စာရေးသူသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် မှတ်ပုံတင် လဲလှယ်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စုပေါင်းရုံးသို့ ရောက်ခဲ့သည်။ စုပေါင်းရုံးတွင်းသို့ ဝင်ရောက်ရန် တိုကင် တန်းစီယူပြီး ဝင်ရပါသည်။ ရုံးတွင်းတွင် မှတ်ပုံတင် လာလျှောက်သူများ၊ ပွဲစား (အကျိုးဆောင်) များဖြင့် စည်ကားနေပါသည်။
လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ထမ်းများ (အထူးသဖြင့် အရာရှိများ) အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် သား ရွှေအိုးထမ်းလာသည့်သဖွယ် ဖြစ်နေသည်။ တောင်သူလယ်သမားများအတွက် ပွင့်လင်းရာသီသဖွယ် ဖြစ်နေသည်။
လူထုအများစုသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းဒဏ်များကို ရင်ဆိုင်နေရချိန် စစ်ကောင်စီ လဝက ဝန်ထမ်းများအတွက် ဝင်ငွေကောင်းနေသည်။ ၁၂ ရာသီလုံး ပွင့်လင်းရာသီ ဖြစ်နေသည်။
လူထုအများစုသည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းဒဏ်များကို ရင်ဆိုင်နေရချိန် စစ်ကောင်စီ လဝက ဝန်ထမ်းများအတွက် ဝင်ငွေကောင်းနေသည်။ ၁၂ ရာသီလုံး ပွင့်လင်းရာသီ ဖြစ်နေသည်။
လဝက ဝန်ထမ်း နှစ်မျိုး
စာရေးသူ ရင်းနှီးသည့် ပွဲစားအချို့၏ ပြောပြချက်အရ ပိုက်ဆံကို ပေါ်တင်တောင်းပြီး မှတ်ပုံတင် လုပ်ပေးသည့် အရာရှိဝန်ထမ်းနှင့် လိုချင်သည့် ပိုက်ဆံကို ပေါ်တင် မတောင်းရဲသည့် ဝန်ထမ်းဟူ၍ နှစ်မျိုးနှစ်စား ရှိကြောင်း သိရသည်။ စာရေးသူလည်း တိုကင် တန်းစီယူရန် အချိန်မပေးနိုင်သောကြောင့် ပွဲစားဝန်ဆောင်မှု ရယူခဲ့သည်။
ထိုက်သင့်သော ပိုက်ဆံပမာဏကို ပေါ်တင်တောင်း၍ စောင့်ရမည့်အချိန်ကိုလည်း အတိအကျပြောပြပြီး ဆောင်ရွက်ပေးခြင်းကို သဘောကျကြောင်း ထိုပွဲစားက ရှင်းပြသည်။ ထိုက်သင့်သော၊ သင့်လျော်သော ပိုက်ဆံ ပမာဏတခုကို ပွင့်ပွင့်လင်းလင်း တောင်းခံ၍ လိုချင်သော မှတ်ပုံတင်ကို ရှောရှောရှူရှူ၊ အဆင်ပြေပြေ လုပ်ပေးလျှင် ပိုက်ဆံပေးရသည်ကို မေ့သွားပြီး သက်ဆိုင်ရာ လဝက ဝန်ထမ်းအရာရှိက “သဘောကောင်းသည်၊ အဆင်ပြေသည်” ဟူသောအမြင်မျိုးသို့ ပြောင်းလဲသွားကြောင်း ဆက်လက်ရှင်းပြသည်။
ဒုတိယ အရာရှိဝန်ထမ်းမျိုးက ပိုက်ဆံတော့ လိုချင်သည်။ ပေါ်တင် မတောင်း။ အရေးယူခံရမည်ကို စိုးရိမ်၍ ဖြစ်ဟန်တူသည်။ သို့သော် ပိုက်ဆံထွက်လာအောင် ဝေ့လည်ကြောင်ပတ် ရစ်သည်၊ အချိန်ဆွဲသည်။ ဟိုအရာရှိ မအားလို့၊ ဒီအရာရှိ မရှိလို့၊ မှတ်ပုံတင် လုပ်သူများလို့၊ အစဥ်လိုက်သာ လုပ်ရလို့ စသည်ဖြင့် ဆင်ခြေပေးတတ်ကြောင်း သိရသည်။ မှတ်ပုံတင် လာလျှောက်သည့် လူထုသည်လည်း မှတ်ပုံတင် မြန်မြန် ရရှိအောင် မုန့်ဖိုး၊ လက်ဖက်ရည်ဖိုး ထုတ်ကြရတော့သည်။
စာရေးသူ၏ ရပ်ကွက်အတွက် တာဝန်ကျသည့် အရာရှိဝန်ထမ်းသည် ကံမကောင်းစွာဘဲ ဒုတိယ လူစားမျိုးဖြစ်နေသည်။ စောင့်ရမည့်အချိန်ကိုလည်း အတိအကျ မပြော။ စိတ်ကသိကအောက်ဖြစ်တာ၊ အာရုံနှောက်တာ အမှန်ပါ။
သို့သော် သူတို့လုပ်ပေးမှ မှတ်ပုံတင်ရမှာ ဖြစ်သည့်အတွက် မနည်းသည်းခံပြီး စောင့်ယူခဲ့ရသည်။ ပိုက်ဆံတော့ ကျပ် ၁ သိန်းကျော် ကုန်ခဲ့သည်။ မှတ်ပုံတင် ရရှိတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေသည်။
ပွဲစား အထာ
ပွဲစားများလည်း သူ့အထာနှင့်သူပင်။ ပိုက်ဆံတောင်းတာ ယုတ္တိရှိအောင်လားတော့ မသိ။ စုပေါင်းရုံးဝင်းသို့ ဝင်ရောက်နိုင်ရန် တိုကင် တန်းစီယူရတာပင် မလွယ်ကူကြောင်း၊ အချိန်များစွာ ပေးရကြောင်း၊ ပုံမှန်လမ်းကြောင်း အတိုင်းလုပ်လျှင် လနှင့်ချီပြီး အချိန်ကြာမြင့်နိုင်ကြောင်း၊ သူတို့ (ပွဲစား) က အတွင်းလူနှင့်
အဆက်အသွယ် ရှိသောကြောင့် ရက်ပိုင်းအတွင်း လုပ်ပေးနိုင်ကြောင်း စသည်ဖြင့် ပွဲစားဝန်ဆောင်မှု အရေးပါပုံကို ချဲ့ကားပုံဖော်ကြသည်။
ပွဲစားများလည်း သူ့အထာနှင့်သူပင်။ ပိုက်ဆံတောင်းတာ ယုတ္တိရှိအောင်လားတော့ မသိ။ စုပေါင်းရုံးဝင်းသို့ ဝင်ရောက်နိုင်ရန် တိုကင် တန်းစီယူရတာပင် မလွယ်ကူကြောင်း၊ အချိန်များစွာ ပေးရကြောင်း၊ ပုံမှန်လမ်းကြောင်း အတိုင်းလုပ်လျှင် လနှင့်ချီပြီး အချိန်ကြာမြင့်နိုင်ကြောင်း၊ သူတို့ (ပွဲစား) က အတွင်းလူနှင့် အဆက်အသွယ် ရှိသောကြောင့် ရက်ပိုင်းအတွင်း လုပ်ပေးနိုင်ကြောင်း စသည်ဖြင့် ပွဲစားဝန်ဆောင်မှု အရေးပါပုံကို ချဲ့ကားပုံဖော်ကြသည်။
ပုံစံဖောင်အမျိုးမျိုး ယူရကြောင်း၊ အဆင့်ဆင့်သော အရာရှိဝန်ထမ်းတို့၏ လက်မှတ်ရယူရန် မလွယ်ကူကြောင်း၊ အဆင့်တိုင်းတွင် ပိုက်ဆံပေးရကြောင်း စသည်ဖြင့် မှတ်ပုံတင် လာလျှောက်ထားသူများ ကြောက်လန့်သွားအောင်၊ သူတို့၏ ပွဲစားဝန်ဆောင်မှုကို ယူအောင် သွယ်ဝိုက်၍ ဖိအားပေးနေသဖွယ် ဖြစ်နေသည်။
စာရေးသူ၏ အတွေ့အကြုံအရ မိမိကိုယ်တိုင်သွားပြီး လျှောက်ယူလျှင် ပို၍အဆင်ပြေပါသည်။ ပုံစံဖောင်များကိုလည်း မိမိကိုယ်တိုင် ရေးဖြည့်မည်ဆိုပါက အမှားကို ရှောင်နိုင်ပါသည်။ ထို့ပြင် ပွဲစားခ မကုန်၍ ငွေကုန်ကြေးကျ သက်သာသည်။
မိုးရွာတုန်း ရေခံ
စာရေးသူ၏ အမြင်တွင် လဝက ဝန်ထမ်းများ၏ လုပ်ပုံကိုင်ပုံသည် “မိုးရွာတုန်း ရေခံ” သဖွယ် ဖြစ်နေသည်။ တနည်းအားဖြင့် “စစ်ကောင်စီ ပြုတ်ကျ မသွားခင် ယူနိုင်သမျှ ယူထားမည်၊ စားနိုင်သမျှ စားထားမည်၊ စုနိုင်သမျှ စုထားမည်” ဆိုသည့်သဘောမျိုးဖြင့် လုပ်စားနေကြဟန်တူသည်။
လဝက ရုံးခန်းဝင်ပေါက်တွင် ပုံစံဖောင်များကို စတင်ဝယ်ယူရသည်။ A-4 ဆိုက် စာရွက် ပုံစံဖောင် တစောင်လျှင် ငွေကျပ် ၅၀၀၊ Legal ဆိုက်အရွယ် ပုံစံဖောင်ကို ကျပ် ၂,၀၀၀ ဖြင့် ဝယ်ယူရသည်။ ဤစက္ကူပုံစံဖောင်များသည် အစိုးရဘတ်ဂျက်ဖြင့် ဝယ်ထားသည့် စာရွက်များ မဟုတ်သောကြောင့် ရောင်းနေရသလား။ သာမန် A-4 နှင့် Legal ဆိုက်အရွယ် စာရွက်တရွက်က ကျပ် ၂,၀၀၀ တန်သလား။
ပုံစံဖောင်များ နေ့စဥ်ရောင်းရငွေသည် သိန်းဂဏန်း ရှိသည်မှာ ယုံမှားသံသယရှိရန် မလိုပေ။ ထိုငွေသည် အစိုးရဘဏ္ဍာငွေ စားရင်းထဲ ဝင်သွားသလား၊ သို့မဟုတ် မည်သို့မည်ပုံ ခွဲဝယ်ယူကြသလဲဆိုသည်ကို စာရေးသူ မသိပါ။
ပွဲစားမှတဆင့် မှတ်ပုံတင်တခု လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းခွဲအထက် ပေးရသည်။ ဤပမာဏသည် ပွဲစားခအပါ မြန်မာနိုင်ငံသူ နိုင်ငံသားများကို တောင်းခံသည့် ငွေပမာဏ ဖြစ်ကြောင်းသိရသည်။ နိုင်ငံခြားသား (ဥပမာ တရုတ်နိုင်ငံသားများ) အတွက်ဆိုလျှင် ကျပ် သိန်း ၂၀ မှ ၁၀၀ ကြား ပေးရကြောင်း သိရသည်။
ပွဲစားမှတဆင့် မှတ်ပုံတင်တခု လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းခွဲအထက် ပေးရသည်။ ဤပမာဏသည် ပွဲစားခအပါ မြန်မာနိုင်ငံသူ နိုင်ငံသားများကို တောင်းခံသည့် ငွေပမာဏ ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားသား (ဥပမာ တရုတ်နိုင်ငံသားများ) အတွက်ဆိုလျှင် ကျပ် သိန်း ၂၀ မှ ၁၀၀ ကြား ပေးရကြောင်း သိရသည်။ ဤငွေပမာဏသည် အစိုးရဘဏ္ဍာငွေထဲ ဝင်သွားခြင်း မဟုတ်ပါ။ လဝက ဌာနက အဆင့်ဆင့်သော ဝန်ထမ်းများ၏ အိတ်ထောင်ထဲ ဝင်သွားခြင်းပါ။
ကြိုးနီစနစ်
မြန်မာနိုင်ငံတွင် နိုင်ငံသား (လူတဦး) သည် မှတ်ပုံတင်ကို အသက် ၁၀ နှစ်ပြည့်လျှင် စတင်လုပ်ရပြီး အသက် ၁၈ နှစ် ပြည့်လျှင်တကြိမ်၊ အသက် ၃၀ နှစ်ပြည့်လျှင် တကြိမ်နှင့် အသက် ၄၅ နှစ်ပြည့်လျှင် တကြိမ် စုစုပေါင်း လေးကြိမ် လုပ်ရပါသည်။
စာရေးသူအမြင်မှာ ပထမကြိမ် လုပ်ပြီးလျှင် သတ်မှတ်အသက် ပြည့်၍ နောက်ဆက်တွဲ ပြုလုပ်လျှင် (လဲလှယ်လျှင်) လုပ်ငန်းစဥ်သည် ပို၍လွယ်ကူ ရမည်ဖြစ်သည်။
အကြောင်းမှာ မှတ်ပုံတင်နံပါတ် ထွက်ပြီးဖြစ်သည်၊ ပြောင်းလဲ၍ မရပါ။ ထို့ပြင် အရေးကြီးသော အခြေခံ အချက်အလက်များ (ဥပမာ မိ/ဘ၊ ကျား/မ၊ လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ သွေးအုပ်စု၊ ထင်ရှားသော အမှတ်အသား၊ အရပ်အမောင်း၊ လက်ဗွေ၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ) သည် ပထမကြိမ်ကတည်းက ရေးဖြည့်ထားပြီး ဖြစ်သည်။
ပြောင်းလဲတတ်သည့် အချက်အလက်များ (ဥပမာ အရပ်အမောင်း၊ လိပ်စာ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း) စသော အချက်လက်များ ထပ်မံရေးဖြည့်ပြီး ကတ်ပြားသစ် ထုတ်ပေးလျှင် ပြည့်စုံပါပြီ။
သို့သော် လက်တွေ့တွင် ပုံစံဖောင် ရေးဖြည့်ခြင်းသည် ပထမကြိမ်ကဲ့သို့ ပြုလုပ်ရသည်။ မျိုးရိုးစဥ်ဆက်ဇယားကို ထပ်မံ ရေးဖြည့်ရသည်။ ကိုယ်တိုင် ခံဝန်ကတိပြုလွှာကိုလည်း ထပ်မံ ရေးဖြည့်ရသည်။ ထို့ပြင် ရပ်ကွက် ထောက်ခံစာ ယူရသည်။
စာရေးသူအမြင်မှာ မှတ်ပုံတင် ရရှိပြီးသည့် မြန်မာနိုင်ငံ တိုင်းရင်းသားစစ်စစ် လူတဦးအတွက် ဤမျိုးရိုး စဥ်ဆက်ဇယား၊ ကိုယ်တိုင် ခံဝန်ကတိပြုလွှာ၊ ရပ်ကွက်ထောက်ခံစာသည် အပိုအလုပ်သက်သက်သာ ဖြစ်သည်။
စာရေးသူအမြင်မှာ မှတ်ပုံတင် ရရှိပြီးသည့် မြန်မာနိုင်ငံ တိုင်းရင်းသားစစ်စစ် လူတဦးအတွက် ဤမျိုးရိုး စဥ်ဆက်ဇယား၊ ကိုယ်တိုင် ခံဝန်ကတိပြုလွှာ၊ ရပ်ကွက်ထောက်ခံစာသည် အပိုအလုပ်သက်သက်သာ ဖြစ်သည်။ (အကယ်၍ မှတ်ပုံတင် ပျောက်ဆုံးပြီး လုပ်သည့်အခါ ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာကို တောင်းခံခြင်းသည် သဘာဝကျသည်။)
အတွေ့အကြုံအရ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသည့်အခါလည်း အသစ်ပြုလုပ်သကဲ့သို့ ပုံစံဖောင်များကို ရေးဖြည့်ရသည်။ ဖြစ်သင့်သည်မှာ နိုင်ငံကူးလက်မှတ် (စာအုပ်) ရရှိပြီးသား လူတဦးကို စာအုပ်အသစ် ချက်ချင်း ထုတ်ပေး၍ ရပါသည်။
အကယ်၍ နိုင်ငံကူးလက်မှတ်စာအုပ်မှာ စာမျက်နှာသစ်များ ကျန်ရှိသေးပါက “Endorsement” စာမျက်နှာတွင် “ဤစာအုပ်ကို သက်တမ်း (—) နှစ် ထပ်တိုးပေးလိုက်သည်” ဟူ၍ တံဆိပ်ထုပေးလိုက်ရင် လုံလောက်ပါပြီ။
အကယ်၍ စာမျက်နှာများ ကုန်သွားပါက “Endorsement” စာမျက်နှာတွင် ကုန်သွားသည့် စာအုပ်နံပါတ်ကို ကိုးကား၍ အစားထုတ်ပေးလိုက်ကြောင်း တံဆိပ်ထုပေးလိုက်လျှင် လုံလောက်ပါသည်။
လက်ရှိဖြစ်နေသည်မှာ ပြည်ပ မထွက်သေးသည့် သက်တမ်းကုန် စာအုပ်များကိုပင်လျှင် “Cancelled” တံဆိပ်တုံး ထုပေးသည့်အတွက် သုံးမရ ပစ်လိုက်ရသည်။ စာအုပ် ဖြုန်းတီးရာ ရောက်ပါသည်။
သက်ဆိုင်ရာ ဝန်ထမ်းများ၊ အရာရှိများအနေဖြင့် လက်ရှိ ကျင့်သုံးနေသည့် အုပ်ချုပ်ရေးယန္တရားကြီး (ကြိုးနီစနစ်) ကို တွယ်ဖက်နေကြခြင်းသည် အကျင့်ပျက်ခြစားရန် လွယ်ကူသောကြောင့် ဖြစ်သည်ဟု ယူဆမိသည်။ အကြောင်းမှာ အုပ်ချုပ်ရေးယန္တရား အဆင့်လျော့နည်းသွားလျှင် (ရိုးရှင်းလွယ်ကူသွားလျှင်) ဝန်ထမ်းများအတွက် မုန့်ဖိုး၊ လက်ဖက်ရည်ဖိုး တောင်းခံရန် အဆင်မပြေနိုင်ပါ။
ယာဥ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း
ယာဥ်မောင်းလိုင်စင်ကိုလည်း သက်တမ်းတိုးခဲ့သည်။ စာရေးသူ၏ လိုင်စင်သည် သက်တမ်းလွန်နေသောကြောင့် ကျပ် ၈ သောင်းခွဲ ပေးခဲ့ရသည်။ သက်တမ်းမလွန်သေးသည့် စာရေးသူဇနီး၏ လိုင်စင်အတွက် ကျပ် ၇ သောင်းခွဲ ပေးခဲ့ရသည်။ (ဤပမာဏထဲမှ အစိုးရဘဏ္ဍာငွေစားရင်းထဲ မည်မျှဝင်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) ဝန်ထမ်းများ အိတ်ထောင်ထဲ မည်မျှဝင်သွားသည်ကိုမူ နတ်သိကြားမင်းပဲ သိပေလိမ့်မည်။)
ကညနရုံး လုပ်ထုံးလုပ်နည်းကို သဘောကျသည်။ အကြောင်းမှာ လိုင်စင်ကတ်ပြားကိုသာ ပေးခဲ့ရပြီး အခြား မည်သည့် ပုံစံဖောင်ကိုမှ ရေးဖြည့်ခဲ့ရခြင်း မရှိပါ။ ကတ်ပြားဟောင်းကို နံနက်တွင် အပ်ခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင် လိုင်စင်ကတ်ပြားအသစ်ကို ရခဲ့သည်။
သို့သော် ကညနရုံး လုပ်ထုံးလုပ်နည်းကို သဘောကျသည်။ အကြောင်းမှာ လိုင်စင်ကတ်ပြားကိုသာ ပေးခဲ့ရပြီး အခြား မည်သည့် ပုံစံဖောင်ကိုမှ ရေးဖြည့်ခဲ့ရခြင်း မရှိပါ။ ကတ်ပြားဟောင်းကို နံနက်တွင် အပ်ခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင် လိုင်စင်ကတ်ပြားအသစ်ကို ရခဲ့သည်။
ဤကဲ့သို့ ပုံစံဖောင်များ ထပ်မံရေးဖြည့်ရန် မလိုအပ်သည်မှာ သဘာဝကျသည်။ အကြောင်းမှာ လိုအပ်သည့် အခြေခံအချက်အလက်များကို ပထမ စလုပ်စဥ် ရေးဖြည့်ထားပြီး ဖြစ်သည်။ အချိန်ကုန်သက်သာသည်၊ စကားပြောရ သက်သာသည်၊ စိတ်အနှောက်အယှက် ကင်းသည်။
နိဂုံး
အချုပ်အားဖြင့် တင်ပြလိုသည်မှာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် လျှောက်သည့်အခါ ကညန ရုံးတွင် ယာဥ်မောင်းလိုင်စင် သက်တမ်းတိုးသည့် လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်စေချင်ပါသည်။ ဥပမာ မှတ်ပုံတင်ရှိပြီးသား လူတဦးအတွက် မှတ်ပုံတင် လဲသည့်အခါ မျိုးရိုးစဥ်ဆက်ဇယားနှင့် ကိုယ်တိုင် ခံဝန်ကတိကို ထပ်မံရေးဖြည့်ခြင်းသည် လုံးဝ မလိုအပ်သည့်အရာဖြစ်သည်ဟု ယူဆမိပါသည်။
လုပ်ထုံးလုပ်နည်း အဆင့်များလေ (ရှုပ်ထွေးလေ) သာမန်လူထုအတွက် ဝန်ဆောင်မှုရယူရန် ခက်ခဲလေ ဖြစ်သည်။ များပြားရှုပ်ထွေးသည့် ကြိုးနီစနစ်သည် ပွဲစားများ (အကျိုးဆောင်များ) ကိုလည်း ဖြစ်ပေါ်စေသဖြင့် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်စာအုပ် လိုအပ်သည့် ပြည်သူများအတွက် ကုန်ကျစရိတ် ပို၍များစေပါသည်။ ထို့ပြင် ဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုကိုလည်း ပို၍အားပေးရာရောက်သည်ဟုဆိုလျှင် မှားမည် မထင်ပါ။
မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးခြင်းသည် အစိုးရက ပေးရမည့် အရေးကြီး ပြည်သူ့ဝန်ဆောင်မှု များစွာထဲမှ တခုဖြစ်သည်။ ပြည်သူ့ဝန်ဆောင်မှု အရည်အသွေးကောင်းလျှင် လူထုကျေနပ်၍ အစိုးရ၏ ပုံရိပ်ကိုလည်း ကောင်းမွန်စေသည်။ တနည်းအားဖြင့် အစိုးရ၏ တရားဝင်မှု (legitimacy) ကိုလည်း မြှင့်တင်စေမည် ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံကို အုပ်ချုပ်လိုကြသည့် (အစိုးရဖြစ်ချင်ကြသည့်)၊ အစိုးရအဖြစ် လုပ်နေကြသည့် ပုဂ္ဂိုလ်များ (အဖွဲ့အစည်းများ) အားလုံးကို မိမိတို့ စိုးမိုးအုပ်ချုပ်နေသည့် နေရာဒေသအားလုံးတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း၊ မြန်မြန်ဆန်ဆန်ဖြင့် ကြိုးနီစနစ် အနည်းဆုံး (ကုန်ကျစရိတ် အသက်သာဆုံး) ဖြင့် ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစားပေးကြပါရန် အကြံပြုအပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
မြဝတီက လဝက ရုံးလုပ်ငန်းတွေရပ်ဆိုင်း (ရုပ်/သံ)
စစ်ကောင်စီ သန်းခေါင်စာရင်းမှာ နိုင်ငံတဝက် မပါ
ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းကို လဝကဥပဒေဖြင့် အမှုဖွင့်
စစ်ကိုင်းတိုင်းမှ ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် လဝကရုံးများ တိုက်ခိုက်ခံရ
ကမန် မှတ်ပုံတင် အမှားအယွင်း ဖြစ်ပေါ်က တာဝန်ယူမည်ဟု လဝက ဝန်ကြီး ပြော













