ဂျားဗားဘာစာစကားကို ပြောသည့်သူအရေအတွက်က မလေး၊ ဗမာ သို့မဟုတ် ထိုင်း စကားပြောသူများထက်ပင် ပို၍ များသည်။ ၂၆၅ သန်း ရှိသော အင်ဒိုနီးရှားနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်း သို့မဟုတ် လူ ၉၅ သန်းက ဂျားဗားစကားပြောသူ များဖြစ်ကြသည်။
သို့သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင် ဂျားဗားစကားက အမျိုးသား ဘာသာစကား မဟုတ်ပါ။ အင်ဒိုနီးရှားနိုင်ငံ၏ တရားဝင် ရုံးသုံး ဘာသာစကားမှာ မလေးဘာသာစကားတမျိုးဖြစ်သည့် ဘဟာဆာ အင်ဒိုနီးရှား Bahasa Indonesia ဖြစ်သည်။ ထို ၂ မျိုးက အလွန်ကွဲပြားပါသည်။ ထို ၂ ခုကို မည်သည့်အခါတွင်မျှ မရောထွေးသင့်ပါ။
ထို့ပြင် ဂျာဗားဘာသာစကားက လူကြိုက်များသည့် ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ အလွန်တွင်ကျယ်သည်။ ဥပမာ ပြရလျှင် အင်ဒိုနီးရှားနိုင်ငံ၏ အကျော်ကြားဆုံး ပေါ့ပ် အဆိုတော်များထဲမှ တဦးဖြစ်သည့် Via Vallen ၏ “Sayang” (အချစ်) အမည်ရှိ သီချင်းက YouTube တွင် ကြည့်ရှုမှု အကြိမ်ရေ ၁၈၆ သန်း ကျော်သွားခဲ့သည်။ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ် အာရှ အားကစားပွဲ၏ အဓိကသီချင်းအဖြစ် သူ၏ “Meraih Bintang” (ကြယ်များဆီသို့) သီချင်း ရွေးချယ် ခံခဲ့ရသည်။
အသက် ၅၂ နှစ်အရွယ်ရှိပြီးဖြစ်သော Didi Kempot (အသည်းကွဲသူများ၏ ခေါင်းကိုင်ဖခင် အဖြစ် ကင်ပွန်းတပ်ခြင်းခံထားရသူ) နှင့် အများလေးစားသော ခေတ်ဟောင်းစတိုင် ဂျားဗားလူမျိုး သီချင်းသည်တဦးတို့ပင်လျှင် လတ်တလော၌ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် မွေးဖွားသော သို့မဟုတ် လူလားမြောက်လာသော ပရိသတ် ကြီးမားစွာ ရရှိခဲ့ကြသည်။
ထပ်၍ ဆိုရလျှင် အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ၇ ဦးလုံးက ဂျားဗားသွေးပါသူများ ဖြစ်ကြသည်။ မကြာသေးမီက ကွယ်လွန်သွားခဲ့သော BJ Habibie က Sulawesi ဇာတိဖြစ်သည့်တိုင် ဂျာဗားသွေးတဝက်ပါသူ ဖြစ်သည်။
သို့သော် မည်သို့ ဖြစ်ခဲ့ပါသနည်း။ အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး တိုင်းရင်းသားလူမျိုးအုပ်စု၏ ဘာသာစကားဖြစ်သော ဂျားဗား ဘာသာစကားက မည်သည့်အတွက်ကြောင့် နိုင်ငံတော် ဘာသာစကား မဖြစ်ခဲ့ရပါသနည်း။
အကြောင်းရင်းများကို သိရန် ကျနော်တို့ သမိုင်းကို ကြည့်ရပါလိမ့်မည်။
အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားရေး နိုးကြားတက်ကြွမှု (နှင့် ၎င်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု) က ၁၉၂၈ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သော လူငယ်ညီလာခံ နှင့်အတူ အမှန်တကယ် အမြစ်တွယ်ခဲ့သည်။ ထိုစဉ်က Dutch East Indies ဟု ခေါ် သည့် ဒေသတလွှားမှ အမျိုးသားရေး စိတ်ဓာတ် ထက်သန်သော လူငယ်ခေါင်းဆောင်များက ဂျကာတာတွင် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံမှု၏ အဓိက ရလဒ်မှာ “Sumpah Pemuda” (လူငယ်ကတိကဝတ်) ဖြစ်သည်။ ၎င်း၏ အခြေခံမှာ တခုတည်း သော အမိမြေနှင့် တစုတည်းသောပြည်သူ များ(အင်ဒိုနီးရှား)အတွက် တိုက်ခိုက်ရန်ကတိပြုခြင်း ဖြစ်သည်။ အမျိုးသားဘာသာစ ကားတခုအဖြစ် အင်ဒိုနီးရှားဘာသာစကားကို အသိအမှတ်ပြုရေးလည်း ပါဝင်သည်။
၁၉၂၈ ခုနှစ်ညီလာခံသို့ တက်ရောက်သူများမှာ Javanese၊ Minang၊ Malay၊ Batak တို့အပြင် Banjarese၊ Bugi၊ Ambonese၊ Balinese နှင့် Minahassan တိုင်းရင်းသားများ အပါအဝင် စုံလင်ရှုပ်ထွေးသော တိုင်းရင်းသား လူမျိုးစု အသီးသီးမှ လာကြသူများဖြစ်သည်။
အင်ဒိုနီးရှားဘာသာစကား ကိုရွေးချယ်ရခြင်း၏ နောက်ကွယ်တွင် အဓိက အကြောင်းရင်း ၂ ခုရှိပါသည်။
ပထမတခုမှာ ဂျားဗားလူမျိုးက လူဦးရေအများဆုံး (၁၉၃၀ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ၏ ၄၇ ရာခိုင်နှုန်း) လူမျိုးစု ဖြစ်သော်လည်း ၎င်းတို့က လုံးဝ လွှမ်းမိုးထားနိုင်သည့် လူများစု မဟုတ်ပါ။ ထို့ကြောင့် ၎င်းကို ရွေးချယ်လိုက်လျှင် ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှု အတွက် တစုတစည်းတည်းသော အင်အားစုတခု ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပါ။
ပြောရလျှင် ဂျကာတာတွင် အခြေစိုက်သည့် ဒတ်ချ် ကိုလိုနီအုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှု အင်အားများနှင့် ပတ်သက်၍ ဂျားဗားလူမျိုး မဟုတ်သူများ ခံစားခဲ့ရသည့် မပျော်ရွှင်မှုကို ဖော်ပြခြင်း ဖြစ်ခဲ့ပါလိမ့်မည်။
ဒုတိယ အကြောင်းရင်းမှာ ဂျားဗားဘာသာစကားက များစွာရှုပ်ထွေးပြီး ခေတ်သစ်နိုင်ငံတခုအတွက် ပဒေသရာဇ်ဆန်နေသောကြောင့် ဖြစ်သည်။
ထိုအမြင်ကို ထင်ရှားသည့် ဂျားဗားလူမျိုး ပညာရှင်များနှင့် ခေါင်းဆောင် အများအပြားက လက်ခံခဲ့ကြသည်။ အင်ဒိုနီးရှား နိုင်ငံကို တည်တောင်သူ ဖခင်ဖြစ်သော ဆူကာနို Sukarno (သူက အရှေ့ ဂျာဗားရှိ Biltar မှ ဖြစ်သော်လည်း ညီလာခံသို့ မတက်ရောက်ခဲ့ပါ) ကပင်လျှင် နောက်ပိုင်းတွင် “ဂျားဗားဘာသာစကားရဲ့ ကွဲပြားတဲ့ အပြောင်းအလဲတွေက ပြည်သူတွေ လွတ်လပ်စွာ အပြန်အလှန် ဆက်သွယ်မှုကို ခက်ခဲစေခဲ့ပါတယ်။ အထူးသဖြင့် အဲဒီဟာက အလယ်ဂျားဗား သို့မဟုတ် အရှေ့ ဂျားဗားက မဟုတ်တဲ့သူတွေအတွက် ခက်ခဲ့ပါတယ်။ သူတို့ရဲ့ လူမှု အဆင့်အတန်းကို ထည့်မစဉ်းစားဘဲ လူတိုင်းပြောဖို့ အတွက် ကျနော်တို့က ngoko၊ karma သို့မဟုတ် krama inggil ကို သုံးသင့်ပါသလား” ဟု ရေးသားခဲ့သည်။
ရှင်းအောင်ဆိုရသော် ဂျားဗားဘာသာစကားတွင် သူတို့၏ ထုံးတမ်းအစဉ်အလာကို အခြေခံသော အဆင့် ၃ ခု ရှိ သည်။ ngoko သည် အနိမ့်ဆုံးဖြစ်ပြီး အသုံးများသည့် ပုံစံဖြစ်သည်။ madya သို့မဟုတ် krama madya က အလယ်အလတ် အဆင့်ဖြစ်သည်။ အမြင့်ဆုံးက karma ဖြစ်သည်။
ထိုသို့ရှုပ်ထွေးသည့် အပြင် အဆင့်တိုင်း၌ ပြောနေသည့် သူ၏ အဆင့်အတန်းကို လိုက်၍ သူတို့၏ ကိုယ်ပိုင် ခေါင်းစဉ်ခွဲများ ရှိနေပြန်သည်။
အမြင့်ဆုံးဖြစ်သည့် karma တွင် krama inggil (အဆင့်မြင့် krama) and krama andhap (နှိမ့်ချသော krama) ဟူ၍ ပုံစံ ၂ မျိုး ရှိသည်။ Krama inggil ကို အခန်းအနားများတွင် သို့မဟုတ် အဆင့်အတန်းမြင့်သူများက အသုံးပြုကြသည်။
krama andhap (နှိမ့်ချသော krama) မှာမူ အခြားသူ၏ အဆင့်အတန်းမြင့်မားမှုအပေါ် လေးစားမှုကို ပြသရန် ကိုယ့်ကိုယ်ကို နှိမ်ချပြောဆိုရာတွင် အသုံးပြုသည်။
ဥပမာအားဖြင့် “သင်” ဆိုသည့် စကားလုံးသည် ngoko အနေဖြင့် ပြောပါက “kowe” ဖြစ်သော်လည်း krama madya တွင် “sampeyan” ဟု ပြောရပြီး krama inggil အနေဖြင့်ဆိုလျှင် “panjenengan” ဟုပြောရမည် ဖြစ်သည်။
ဆိုလိုသည်မှာ ဂျားဗားစကားဖြင့် ဆက်သွယ်ပြောဆိုရာတွင် ပြောသူသည် မိမိ၏ အခြေအနေ အဆင့်အတန်းကို အမြဲမပြတ် သတိရှိနေရမည် ဖြစ်သလို စကားပြောဆိုမှုအတွင်းတွင် ပါဝင်နေသည့် အခြားသူများ၏ အဆင့်အတန်းကိုလည်း အမြဲ သတိထားနေရမည် ဖြစ်သည်။
(အဆင့်အတန်းကို မသိရသည့်) သူတစိမ်းများနှင့် စကားပြောရာတွင်မူ karma ကို ပုံသေလို သုံးရမည် ဖြစ်သည်။ သို့ သော်လည်း မွေးကတည်းက ဂျားဗားစကားပြောလာသူများပင်လျှင် karma ကို သုံးစွဲရာတွင် စိန်ခေါ်မှုများ တွေ့ကြရ သည်။
ထိုသို့ရှုပ်ထွေးမှုများကြောင့် တန်းတူညီမျှရေးဝါဒကို ကတိပြုထားသော အင်ဒိုနီးရှား အမျိုးသားရေး စိတ်ဓာတ်ရှိသူများက ဂျားဗားဘာသာစကား၏ ပင်ကိုယ်၌က ပဒေသရာဇ်ဆန်နေခြင်းအပေါ်တွင် စိုးရိမ်ခဲ့ကြသည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဆူမတြာကျွန်းမှ အရေအတွက်အားဖြင့် သေးငယ်သော မလေးအသိုင်းအဝိုင်း၏ ဘာသာစကား ဖြစ်သော ဘဟာဆာအင်ဒိုနီးရှား ဘာသာစကားက မလေးကျွန်းစုတခုလုံးတွင် အသုံးများသည့် ဘာသာစကားတခု ဖြစ်သည်။ အနှစ်သာရအရဆိုလျှင် အင်ဒိုနီးရှား နိုင်ငံသား အားလုံးနှင့် ဆိုင်သည်။ ထို့ပြင် လေ့လာရန်နှင့် အသုံးပြုရန်လည်း ပို၍ လွယ်ကူသည်။
အမှန်တကယ်တွင်လည်း တိုင်းပြည်၏ ပညာရေး ဖခင်ဖြစ်သော တက်ကြွလှုပ်ရှားသူ Ki Hadjar Dewantara (နောက်ပိုင်း တွင် အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး ပညာရေးဝန်ကြီး ဖြစ်လာသူ) က ၁၉၁၆ ခုနှစ် လောက်ကတည်းက ကလေးငယ်များကို ဂျာဗား ဘာသာစကားအစား မလေး စကားသင်ကြားပေးရန် လှုံ့ဆော်တိုက်တွန်းနေခဲ့သည်။
ဂျားဗားလူမျိုး မြင့်မြတ်သည့် priyayi (အုပ်ချုပ်သူမျိုးနွယ် အထက်တန်းလွှာ) တဦးအဖြစ် Raden Mas Soewardi Soerjaningrat အမည်ဖြင့် မွေးဖွားလာခဲ့သူ တဦးဖြစ်သော Ki Hadjar Dewantara က နောက်ပိုင်းတွင် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် အနေဖြင့် သူ၏ မူလဘွဲ့အမည်ကို စွန့်လွှတ်ခဲ့သည်။
ဘဟာဆာ အင်ဒိုနီးရှား ဘာသာစကားက နေရာအများအပြားတွင် မယုံနိုင်လောက်အောင် အောင်မြင်ခဲ့သည်။
၂၀၁၀ ခုနှစ်တွင် လူဦးရေ၏ ၉၂ ရာခိုင်နှုန်းဝန်းကျင်က အင်ဒိုနီးရှား စကားကို ကျွမ်းကျင်တတ်မြောက်ကြသည်ဟု သိရသည်။ ၁၉၇၀ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
မည်သို့ပင် ဖြစ်စေ အင်ဒိုနီးရှား နိုင်ငံအကြောင်းကို သိရှိရန် မျှော်လင့်ထားသည့် မည်သူအတွက်မဆို ဂျားဗားဘာသာ စကား၏ နိုင်ငံရေးနှင့် ပြည်သူတို့ဘဝအပေါ် လွှမ်းမိုးနိုင်မှုအရ ထိုဘာသာစကားနှင့် ၎င်း၏ ယဉ်ကျေးမှုအရ သိမ်မွေ့သော ကွဲပြားမှုများကို နား လည်သဘောပေါက်ရန် အရေးကြီးပါသည်။
မှန်ပါသည်။ ဂျားဗားဘာသာစကားက ရာစုနှစ်များစွာ နောက်သို့ပြန်၍ Mpu Prapanca နှင့် Mpu Tantular တို့၏ လက်ရာများ သာမက တော်ဝင် ကဗျာဆရာ Ronggowarsito နှင့် ပို၍ နှစ်သက်ဖွယ် ကောင်းသော Serat Centhini (ဂျားဗားရိုးရာပုံပြင်နှင့် အဆုံးအမများ) အထိ စာပေဆိုင်ရာ ရိုးရာအစဉ်အလာ မနှိုင်းယှဉ်သာအောင် ကြွယ်ဝသည်ဟု အများစုက မြင်ကြသည်။
ထို့ကြောင့် အင်ဒိုနီးရှားဘာသာစကားက အလွန်လွှမ်းမိုးသည့် အသွင်ရှိနေသည့်အချိန်တွင် ဂျားဗားဘာသာစကားက သြဇာပြင်းသော၊ လွှမ်းမိုးနိုင်သော လားရာမတူသည့် မမြင်ရသော ရေစီးကြောင်းတခု အနေဖြင့် ဆက်၍ ရှိနေသည်။ ပြည်သူတို့၏ အရေးအသားနှင့် လူကြိုက်များယဉ်ကျေးမှုတွင် ကြွယ်ဝရှုပ်ထွေးသော တည်ရှိမှုကို ဖြည့်သွင်းပေးခြင်းအားဖြင့် မျှော်လင့်သည်ထက်များစွာ အဓိပ္ပါယ် ပိုရှိနေသည်။
“Ojo kagetan, ojo dumeh” သို့မဟုတ် “အလွယ်တကူလည်း မအံ့သြနှင့် မာနလည်းမတက်နှင့်” ဆိုသည့် ဂျားဗား ဆိုရိုး စကားတခုကို မမေ့လျော့ခြင်းက ပညာရှိခြင်းဖြစ်ကြောင်း သတိပေးနေသလိုပင်ဖြစ်သည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ လမ်းခင်းပေးသူ ဘီဂျေဟာဘီဘီ
အင်ဒိုနီးရှား အစိုးရပိုင် Nggapulu ပင်လယ်ကူးသင်္ဘောစီးခြင်
အင်ဒိုနီးရှား ကျောင်းသားဆန္ဒပြသူများကြားဝယ်