ရန်ကင်းမြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ရှေ့ကို ခြေချလိုက်တာနဲ့ ဘေးတဖက်တချက်ကနေ လူသုံးလေးဦးခန့် ကပ်လိုက်လာပြီး ငွေတထောင်ပဲ ဝန်ဆောင်ခပေးပါ၊ အဆင်ပြေအောင် အရာရှိတွေနဲ့ လုပ်ပေးပါမယ်ဆိုတဲ့ စကားသံကို သင်ကြားရပါလိမ့်မယ်။ စကားတစုံတရာ ပြန်မပြောသေးခင်အထိ သင့်ဘေးကနေ တောက်လျှောက်ကပ်လိုက်ပြီး ဘယ်လိုဝန်ဆောင်မှုတွေ ပေးမယ်ဆိုတာကို တတွတ်တွတ်ပြောနေပါလိမ့်မယ်။
ဒါကတော့ သင့်ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလုပ်ငန်း ဆောင်ရွက်ဖို့ပဲဖြစ်ဖြစ်၊ အသစ်လျှောက်ထားဖို့ပဲဖြစ်ဖြစ် မဖြစ်မနေ ပတ်စ်ပို့ရုံးကို သွားတာနဲ့ တွေ့ရမယ့် မြင်ကွင်းပါ။ ယခင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ်၊ စက်မှုလမ်းပေါ်က ပတ်စ်ပို့ရုံးဟာ အခုဆိုရင် များပြားလှသော လူရာနဲ့ချီ နေ့စဉ်ဝင်ထွက်နေတဲ့ နေရာဖြစ်နေပါတယ်။
နေ့စဉ် လူဦးရေ ၂၀၀၀ ခန့်ကို ဝန်ဆောင်မှုပေးနေရတဲ့ နေရာဟာ တကယ်တော့ စနစ်တကျမလုပ်နိုင်ရင် အခက်အခဲအများကြီး တွေ့စေနိုင်တဲ့နေရာဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအတွင်းကနေ စပီကာသံနဲ့အတူ နိုင်ငံကူးလက်မှတ်များ လျှောက်ထားတဲ့အခါ မိမိကိုယ်တိုင် ဆောင်ရွက်ရန်နဲ့ ပွဲစားများနဲ့ ဆောင်ရွက်ခြင်း မပြုဖို့လည်း တချိန်လုံး ထုတ်ပြန်ကြေညာနေသံကို ပြတ်ပြတ်သားသားကြားရတဲ့ နေရာရောက်တဲ့အထိ ဘေးတဖက်မှာ ပွဲစားတွေက သင့်နောက်လိုက်နေမှာကတော့ အမှန်ပါပဲ။
ပြီးခဲ့တဲ့အပတ်က သက်တမ်း ၅ နှစ်ပြည့်လု ဖြစ်တဲ့ ကျမရဲ့ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးဖို့ ရန်ကုန် ပတ်စ်ပို့ရုံးကို ရောက်တဲ့အခါ ဘေးကနေ အဲဒီပွဲစားတွေက တောက်လျှောက် ကပ်ပါလာပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေဖြစ်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ပတ်စ်ပို့အဟောင်းကို မိတ္ထူကူးပြီးတဲ့အခါမှာ ဘေးကလိုက်လာတဲ့ ပွဲစားကိုမေးလိုက်ပါတယ်။
လုပ်နည်းလုပ်ဟန်လေးတွေ ပြောပါဦးဆိုတော့ ပွဲစားက နောက်ထပ် အမျိုးသမီးတဦးကို ထပ်ခေါ်လာပါတယ်။ ပထမပွဲစားက စပြောတဲ့အချိန်တုန်းက ဝန်ဆောင်ခက ကျပ် ၁၀၀၀ သာ ကျပါမယ်တဲ့။ ဒုတိယပွဲစားအမျိုးသမီးဆီ ခေါ်လာတဲ့အချိန်မှာတော့ သူက ကျမဆီကနေ မိတ္ထူကူးထားတဲ့ စာရွက်စာတမ်းတွေကို တောင်းပါတယ်။
ပြီးတာနဲ့ ကဲ ကုန်ကျစရိတ်တွေကို ပြောမယ်ဆိုပြီး စီးပွားရေးဘဏ်သွင်းတာ ဘယ်လောက်၊ ဖောင်ကြေးဘယ်လောက်၊ ဓာတ်ပုံရိုက်ခဘယ်လောက်၊ အရာရှိပေးခဘယ်လောက်နဲ့ ရွတ်ပြလိုက်တာဆိုတာ မမှတ်မိလောက်အောင်ပါပဲ။ နောက်ဆုံးရွတ်တာကုန်တော့မှ စုစုပေါင်း ၅၉၀၀၀ ကျပ် ကျမယ်တဲ့။ ဒါနဲ့ ကျမလည်း ခုနကပြောတုန်းက ဝန်ဆောင်ခ ကျပ် ၁၀၀၀ ပဲဆို၊ ဘယ်လိုကြောင့် များကုန်သလဲဆိုတာ မေးတော့ ပေးရမယ့် ဝန်ဆောင်ခတွေများတာပါတဲ့။ ဒါနဲ့ သိလိုတဲ့ အချက်အလက်တွေရပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်၊ ကျမ မလုပ်ဖြစ်သေးပါဘူးလို့ပြောပြီး ကိုယ့်စာရွက်စာတမ်းတွေ ကိုယ်ပြန်သိမ်းလာခဲ့ပါတယ်။
မျက်နှာပျက်ပြီး ကျန်ခဲ့တဲ့ ပွဲစားနှစ်ဦးက ခွင်ပျက်သွားလို့ ပွစိပွစိ ရေရွတ်ကျန်ခဲ့တာတော့ သေချာပါတယ်။ စာရွက်စာတမ်းတွေ ပြန်ယူပြီးတာနဲ့ ကျမက ပတ်စ်ပို့ရုံးထဲ ဝင်လိုက်တဲ့အခါ အဝင်ဝမှာတင် ကျမရဲ့ မှတ်ပုံတင်ကို စစ်ဆေးပြီး ရဲမေတွေက ဘယ်ကောင်တာကို သွားပါဆိုတာ ညွှန်ပေးပါတယ်။
အဆင့်ဆင့် ဂိတ်စစ်ဆေးမှုတွေကနေ ဖြတ်ကျော်ပြီး အတွင်းကိုရောက်လာတဲ့အခါ စားပွဲတလုံးရှေ့ထိုင်နေတဲ့ ယူနီဖောင်းနဲ့ ရဲက ဒီမှာ ဖောင်ယူပါဆိုတာနဲ့ ဖြည့်စွက်ရမယ့် ဖောင်ကို ရယူပါတယ်။ ဖောင်ဖိုး ပေးဖို့ မလိုဘူးလို့ ဆိုပါတယ်။ ဒီမှာတင် ကျမက တအံ့တသြဖြစ်ရပါတယ်။ ကျမ ပတ်စ်ပို့သက်တမ်းတိုးတာ ဒါနဲ့ဆို သုံးကြိမ်မြောက်ပေါ့။ ဖောင်အလကားရခဲ့တာ မကြုံဖူးပါဘူး။
အဲဒါနဲ့ ဖောင်ယူပြီး လိုအပ်တာတွေ ဖြည့်ပြီးတဲ့အခါကျတော့ သက်တမ်းတိုးရမယ့် ကောင်တာကို ရှာရပါတယ်။ အဲဒီကောင်တာတွေကနေ တဆင့် အသစ်လျှောက်မယ့်သူကော၊ သက်တမ်းတိုးမယ့်သူတွေကောကို သက်ဆိုင်ရာ အရာရှိတွေက စာရွက်စာတမ်းတွေ စစ်ဆေးပြီး မြန်မာ့စီးပွားရေးဘဏ်မှာ သွင်းရမယ့် ငွေအတွက် ချလံထုတ်ပေးပါတယ်။
အဲဒီကောင်တာမှာတော့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်နဲ့ ပတ်စ်ပို့အဟောင်းကို တိုက်ကြည့်ပြီးတဲ့အခါ လက်ဗွေစစ်ပါတယ်။ ပြီးတဲ့အခါ ဆက်လက်သွားရမယ့် ကောင်တာနံပါတ်ကို တခါတည်းပြောပြီး ငွေသွင်းဖို့ ချလံထုတ်ပေးလိုက်ပါတယ်။ ကျပ် ၂၅၀၀၀ သာ သွင်းဖို့ လိုတယ်လို့ ပြောလိုက်ပါတယ်။ အဲဒီကနေ ငွေသွင်းဖို့အတွက် အတွင်းခန်းထဲကို ဆက်ဝင်လိုက်တဲ့အခါ တန်းစီနေတဲ့ လူအုပ်ကြီးကိုတွေ့လိုက်ရပြီး မြန်မာ့စီးပွားရေးဘဏ်ဆိုတာကိုလည်း တွေ့ရပါတယ်။
အဲဒီမြန်မာ့စီးပွားရေးဘဏ်ကောင်တာမှာ ချလံပြလိုက်ပြီး ငွေသွင်းပြီးတဲ့အထိ ၁၀ မိနစ်ခန့်သာ ကြာပါတယ်။ ငွေသွင်းပြီးကြောင်း ချလံလေး ပြန်ပေးပြီးတဲ့အခါမှာ ဓာတ်ပုံရိုက်ဖို့ စောင့်ဆိုင်းရမယ်ဆိုတာကြောင့် ခုနက တန်းစီနေတဲ့ လူအုပ်ကြီးကို မြင်ပြီး မောရပါတယ်။
လူအုပ်ကြီးဟာ တတန်းတည်းမဟုတ်ပါဘူး။ နံပါတ်စဉ်တွေရေးထားတဲ့ အခန်းငယ်လေးတွေရှေ့မှာ တတန်းစီကို တန်းစီနေကြတာပါ။ အဲဒီလိုတန်းစီရာမှာ ကိုယ်က သေချာ လိုက်ကြည့်ဖို့ လိုပါတယ်။ ဘယ်အတန်းက ဘယ်နေရာမှာ တန်းစီနေသလဲနဲ့ ဘယ်အတန်းက ရှည်လျားနေပြီး ဘယ်နေရာက တိုနေသလဲဆိုတာ သိဖို့လိုပါတယ်။
တန်းစီနေတဲ့အတန်းက ၆ တန်း ၇ တန်းခန့်ရှိပါတယ်။ တတန်းကိုလည်း လူအနည်းဆုံး ၆၀ ကျော်ခန့် အရင် တန်းစီထားတာကိုမြင်ရပါတယ်။ အဲဒီအတွက် ကျမက နည်းနည်း လူနည်းမယ်ထင်ရတဲ့ လိုင်းအမှတ် ၂၄ မှာ ဝင်တန်းစီပါတယ်။ နေ့လည် ၁၂ နာရီကနေ တန်းစီလိုက်တာဟာ နေ့လည် ၂ နာရီခွဲခန့်ကျမှ အခန်းရှေ့ကို ရောက်ရပါတယ်။
ကန့်လန့်ကာ ကာထားတဲ့ အခန်းငယ်လေးထဲရောက်တဲ့အခါ ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်ထားတဲ့ ကင်မရာ၊ မီးထိုးထားတာတွေနဲ့ လက်ဗွေတွေစစ်တဲ့ စက်ရှိပါတယ်။ ပတ်စ်ပို့အသစ်လုပ်တဲ့သူတွေအတွက်တော့ အီလက်ထရောနစ် လက်မှတ်ထိုးတဲ့စက်လည်းရှိပါတယ်။ ခုံနှစ်ခုံရှိပြီး စာရွက်စာတမ်းစစ်တဲ့ အရာရှိက ချလံတွေ ဖောင်တွေစစ်ဆေးပြီးတာနဲ့ ဓာတ်ပုံရိုက်ရပါတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့အခါ လက်ဗွေ နှစ်ဘက်လုံး စကင်ဖတ်ပေးရပါတယ်။ လက်မှတ်ထိုးစရာတောင် မလိုတော့ပါဘူး။ ယခင် စာအုပ်ဟောင်းလုပ်တုန်းက အချက်အလက်တွေ အကုန်ရှိပြီးသားမို့ပါ။
အဲဒီနောက်တော့ အရာရှိက လက်မှတ်ထိုးထားတဲ့ ချလံတရွက်ထုတ်ပေးလိုက်ပြီး လျှောက်တဲ့နေ့ကနေ ၁၀ ရက်တိတိ ပြည့်တဲ့နေ့မှာ စာအုပ်လာထုတ်ဖို့ ပြောပါတယ်။ နောက်ထပ် ငွေပေးရတာ မရှိတော့ပါဘူး။ ချလံရတဲ့အထိ အချိန် ၃ နာရီခန့် ကြာပါတယ်။
ချလံစာရွက်လေးကိုင်ပြီး ထွက်လာတဲ့ ကျမကတော့ တအံ့တသြဖြစ်လို့ပါ။ ဘာလို့လဲ ဆိုတော့ ယခင် ပတ်စ်ပို့စလုပ်စဉ် ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ခန့်နဲ့ ၂၀၁၅ ခုနှစ်က အခြေအနေတွေနဲ့ နှိုင်းယှဉ်မိတဲ့အခါ များစွာ ပြောင်းလဲသွားတာကို တွေ့ရလို့ပါပဲ။
၂၀၀၅ ခုနှစ်၊ စစ်အစိုးရလက်ထက်က နိုင်ငံကူးလက်မှတ် လျှောက်ထားရသူတွေဟာ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာပါ။ မြောက်မြားလှစွာသော လုပ်ငန်းစဉ်များ၊ မထင်ရင် မထင်သလို ရစ်တတ်တဲ့ အရာရှိများ၊ ငွေကုန်ကြေးကျများမှုတွေကြောင့် စိတ်ပျက်ခဲ့ရတာအမှန်ပါ။ ဥပမာအားဖြင့် ဘွဲ့ရတဦး လျှောက်ထားပါက သက်ဆိုင်ရာ တက္ကသိုလ်က ထောက်ခံချက်ယူခိုင်းတာမျိုး၊ မြန်မာ့စီးပွားရေးဘဏ်ကို တနေရာတည်း မထားတဲ့ အတွက် ဖွင့်ထားတဲ့နေရာတွေရှာပြီး ထိုင်စောင့် ငွေသွင်းခဲ့ရတာမျိုးတွေဟာ အခက်အခဲ အတော်များခဲ့ရတာတွေပါ။
ချလံလေးတရွက် လက်ထဲရဖို့ ပန်းဆိုးတန်းလမ်းမှာ ရှိခဲ့တဲ့ ပတ်စ်ပို့ရုံးကို အကြိမ်ကြိမ်သွားခဲ့ရတာတွေ၊ စနစ်မကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ ထောက်ခံချက်တွေများစွာ တောင်းတဲ့ အချိန်ကာလတွေကို အတော်လေးကို စိတ်ပျက်ခဲ့ရပြီးပါပြီ။ သက်တမ်းအနေနဲ့လည်း ၃ နှစ်တာသာ ရခဲ့တဲ့အတွက် မကြာခဏ အလုပ်ရှုပ်ရတဲ့ ကာလတွေကိုလည်း အခုတော့ လွန်မြောက်ခဲ့ပါပြီ။
လုပ်ငန်းစဉ်တွေ လျှော့ချလိုက်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ တနေရာတည်းမှာပဲ ငွေပေးသွင်းနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ စတာတွေက ပြည်သူတွေအတွက်တော့ ကောင်းတဲ့ ဝန်ဆောင်မှုတွေပါပဲ။ ဒါပေမယ့် ခြေချင်းလိမ်နေဆဲဖြစ်တဲ့ တဆင့်ခေါ် ပွဲစားတွေကိုတော့ စနစ်တကျ ပပျောက်အောက်လုပ်ပေးဖို့ လိုနေသေးတာအမှန်ပါ။
ပတ်စ်ပို့ရုံးအတွင်းက ဘယ်လောက်ပဲ ကိုယ်တိုင်ကိုယ်ကျလုပ်ဖို့ တိုက်တွန်းနေလင့်ကစား ပွဲစားတွေကတော့ နေရာတိုင်းမှာ ရှိနေဆဲပါ။
အစိုးရအရာရှိတွေ နာမည်ကို အသုံးပြုပြီး လှည့်ပတ်ပြောဆို လုပ်ကိုင်နေတာတွေကလည်း အတော်လေးကို အကျည်းတန်လှပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းဖြင့်သာ ပွဲစားတွေကို ပပျောက်စေမှာပါ။
တဘက်ကလည်း အစိုးရဝန်ထမ်းတွေအတွက် နာမည်ပျက်စေနိုင်တဲ့အတွက် ဒီလိုပွဲစားတွေကို ပိုပြီး ကိုင်တွယ်ဖို့ လိုမယ်လို့ မြင်မိရပါတယ်။
You may also like these stories:
စစ်ကိုင်းတိုင်းအတွင်းရှိ လုပ်သား ၁၀၀၀ ကျော် ဂျပန်သို့ စေလွှတ်ရန် တိုင်းအစိုးရ စီစဉ်
ဒေါ်လာဈေးကျမှု ထိန်းချုပ်ရန် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ဝယ်ယူ
ရန်ကုန်မြို့တွင် နိုင်ငံခြားသား မြေငှားရမ်းမှု မြင့်တက်နေ