ပြီးခဲ့သည့် နိုဝင်ဘာလ လလယ်ပိုင်းမှ စတင်ကာ ဈေးနှုန်း ကျဆင်းလာသော အမေရိကန်ဒေါ်လာ ငွေကြေး လဲလှယ်နှုန်းကို ထိန်းချုပ်ရန် ဗဟိုဘဏ်က ပြည်တွင်းဘဏ်များထံမှ ဒီဇင်ဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းခန့် ဝယ်ယူ ထားကြောင်း ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အမေရိကန်ဒေါ်လာ ငွေကြေး လဲလှယ်နှုန်းသည် ယခုဒီဇင်ဘာ ပထမအပတ်အတွင်း၌ တဒေါ်လာလျှင် ၁၅၁၀ကျပ် ဝန်းကျင်မှ ၁၄၉၃ ကျပ် အထိ ကျဆင်းလာပြီး ၁ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ကျပ် ၁၅၀၀ အောက်သို့ ပြန်လည်ကျဆင်း လာခြင်းဖြစ်သည်။
ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ဗဟိုဘဏ်ကတော့ ဈေးတအားကြီး ပြုတ်ကျမှာ စိုးရိမ်တော့ သူပြန်ဝယ်တာပါ၊ ပြန်ထိန်းတဲ့ သဘောပေါ့ ဒါပေမဲ့ တရားမဝင် ဈေးကွက်အကြီးကြီးဆိုတော့ သူရဲ့ဝယ်အားနဲ့တော့ မနိုင်နိုင်ဘူး။ တခုရှိတာက ဗဟိုဘဏ်ဝင်နေပြီဆိုတော့ ပြန်များ တက်လာမယ်ဆိုတဲ့ စိတ်တော့ဖြစ်စေတာပေါ့။ ရက်ပိုင်းအတွင်းမှာ အတက်အကျ သိပ်မြန်လို့ မကောင်းဘူးလေ သူရဲ့လုပ်နည်းကတော့ မှန်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ ဒေါ်လာ ဈေးကျဆင်းနေမှုသည် ပြည်တွင်းအခြေအနေများကြောင့် မဟုတ်ဘဲ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော ဒေါ်လာဈေး ကျဆင်းနေမှုကြောင့်သာ ဖြစ်ကြောင်း နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးကလည်း ရှင်းပြသည်။
“အခု ဒီရက်ပိုင်း ဈေးအတက်အကျက ကျနော်တို့ နိုင်ငံနဲ့ မဆိုင်ဘူး။ ပြောချင်တာက ကျနော်တို့ရဲ့ အပြောင်းအလဲ၊ ကောလဟာလတွေရှိလို့ မဟုတ်ဘူး။ ဈေးအတက်အကျသည် နိုင်ငံတကာမှာ ဖြစ်တဲ့ အတိုင်း လိုက်ဖြစ်နေတဲ့ သဘောပါ ” ဟု ၎င်းက ပြောသည်။
ငွေဈေးတည်ငြိမ်ရေးသည် ဗဟိုဘဏ်၏ တာဝန်ဖြစ်ခြင်းကြောင့် ဈေးကွက် လိုအပ်ချက်အပေါ် မူတည်ပြီး ဒေါ်လာဝယ်ယူခြင်း နှင့် ရောင်းချခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုဒေါ်လာဈေးနှုန်း ကျဆင်းလာခြင်းသည် မြန်မာငွေကြေး တန်ဖိုးတက်လာခြင်း မဟုတ်ဘဲ ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်းကြောင့် ဖြစ်ကြောင်း ဦးရဲမင်းဦးက သုံးသပ်သည်။
“ဗဟိုဘဏ်ရဲ့ ဝယ်ခြင်းရောင်းခြင်းကို ဝေဖန်စရာမလိုဘူး ဒါသူ့အလုပ် သူလုပ်တာပေါ့။ ဒါပေမယ့် တခါတလေ ဗဟိုဘဏ်ကို ဒေါ်လာဝယ်တာနဲ့ ပတ်သက်ပြီး ဝေဖန်တယ်ဆိုတာက သူဝင် ဝယ်တဲ့ဈေးနှုန်းက ဈေးကွက်ကို ကိုယ်စားမပြုတဲ့ ဈေးနှုန်းဖြစ်တဲ့ အခါမျိုးတွေ ဆိုရင်တော့ သူဝေဖန်ခံရမှာပဲ။ ရောင်းတဲ့ဝယ်တဲ့ဈေးက မှန်ကန်တဲ့ ဈေးဖြစ်ဖို့ လိုတာပေါ့ မဟုတ်ရင် သူဝေဖန်ခံရမှာပဲ” ဟု သူက ရှင်းပြသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြည်တွင်းဘဏ်များက အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ဝယ်ဈေးသည် ၁၅၀၂ ကျပ် နှင့် ရောင်းဈေးသည် ၁၅၀၇ ကျပ် ရှိပြီး နိုဝင်ဘာလ အစပိုင်း ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ ဒေါ်လာ လျှင် ကျပ် ၃၀ ဝန်းကျင်အထိ ကျဆင်းလာခြင်း ဖြစ်သည်။
“အခုက အရောင်းအဝယ်က ပုံမှန်ထက် နည်းနည်း အေးနေတယ်။ အရင်က ပုံမှန်ဆိုရင် ဈေးကျရင် အဝယ်လိုက်ရမှာ အခုက ဈေးကျလို့ အရောင်းနည်းသလို အဝယ်ကလည်း သိပ်မရှိဘူး။ ဗဟိုဘဏ်က ဝင်ဝယ်နေတာပဲ ရှိတယ်လို့ ကြား တယ် ” ဟု ကုန်သည်လမ်းအနီး ဒေါ်လာအရောင်းအဝယ် လုပ်ဆောင်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။
သွင်းကုန်တင်သွင်းမှုလျော့ကျသည့် ကာလဖြစ်ခြင်းနှင့် ပို့ကုန်တင်ပို့မှုမှ ဒေါ်လာရငွေများကို ပြန်ထုတ်ရောင်းခြင်းကြောင့် ယခုအခိုက်အတန့်တွင်သာ ဒေါ်လာဈေးကျခြင်းဖြစ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးကို ကျပ် ၁၅၀၀ ဝန်းကျင် တွင် တည်ငြိမ်စေလိုသည့် ရည်ရွယ်ချက် ရှိခြင်းကြောင့် ဒေါ်လာဈေးသည် ၁၅၀၀ ကျပ် ကျော်တွင်သာ ဈေးပြန်တည်ငြိမ် နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က သုံးသပ်ထားသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်းမှ စတင်ကာ အမေရိကန် ဒေါ်လာဈေးနှုန်းသည် တဒေါ်လာလျှင် ကျပ် ၁၅၀၀ ေ ကျာ်သို့ မြင့်တက်ခဲ့ကာ စက်တင်ဘာလရောက်ချိန်တွင် တဒေါ်လာလျှင် ကျပ် ၁၆၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ယခု ၂၀၁၉ ဒီဇင်ဘာလ ရောက်ချိန်မှသာ ဒေါ်လာဈေးသည် တဒေါ်လာကို ကျပ် ၁၅၀၀ အောက်သို့ ပြန်လည် ကျဆင်းလာ ခဲ့သည်။
ဆက်စပ်ဖတ်ရှု့ရန် –
စက်သုံးဆီဈေး ၁ လီတာ ကျပ် ၁ ထောင်နီးပါးထိ ဈေးမြင့်တက်
ရွှေဈေး ဆက်လက် ကျဆင်းဖွယ် ရှိနေ
တောင်အမေရိကတိုက်သို့ မြန်မာ့ပို့ကုန်များ ဈေးကွက် ချဲ့ထွင်ရန် စီးပွား/ကူးသန်း စီစဉ်
ပြည်ပငွေလွှဲလုပ်ငန်းများကို ဗဟိုဘဏ်က တရားဝင် ခွင့်ပြုမည်