေပါတယ်။

သို့ပေမယ့် တပ်မတော်နဲ့ KIA ကြား အပစ်ရပ်စာချုပ် တစုံတရာ မချုပ်ဆိုနိုင်ရင် အရပ်သားတွေရဲ့ လုံခြုံရေးကို အာမ ခံနိုင်တဲ့ အနေအထား မရှိတာကြောင့် အပစ်ရပ်စာချုပ် ချုပ်နိုင်မှ ဒုက္ခသည်တွေ ဟာ အိမ်ပြန်နိုင်မှာပါ။

လက်ရှိအချိန်ထိကတော့ တပ်မတော်နဲ့ KIA ကြားမှာ အပစ်ရပ်စာချုပ်အတွက် တိတိကျကျ ဆွေးနွေး အတည်ပြုနိုင်တာမျိုး မတွေ့ရသေးပါဘူး။

အပစ်ရပ်စာချုပ်ကို အတည်ပြု ဆွေးနွေးနိုင်မှ စစ်ဘေးရှောင်တွေ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်ရေး၊ မိုင်းရှင်းလင်းရေး၊ အရပ်သားတွေ ထပ်မံ ထွက်မပြေးရအောင် နှစ်ဖက်တပ်တွေ လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ကတိကဝတ်တွေကိုလည်း ထည့်သွင်း ဆွေးနွေး အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တွင်းက စစ်ဘေးရှောင်များ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP) နဲ့ တပ်မတော်တို့ ကြားက တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မကြာခဏ ထွက်ပြေး ရလေ့ ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံလိုက်၊ ပြေးလိုက်၊ အိမ်ပြန်နေလိုက်နဲ့ နေထိုင်ကြ ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို တပ်တွေအင်အားနဲ့ ဝင်ရောက် လှုပ်ရှားလာတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နဲ့ TNLA တို့တိုက်ပွဲတွေကြောင့်လည်း သီပေါ၊ လားရှိုး၊ နမ္မတူ မြို့နယ် တွေမှာ ရာနဲ့ချီတဲ့ အရပ်သားတွေ ထွက်ပြေးလိုက် အိမ်ပြန်လိုက်နဲ့ စစ်ဘေးဒဏ် ခံနေရ ပါတယ်။

ဒုက္ခသည် ၆၀၀၀ ကျော် နေထိုင်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ – ထိုင်း နယ်စပ်က လွိုင်ကော်ဝမ်း၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်တိုင်းလျန်း၊ လွိုင်လမ် နဲ့ ကောင်းမုန်မိုင်း စခန်း ၆ ခုပါကတော့ ရှမ်းပြည်နယ်တွင်းမှာ သက်တမ်းအရှည်ကြာဆုံး ဒုက္ခသည်စခန်းတွေ ဖြစ်ပါတယ်။

လွိုင်တိုင်းလျန်းစခန်းကတော့ ၁၉၉၉ ခုနှစ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နဲ့တပ်မတော် ၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ကြား ပဋိပက္ခတွေကြောင့် စတင်ပေါ်ပေါက်လာခဲ့တာပါ။

ကျန်စခန်းတွေကတော့ ၂၀၀၁ ၊ ၂၀၀၂၊ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တို့မှာ အသီးသီး ပေါ် ပေါက်လာတာပါ။

ကရင်ပြည်နယ်က တိုက်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ကရင် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

စခန်း ၆ ခုလုံးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကို နယ်စပ်ဒေသ ကူညီပေးရေး ညွှန့်ပေါင်းအဖွဲ့ (TBC) က ကူညီပေးခဲ့ပေမယ့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှာ တော့ အားလုံး ဖြတ်တောက် လိုက်ပါတယ်။

၂၀၁၈ ခုနှစ်ထဲရောက်တော့ TBC က ထုတ်ပြန်တဲ့ ဒုက္ခသည်စခန်း မြေပုံနေရာ တွေမှာတောင် ရှမ်းဒုက္ခသည်စခန်း ၆ ခုရဲ့ တည်နေရာတွေကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါဘူး။

ရှမ်းဒုက္ခသည် ၆၀၀၀ ကျော်အနေနဲ့ နေရပ်ပြန်ဖို့အတွက်ကလည်း ကူညီပေးမယ့် သူ မရှိသလို သူတို့ရဲ့ နေရပ်ရင်း မြေနေရာတွေကလည်း တပ်မတော်နဲ့ UWSA တပ်ဖွဲ့ဝင်တွေက သိမ်းယူလိုက်ပြီလို့ ပြောဆိုနေကြပါတယ်။

တပ်မတော်နဲ့ UWSA ဘက်ကတော့ ရှမ်းဒုက္ခသည်တွေရဲ့ မြေနေရာတွေကို မယူထား ဘူးလို့ ပြောဆိုနေပေမယ့် အစိုးရကရော လက်နက်ကိုင်အဖွဲ့အစည်းတွေကပါ ရှမ်းဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။

ကရင်ပြည်နယ်က တိုက်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ကရင် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

အစိုးရအနေနဲ့လည်း ပြည်တွင်းဒုက္ခသည်ဖြစ်တဲ့ ရှမ်းဒုက္ခသည် ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာေ ထာက်ပံ့တာမျိုးလည်း မရှိပါဘူး။

RCSS က အစိုးရ၊ တပ်မတော်တို့နဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ကတည်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားပေမယ့် ပဋိပက္ခဖြစ်ခဲ့စဉ်က ထွက်ပြေးခဲ့ရတဲ့ အရပ်သားတွေစစ်ဘေးရှောင် ဒုက္ခသည်တွေ သူတို့ နေရပ်ပြန်နိုင်ဖို့ အတွက် ဆွေးနွေးကြတာမျိုး ယနေ့ထိ မတွေ့ရပါဘူး။

NCA လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေစဉ်နဲ့ နိုင်ငံရေးဆိုင်ရာ သဘော တူညီချက် တွေညှိနှိုင်းနေစဉ် ကြားကာလတွေမှာ စစ်ဘေးရှောင်ဒုက္ခသ ည်တွေ နေရပ်ပြန်ဖို့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ဖို့ သဘောတူထားကြပေမယ့်လည်း လက်တွေ့မှာတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အရေး ဆွေးနွေးတာမျိုး မရှိတဲ့အပြင် နှစ်ဖက် လက်နက်ကိုင် တပ်တွေကြား တပ်နေရာချထားရေး တွေ ညှိနှိုင်းမရတာကြောင့် ပစ်ခတ်မှုတွေတောင် ပြန်လည် ဖြစ်ပွားတာတွေ ရှိနေပါတယ်။

ကရင်နဲ့ ကရင်နီ ဒုက္ခသည်များ

ထိုင်းနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရတဲ့ ကရင်စစ်ဘေးရှောင်ဒုက္ခသည် ၇ သောင်းခန့်ရှိပါတယ်။

သူတို့တွေဟာ ၁၉၈၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နဲ့ ၁၉၉၉ ခုနှစ်တွေမှာ တပ်မတော်နဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) ကြားက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲထိ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရတာပါ။

ကရင်ဒုက္ခသည် ၇ သောင်းခန့်က ထိုင်းနိုင်ငံထဲက မယ်လ၊ နို့ဖိုး၊ မယ်လအူး၊ မယ်လမလောင်း၊ ဘန့်ဒုန်ယန်း၊ အုန်းဖျန် နဲ့ ထန်ဟင် အမည်ရှိ စခန်းတွေမှာ ခိုလှုံနေကြတာပါ။

ကရင်ပြည်နယ်က တိုက်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ကရင် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီနေတဲ့ စားနပ်ရိက္ခာတွေကို ကူညီမှု လျော့ချလာတာကြောင့် စခန်းပြင်ပလည်း အလုပ်ထွက်လုပ်ခွင့်မရ၊ စခန်းထဲမှာပဲ ပိတ်မိနေတဲ့ ကရင်ဒုက္ခသည်တွေရဲ့ နေထိုင်ရေးက ပိုကျပ်တည်းလာပါတယ်။

မြန်မာအစိုးရဘက်ကလည်း ဒုက္ခသည်တွေပြန်လာဖို့အတွက် တာဝန်ယူပြီး စနစ်တကျ ဆောင်ရွက် ပေးတာမျိုး မရှိသေးပါဘူး။

၂၀၁၈ ခုနှစ်အတွင်းမှာ ကရင်ဒုက္ခသည် ဦးရေ ၅၀၀ ဟာ ပြန်လာပြီး ကရင်ပြည်နယ်ထဲမှာ အခြေချ ခဲ့ပေမယ့် သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ သူတို့ပိုင်ဆိုင်ခဲ့တဲ့ မြေယာတွေပြန်မရရှိ တာကြောင့် အလုပ်လုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေဆဲပါပဲ။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
19
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
115
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299

အချို့မြေနေရာတွေကလည်း တိုက်ပွဲတွေဖြစ်ပွားထားပြီး နှစ်ဖက်တပ်တွေက မြေမြှုပ်မိုင်းတွေ မရှင်းလင်းပေး တာကြောင့် မိုင်းအန္တရာယ်တွေရှိနေတုန်းပါ။

၂၀၁၈ ခုနှစ်၊ ဧပြီတုန်းကဆိုရင် ကရင်ပြည်နယ်ကို ပြန်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တဦး မိုင်းထိ ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

KNU က ကရင်ပြည်နယ်အစိုးရနဲ့သဘောတူညီမှု ယူပြီး ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေပြန်လာနိုင်ဖို့အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့မလှမ်းမကမ်းမှာ လေးကေ့ကော် ဆိုတဲ့ အိမ်ယာစီမံကိန်း တခု ပြုလုပ်ထားပါတယ်။

လေးကေ့ကော်က ယခင်က တိုက်ပွဲတွေ ဖြစ်ပွားပြီး မြေမြှုပ်မိုင်းတွေ ပေါများတဲ့ ဖလူးဒေသပါ။ သစ်မှောင်ခိုသမားတွေလည်း ကျင်လည်ကျက်စားခဲ့လို့ သစ်တောတွေပြုန်းသလောက် ဖြစ်နေတဲ့ နေရာပါ။

လေးကေ့ကော်မှာ ဂျပန်အစိုးရရဲ့ အကူအညီနဲ့ နေရပ်ပြန်မယ့် ဒုက္ခသည်တွေအတွက် လုံးချင်း တိုက်ခန်းတွေ ဆောက်လုပ်ပေးထားတာ ရှိပါတယ်။ သို့ပေမယ့် လေးကေ့ကော်မှာ အလုပ်အကိုင် အခွင့်အလမ်း မရှိတာကြောင့် ဒုက္ခသည်တွေက ပြန်လာမယ် ဆိုရင်တောင် မိသားစု ဝင်ငွေ အတွက် ခက်ခဲနေမှာပါ။

မြန်မာ -ထိုင်းနယ်စပ်၊ သံလွင်မြစ်ကမ်းနားမှာလည်း အီးတုထ အမည်ရှိတဲ့ စစ်ဘေးရှောင်စခန်း တခုရှိပါသေးတယ်။ အီးတုထ စခန်းမှာ စစ်ဘေးရှောင်ဒုက္ခသည် ၃၄၀၀ ကျော် နေထိုင်ပြီး သူတို့တွေက တောင်ငူမြို့ ၊ ညောင်လေးပင်မြို့နဲ့ ဖာပွန်မြို့က စစ်ဘေးရှောင်ဒုက္ခသည်တွေပါ ။ ၂၀၀၆ ခုနှစ်မှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး ( KNU/KNLA ) တို့ တိုက်ပွဲတွေ ဖြစ်လို့ ထွက်ပြေးခဲ့ကြရတာပါ။

ကရင်ပြည်နယ်က တိုက်ပွဲများကြောင့် ပုန်းရှောင်နေကြရသည့် ကရင် ဒုက္ခသည်များ (ဓာတ်ပုံ – ဧရာဝတီ)

သူတို့တွေက လက်ရှိမှာ KNLA တပ်မဟာ (၅) ထိန်းချုပ်နယ်မြေထဲက အီးတုထ စစ်ဘေးရှောင် စခန်းမှာ နေထိုင်နေကြတာပါ။ သူတို့ကိုလည်း စားနပ်ရိက္ခာ ထောက်ပံ့သူ မရှိပါဘူး။ အီးတုထ စစ်ဘေးရှောင်စခန်း အနီးအနားက တောင်တွေပေါ်မှာ တနိုင်တပိုင် စိုက်ပျိုးပြီး ရှာဖွေ စားသောက် နေကြတာပါ။

KNU က တပ်မတော်၊ အစိုးရတို့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ထိုးထားတာ ၃ နှစ် ကျော်ပါပြီ။ သို့ပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မလုပ်ဆောင် နိုင်သေးသလို KNLA တပ်မဟာ (၅) နဲ့ တပ်မတော်ကလည်း တိုက်ပွဲတွေပြန်ဖြစ်ထားပြီး စစ်ရေး တင်းမာမှုတွေရှိနေတာကို ပြေလည်အောင် မညှိနှိုင်း နိုင်ကြ သေးပါဘူး။

ကရင်နီဒုက္ခသည်တွေကတော့ ထိုင်းနိုင်ငံ နယ်နိမိတ်ထဲကျရောက်တဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ ဘန်မိုင်နိုင်စွမ်၊ ဘန်မယ်စရီယန်ဆိုတဲ့ အမည်နဲ့ စခန်း ၂ ခုမှာ နေထိုင် နေပါတယ်။ စခန်း ၂ ခုရဲ့ ဒုက္ခသည် ဦးရေ တသောင်းကျော် ရှိပါတယ်။

TBC က ကရင်နီဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပေမယ့် ယခုနှစ်ပိုင်းမှာ ရိက္ခာထောက်ပံ့မှုကို လျော့ချလာပါတယ်။ လူတဦးမှာ စားသောက်ဖို့အတွက် တလကို မြန်မာငွေ ကျပ် ၉၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ် အတွင်းသာ ထောက်ပံ့မှုကို ရရှိပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ ဖြစ်တာကြောင့် စခန်းပြင်ပကို ထွက်ပြီး အလုပ်အကိုင် တရားဝင် လုပ်ကိုင်ခွင့်လည်း မရှိပါဘူး။ ထိုင်းအာဏာပိုင်တွေက တွေ့ရှိရင် တရားမဝင်အလုပ်သမား၊ တရားမဝင် နိုင်ငံတွင်း နေထိုင်ခွင့်တွေ မရှိတာကြောင့် ဖမ်းဆီးခံ၊ အရေးယူခံရနိုင်ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ တရားမဝင်လုပ်ငန်းဖြစ်တဲ့ သစ်ခုတ်ခြင်း အလုပ်တွေမှာ ကရင်နီစစ်ဘေးရှောင် ဒုက္ခသည်တွေ သွားရောက် လုပ်ကိုင်ကြတာ ရှိပါတယ်။

တရားမဝင် သစ်ခုတ်ခြင်းကို လုပ်ကိုင်ကြတဲ့ သစ်မှောင်ခို အဖွဲ့တွေက လုပ်ငန်းပြီးရင် ငွေမရှင်းပေးပဲ ထိုင်းအာဏာပိုင်တွေကို သတင်းပေးတာကြောင့် ကရင်နီဒုက္ခသည် အမျိုးသားအချို့ဟာလည်း ဖမ်းဆီးခံရတာတွေရှိပါတယ်။

ကရင်နီဒုက္ခသည်စခန်းတွေဟာလည်း ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်တွေကတည်းက စတင် တည်ဆောက်ထားတာ ဖြစ်ပြီး ပဋိပက္ခတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ကရင်နီ လူမျိုးတွေဟာ အိမ်မပြန်နိုင်တာ နှစ် ၃၀ ဝန်းကျင် ရှိပါပြီ။

#IRWPeace

Your Thoughts …
Tags: စစ်ပဋိပက္ခဒုက္ခသည်နေရပ်စွန့်ခွာ
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

၂၀၂၅ ခုနှစ် လားရာကို အကဲဖြတ်ခြင်း

by ဧရာဝတီ
9 January 2025
11.9k

သတင်းကောင်းမှာ စစ်တပ်သည် ကျဆုံးသည့် အနေအထားတွင် ရှိနေသည်။

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

စစ်ကောင်စီ၏ စစ်ရေးအကျပ်အတည်းနှင့် ဖြစ်နိုင်ခြေများ

by ဗညားအောင်
21 February 2024
11.8k

သတင်းစာများပေါ်တွင် စစ်ကောင်စီခေါင်းဆောင်များ ဟန်မပျက် ပွဲတက်ပြနေသော်လည်း စစ်တပ်၏ စစ်ရေးအကျပ်အတည်းမှာ ကြီးမား၏။

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

မြဝတီတိုက်ပွဲက သမိုင်းကြောင်း ပြောင်းသွားနိုင်သည်

by Igor Blazevic
14 April 2024
11.6k

စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

ယိုယွင်းလာသော စကစနှင့် ပြောင်းလဲလာသော အိမ်နီးချင်းနိုင်ငံများ

by ဝတ်ရည်ခိုင်မာ
16 March 2024
10.8k

အိမ်နီးချင်းနိုင်ငံများထဲမှ လူသားချင်းစာနာမှု အကူအညီပေးရေး၊ စစ်ဘေးဒုက္ခသည်များကို ကူညီရေးအတွက် ပြောဆိုသည်မှာ ထိုင်းနိုင်ငံနှင့် မီဇိုရမ်ပြည်နယ်သာရှိ၏။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

Next Post
H1N1 ရောဂါဖြင့် သေဆုံးသူဟု သံသယရှိသူကို သယ်ဆောင်လာစဉ်  / H1N1 နာရေးကူညီမှုအသင်း - ရန်ကုန်

H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိရှိလာပြီး ရောဂါပိုးရှိသူ ၂၂ ဦးတွေ့ထား

အလှတရားများနဲ့ ဟိုက်ပါ ရေတံခွန် (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved